← Chapters

ခတ်ဆေး (၂)

Vol. 2 Ch. 76

ခတ်ဆေး (၂)

Vol. 2 Ch. 76

“စဥ်းစဥ်းစားစားလဲ လုပ်ပါ ကိုယ်နက်ဆန်ရဲ့။ ကြယ်တစ်ပွင့်ပဲရှိတဲ့ ဟိုတယ်တစ်ခုက နှစ်ချို့ဝိုင်ကို လက်ဆောင်အနေနဲ့ပေးမလား။ သန့်ရှင်းရေးတောင် နှစ်ရက်တစ်ခါမှ လာလုပ်ပေးတဲ့ဥစ္စာကို။”

ကျွန်မက လက်ထဲမှာ နက်ဆန်သောက်ခဲ့မိတဲ့ ဖန်ပုလင်းကို ကိုင်ပြီးတော့ လက်တစ်ဖက်ကို ခါးမှာထောက်ထားပြီး ဆူပူ နေခဲ့မိတယ်။ နက်ဆန်တစ်ဖြစ်လည်း အနက်ရောင်ဆံပင် အပြာရောင်မျက်လုံးလေးတွေနဲ့လှပတဲ့ ကောင်မလေးက ထိုင်ခုံမှာထိုင်နေပြီး ဝမ်းနည်းနေတဲ့ပုံစံနဲ့ မျက်လွှာကို ချထားတယ်။

“အဆိပ်တွေဘာတွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ရှင့်ကို သေစေချင်တဲ့လူက နည်းတာမဟုတ်ဘူးနော်။”

ကျွန်မက တစ်ခွန်းဆူလိုက် သူက ခေါင်းလေးကို ညိတ်ပြရုံ လေးညိတ်ပြလိုက်နဲ့ လိမ္မာတဲ့ညီမလေးတစ်ယောက်လိုမျိုး ပြုမူနေတယ်။ အိုလီရာနာကတော့ နာရီဝက်လောက် ထိုင်ပြီး ဆူနေတဲ့ ကျွန်မကိုကြည့်ပြီးတော့ ပျင်းရိလာပုံနဲ့ သန်းဝေ လိုက်ပါတယ်။

“ဆယ်ဗီ၊ နေ့လယ်တစ်နာရီထိုးပြီနော်။ နေ့လယ်စာစာဦးမှာနဲ့ ဘာနဲ့ဆိုတော့ ရထားမမီဘဲ နေလိမ့်မယ်။”

“ရထားကိစ္စကတော့ ထားလိုက်တော့။ ဒီကိစ္စမပြီးမချင်း ဒီမှာပဲ နေရဦးမှာ။ ဟိုတယ်အခန်းကိုလည်း နောက်နှစ်ရက်စာ သက်တမ်းထက်တိုးလိုက်ပြီ။”

ကျွန်မက အိုလီရာနာကို လှည့်ကြည့်ပြီး ပြန်ပြောတယ်။ အိုလီရာနာကတော့ နားမလည်သေးဘူးရယ်။ “ဒါပေမဲ့ ဘာလို့လဲ။”

ကျွန်မက မိန်းကလေးဖြစ်နေတဲ့ နက်ဆန်ကို လက်ညိုးထိုးပြ လိုက်ရင်း “နက်ဆန်က မိန်းကလေးဖြစ်နေပြီလေ။ တူရကီ နယ်စပ်ကိုဖြတ်ရင် ဘယ်လိုလုပ်မှာလဲ။ ပက်စ်စပို့ထဲက ပုံနဲ့မတူလို့ဆိုပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ သူ့ကို ရဲဖမ်းမှာပေါ့ဟ။”

“.....” ဒီတော့မှ အိုလီရာနာက အကြီးအကျယ် စိုးရိမ်သွားတဲ့ မျက်နှာနဲ့ နက်ဆန်ကို ကြည့်လိုက်တယ်။

“အီးယား... ဒါက ပြဿနာအကြီးကြီးပဲ။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲ။”

အိုလီရာနာက ကျွန်မအင်္ကျီလက်ကို ဆောင့်ဆွဲရင်းနဲ့ မေးလာတယ်။ ကျွန်မကလည်း နက်ဆန်ကို လက်ပိုက် ကြည့်လိုက်ပြီးတော့...

