အခန်း (၃၉၉)
Vol. 27 Ch. 399
"ဆေးပင်ခူးပြီး မင်းက ဒီတစ်ကြိမ် ဂုဏ်ကျက်သရေ ရမှတ် ၁,၃၁၀ကို ရရှိခဲ့တယ်"
"ပထမနေ့ ဆေးပင်ခူး မှတ်တမ်းကို ချိုးဖျက်ခဲ့တဲ့အတွက် ဆုလာဘ်က ဂုဏ်ကျက်သရေရမှတ် ၁၀,၀၀၀ ဖြစ်ပြီး တစ်ရက်တည်း ဆေးပင်ခူး မှတ်တမ်းကို ချိုးဖျက်ခဲ့တဲ့အတွက် ဆုလာဘ်က ဂုဏ်ကျက်သရေ ရမှတ် ၁၀,၀၀၀ ကို ထပ်ရမယ် ဆိုတော့ မင်းမှာ စုစုပေါင်း ဂုဏ်ကျက်သရေ ရမှတ် ၂၁,၃၁၀ ရှိသွားခဲ့ပြီ"
"တံဆိပ်ပြားကို ထုတ်လိုက်ပါ.. ငါ ဂုဏ်ကျက်သရေ ရမှတ်တွေကို မင်းဆီ လွှဲပြောင်းပေးမယ်"
မစ်ရှင်ခန်းမ၏ တာဝန်ခံက သူ၏ ရှေ့မှ ကျန်းချန်ကို ကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် ဖော်မပြနိုင်သော အဓိပ္ပာယ် အနည်းငယ် ပေါ်လာခဲ့၏။
သူက ကျန်းချန်ကို ကံကောင်း၍ဟု မယုံကြည်ခဲ့ပေ။
အဆင့်နိမ့် ဆေးဖက်ဝင်ပစ္စည်းများကို မခူးဆွတ်ဘဲ တတိယအဆင့်နှင့်အထကိ ဆေးဖက်ဝင်ပစ္စည်းများကိုသာ ခူးဆွတ်သော ကောင်လေးသည် ကံကောင်း၍ ဖြစ်နိုင်ပါသလော။
သိထားရမည်မှာ ထိုက်ရှဂိုဏ်း၏ ဆေးပင်ခူး စံချိန်မှတ်တမ်းပိုင်ရှင် သုံးယောက်သည် အသက် နှစ်ဆယ်မတိုင်ခင် ပဥ္စမအဆင့်အဂ္ဂိရတ်သခင်အဆင့်ကို ရောက်ရှိခဲ့သော အဂ္ဂိရတ် ပါရမီရှင်များ ဖြစ်ကြသည်။
ပထမနေ့မှာပင် ကျန်းချန်သည် မှတ်တမ်း နှစ်ခုကို ချိုးဖျက်ခဲ့သည်။
ယင်းက သာမန်လူများ လုပ်နိုင်သော အရာ မဟုတ်သည်မှာ သေချာ၏။
ဤကောင်လေး၏ အဂ္ဂိရတ်လမ်းစဥ် အောင်မြင်မှုများသည် ထိုအချိန်က အဂ္ဂိရတ် ပါရမီရှင်များထက်ပင် ပို၍ အားကောင်းနိုင်ပေသည်။
ကျန်းချန်က တံဆိပ်ပြား ထုတ်ယူလိုက်သည်ကို မြင်လျှင် မစ်ရှင် ခန်းမ၏ တာဝန်ခံသည် လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင် တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။
သူက ရွှေရောင် တံဆိပ်ပြားကို လှုံ့ဆော်လိုက်ရာ ရွှေရောင် ဂဏန်း အတန်းတစ်ခုသည် ကျန်းချန်၏ တံဆိပ်ပြား ထဲသို့ ချက်ချင်းပင် ပျံသန်း ဝင်ရောက်သွားခဲ့သည်။
ဂုဏ်ကျက်သရေ ရမှတ် ၂၁,၃၁၀။
ကျန်းချန်က နေ့တစ်ဝက်သာ ဆေးပင်ခူးပြီး ဂုဏ်ကျက်သရေ ရမှတ် အများအပြား ရရှိသွားသည်ကို မြင်လျှင် ပတ်ဝန်းကျင်မှ လူတိုင်းသည် အားကျသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
ထိုက်ရှဂိုဏ်းတွင် တပည့်အသစ်များအတွက် ဂုဏ်ကျက်သရေ ရမှတ်များ ရရှိရန်မှာ အလွန်ပင် ခက်ခဲ၏။
သာမန် တပည့်အသစ်များသည် တောက်တိုမယ်ရ တာဝန်များကို အားကိုးပြီး တစ်လကို ဂုဏ်ကျက်သရေ ရမှတ် ထောင်ချီ ရရှိကြသည်။
ကျန်းချန်ကမူ နေ့တစ်ဝက်သာ ဆေးပင်ခူးပြီး ဂုဏ်ကျက်သရေ ရမှတ် ၂၀,၀၀၀ အထက် ပိုမို ရရှိခဲ့သည်။
