အခန်း (၄၀၁)
Vol. 27 Ch. 401
"ကောင်လေး.. မင်း ဘာပြောလိုက်တာလဲ"
အမာရွတ် လူငယ် ချန်လန်သည် ကျန်းချန်၏ စကားကို ကြားလျှင် မျက်လုံးများ မှိုင်းညို့သွားခဲ့သည်။
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
"မင်းက လူ့စကား နားမလည်တာလား.. မင်းရဲ့ လူတွေကိုခေါ်ပြီး ငါ့ဆီကနေ ထွက်သွားခိုင်းတာကွ.. သဘောပေါက်လား"
ထိုစကားကိုကြားလျှင် ချန်လန်သည် ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။
သူက ထိုက်ရှဂိုဏ်းတွင် နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် ရှိခဲ့သော စီနီယာ တစ်ယောက်ဖြစ်ပြီး အပြင်စည်း တပည့်များထဲတွင် အဆင့် ၁၈ ဖြစ်သော်လည်း မကြာသေးခင်ကမှ ဂိုဏ်းကို ဝင်ရောက်လာသော ကောင်လေးတစ်ယောက်၏ စော်ကားခြင်းကို ခံခဲ့ရသည် မဟုတ်ပါလား။
"ဟမ့်.. ထိုက်ရှဂိုဏ်းထဲကို မကြာသေးခင်ကမှ ဝင်ရောက်လာတဲ့သူကများ ငါ့ရှေ့မှာ ဟိတ်ဟန်ထုတ်ရဲတယ်"
ချန်လန်က ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။
သူ၏ လူတစ်ကိုယ်လုံးတွင် ချက်ချင်းဆိုသလို သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားခဲ့၏။
"ကောင်လေး.. ငါ ဘယ်သူလဲဆိုတာ မင်းသိလား"
"မင်းက အပြင်စည်းတပည့်ထဲမှာ အဆင့် ၁၈ ဖြစ်တဲ့ ချန်လန် မဟုတ်လား"
ကျန်းချန်က ချန်လန်ကို မထီတရီ ကြည့်လိုက်သည်။
"မင်းက အပြင်စည်းတပည့်ထဲမှာ အဆင့် ၁၈ ရှိပေမဲ့ ငါ့ မျက်လုံးထဲမှာတော့ မင်းက အမှိုက်ပဲ"
"ကောင်လေး.. မင်းက သေလမ်း ရှာနေတာပဲ"
ကျန်းချန်၏ စကားများကို ကြားသည်နှင့် ဒေါသလွှမ်းသောအကြည့်သည် ချန်လန်၏ မျက်လုံးထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
သူက ကျန်းချန်ကို စေ့စေ့ ကြည့်လိုက်၏။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်မှ အေးစက်သော လူသတ် အရှိန်အဝါများသည် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။
"ကောင်းကင်အက်ကွဲလက်ချောင်း"
ချန်လန်က လက်တစ်ဖက်ကို မြှောက်လိုက်ရာ ဧရာမ ငွေရောင် လက်ချောင်း တစ်ချောင်းသည် လေထုကို ချက်ချင်း ဖြတ်ကျော်၍ တောင်တန်းနှင့် မြေပြင်ကို အက်ကွဲစေသော ခွန်အားဖြင့် ကျန်းချန်ဆီ ရောက်ရှိလာခဲ့၏။
ကျန်းချန်က သူ့အနီးသို့ ချဉ်းကပ်လာသော ငွေရောင် လက်ချောင်းကို မြင်သော်လည်း တည်ငြိမ်မှု ရှိနေခဲ့သည်။
သူက ချီယန် သန္ဓေမူလသိုင်းခန္ဓာကိုယ်၏ သွေးစွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်၏။
ယင်းနောက် လက်သီးကို ရုတ်တရက် ဆုပ်ကာ ငွေရောင်လက်ချောင်းကို ထိုးချလိုက်သည်။
"ကလစ်"
ကျန်းချန်၏ လက်သီးက ချန်လန်၏ ငွေရောင် လက်ချောင်းနှင့် ချက်ချင်းပင် ထိပ်တိုက် ဆုံတွေ့သွားသည်။
ကလစ်ဟူသော အသံထွက်ပေါ်လာပြီး ငွေရောင် လက်ချောင်းက ကြေမွသွားခဲ့သည်။