“ကဲ၊ ဆရာကြီးနက်ဆန်။ ရှင်က မှော်ပညာနဲ့ပတ်သက်ရင် သိပ်ကို ပါရမီပါတယ်မဟုတ်လား။ လမ်းစဥ်သုံးခုလုံးကို လျှောက်ခဲ့တာဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုခု သိရဲ့လား။”

ကောင်မလေး နက်ဆန်က ကျွန်မကိုမော့ကြည့်ပြီး ခေါင်းကို တသွင်သွင်ခါပြတယ်။ သူ့ရဲ့ပိုးသားလိုဆံပင်လေးတွေက အရူးအမူး လှုပ်ယမ်းသွားလေရဲ့။

အိုလီရာနာကလည်း “ဆယ်ဗီ၊ မှော်ဆေးပညာဆိုတာက မှော်ဂါထာတို့ မှော်အစီအရင်တို့နဲ့ မတူညီတဲ့ နောက်ထပ် ပညာရပ်တစ်ခုပဲ။ ခက်ခဲနက်လွန်းလွန်းပြီး တတ်မြောက်တဲ့ မှော်ဆရာဆိုတာရှားတယ်။ အထူးသဖြင့် နက်ဆန်က မှော်ပညာကို အထောက်အပံတစ်ခုအနေနဲ့ပဲ သင်ထားတာ ဆိုတော့ မှော်ဆေးပညာကို မလေ့လာခဲ့တာမျိုး ဖြစ်နိုင်တယ်။”

“ဒါလည်း ဖြစ်နိုင်တာပဲ။” ကျွန်မ တွေးလိုက်တယ်။ နက်ဆန်က သူ့ခေါင်းကို ​ညိတ်ပြရင်း မှန်ကြောင်း ထောက်ခံပြတယ်။

“ဒါဖြင့် ငါတို့ဘယ်လိုလုပ်ကြမလဲ... ဟုတ်သားပဲ။ ဒီကိစ္စတွေနဲ့ ပတ်သက်ရင် ငါတို့ထဲမှာ သိနိုင်တဲ့သူဆိုလို့ တစ်ယောက်ပဲရှိတာပဲ။”

ကျွန်မက ဖုန်းကိုလှမ်းယူလိုက်ပြီး နံပါတ်တစ်ခုကို နှိပ်ချ လိုက်ပါတယ်။

တူ... တူ... တူ...

သံရှည်သုံးချက် ထွက်လာပြီးမှတော့ တစ်ဖက်ကနေ ဖုန်းကိုင်လိုက်တဲ့အသံကိုကြားရပြီး အမျိုးသမီးတစ်ယောက်ရဲ့ခနဲ့တဲ့တဲ့စကားသံကို ကြားလိုက်ရရော။

“ဟယ်လို၊ ဆယ်ဗီလား။ ဒီတစ်ခါရော ဘာပြဿနာ တက်ပြန်ပြီလဲ။”

“နာတာရှာ၊ နောက်မနေနဲ့တော့။ ခုချက်ချင်း ဟိုတယ်ကို လာခဲ့။ ဒီမှာနက်ဆန် မိန်းကလေးအဖြစ်ပြောင်းသွားပြီ။”

“....”

...

