← Chapters

အခန်း (၅၁)

Vol. 4 Ch. 51

အခန်း (၅၁)

Vol. 4 Ch. 51

လင်းဖေးဟန်က ခေါင်းငြိမ့်ပြပြီး ပြုံးကာပြောလိုက်သည်။

“ဒါပေါ့။ ကျွန်တော်က ပုံမှန်ဆို ဝတ္ထုတွေဖတ်ရတာ သဘောကျတယ်။ မော့ရန်ရဲ့ လေးနက်ပြီး သိမ်မွေ့တဲ့ အရေးအသားနဲ့ ကျင်းရုံရဲ့ အမျိုးသမီးတွေအပေါ် ညှာတာထောက်ထားတဲ့စတိုင်ကို သဘောကျတယ်။ ဆရာ လုယောင်ရဲ့ နိမ့်ချတတ်တဲ့ ဇာတ်ကောင်တွေအားလုံးကိုလည်း သဘောကျတယ်”

“နိုင်ငံခြားစာပေတချို့ကိုလည်း ကျွန်တော် သဘောကျတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ဆာကူရာမြေက ဟာရူကီမူရာကာမီပဲ”

“အဲ့ဒါအပြင် သည်းထိတ်ရင်ဖိုနဲ့ စုံထောက်ဝတ္ထုတွေဖတ်ရတာလည်းကြိုက်တယ်။ စိတ်ပညာစာအုပ်တချို့ရောပဲ”

ပထမပြောသွားတဲ့တစ်ပိုင်းက လွီရွှမ်ပြန်သွားသည့်အခါ လုရွှယ်ယင်ကို ပြောပြရန်ဖြစ်၏။ လုရွှယ်ယင်က မော့ရန်,လုယောင်, ကျင်းရုံနဲ့ ဟာရူကီမူရာကာမီကို သဘောကျသောကြောင့်ဖြစ်သည်။ ဒုတိယတစ်ပိုင်းကတော့ သူ့ရှေ့တည့်တည့်ကသူ လွီရွှမ်အတွက်ဖြစ်၏။ သူမက စိတ်ပညာရှင်ဆိုတော့ကား။

စိတ်ပညာရှင်အနေနဲ့ လုပ်ကိုင်လာတဲ့ နှစ်တွေတစ်လျှောက် လွီရွှမ်က အကျင့်တစ်ခုရရှိလာခဲ့သည်။ အဲဒါက သူမ နားမလည်သောအရာများကို နားလည်ရန်မကြိုးစားပဲ ကျော်သွားရန်ဖြစ်၏။ ဒုတိယတစ်ပိုင်းက သူမအားသာတဲ့အရာမို့ လွီရွှမ်က ကျိန်းသေသိချင်စိတ်ဖြစ်ကာ သူပြောလိုက်တာတွေက အမှန်ပဲလားဆိုတာ ဝေဖန်ပိုင်းခြားရန် မေးခွန်းများထုတ်လိမ့်မည်။

လင်းဖေးဟန်မှာ အဲ့ဒါကိုဖြေရှင်းဖို့ နည်းလမ်းရှိနေတယ်လေ။ သူက တိတ်တိတ်လေး စနစ်ကို စိတ်ထဲကနေဆင့်ခေါ်ပြီး စိတ်ပညာအပိုင်းကို အဆင့်မြှင့်တင်လိုက်သည်။ အခုဆို လင်းဖေးဟန်ရဲ့ စိတ်ပညာက ကျွမ်းကျင်အဆင့်ကို ရောက်ရှိနေပြီဖြစ်၏။ သူစောင့်နေတာက ဒီအချက်ကို သေချာအောင်လို့ လွီရွှမ်ကနေပြီး မေးခွန်းများမေးလာတာကိုဖြစ်သည်။ ထင်ထားတဲ့အတိုင်း လင်းဖေးဟန်က စုံထောက်နဲ့ စိတ်ပညာအကြောင်းပြောတာ ကြားလိုက်အပြီးမှာ လွီရွှမ်ရဲ့ မျက်လုံးတွေ အရောင်တောက်လာပြီး ချက်ချင်းဆိုသလို မေးခွန်းထုတ်လိုက်၏။

“ဥပမာ တစ်ခုလောက် ပြောပြပေးလို့ရမလား လင်းဥက္ကဌ”

လင်းဖေးဟန်တွင် အဖြေရှိနေပြီးသားဖြစ်သည်။ သို့သော် သူက စဥ်းစားဟန်ပြုလိုက်၏။ သူအမြန်ပြောလိုက်မယ်ဆိုရင် သူ့ရှေ့က စိတ်ပညာရှင်အနေနဲ့ သူက ကျွမ်းကျင်သူရှေ့မှာ တတ်ကြောင်းကြွားနေတယ် ရည်ရွယ်ချက်တစ်ခုခုရှိနေတယ်လို့ မှတ်ယူသွားမှာသောကြောင့်ဖြစ်သည်။ စက္ကန့်အတော်ကြာ စဥ်းစားပြီးနောက် လင်းဖေးဟန်က ဖြည်းဖြည်းချင်းပြောလိုက်၏။

