← Chapters

အခန်း (၃၉၇)

Vol. 27 Ch. 397

အခန်း (၃၉၇)

Vol. 27 Ch. 397

ကျောက်နှလုံးသစ်သီး။

၎င်းသည် အလွန်ထူးဆန်းသော ပဥ္စမ အဆင့်၊ အဆင့်မြင့် ဆေးဖက်ဝင်ပစ္စည်း ဖြစ်သည်။

၎င်း၏ အစေ့များသည် မိုင်ထောင်ချီဝေးသောနေရာကို ပျံသန်းနိုင်သော ဒုဓလီပန်းများကဲ့သို့ အလွန်ပင် ပေါ့ပါးသည်။

အနက်ရောင်ကျောက်တုံးသည် ကျောက်နှလုံးသားသစ်သီးအစေ့များကို သဘာဝအရ ဆွဲဆောင်မှုရှိသည်။

ဆိုရလျှင် ၎င်း၏ အစေ့သည် ကျောက်နှလုံးသားသစ်သီးကို တွေ့သည်နှင့် တွန့်ဆုတ်ခြင်းမရှိဘဲ ကပ်တွယ်သွားမည်ဖြစ်သည်။

ထို့အပြင် ကျောက်နှလုံးသား သစ်သီး၏ အတွင်းပိုင်းထဲသို့ အလွယ်တကူ ဝင်ရောက်ကာ ဖြည်းဖြည်းချင်း ကြီးထွားနိုင်စွမ်းလည်း ရှိ၏။

ကျန်းချန်သည် သူ့ရှေ့မှ အနက်ရောင်ကျောက်တုံးကို အနီးကပ် စိုက်ကြည့်လိုက်သည်။

ထို့နောက် ဓားဆန္ဒကို တိုက်ရိုက် ထုတ်ဖော်ကာ အနက်ရောင်ကျောက်တုံးကို နှစ်ပိုင်းခွဲလိုက်သည်။

မကြာခင်မှာပင် အနက်ရောင် ကျောက်တုံးထဲရှိ ကျောက်နှလုံးသားသစ်သီး များသည် ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။

ဤကျောက်နှလုံးသား သစ်သီးများသည် လက်သီးဆုပ် အရွယ်ခန့်ရှိပြီး အနက်ရောင် ပုလဲများနှင့် ဆင်တူ၏။

ကျန်းချန်က အကြမ်းဖျင်း ရေတွက်ကြည့်လိုက်ရာ အနက်ရောင်ကျောက်တုံးတွင် ကျောက်နှလုံးသား သစ်သီး ဆယ့်တစ်လုံး မွေးထုတ်ထားသည်ကို တွေ့လိုက်ရသည်။

ထိုက်ရှဂိုဏ်း၏ ဆုလာဘ် စည်းမျဉ်းများအရ ပဥ္စမ အဆင့်၊ အဆင့်မြင့် ဆေးဖက်ဝင်ပစ္စည်းတစ်ခုသည် ဂုဏ်ကျက်သရေ ရမှတ်တစ်ရာနှင့် လဲလှယ်ရန် လုံလောက်သည်။

တစ်နည်းအားဖြင့်ဆိုသော် ဤကျောက်နှလုံးသီး ဆယ့်တစ်လုံးသည် အနည်းဆုံး ကျန်းချန်ကို ဂုဏ်ကျက်သရေ ရမှတ် တစ်ထောင့်တစ်ရာ ရစေနိုင်၏။

သူ အစောပိုင်းက ကောက်ယူခဲ့သော ဆေးဖက်ဝင်ပစ္စည်းများနှင့် ပေါင်းစပ်လိုက်လျှင် အနည်းဆုံး ဂုဏ်ကျက်သရေ ရမှတ် ၁,၃၀၀ ကို ရရှိနေပြီ ဖြစ်သည်။

ထိုက်ရှဂိုဏ်း၏ တစ်ရက်တည်း ဆေးပင်ခူးသော အမြင့်ဆုံး စံချိန်မှတ်တမ်းမှာ အမှတ် ၁,၂၀၀ သာ ရှိသည်။

ကျန်းချန်က သိုလှောင်အိတ်ထဲသို့ ကျောက်နှလုံးသားသစ်သီး ဆယ့်တစ်လုံးကို ဂရုတစိုက် ထည့်ကာ လာရာလမ်းအတိုင်း ပြန်လာခဲ့သည်။

နာရီဝက်အကြာတွင် ကျန်းချန်သည် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်မှတစ်ဆင့် ထိုက်ရှဂိုဏ်း ဆီသို့ ပြန်လာပြီး မစ်ရှင်ခန်းမဆီသို့ တိုက်ရိုက် သွားခဲ့သည်။

ထိုအခါ တောက်တိုမယ်ရ တာဝန်ကို လက်ခံဆောင်ရွက်ပြီး ဂုဏ်ကျက်သရေရမှတ်နှင့် လဲလှယ်ရန် ရောက်လာကြသော လူအများအပြားကို တွေ့လိုက်ရသည်။

"အိုး... ဒါက ဆေးပင်ခူး မှတ်တမ်းကို ချိုးဖျက်မယ်လို့ ကြုံးဝါးခဲ့တဲ့ ကောင်လေး မဟုတ်လား"