သို့သော် ကျန်းချန်၏ လက်သီးချက် အမြန်နှုန်းက လျော့ကျမသွားဘဲ လေထုကို တိုက်ရိုက် ထိုးခွင်းကာ ချန်လန်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့၏။
"ဝေါ့"
ချန်လန်သည် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
သူ၏ တစ်ကိုယ်လုံးကလည်း မီတာ အနည်းငယ် အဝေးထိ ပုံပျက်ပန်းပျက် လွင့်စင်သွားခဲ့၏။
ချက်ချင်းဆိုသလို ချန်လန် ပြုတ်ကျသော နေရာရှိ အပြာရောင် ကျောက်ကြမ်းပြင်ပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ ထူထပ်သော အက်ကွဲကြောင်းများ ပျံ့နှံ့သွားသည်ကို တွေ့လိုက်ရသည်။
မြေပြင်ပေါ်မှ ထရန် ရုန်းကန်နေရသော ချန်လန်ကို ကြည့်ကာ လူတိုင်းသည် မှင်တက်နေခဲ့ကြ၏။
ခဏအကြာတွင် လူတိုင်းသည် မယုံကြည်နိုင်လောက်အောင် အံ့သြ ထိတ်လန့်စွာဖြင့် ကျန်းချန်ကို ကြည့်လိုက်ကြသည်။
တစ်ကွက်ထဲ။
ထိုက်ရှဂိုဏ်းထဲကို မကြာသေးခင်ကမှ ဝင်ရောက်လာသော တပည့်အသစ်တစ်ယောက်သည် တစ်ကွက်ထဲဖြင့် အပြင်စည်း တပည့်ထဲတွင် အဆင့် ၁၈မှ လူကို အနိုင်ယူခဲ့သည်။
"ဒီကောင်က အရမ်း သန်မာတာပဲ"
"မမျှော်လင့်ဘဲ ငါတို့ တပည့်အသစ်တွေထဲမှာ ဒီလောက် ကြမ်းတဲ့ ပါရမီတစ်ယောက် ရှိနေခဲ့တယ်"
"တစ်ကွက်ထဲနဲ့ အပြင်စည်းတပည့် အဆင့် ၁၈က လူကို အနိုင်ယူလိုက်တာ အရမ်း သန်မာလွန်းတာပဲ"
"..........."
ကျန်းချန် ပြသခဲ့သော အားကောင်းသော ခွန်အားကို မြင်လျှင် မရေမတွက်နိုင်သော တပည့်အသစ်များသည် စိတ်လှုပ်ရှားနေကြသည်။
ယခုအခါ ၎င်းတို့ တပည့်အသစ်ထဲတွင် ဤမျှအထိ ကြီးကျယ်သော လူတစ်ယောက် ပေါ်ထွက်လာသောကြောင့် စီနီယာများ၏ အနိုင်ကျင့်မှုကို ခံယူစရာ မလိုအပ်တော့ပေ။
"မင်း... မင်း ဘယ်သူလဲ"
ချန်လန်သည် ရှက်ရွံ့စွာဖြင့် မြေပြင်ပေါ်မှ ထလာခဲ့သည်။
သူက သူ့ရှေ့တွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်လိုက်၏။
သူ၏ မျက်လုံးများတွင် အလွန် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
သူက အပြင်စည်း တပည့်များထဲတွင် အဆင့် ၁၈ ဖြစ်ပြီးသဘာဝစွမ်းအားဖွင့်ခြင်း စတုတ္ထအဆင့် ကျင့်ကြံသူဖြစ်သော်လည်း မကြာသေးခင်ကမှ ဂိုဏ်းကို ဝင်ရောက်လာသော တပည့်အသစ်တစ်ယောက်၏ အနိုင်ယူခြင်းကို ခံခဲ့ရ၏။
ဤကောင်လေးက တကယ်ပဲ ဂိုဏ်းထဲကို မကြာသေးခင်ကမှ ဝင်ရောက်လာသော တပည့်အသစ်တစ်ယောက် ဟုတ်ပါသလော။
"ငါ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး...အရေးကြီးတာက မင်းဒီကနေ ထွက်သွားဖို့ပဲ"
"တပည့်အသစ်တွေကို နောက်ထပ် ဒုက္ခမပေးဖို့ မင်းကို သတိပေးချင်တယ်"
ကျန်းချန်က ချန်လန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"မဟုတ်ရင် မင်းရဲ့ ကံကြမ္မာက အခုထက် ပိုဆိုးစေရမယ်လို့ ငါ အာမခံတယ်"
အခန်း(၄၀၁) ပြီး၏