ဤဂုဏ်ကျက်သရေ ရမှတ်သည် သာမန် တာဝန်များကို ထမ်းဆောင်သော သူများ၏ တစ်နှစ်တာ ဂုဏ်ကျက်သရေ ရမှတ်နှင့်ညီမျှ၏။
ဂုဏ်ကျက်သရေ ရမှတ်များ ရရှိပြီးနောက်တွင် ကျန်းချန်သည် မရေမတွက်နိုင်သော အကြည့်များ အောက်မှာပင် တိုက်ရိုက် ထွက်ခွာလာခဲ့သည်။
မစ်ရှင်ခန်းမမှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် တပည့်အသစ်များ အိမ်ရာသို့ တိုက်ရိုက် ပြန်သွားခဲ့သည်။
ထိုက်ရှဂိုဏ်း၏ တပည့်အသစ် အိမ်ရာသည် တကယ်တမ်းတွင် သိပ်မကောင်းပေ။
ယခု သူက ဂုဏ်ကျက်သရေ ရမှတ်များစွာကို ရရှိထားသောကြောင့် လဲ့ဟောင်ခုံးနှင့် တခြားသူများကို ပိုကောင်းသော နေရာတစ်ခုသို့ ခေါ်သွားရန် စီစဉ်ခဲ့သည်။
သို့သော် ကျန်းချန်က တပည့်အသစ် အိမ်ရာကို ပြန်ရောက်သောအခါတွင် လူစုလူဝေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဤလူများကို သေသေချာချာ အကဲခတ်လိုက်လျှင် အဖွဲ့နှစ်ဖွဲ့ ဖြစ်နေသည်ကို မြင်နိုင်၏။
တစ်ဖွဲ့မှာ ယခုမှ ထိုက်ရှဂိုဏ်းထဲကို ရောက်လာသော အပြင်စည်း ဂိုဏ်းသားသစ်များ ဖြစ်သည်။
ထိုအထဲတွင် လဲ့ဟောင်ခုံးတို့လည်း ပါဝင်၏။
သို့ရာတွင် ၎င်းတို့ အပြင်စည်း ဂိုဏ်းသားသစ် အားလုံးသည်ဒဏ်ရာ အနာတရများ ရရှိကာ မျက်နှာများ ဖြူဖျော့နေကြသည်။
၎င်းတို့နှင့် ဆန့်ကျင်ဘက်တွင် လက်အောက်ငယ်သား အနည်းငယ်နှင့်အတူ ၎င်းတို့ကို မထီမဲ့မြင် ကြည့်ရှုနေသော အမာရွတ်နှင့် လူငယ်တစ်ယောက် ရှိ၏။
"ကောင်လေးတွေ ထိုက်ရှဂိုဏ်းမှာ အေးအေးဆေးဆေး နေနိုင်မယ်ထင်လား"
"အခုလေးတင် မင်းတို့ကို သင်ခန်းစာတစ်ခု ပေးပြီးပြီ"
"မင်းတို့အနေနဲ့ ထိုက်ရှဂိုဏ်းမှာ လုံခြုံတဲ့ ဘဝကို ဖြတ်သန်းချင်ရင် ဂုဏ်ကျက်သရေ ရမှတ် ဆယ်မှတ်ကို ကာကွယ်ရေး အခကြေးငွေ အဖြစ် နေ့တိုင်း ပေးအပ်ရမယ်"
လဲ့ဟောင်ခုံးသည် အမာရွတ် လူငယ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"စဉ်းတောင်မစဥ်းစားနဲ့.. ဒီဂုဏ်ကျက်သရေ ရမှတ်တွေက ငါတို့ ကြိုးစားအားထုတ်မှုနဲ့ ရလာတာပဲ.. ဘာလို့ မင်းကို ပေးရမှာလဲ"
"ဘာလို့လဲဆိုတော့ ငါရဲ့ အင်အားက မင်းတို့ထက် ပိုကောင်းလို့ပဲ"
"ထိုက်ရှဂိုဏ်းမှာ လက်သီးပိုကြီးတဲ့သူရဲ့ စကားက အခရာပဲ.. မင်း မယုံကြည်ရင် ထပ်စမ်းကြည့်လို့ရတယ်"
အမာရွတ် လူငယ်က အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ့ထံမှ အနည်းငယ် စိတ်မရှည်သော အသံက တိုက်ရိုက် ထွက်ပေါ်လာခဲ့၏။
"နောက်ဆုံးအနေနဲ့ မင်းတို့ကို ငါးမိနစ် အချိန်ပေးမယ်.. ဂုဏ်ကျက်သရေ ရမှတ် မပေးရင် ငါတို့ကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့"
အခန်း(၃၉၉) ပြီး၏