“ဥပမာအနေနဲ့ လူတွေက ရွေးချယ်စရာ နှစ်ခုရှိလာရင် အကြွေစေ့ခေါင်းပန်းလှန်တဲ့နည်းကို အသုံးပြုလေ့ရှိကြတယ်။ အဲ့ဒါက အဖြေမှန်ကို ပေးနိုင်လို့တော့မဟုတ်ဘူး။ လေပေါ်မြှောက်တင်လိုက်တဲ့အချိန်မှာ ကိုယ်တကယ်ဖြစ်စေချင်တာက ဘာလဲဆိုတာ သဘောပေါက်သွားကြလို့ပဲ”

“ဒေါသထွက်နေတဲ့လူတစ်ယောက်က ကြောက်ဖို့အရမ်းကောင်းတယ်လို့ လူတွေက မှတ်ယူကြတယ်။ ဒါပေမဲ့ အဲ့ဒါက အမှန်မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ ခံစားချက်တွေက အထိန်းအကွပ်မဲ့သွားလေ ပိုအားနည်းပြီး ကူရာမဲ့သလို ခံစားရလေပဲ။ ပြင်ပလောကကြီးက သူတို့ကို နာကျင်စေတယ်လို့ သူတို့က ခံစားရတဲ့အတွက် သူတို့ရဲ့ အကာအကွယ်ကို ဆင်မြန်းလိုက်ရုံပဲ တတ်နိုင်ကြတာလေ”

“တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ သူ့ရဲ့ ခြေထောက်တွေကို ကြည့်လို့ရတယ်။ သူ့ခြေထောက်တွေက မင်းနဲ့တည့်တည့်ကို မျက်နှာမူထားတယ်ဆိုရင် သူက မင်းနဲ့ စကားပြောရတာကို ကြိုက်တယ်။ သူ့ခြေထောက်တွေကို တခြားဘက်ကို မျက်နှာမူထားရင်တော့ သူက မင်းနဲ့ စကားပြောရတာကို မကြိုက်ဘူး”

“ကျွန်တော်တို့တွေ ကတိတစ်ခုပြုလိုက်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာနဲ့ ပြင်ပကဖိအားတွေက ကျွန်တော်တို့ ပြောထားတဲ့အတိုင်းဖြစ်အောင်လုပ်ဖို့ တွန်းအားပေးနိုင်တယ်”

“စိတ်ပညာမှာ ဒီလိုအရာတွေ အများကြီးရှိတယ်။ တစ်ပြိုင်တည်းတော့ ကျွန်တော် အများကြီး မစဥ်းစားနိုင်ဘူး။ ဒါပေမဲ့ ဥပမာပြောရရင် Murphy ရဲနိယာမ,ပြတင်းပေါက်အကွဲ သီအိုရီ, မျှော်မှန်းချက်သက်ရောက်မှု စတာတွေ ရှိတယ်လေ။ ကျွန်တော် အချိန်ရရင်ရသလို အဲ့ဒီအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့စာအုပ်တွေကို လှန်လောဖတ်ပြီး ကိုယ့်ဘာသာ စူးစမ်းလေ့လာလိုက်တာပဲ”

လင်းဖေးဟန် စိတ်လိုလက်ရပြောနေတာကိုကြည့်ပြီး လွီရွှမ်က နှလုံးခုန်မြန်လာသည်။ လောလောဆယ်သူမက ဘယ်လိုစိတ်အခြေအနေကို ခံစားနေရလဲဆိုတာ လွီရွှမ်က ကောင်းစွာသိသည်။ ရှင်းရှင်းပြောရရင် လွီရွှမ်က လင်းဖေးဟန် ဆွဲဆောင်တာကို ခံလိုက်ရပြီဖြစ်၏။ လင်းဖေးဟန်က ရတနာကောင်လေးလိုပဲ။ ဗဟုသုတကြွယ်ဝပေမဲ့ နှိမ့်ချတတ်သည်။ ရည်မှန်းချက်ကြီးမားပြီး လုပ်ရည်ကိုင်ရည်လည်းရှိ၏။ အဲ့ဒါထက် အင်မတန်လည်း ချောမောခန့်ညားသည်။

ဒီလိုလူမျိုးက လုရွှယ်ယင်ပြောပြတဲ့ လင်းဖေးဟန်နဲ့ တစ်ယောက်တည်းဖြစ်နိုင်မှာလဲ။ လွီရွှမ်က သူမရဲ့ နှုတ်ခမ်းများကို ကိုက်လိုက်ရင်း ခြောက်ကပ်စွာပြောလိုက်သည်။

“ကျွန်မ ရှင့်ကို ယုံပါပြီ လင်းဥက္ကဌ။ ရှင်က တကယ်ကို စာဖတ်ရတာ ကြိုက်တဲ့သူပဲ”

ထိုသို့ကြားလိုက်ရတော့ လင်းဖေးဟန်က အနည်းငယ် ပြုံးမိသွား၏။ ငါက စာဖတ်ရတာ သဘောကျရုံတင်မကဘူး ရုပ်ရှင်ကြည့်ရတာလည်း သဘောကျတယ်။ အထူးသဖြင့် ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ပဲပါပြီး ရိုက်ကွင်းမပြောင်းတဲ့ ရုပ်ရှင်မျိုးတွေပေါ့။