ဆယ့်ငါးမိနစ်လောက်ကြာတော့ စစ်ယူနီဖောင်းဝတ်ထားတဲ့ နာတာရှာက ကျွန်မတို့ဆီကို ရောက်လာခဲ့ပါတယ်။ သူက နက်ဆန်ကို ခုံတစ်လုံးပေါ်မှာ ထိုင်ခိုင်ပြီးတော့ သေချာ လေ့လာ စူးစမ်းပါတယ်။ ပါးစပ်ကို ဟခိုင်းပြီးအတွင်းကို ကြည့်လိုက်။ လည်ချောင်းကို လက်နဲ့ကိုင်ကြည့်လိုက်နဲ့ ဘာလုပ်လို့လုပ်နေမှန်းကိုမသိဘူး။ နောက်ဆုံး နက်ဆန်ရဲ့ ပါးနားကိုကပ်ပြီး အနံခံကြည့်တော့ ကျွန်မလည်း စိတ်မရှည်တော့ဘဲ ထရိုက်ချင်စိတ်က ဖြစ်လာရော။

“အန်တီ​​လေးနာတာရှာ၊ ရှင်စပ်စုတာ ပြီးပြီလား။”

ကျွန်မက တမင်ရွဲ့ပြီးပြောလိုက်တော့ နာတာရှာက ကျွန်မကို မျက်စောင်းထိုးပြီးကြည့်တယ်။ အဲဒီနောက်မှ သူက နက်ဆန် အနားကနေ ခွာလိုက်ပြီးတော့

“မှားစရာမရှိဘူး... တကယ်မိန်းကလေးဖြစ်သွားတာ။ နက်ဆန်က အခုခေါင်းအစခြေအဆုံး မိန်းကလေးဖြစ်နေပြီ ဆိုမှတော့ သူ့ကို နီကိုလာလို့ ပြောင်းခေါ်ရအောင်။”

“....” ကျွန်မ တကယ်ပဲ နာတာရှာကို ရိုက်ပစ်လိုက်ချင်တယ်။ သူ့ပုံစံက နက်ဆန် ကောင်မလေးဖြစ်သွားတာကို လုံးဝ စိတ်မပူတဲ့ ပုံစံမျိုးပဲ။

“ရှင့်ကိုကျွန်မခေါ်လိုက်တာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြေရှင်းပေးဖို့လေ။ နက်ဆန်ကို နာမည်အသစ်ပေးဖို့ မဟုတ်ဘူး။”

ကျွန်မက စိတ်ဆိုးမာန်ဆိုးနဲ့ပြောတော့ နာတာရှာက ပခုံး တွန့်ပြပြီးတော့ စားပွဲပေါ်က ဆေးပုလင်းလေးကို နေရောင် အောက်မှာထောင်ကြည့်တယ်။

“ဆယ်ဗီ၊ နင်က မှော်ဆေးပညာအကြောင်း ဘာသိလို့လဲ။ ဆေးတစ်ပုလင်းကို သောက်လို့သာလွယ်တာ ဖြေဆေး ဖော်ဖို့ဆိုတာ အလွန့်အလွန်ခက်တဲ့အလုပ်ဟဲ့။ ဘယ်လို ဆေးမျိုးကို သူသောက်မိမှန်းမသိဘဲ ငါတို့ဖြေဆေးဖော်လို့ မရဘူး။ ဖြေဆေးက အလုပ်မဖြစ်ရင် ပိုဆိုးတဲ့ကိစ္စတွေ ဖြစ်လာနိုင်တယ်။”

“ဒါဖြင့်လည်း ဓာတ်ခွဲစမ်းသပ်တာတို့ ဘာတို့လုပ်ပေါ့။” ကျွန်မက မခံချင်စိတ်နဲ့ပြောလိုက်တော့ နာတာရှာက သူ့ အင်္ကျီအိတ်ထဲက နားကြပ်တောင်တစ်ခုကို ထုတ်ပြီး ဖန်ပုလင်းထဲကို ထည့်လိုက်တယ်။ နောက်တော့ ခွက်ထဲက ဝိုင်အကြွင်းအကျန်တွေကို နမူနာအနေနဲ့ယူလိုက်ပြီး လေလုံအိတ်ထဲ နားကြပ်တံကိုထည့်ပိတ်တယ်။ နောက်တော့ ဖုန်းနဲ့တစ်ယောက်ယောက်ကို လှမ်းဖုန်းခေါ်ပြီး...