"ချီး.. ဒီကောင်က ဆေးတောင်ထဲကို ဝင်ပြီး နေ့တစ်ဝက်အတွင်းမှာ ပြန်ထွက်လာတဲ့ဟာ.. ဂုဏ်ကျက်သရေ ရမှတ် ၁၀၀ လောက် ရရှိမယ်လို့ မင်းထင်နေတာလား"

"တစ်ရာလား.. မင်း သူ့ကို အထင်ကြီးလွန်းနေပြီ.. ဆေးပင်ခူးတာဝန်ကို ထမ်းဆောင်တဲ့သူတွေက ဆေးတောင်ထဲကို တစ်ခါဝင်တိုင်းမှာ ဂုဏ်ကျက်သရေ ရမှတ် ၂၀ ကို အနုတ်ခံရသေးတယ်.. သူ့အနေနဲ့ ဒီဂုဏ်ကျက်သရေ ရမှတ်၂၀ ကိုတောင် စုဆောင်းနိုင်မယ်လို့ ငါ မထင်ဘူး"

"............."

ကျန်းချန်က မစ်ရှင်ခန်းမ ဆီသို့ လျှောက်လာသောအခါတွင် နံနက်ပိုင်းက ဆေးပင်ခူး မှတ်တမ်းကို ချိုးဖျက်မည်ဟု ကြုံးဝါးခဲ့သည့် ကျန်းချန်ကို မှတ်မိနေသော လူအနည်းငယ်သည် မထီမဲ့မြင်ပြုကာ ကဲ့ရဲ့လိုက်ကြသည်။

ကျန်းချန်သည် သူ၏ ပတ်ဝန်းကျင်မှ ကဲ့ရဲ့မှုများကို လျစ်လျူရှုထားလိုက်သည်။

သူက ဂုဏ်ကျက်သရေ ရမှတ်များအတွက် ဆေးဖက်ဝင်ပစ္စည်းများနှင့်လဲလှယ်ရန် အဆင်သင့်ဖြစ်နေခဲ့ပြီး ရမှတ်လဲလှယ်ရန်အတွက် ဝင်ရောက်၍ တန်းစီခဲ့၏။

အချိန်ကစောနေသေးသောကြောင့် ရမှတ်လဲလှယ်ရန် လူအများအပြား ရောက်မလာကြသေး၍ မကြာခင်မှာပင် ကျန်းချန်၏ အလှည့်သို့ ရောက်လာခဲ့သည်။

"ကောင်လေး.. မင်း ရှာဖွေခူးဆွတ်လာတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို ပေးအပ်ပါ"

မစ်ရှင်ခန်းမ၏ တာဝန်ခံက ကျန်းချန်ကို တိုက်ရိုက် ပြောလိုက်သည်။

ဆေးပင်ခူး တာဝန်သည် ရိုးရှင်းပုံရသော်လည်း ဂုဏ်ကျက်သရေ ရမှတ်များ ရရှိရန် မလွယ်ကူပေ။

သာမန် တပည့်သစ်များသည် တစ်ရက်လုံးလုံး ဆေးတောင်တွင် ရှာဖွေလျှင်ပင် အဆုံးသတ်၌ ဂုဏ်ကျက်သရေ ရမှတ် ၂၀ ဝန်းကျင်သာ ရရှိကြသည်။

ဤကလေးသည် ဆေးတောင်ထဲကို ဝင်သွားသည်မှာ နေ့တစ်ဝက်ပင် မကြာပေ။

ထိုအချိန်လောက်ဖြင့် ဆေးဖက်ဝင်ပစ္စည်းများကို မည်ကဲ့သို့ ခူးဆွတ်နိုင်ပါမည်နည်း။

ကျန်းချန်သည် ခေါင်းညိတ်ပြီး ထိုက်ရှဂိုဏ်းက ဆေးဖက်ဝင်ပစ္စည်း စုဆောင်းမှုအတွက် သီးသန့် ထုတ်ပေးထားသည့် သိုလှောင်အိတ်ထဲကနေ ဆေးဖက်ဝင်ပစ္စည်း အားလုံးကို သွန်ချလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ကောင်တာပေါ်တွင် ဆေးဖက်ဝင်ပစ္စည်း အပုံကြီးတစ်ခုသည် တောင်ကဲ့သို့ စုပုံသွားခဲ့၏။

ချက်ချင်းဆိုသလို မစ်ရှင်ခန်းမ၏ တာဝန်ခံသည် အံ့အားသင့်သွားသည်။

ပတ်ဝန်းကျင်ရှိ တပည့် အများအပြားသည် ၎င်းတို့၏ မျက်လုံးများ ကျွတ်ကျလုနီးပါး အံ့အားသင့်သွားကြသည်။

လူတိုင်းနီးပါးသည် ထိုမြင်ကွင်းကို မမျှော်လင့်ထားခဲ့ပေ။

ကျန်းချန်သည် ဆေးတောင်ထဲကို ဝင်ပြီး တစ်ရက် မပြည့်ခင်မှာပင် ဤမျှ များပြားသော ဆေးဖက်ဝင်ပစ္စည်းများကို ခူးဆွတ်နိုင်ခဲ့သည်။

"ဒါ... ဒါက လုံးဝ သာမန် မဟုတ်ဘူး"

ဤတစ်ကြိမ်တွင် ထိုက်ရှဂိုဏ်းသည် နောက်ထပ် ဆေးပင်ခူး စံချိန်ရှင် တစ်ယောက်ကို မွေးထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

အခန်း(၃၉၇) ပြီး၏

All Chapters