ညနက်ရောက်မှ လုရွှယ်ယင်ရဲ့ အခန်းထဲတွင် လွီရွှမ်နဲ့ လုရွှယ်ယင်တို့ အကြိတ်အနယ် ဆွေးနွေးကြလေသည်။

“ဘာပြောလိုက်တယ်။ လင်းဖေးဟန်က ခန့်ညားပြီး အသိပညာ ကြွယ်ဝတဲ့ ရတနာကောင်လေးတဲ့လား”

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ လင်းဖေးဟန်ကိုသိတာ ဘယ်လောက်တောင်ကြာပြီမို့လဲ။ လွီရွှမ်က လင်းဖေးဟန်ရဲ့ ရုပ်ရည်နဲ့ ဆွဲဆောင်ခံလိုက်ရတာနေမယ်။ အင်း အဲ့လိုပဲ ဖြစ်ရမယ်။

“နင် မယုံပေမဲ့ အဲ့ဒါက အမှန်တရားပဲ။ ငါ လင်းဖေးဟန်နဲ့ စကားနည်းနည်းပဲ ပြောကြည့်ခဲ့ပေမဲ့ သူက စာဖတ်ရတာ အတော်ကြိုက်ပြီး စိတ်ပါဝင်စားတဲ့နယ်ပယ်လည်း ကျယ်ပြန့်တယ်ဆိုတာ ငါအတပ်ပြောရဲတယ်”

“သူက တရုတ်ပြည်တွင်းက မော့ရန်, လုယောင်နဲ့ ကျင်းရုံတို့ရဲ့ ဝတ္ထုတွေကို သဘောကျရုံတင်မက ကျွန်းနိုင်ငံက ဟာရူကီမူရာကာမီကိုပါ သဘောကျတယ်တဲ့။ သူ့အကြိုက်ဆုံးစာအုပ်က မော့ရန်ရဲ့ Red Shorghum ဖြစ်ပြီး အဲ့ဒီစာအုပ်ထဲက တာဝန်ယူမှုအပြည့်ရှိပြီး ဂျစ်ကန်ကန်နိုင်တဲ့ ယွီကျန့်အော်ဆိုတဲ့ဇာတ်ကောင်ကို သူအကြိုက်ဆုံးလို့ပြောတယ်”

လုရွှယ်ယင်က အေးစက်စွာ သရော်လိုက်၏။ သူမမျက်နှာက အမူအယာကတော့ သူမ လုံးဝမယုံကြည်ဘူးဆိုတာကို ပြသလျက်ရှိသည်။ လွီရွှမ်က ဘာလုပ်ရမှန်းမသိဖြစ်ကာ သက်ပြင်းချလိုက်မိ၏။

“နင်တို့ လမ်းခွဲလိုက်တာကို ငါတကယ် စိတ်မကောင်းဘူး”

“လင်းဖေးဟန် ဒီနေ့ ဘာပြောလိုက်လဲဆိုတာသိလား ရှောင်ယင်။ သူပြောတာက ငါတို့တွေက ငယ်ရွယ်တုန်းမှာ အချစ်ကိုရှာဖွေပြီး အရွယ်ရောက်လာတော့ ရိုးရှင်းတာကို စွဲလမ်းလာကြတယ်။ ရှာဖွေမှုတွေ, အနာတရတွေနဲ့ ကွဲကွာမှုတွေအပြီးမှာ အချစ်ကို အရင်အတိုင်းပဲ ယုံကြည်နိုင်သေးတယ်ဆိုတာ သတ္တိရှိခြင်းတစ်မျိုးပဲ။ ပြီးတော့ နင်က သူ့ရဲ့ သတ္တိ, သူ့ရဲ့အချစ်ပဲတဲ့”

ထိုစကားက ကျောက်တုံးတစ်တုံးလိုပဲ လုရွှယ်ယင်ရဲ့ ငြိမ်သက်လျက်ရှိတဲ့ နှလုံးသားကို ရိုက်ခတ်သွားသည်။ လှိုင်းတံပိုးကြီး မထသွားသော်လည်း လှိုင်းငယ်လေးတော့ ရိုက်ခတ်သွားလေ၏။

လွီရွှမ်က စိတ်ပညာအကြောင်း အများဆုံးလေ့လာလေ့ရှိသည်။ သူမမှာ ဟာရူကီမူရာကာမီဆိုတာ မည်သူမှန်းသိအောင်လုပ်ရန် အချိန်မရှိသလို ဆန္ဒလည်းမရှိပါ။ ဆိုတော့ လွီရွှမ်က လိမ်ပြောနေတာ မဟုတ်တာတော့ သေချာသည်။ ဖြစ်နိုင်ချေတစ်ခုသာကျန်၏။ လင်းဖေးဟန်က ထိုစကားကို ကိုယ်တိုင်ပြောခဲ့ခြင်းဖြစ်မည်။

All Chapters