“ ဂျာဗစ်... ဟိုတယ်အခန်း ၂၄ကိုလာခဲ့။ ငါ့မှာပေးစရာ တစ်ခုရှိတယ်။”

မကြာဘူး။ နောက်ထပ် ယူနီဖောင်းဆင်တူဝတ်ထားတဲ့ ယောက်ျားလေးတစ်ယောက် အခန်းထဲကိုဝင်လာပြီးတော့ နာတာရှာလက်ထဲက လေလံအိတ်ကို လာယူပါတယ်။

“ပါဝင်ပစ္စည်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဘာမှော်ဆေးလဲ ဆိုတာသိအောင်လုပ်ခဲ့။ အချိန်ဘယ်လောက်ယူရမယ် ထင်လဲ။”

“နှစ်ရက်လောက်တော့ ကြာမယ်ထင်ပါတယ် တပ်မှူး။” တပ်သားဂျာဗစ်က နာတာရှာကို အလေးပြုလိုက်ရင်းနဲ့ ပြောတယ်။ နာတာရှာက သူ့လက်ကိုယမ်းပြီး သွားခွင့် ပေးလိုက်တဲ့အခါမှာတော့ ဂျာဗစ်က တန်းဖြုတ်လိုက်ပြီး အခန်းထဲကနေ အမြန်ဆုံးထွက်ခွာသွားတယ်။

“ကြည့်ရတာ ငါတို့မင်းသားလေးတော့ မင်းသမီးလေးလို နှစ်ရက်လောက် နေရဦးမယ့်ပုံပဲ။”

နာတာရှာက နက်ဆန်ကို အကောက်ကြံတော့မယ့်အကြည့်နဲ့ ကြည့်လိုက်ပြီး ပြောတယ်။ နက်ဆန်ကတော့ လန့်သွားတဲ့ ပုံပေါ်ပြီး နောက်ကိုဆုတ်သွားတယ်။ နာတာရှာက ဗီလိန်မ တစ်ယောက်လိုမျိုး ပြုံးလိုက်ရင်း...

“တစ်နေကုန် ယောက်ျားလေးအဝတ်တွေနဲ့ လျှောက်သွားနေလို့ ဘယ်ဖြစ်မလဲ။ မိန်းကလေးတွေ ဝတ်ဖို့သင့်တော့မယ့် အဝတ်တွေသွားဝယ်ကြတာပေါ့။ လာ..

နီကိုလာလေး။”

နာတာရှာက နက်ဆန့်လက်ကိုကိုင်ပြီးတော့ အခန်းထဲကနေ ထွက်ဖို့လုပ်တယ်။ ကျွန်မကလည်း စိတ်မချတာနဲ့ နောက်က လိုက်ရတာပေါ့။ လမ်းမှာတော့ ကျွန်မက မနေနိုင်ဘဲနဲ့ နာတာရှာကို မေးလိုက်မိတယ်။

“နာတာရှာ၊ ဒီဆေးပုလင်းက ဘယ်သူ့လက်ချက်လဲဆိုတာ စုံစမ်းတာတို့ဘာတို့ နင်မလုပ်ဘူးလား။”

“စုံစမ်းစရာလိုလို့လား... ဘယ်သူလဲဆိုတာ အသိသာကြီး ဥစ္စာကို။”

နာတာရှာက တော်တော်ကြီးပျော်နေပုံရပြီး သွားတောင် မစေ့နိုင်တော့ဘူး။ သူက ကျွန်မမေးခွန်းကို ပေါ့ပေါ့ပဲ ပြန်ဖြေတယ်။ သူက နက်ဆန့်လက်ကို မနာလိုစရာ ကောင်းလောက်အောင် ကိုင်ထားပြီး လှေကားကနေ အောက်ထပ်ကို ဖြည်းဖြည်းချင်းဆင်းနေတယ်။

