← Chapters

အခန်း (၃၉၄)

Vol. 27 Ch. 394

အခန်း (၃၉၄)

Vol. 27 Ch. 394

ဖူယုံကို ရှင်းလင်းပြီးနောက် လဲ့ဟောင်ခုံး နှင့် ကျန်နှစ်ယောက်တို့သည် ခြံဝင်းထဲသို့ ပြန်လာကြသည်။

ကျန်းချန်သည် အခြားခြံဝင်းများကို သိမ်းပိုက်ခြင်းမပြုဘဲ လဲ့ဟောင်ခုံး တို့နှင့်အတူ ဤခြံဝင်းတွင်ပင် အခြေချ နေထိုင်ခဲ့သည်။

ခြံဝင်းက သိပ်မကျယ်သော်လည်း လူသုံးလေးယောက် နေထိုင်ရန် အဆင်ပြေ၏။

ခြံဝင်း အတွင်းမှ အခန်းတစ်ခန်းကို ရွေးချယ်ပြီးနောက် ကျန်းချန်သည် လဲ့ဟောင်ခုံး ပေးထားသော စာလိပ်မှတဆင့် ထိုက်ရှဂိုဏ်း အကြောင်းကို လေ့လာလိုက်သည်။

သူက ထိုက်ရှဂိုဏ်း၏ အကြောင်းအရာများကို အကြမ်းဖျင်းနားလည်ရန် တစ်နာရီခန့် ကြာမြင့်ခဲ့၏။

မြောက်ပိုင်းတောရိုင်းဒေသရှိ ဂိုဏ်းကြီးသုံးဂိုဏ်းတွင် တစ်ဂိုဏ်း အပါအဝင်ဖြစ်သော ထိုက်ရှဂိုဏ်းသည် အလွန်အားကောင်းသောဂိုဏ်း ဖြစ်သည်။

ဂိုဏ်းအတွင်း စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ အများအပြား ရှိပြီး သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူ အနည်းငယ်ပင် ရှိသည်။

ထို့အပြင် ထိုက်ရှဂိုဏ်းသည် မြောက်ပိုင်း တောရိုင်းဒေသတွင် အကောင်းဆုံး ကျင့်ကြံခြင်း အရင်းအမြစ်များကို ပိုင်ဆိုင်ထားသည်။

သို့သော် ဂိုဏ်းအတွင်းမှ ကျင့်ကြံခြင်း အရင်းအမြစ်များကို ရယူလိုလျှင် ဂုဏ်ကျက်သရေ အမှတ်နှင့် လဲလှယ်ရသည်။

ဂုဏ်ကျက်သရေ အမှတ်များ ရရှိရန် နည်းလမ်းများစွာ ရှိ၏။

မွန်းစတားသားရဲများကို အမဲလိုက်ခြင်း၊ ဂိုဏ်း၏ မစ်ရှင်များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်း သို့မဟုတ် ဂိုဏ်းအတွက် ထူးခြားသော အောင်မြင်မှုများ ရရှိစေခြင်း တို့ကနေ ဂုဏ်ကျက်သရေ အမှတ်များ ရရှိနိုင်သည်။

အချုပ်အားဖြင့်ဆိုရလျှင် ထိုက်ရှဂိုဏ်းတွင် ပိုမိုကောင်းမွန်သော ကျင့်ကြံခြင်း အရင်းအမြစ်များကို ရရှိလိုပါက အရာအားလုံးကို အင်အားဖြင့်သာ အနိုင်ယူရပေမည်။

နောက်တစ်နေ့ နံနက်စောစောတွင် လဲ့ဟောင်ခုံး တို့သည် ကျန်းချန်ကို လာရောက် တွေ့ဆုံခဲ့ကြသည်။

"ညီနောင် ကျန်းချန်.. ငါတို့ ဂုဏ်ကျက်သရေ အမှတ်အချို့ ရရှိဖို့ မစ်ရှင်ဌာနကို သွားပြီး တောက်တိုမယ်ရ တာဝန်ကို လက်ခံကြမယ်.. မင်းငါတို့နဲ့ အတူတူ လိုက်ခဲ့မလား"

ထိုက်ရှဂိုဏ်းတွင် ဂုဏ်ကျက်သရေ ရမှတ်များ ရရှိရန် နည်းလမ်းများစွာ ရှိသော်လည်း တပည့်သစ်များအတွက် အသင့်တော်ဆုံးမှာ တောက်တိုမယ်ရ တာဝန်ကို လုပ်ဆောင်ခြင်းသာ ဖြစ်သည်။

မွန်းစတားသားရဲများကို အမဲလိုက်ခြင်းနှင့် ဂိုဏ်းမစ်ရှင်များကဲ့သို့သော ကြယ်အဆင့် မစ်ရှင်များသည် တပည့်သစ်များအတွက် အသက်အန္တရာယ်များလွန်းသောကြောင့် ပါဝင်ရန် မည်သူမျှ မဝံ့ရဲကြပေ။

ဂိုဏ်း၏ အမျိုးမျိုးသော အောင်မြင်မှု စံချိန်မှတ်တမ်းများကို ချိုးရန်မှာလည်း သူတို့အတွက် မဖြစ်နိုင်သောအရာ ဖြစ်သည်။

ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကောင်းပြီလေ.. သွားကြတာပေါ့"

ထိုက်ရှဂိုဏ်းတွင် ဂုဏ်ကျက်သရေ ရမှတ်များသည် အရေးကြီးသည်။

နေထိုင်ရန် အတွက် ပိုမို ကောင်းမွန်သော နေရာသို့ ပြောင်းလိုလျှင်ပင် ဂုဏ်ကျက်သရေ ရမှတ်များ လိုအပ်၏။

ထို့ကြောင့် ဂုဏ်ကျက်သရေ ရမှတ်များ ရရှိရန်မှာ တပည့်သစ်များအတွက် အလွန်ပင် အရေးကြီးဆုံး ဖြစ်သည်။

သူတို့လူစုက တာဝန်များခွဲဝေပေးသည့် မစ်ရှင်ခန်းမသို့ ရောက်လာကြသည်။

ထိုက်ရှဂိုဏ်းတွင် တာဝန်များကို အမျိုးအစားအလိုက် ခွဲခြားထားသည်။

အလွယ်ကူဆုံး အလုပ်မှာ ဆေးတောင်တွင် ဆေးဖက်ဝင်အပင်များကို ခူးဆွတ်ရသည့် တာဝန် ဖြစ်သည်။

ဤတာဝန်သည် ရိုးရှင်းသော်လည်း ဂုဏ်ကျက်သရေ ရမှတ်များ အနည်းငယ်သာ ရ၏။

အဂ္ဂိရတ်ပညာရပ်၊ အစီအရင်ပညာရပ်၊ သားရဲယဥ်ပါးခြင်း ပညာရပ် စသည့် ပညာရပ်များ တတ်ကျွမ်းလျှင်မူ အဂ္ဂိရတ်ခန်းမ နှင့် သားရဲခန်းမတွင် အကူအဖြစ် တာဝန်များကို လက်ခံနိုင်သည်။

ဤတာဝန်များအတွက် လိုအပ်ချက်သည် အလွန်ပင် မြင့်မားသလို ဂုဏ်ကျက်သရေ ရမှတ်များလည်း ပိုမို ရရှိနိုင်သည်။

ထို့အပြင် ဂုဏ်ကျက်သရေ ရမှတ် မြင့်မားသော တာဝန်တစ်မျိုးလည်း ရှိသည်။

ယင်းမှာ တောက်တိုမယ်ရ တာဝန် ဖြစ်သည်။

ထိုက်ရှဂိုဏ်းမှ စီနီယာ တပည့်အချို့သည် ကိုယ်ခံပညာကို အလျင်အမြန် တိုးတက်ချင်သောကြောင့် ၎င်းတို့နှင့်အတူ လေ့ကျင့်ရန် လေ့ကျင့်ဖော်များ လိုအပ်သည်။

လေ့ကျင့်ဖော်များသည် စီနီယာများ၏ တောက်တိုမယ်ရအလုပ်ကိုပါ လုပ်ပေးရသည်။

ထိုအလုပ်က အလွန်အကျိုးရှိသော်လည်း အန္တရာယ်လည်း များသည်။

အဘယ်ကြောင့်ဆိုသော် စီနီယာတပည့်အချို့၏ အနိုင်ကျင့်မှုကို ခံရသောကြောင့်ပင်။

တောက်တိုမယ်ရ တာဝန်က အန္တရာယ်များသော်လည်း လဲ့ဟောင်ခုံးတို့ သုံးယောက်သည် ထိုတာဝန်ကိုပင် ရွေးချယ်ခဲ့ကြသည်။

တောက်တိုမယ်ရ တာဝန်သည် ဂုဏ်ကျက်သရေ ရမှတ်များစွာ ရရှိနိုင်သည့်အပြင် စီနီယာများနှင့် လေ့ကျင့်ရသောကြောင့် မိမိတို့၏ ခွန်အားကိုပါ တိုးမြှင့်နိုင်မည့် အခွင့်အလမ်းရှိ၏။

ထို့ကြောင့် အန္တရာယ်များသော်လည်း လဲ့ဟောင်ခုံး တို့သည် တောက်တိုမယ်ရ တာဝန်ကိုသာ ရွေးချယ်ခဲ့ကြသည်။

"ကောင်လေး.. မင်းအလှည့်ရောက်ပြီ...မင်း ဘယ်လို တာဝန်ကို ရွေးချယ်မလဲ"

လဲ့ဟောင်ခုံးတို့ သုံးယောက် တာဝန်ရွေးချယ်ပြီးနောက်တွင် မစ်ရှင်ခန်းမ၏ တာဝန်ခံက ကျန်းချန်ကို မေးလိုက်သည်။

ကျန်းချန်က ပြုံးပြီး ပြန်ဖြေလိုက်သည်။

"ကျွန်တော်က ဆေးဖက်ဝင်အပင်တွေ ခူးဆွတ်တဲ့ တာဝန်ကိုပဲ ရွေးချယ်ပါ့မယ်"

အခန်း(၃၉၄) ပြီး၏

All Chapters