အခန်း (၃၉၃)
Vol. 27 Ch. 393
ကျန်းချန်၏ စကားသံ အဆုံးတွင် ကျန်းချန်၏ ခန္ဓာကိုယ်မှ ချီယန် သန္ဓေမူလသိုင်းခန္ဓာ၏ သွေးစွမ်းအားက တက်ကြွလာသည်။
ထိုခဏတွင် လေထုထဲ၌ အားကောင်းသော သွေးဖိအားတို့ဖြင့် ပြည့်နှက်သွားသည်။
ရှန်ဖုန်းသွေးစွမ်းအား ပိုင်ရှင် သွမ့်ရှင်းနှင့် ကျားရိုင်းသွေးစွမ်းအားပိုင်ရှင် ဖူယုံတို့ပင် သူတို့၏ ခန္ဓာကိုယ်မှ သွေးစွမ်းအားများက ကျန်းချန်၏ အားကောင်းသော သွေးစွမ်းအား အောက်တွင် ဖိနှိပ်ခံနေရသည်ဟု ခံစားလိုက်ရသည်။
"ချီယန် သန္ဓေမူလသိုင်းခန္ဓာက တကယ် အားကောင်းတာပဲ"
ချီယန် သန္ဓေမူလသိုင်းခန္ဓာမှ ထွက်ပေါ်လာသည့် အားကောင်းသော အင်အားကို ခံစားရင်း ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့်က အလိုအလျောက် ပေါ်လာသည်။
ကျီမိသားစု၏ ချီယန်သွေးစွမ်းအားသည် သွမ့်မိသားစု၏ ရှန်ဖုန်းသွေးစွမ်းအားနှင့် ဖူမိသားစု၏ ကျားရိုင်းသွေးစွမ်းအားတို့နှင့် တန်းတူ ဖြစ်သည်။
သို့သော် ကျန်းချန်၏ သွေးစွမ်းအားကမူ ချီယန်သွေးစွမ်းအားနှင့် သန္ဓေမူလသိုင်းခန္ဓာတို့ ပေါင်းစပ်ခြင်းမှ ဆင့်ကဲ ပြောင်းလဲလာသော သွေးစွမ်းအားအသစ် တစ်ခု ဖြစ်၏။
ဆိုရလျှင် ဤသွေးစွမ်းအားသည် အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားပြီး စစ်မှန်သော နဂါးနိုင်ငံမှ ရှေးဟောင်းမိသားစု သုံးခု၏ သွေးစွမ်းအားများ နှိုင်းယှဉ်၍ မရတော့ပေ။
ချီယန် သန္ဓေမူလသိုင်းခန္ဓာကို ထုတ်ဖော်ပြီးနောက်တွင် ကျန်းချန်သည် ဖူယုံကို အေးစက်စွာ ကြည့်လိုက်ပြီး ကျားရိုင်း သွေးစွမ်းအား ပါဝင်သော ဖူယုံ၏ လက်သီးချက်ကို ရှောင်တိမ်းခြင်းမရှိဘဲ သူ၏လက်သီးချက်ဖြင့် တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
သွေးစွမ်းအား ပါဝင်သော ကျန်းချန်၏ လက်သီးချက်ကို မြင်သောအခါ ဖူယုံ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး နှလုံးသားထဲတွင် ပြောမပြတတ်အောင် အေးစက်သော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။
သို့သော် မြားက လေးပေါ်ရောက်နေပြီ ဖြစ်သောကြောင့် သူ့အနေဖြင့် တိုက်ခိုက်ရပေတော့မည်။
ဖူယုံက သူ၏ သွားများကို အံကြိတ်ကာ အင်အားအကုန်အစင်ကို ထုတ်သုံး၍ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
"ဝုန်း"
သွေးစွမ်းအား ပါဝင်သော လက်သီးချက်နှစ်ခု ထိပ်တိုက်ဆုံမိပြီးနောက် လေထုထဲတွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ခဏအကြာတွင် ဖူယုံ၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး ပါးစပ်မှ သွေးများ အန်ထွက်သွားသည်။
သူ၏ တစ်ကိုယ်လုံးကလည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်ပြန် လွင့်စင်သွားသည်ကို တွေ့လိုက်ရသည်။
