အခန်း (၃၉၅)
Vol. 27 Ch. 395
"ဆေး.. ဆေးပင်ခူးမယ် ဟုတ်လား"
ကျန်းချန်က ထိုသို့ ပြောလိုက်သည်နှင့် မစ်ရှင်ဌာန၏ တာဝန်ခံ ကြီးကြပ်ရေးမှူး အပြင် ကျန်းချန်၏ ဘေးမှ လဲ့ဟောင်ခုံးနှင့် အခြားသူများပင် မျက်လုံးများ ကျွတ်ကျလုမတတ် အံ့အားသင့်သွားကြသည်။
ဆေးပင်ခူးတာဝန်။
၎င်းသည် ထိုက်ရှဂိုဏ်း၏ တာဝန်များထဲတွင် အလွယ်ကူဆုံးတာဝန် ဖြစ်သည်။
ဆေးပင်ခူးတာဝန်သည် လစာနည်းရုံသာမက အချိန်ကုန်လည်း သက်သာ၏။
ယေဘုယျအားဖြင့် အားနည်းသော အမျိုးသမီးတပည့် တချို့ မှလွဲ၍ ဆေးပင်ခူးတာဝန်ကို ရွေးချယ်သူ အနည်းငယ်သာရှိသည်။
"ဟားဟား... ငါပဲ မှားပြီး ကြားလိုက်မိတာလား.. ဒီကောင်က ဆေးပင်ခူးတာဝန်ကို ရွေးချယ်လိုက်တယ်တဲ့.. လခွမ်း"
"ဂုဏ်သိက္ခာရှိတဲ့ ယောက်ျားရင့်မကြီး တစ်ယောက်က ဒီလို တာဝန်မျိုးကို ရွေးချယ်တာ ရှက်စရာပဲ"
ကျန်းချန် ဆေးပင်ခူးတာဝန်ကို ရွေးချယ်လိုက်သည်ကို မြင်လျှင် တာဝန်ကို လက်ခံရန် မစ်ရှင်ဌာနသို့ ရောက်လာသော ပတ်ဝန်းကျင်မှ လူအများအပြားသည် မထီမဲ့မြင်ပြုကာ ရယ်မောလိုက်ကြသည်။
"ညီနောင် ကျန်းချန်.. မင်း... မင်း တကယ်ပဲ ဆေးပင်ခူးတာဝန်ကို ရွေးချယ်လိုက်တာလား"
လဲ့ဟောင်ခုံးက မယုံကြည်နိုင်စွာဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။
အခြားသူများက ကျန်းချန်၏ အသေးစိတ် အချက်အလက်များကို မသိနိုင်သော်လည်း ကျန်းချန်က အဂ္ဂိရတ်ပညာရပ်နှင့် သားရဲထိန်းပညာရပ်တွင် အားမနည်းကြောင်း သူက အလွန်ရှင်းလင်းစွာ သိထားခဲ့သည်။
ကျန်းချန်၏ အရည်အချင်းဖြင့် ဆိုလျှင် အဂ္ဂိရတ်ခန်းမ သို့မဟုတ် သားရဲခန်းမတွင် အကူတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန်မှာ လေပြေလေးကဲ့သို့ပင် လွယ်ကူ၏။
သို့ရာတွင် ကျန်းချန်က လူအနည်းငယ်သာ ရွေးချယ်သော ဆေးပင်ခူးတာဝန်ကို မမျှော်လင့်ဘဲ ရွေးချယ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဟုတ်တယ်.. ငါ ဆေးပင်ခူးတာဝန်ကို ရွေးချယ်လိုက်တယ်"
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဆေးပင်ခူးတဲ့ စံချိန်မှတ်တမ်းတွေရှိတယ်လို့ ကြားတယ်... ငါက စံချိန်မှတ်တမ်းတစ်ခုခုကို ချိုးဖျက်ကြည့်ချင်တယ်"
မနေ့ညက ထိုက်ရှဂိုဏ်း၏ အကြောင်းအရာများကို စာလိပ်ထဲတွင် ပြန်လည်သုံးသပ်ပြီးနောက် ကျန်းချန်သည် ဂုဏ်ကျက်သရေ ရမှတ်များ ရရှိရန် အမြန်ဆုံးနည်းလမ်းမှာ ထိုက်ရှဂိုဏ်း၏ စံချိန်မှတ်တမ်းများကို ချိုးဖျက်မှသာ ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။
စံချိန်မှတ်တမ်း တစ်ခုကို ချိုးဖျက်နိုင်လျှင် ဂုဏ်ကျက်သရေ ရမှတ်များစွာ ရရှိနိုင်၏။
ထိုက်ရှဂိုဏ်း၏ အမျိုးမျိုးသော စံချိန်မှတ်တမ်းများထဲတွင် ဆေးပင်ခူးသော စံချိန်မှတ်တမ်းများလည်း ရှိသည်။
ဆေးပင်ခူးသည့် စံချိန်မှတ်တမ်း သုံးခုရှိသည်။
ပထမနေ့ စံချိန်မှတ်တမ်း၊ တစ်ရက်တည်း ခူးဆွတ်မှု စံချိန်မှတ်တမ်းနှင့် စုစုပေါင်းခူးဆွတ်မှု စံချိန်မှတ်တမ်းတို့ ဖြစ်သည်။
ပထမ စံချိန်မှတ်တမ်းနှစ်ခုသည် တစ်ခုစီအတွက် ဂုဏ်ကျက်သရေ ရမှတ် ၁၀,၀၀၀ ရရှိနိုင်သည်။