“ဒါဖြင့် ဘယ်သူလဲ...” ကျွန်မက တရားခံသိချင်လို့ စပ်စုကြည့်တော့။

“ သေချာပေါက် နက်ဆန်ကို နောက်ယောင်ခံလိုက်နေတဲ့ စကူးဘတ်မင်းသမီး မိုနီကာပဲနေမှာ။ သူကလွဲလို့ ဘယ်သူက ဒီလို ရူးကြောင်ကြောင်အလုပ်မျိုးကို ခိုးကြောင်ခိုးဝှက်နဲ့ လုပ်မှာလဲ။”

ကျွန်မတွေးကြည့်တော့ ဖြစ်နိုင်ခြေရှိသားလို့ ထင်မိတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ မိုနီကာက နက်ဆန်ကို မိန်းကလေးအဖြစ် ပြောင်းလိုက်တာလဲ။ နက်ဆန်ကို ယောက်ျားလေးအနေနဲ့ ကြည့်ရတာ ငြီးငွေ့သွားပြီး မိန်းကလေးအဖြစ် ပြောင်းပစ် လိုက်တာများလား။ ဒါလည်း အဓိပ္ပါယ်မရှိဘူး။

“ထားလိုက်တော့... အဲဒီအရူးမရဲ့အတွေးကို ငါက ဘယ်လိုလုပ်ပြီး နားလည်မှာလဲ။”

...

ခဏလောက်နေတော့ ကျွန်မတို့လေးယောက်လုံး အေသင်က ရှော့ပင်းမောတစ်ခုမှာ ရောက်နေပြီ။ နာတာရှာက တကယ်ပဲ နက်ဆန့်အတွက် အဝတ်တွေ လိုက်ဝယ်ပေးနေတာဖြစ်ပြီး ဆိုင်ထဲမှာ အဝတ်တွေ တစ်ခုပြီးတစ်ခု ယူလာပေးပြီး နက်ဆန်ကို အမျိုးမျိုး စမ်းဝတ်ကြည့်ခိုင်းနေတယ်။

“နီကိုလာလေး... ဒီဂါဂန်လေး စမ်းဝတ်ကြည့်ပါဦး။”

နာတာရှာက နက်ဆန့်လက်ထဲကို နေကြာပန်းပွင့်ပုံတွေပါတဲ့ ဂါဝန်အပြာနုလေး ထည့်ပေးလိုက်တယ်။ နက်ဆန့်ပုံစံက အခုချက်ချင်း သေတော့မယ့်အတိုင်းပဲ။

“တ... တကယ်ကြီး ဝတ်ကြည့်ရမှာလားဟင်။” နက်ဆန်က မေးလိုက်တယ်။ သူ့မိန်းကလေးအသံက ချစ်စရာလေး။ ကြားရရုံနဲ့ ပန်းတွေအများကြီး ပွင့်တာမြင်လိုက်ရသလို ခံစားရတယ်။

“ဒါပေါ့၊ နီကိုလာလေးရဲ့။ မိန်းကလေးဖြစ်လာပြီ ဆိုမှတော့ ယောက်ျားလေးအဝတ်တွေ ဝတ်လို့ဖြစ်မလား။ ကြည့်ရဆိုးတယ်။ ကပ်ဘေးတစ်ခုလိုပဲ။”

နောက်တော့ နာတာရှာက နက်ဆန်ကို ပခုံးကနေဖမ်းကိုင်ပြီး အဝတ်လဲခန်းထဲ အတင်းခေါ်သွားတယ်။ “လာပြီ၊ နီကိုလာ လေးရဲ့။ ရှက်မနေပါနဲ့။”

ကျွန်မက တားလိုက်ချင်ပေမဲ့ နာတာရှာက သူဝှက်ယူလာတဲ့ မှော်ကျိန်လုံးနဲ့ ကျွန်မကို မသိမသာလှမ်းချိန်ပြတယ်။ နှောင့်ယှက်ရင် ပစ်မှာနော်ဆိုပြီး ခြိမ်းခြောက်တဲ့သဘောပဲ။ ကျွန်မက ကူရာမဲ့စွာနဲ့ အိုလီရာကို ကြည့်လိုက်ပြီး...