ကျန်းချန်က နောက်ပြန် လွင့်စင်သွားသော ဖူယုံကို ကြည့်ကာ သူ၏ ခြေလှမ်းကွက်ကို ထုတ်သုံးလိုက်ပြီး ဖူယုံ နောက်သို့ လိုက်သွားခဲ့သည်။
ဖူယုံက သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို မထိန်းချုပ်နိုင်ခင်မှာပင် ကျန်းချန်သည် ဖူယုံ၏ ဘေးတွင် ရောက်နေပြီ ဖြစ်၏။
သူက လက်ကို ဆန့်ထုတ်ကာ ဖူယုံ၏ ပခုံးကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။
"မင်း.. မင်း ဘာလုပ်မလို့လဲ"
ဖြူဖျော့သော မျက်နှာဖြင့် ကျန်းချန်ကို ကြည့်ရင်း ဖူယုံ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
သူသည် သူ၏ မျက်စိရှေ့မှ နို့နံ့ပင်စင်သေးပုံ မရသော ကောင်လေးတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအား ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက သူတို့ ဖူမိသားစု၏ ကျားရိုင်းသွေးကို ထုတ်ဖော်ခဲ့သော်လည်း ခုခံနိုင်စွမ်း မရှိခဲ့ချေ။
"ဘာမှ မလုပ်ပါဘူး...မင်းကို အမှောက်သိပ်ပြီးမှ ထွက်သွားစေချင်လို့ပဲ.. ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးမလို့ပါ"
ကျန်းချန်က စကားဆုံးသည်နှင့် ဖူယုံ၏ ပခုံးကို ဆုပ်ကိုင်ထားသော သူ၏ လက်ကို အားထည့်လိုက်ပြီး ဖူယုံကို မြေပြင်ပေါ်သို့ ကိုင်ပေါက်လိုက်သည်။
ဖူယုံ မြေပြင်ပေါ်သို့ လဲကျသွားသည်နှင့် ကျန်းချန်သည် ညာဘက်ခြေထောက်ဖြင့် ဖူယုံ၏ ခါးကို ရက်စက်ပြင်းထန်သောကန်ချက်ဖြင့် ကန်လိုက်သည်။
ဖူယုံက နာကျင်စွာညီးညူလိုက်ပြီး အော်သံနှင့်အတူ သူ၏ တစ်ကိုယ်လုံးသည် ခြံဝင်း အပြင်ဘက်သို့ လွင့်စင်သွားခဲ့သည်။
"အိုး... ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ သွေးစွမ်းအားလဲ"
စစ်မှန်သော နဂါးနိုင်ငံတွင် နာမည်ကြီးသော ဖူမိသားစု၏ ပါရမီရှင် ဖူယုံကို ကျန်းချန်က ခြံဝင်း အပြင်ဘက်သို့ ကန်ထုတ်လိုက်သည်ကို မြင်လျှင် သွမ့်ရှင်း၏ မျက်လုံးများ၌ အံ့သြထိတ်လန့်သော အရိပ်အယောင်များက ဖုံးဖိမရစွာ ပေါ်လာခဲ့သည်။
သွမ့်ရှင်းသည် ထိုက်ရှလှေကားတွင် ကျန်းချန်ကို ရှုံးနိမ့်ခဲ့ရသောကြောင့် အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့၏။
သို့သော် ယခု ကျန်းချန်၏ အားကောင်းသော သွေးစွမ်းအားကို မြင်သောအခါ သူ၏ အတွေးများသည် ရယ်စရာကောင်းမှန်း သိလိုက်ရသည်။
ကျန်းချန်သည် ထိုက်ရှလှေကားတွင် သွေးစွမ်းအားကိုပင် အသုံးမပြုခဲ့ပေ။
သို့သော်လည်း ကျန်းချန်သည် ထိုက်ရှလှေကားကို တက်ရာတွင် သူ့ကို အလွယ်တကူ အနိုင်ယူခဲ့သည်။
ဤအချိန်တွင် သွမ့်ရှင်းသည် ကျန်းချန်ကို လုံးဝ ယုံကြည်သွားခဲ့သည်။
သူ၏ မျက်စိရှေ့မှ ကောင်လေး၏ ကိုယ်ခံပညာပါရမီသည် ပါရမီရှင် ပေါများသော ထိုက်ရှဂိုဏ်းတွင်ပင် အကောင်းဆုံးထဲမှ တစ်ဦး ဖြစ်သည်မှာ သေချာသလောက်ပင်။
အခန်း(၃၉၃) ပြီး၏