နောက်ဆုံး စုစုပေါင်း ခူးဆွတ်မှု စံချိန်မှတ်တမ်းအတွက်မူ ဂုဏ်ကျက်သရေ ရမှတ် ၃၀,၀၀၀ အထိ ရရှိနိုင်၏။
ကျန်းချန်သည် ဆေးဖက်ဝင်အပင်များ ခူးဆွတ်သော တာဝန်ကို ရွေးချယ်ခဲ့ခြင်းသည် ဆေးဖက်ဝင်အပင်များ ခူးဆွတ်သည့် စံချိန်မှတ်တမ်းသုံးခု အတွက်ဖြစ်သည်မှာ သံသယရှိစရာပင် မလိုပေ။
မှတ်တမ်းအသစ်။ ကျန်းချန်၏ စကားများကို ကြားလျှင် လဲ့ဟောင်ခုံးသည် သူ၏ နှလုံးသားထဲတွင် ပြုံးလိုက်သည်။
ကျန်းချန်သည် ဆေးဖက်ဝင်အပင်များ ခူးဆွတ်ရန် ရွေးချယ်ပြီးသည်နှင့် စံချိန်မှတ်တမ်းကို ချိုးဖျက်ရန်ပင် ပစ်မှတ်ထားနေခဲ့သည်။
ဤကောင်လေးသည် တကယ်ပင် သာမန်အသိနှင့် လိုက်မမီနိုင်သော မွန်းစတား တစ်ယောက် ဖြစ်သည်။
"ဟားဟား... ငါ့ကို တကယ် ရယ်မောစေတာပဲ"
"ထိုက်ရှဂိုဏ်းရဲ့ ဘယ်မှတ်တမ်းမဆို ထိုက်ရှဂိုဏ်းရဲ့ ခေတ်အဆက်ဆက် တပည့်တွေက စံချိန်တွေကို ပြန်လည် တင်ထားခဲ့တယ်.. စံချိန်တွေကို ချိုးဖျက်ဖို့က ဒီလောက်ထိ လွယ်ကူမယ်လို့ မင်းထင်နေတာလား"
"ထိုက်ရှဂိုဏ်းကို မကြာသေးခင်ကမှ ဝင်လာတဲ့ တပည့်သစ်တစ်ယောက်က စံချိန်မှတ်တမ်းကို ချိုးဖျက်မယ်ဆိုပါလား.. ဒါက နေ့ခင်းကြောင်တောင် စိတ်ကူးယဥ်အိပ်မက် မက်နေတာပဲ"
"............"
ကျန်းချန် မှတ်တမ်းကို ချိုးဖျက်ရန် ဆေးပင်ခူး အလုပ်ကိုရွေးချယ်လိုက်သည်ကို ကြားလျှင် လူတိုင်းက ကဲ့ရဲ့လိုက်ကြသည်။
ထိုက်ရှဂိုဏ်း၏ ဆေးတောင်သည် ထိုက်ရှဂိုဏ်းမှ မိုင်ထောင်ချီဝေးသောနေရာရှိ တောင်တစ်လုံး ဖြစ်သည်။
ဤတောင်ကို ထိုက်ရှဂိုဏ်းက အစီအရင်ဖြင့် ကာကွယ်ထား၍ မည်သည့်မကောင်းဆိုးဝါးမှ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ဆေးတောင်တွင် အလင်းရောင်များ ပြည့်နှက်နေပြီး ရေတွက်၍မရသော သဘာဝရတနာများ ရှိသည်။
ဆေးတောင်တည်ရှိသော ဧရိယာသည် အလွန်ပင် ထူးခြား၏။
ဆေးတောင်၏ ဧရိယာထဲသို့ ဝင်သော မည်သူမဆို အာရုံခံစားမှုကို အများကြီး ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။
ယေဘုယျအားဖြင့် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့် ကျင့်ကြံသူသည် ဆေးတောင်တွင် အချင်းဝက် မီတာအနည်းငယ်မှ အခြေအနေကိုသာ သိနိုင်သည်။
ထို့ကြောင့် ဆေးတောင်မှ အဆင့်မြင့် ဆေးဖက်ဝင်ပစ္စည်းများကို ရှာဖွေခူးဆွတ်ရန်မှာ မလွယ်ကူပေ။
သို့ရာတွင် ကျန်းချန်အတွက်မူ ဤအရာအားလုံးသည် ပြဿနာမဟုတ်ချေ။
ပဥ္စမအဆင့် အဂ္ဂိရတ်သခင် အသိပညာ နှင့် ကိုယ်ခံပညာရပ်များကို ထူးချွန်သော ကျန်းချန်၏ အာရုံခံစားမှုသည် သာမန် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူများထက် အများကြီး သာလွန်သည်။
သူ၏ အင်အားနှင့် ဆေးပင်ခူး မှတ်တမ်း သုံးခုကို ချိုးဖျက်ရန်မှာ လုံးဝ ပြဿနာမဟုတ်ပေ။
ဆေးပင်ခူး တာဝန်ကို လက်ခံပြီးနောက်တွင် ကျန်းချန်သည် လဲ့ဟောင်ခုံးတို့ သုံးယောက်ထံမှ ခွဲထွက်လာပြီး လူတိုင်း၏ ကဲ့ရဲ့မှုအောက်မှာပင် ဆေးတောင်သို့ သွားရောက်သည့် တည်နေရာ ရွှေ့ပြောင်းသောနေရာသို့ ဦးတည်သွားခဲ့သည်။
အခန်း(၃၉၅) ပြီး၏