“အိုလီရာနာ၊ နင့်သခင်အနိုင်ကျင့်ခံနေရတာကို ဒီလိုပဲ ကြည့်နေတော့မှာလား...” ဆိုပြီးမေးလိုက်တော့...

“နာတာရှာပြောတာမှန်တယ်။ ရောမရောက် ရောမလို ကျင့်ရတယ်တဲ့။ သခင်က မိန်းကလေးဖြစ်သွားပြီ ဆိုမှတော့ မိန်းကလေးလို ကျင့်ကြံနေထိုင်ရမှာပေါ့။”

‘သေစမ်း၊ ဒီဟာမလေးလည်း အလိုတူအလိုပါ ဖြစ်နေတာလား။'

...

“အားဟားဟား... နီကိုလာလေးက မနာလိုစရာ ကောင်းလိုက်တာ။ ဘာဝတ်ဝတ် လှနေတော့တာပဲ။”

ညနေသုံးနာရီ ထိုးတော့မှပဲ ကျွန်မတို့တွေ အဝတ်အစား ဝယ်လို့ပြီးသွားတယ်။ အခုနက်ဆန်က သူနဲ့လိုက်ဖက်တဲ့ အနက်ရောင်ပလိန်း ကိုယ်ကျပ်တီရှုပ်နဲ့ ဂျင်းဘောင်းဘီ အတိုလေးကိုဝတ်ထားတယ်။ နာတာရှာလက်ထဲမှာတော့ အဝတ်အစားအိတ်တွေအများကြီးကို ကိုင်ထားတယ်။

“နာတာရှာ၊ နက်ဆန်က နှစ်ရက်လောက်ပဲ မိန်းကလေးလို နေရမှာလေ။ နင်ဝယ်လာတာတွေက တစ်လလုံးဝတ်လို့ ကုန်မယ့်ပမာဏမျိုးမဟုတ်ဘူး။”

“နင်ဘာသိလို့လဲ၊ ပြီးရင်သိလိမ့်မယ်။ ဟီဟီ...” နောက်တစ်ခါ နာတာရှာက အကောက်ကြံတော့မယ့် ဗီလိန်မကြီးလိုမျိုး ပြုံးလိုက်ပြန်ပြီ။ သုံးဆယ်ကျော် အန်တီအရွယ်တွေက တော်တော်ကြောက်ဖို့ကောင်းတာပဲလို့ ကျွန်မတွေးမိ လာတော့တာပဲ။

ကျွန်မတို့ ရှော့ပင်းမောလ်က ထွက်ခါနီးတော့ စုံတွဲတချို့ မောလ်ထဲဝင်လာတာနဲ့တိုးတယ်။ ကောင်လေးတွေက နက်ဆန်ကိုမြင်တာနဲ့ ပြုစားခံလိုက်ရသလိုမျိုး လိုက်ကြည့် နေကြတဲ့အတွက်ကြောင့် သူတို့ရဲ့သက်ဆိုင်ရာ ကောင်မလေးတွေရဲ့နားရင်းအုပ်ခြင်းကို အသီးသီး ခံလိုက်ရကြတယ်။

“ဗိုက်ဆာတယ်... တစ်ခုခုဝင်စားကြမလား။” ကျွန်မက နာတာရှာကို အကြံပေးလိုက်ပေမဲ့ နာတာရှာက မကြားချင်ယောင် ဆောင်နေပါတယ်။ အဲဒီအစား လမ်းမတန်းပေါ်မှာဖွင့်ထားတဲ့ ဓာတ်ပုံစတူရီယို တစ်ခုကိုတွေ့တော့ လက်ညိုးထိုးလိုက်ပြီး...

“ငါတို့နောက်ထပ်သွားမယ့်နေရာက အဲဒီနေရာပဲ။”လို့ ပြောတော့တာ။ နက်ဆန်က ဓာတ်ပုံစတူရီယိုကိုလည်း မြင်ရော အတင်းရုန်းပြီးထွက်ပြေးဖို့လုပ်တယ်။ ဒါပေမဲ့ နာတာရှာက သူ့ကိုနိုင်ကွက်တစ်ခုရှိနေတယ်လေ။

“အဟမ်း၊ နီကိုလာရေ။ နင်ထပ်ပြီး ရုန်းနေမယ်ဆိုရင် ဖြေဆေးဖော်မပေးဘဲ နေလိုက်မှာနော်။ ဒီမြို့နဲ့မိုင်တစ်ရာ ပတ်လည်အတွင်းမှာ ဒီလောက်အဆင့်မြင့်တဲ့ မှော်ဆေးမျိုး ဖော်နိုင်တာဆိုလို့ ငါပဲရှိတာနော်။ မိန်းကလေးအဖြစ် တစ်သက်လုံး နေချင်လို့လား။”

“....” အဲဒီနောက်တော့ မချစ်သော်လည်း အောင့်ခါနမ်း ဆိုသလို နက်ဆန်တစ်ယောက် နာတာရှာကို နာခံဖို့အပြင် ဘာမှမတတ်နိုင်တော့ဘူး။

အဲဒီနောက်တော့ နာတာရှာက နက်ဆန်ကို ဓာတ်ပုံစတူရီယိုထဲ ခေါ်ပြီးတော့ အဝတ်တွေအမျိုးမျိုးဝတ်ပေးပြီး မော်ဒယ် တစ်ယောက်လိုမျိုး ပို့စ်အမျိုးမျိုးလုပ်ခိုင်းတော့တာပဲ။ သူပြောတာတော့ ဒါမှအမှတ်တရဖြစ်နေမှာတဲ့လေ။

“နောက်ဆုံးတော့ နက်ဆန်က နာတာရှာကို ဘာလို့ဘဝနဲ့ ရင်းပြီးမယုံနဲ့လို့ ပြောတာလဲ ငါနားလည်သွားပြီထင်တယ်။ ဒီမိန်းမက တော်တော်အန္တရာယ်များတာပဲ။”

ငိုချတော့မယ့် မျက်လုံးတွေနဲ့ ဓာတ်ပုံအရိုက်ခံနေတဲ့ နက်ဆန်ကို သနားစွာကြည့်ရင်း ကျွန်မသက်ပြင်းရှည်ကြီး ချလိုက်မိတော့တယ်။

...

နက်ဆန်ရဲ့ပုံရိပ်တွေနဲ့ပြည့်နှက်နေတဲ့ တိုက်ခန်းလေးထဲမှာ မိုနီကာက စားပွဲပေါ်လက်တင်ပြီး သူ့ရှေ့က သဲနာရီထဲက သဲတွေ အောက်ကိုကျသွားတာကို ကြည့်နေပါတယ်။ သဲတွေ အကုန်လုံး အပေါ်ဘက်အကန့်ထဲမှာ ကုန်သွားပြီးတဲ့နောက် သူက ထိုင်နေရာကနေ ထလိုက်ပြီး...

“ဒီလောက်ဆိုရင် ငါ့ရဲ့ထာဝရအချစ်ခတ်ဆေးကြီး အစွမ်းစပြလောက်ပြီထင််တယ်။ အခုဆိုရင် သူက ငါ့ကိုမှ ငါ့ကိုပဲ တမ်းတမ်းဆွဲ ဖြစ်နေပြီး ဆယ်ဗီနဲ့တခြားသူတွေကို သူ့အနားကနေ မောင်းထုတ်ပြီးလောက်ပြီ။ ငါသူ့ကို သွားရှာပြီး အပိုင်သိမ်းဖို့ပဲ ကျန်တော့တယ်။”

စကူးဘတ် တော်ဝင်မင်းသမီးလေးက သူ့စိတ်ကူးနဲ့သူ ရေရွတ်လိုက်ရင်း ပေါ့ပါးတဲ့ခြေလှမ်းလေးတွေနဲ့အတူ အခန်းတံခါးကိုဖွင့်ပြီး အပြင်လောကကြီးဆီ ထွက်ခွာ သွားပါတော့တယ်။

All Chapters