အခန်း (၄၀၂)
Vol. 27 Ch. 402
"ကောင်လေး...မာန်တက်မနေနဲ့.. ငါက အတွင်းစည်း အကြီးအကဲရဲ့ တိုက်ရိုက် တပည့် ကွမ်းချွမ်ရဲ့လူပဲ"
ချန်လန်၏ အသံက လေထုထဲတွင် ပြင်းထန်စွာ ပဲ့တင်ထပ်သွားသည်။
သူ့မျက်ဝန်းထဲတွင် မောက်မာသော အရိပ်အယောင်များ ပြည့်နှက်နေ၏။
သူက ကျန်းချန်ကို အထက်စီးဆန်သော အပြုံးဖြင့် မထီမဲ့မြင် ကြည့်လိုက်သည်။
"မင်းက ငါ့ကို တစ်ခုခု လုပ်ရဲရင် ထိုက်ရှဂိုဏ်းမှာ မင်းအတွက် နေရာ မရှိစေရဘူးလို့ ငါအာမခံတယ်"
တပည့်အသစ်အုပ်စုထဲမှ ဤလူငယ်က သူတို့ ထင်ထားသည်ထက် အနည်းငယ် ပိုအားကောင်းသော်လည်း မည်မျှလောက် အားကောင်းနိုင်ပါမည်နည်း။
သူ့နောက်တွင် အတွင်းစည်း အကြီးအကဲ၏ တိုက်ရိုက် တပည့်အထောက်အပံ့ ရှိနေသ၍ ဤကောင်လေးက မည်မျှပင် မာန်တက်နေပါစေ၊ သူ့နောက်က ထောက်ပံ့သူနှင့် ယှဉ်ပြိုင်ဖို့ သတ္တိ ရှိမည် မဟုတ်ဟု သူယုံကြည်ထားသည်။
အတွင်းစည်း အကြီးအကဲရဲ့ တိုက်ရိုက် တပည့်။
ချန်လန်၏ စကားသံက ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သည့် တပည့်အသစ်များကို အံ့အားသင့်စေခဲ့၏။
ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုက်ရှဂိုဏ်းတွင် တပည့်များကို အပြင်စည်းတပည့်၊ အတွင်းစည်းတပည့်၊ တိုက်ရိုက် တပည့်နှင့် စစ်မှန်သော တပည့် အဖြစ် ခွဲခြားထားသည်။
အတွင်းစည်းတပည့် ဖြစ်လာရန်မှာ အပြင်စည်းတပည့်အနေဖြင့် ဂိုဏ်း၏ အကဲဖြတ်မှုကို ဖြတ်သန်းဖို့သာ လိုအပ်၏။
သို့သော် တိုက်ရိုက်တပည့် ဖြစ်ရန်မှာမူ သာမန်လူများ စွမ်းဆောင်နိုင်သော အရာ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုက်ရှဂိုဏ်း၏ အကြီးအကဲ လေးယောက်နဲ့ ဂိုဏ်းချုပ်၏ တပည့်များကိုသာ တိုက်ရိုက်တပည့်ဟု သတ်မှတ်သောကြောင့်ပင်။
ထိုတပည့်များသည် သိုင်းသခင် နယ်ပယ်ကို ရောက်ရန်အလားအလာရှိသည့် ပါရမီရှင်များလည်း ဖြစ်ကြ၏။
တိုက်ရိုက် တပည့်များတွင် အားအကောင်းဆုံးလူများကို စစ်မှန်သောတပည့်ဟု သတ်မှတ်ထားကြသည်။
ထိုက်ရှဂိုဏ်း၏ သိုင်းသခင်နယ်ပယ်အဆင့် ငါးယောက်တွင် စစ်မှန်သောတပည့် တစ်ယောက်စီ ရှိကြ၏။
ယင်း စစ်မှန်သော တပည့် ငါးယောက်သည် ထိုက်ရှဂိုဏ်းက မွေးထုတ်ပေးလိုက်သော ပါရမီရှင်များဖြစ်ပြီး အနာဂတ်တွင် ထိုက်ရှဂိုဏ်း၏ ကျောရိုးများ ဖြစ်လာပေလိမ့်မည်။
သို့သော် ကျန်းချန်က ချန်လန် ခြိမ်းခြောက်ခဲ့သည့် တိုက်ရိုက် တပည့် အထောက်အထားကို မကြောက်လန့်ခဲ့ပေ။
သူက ချန်လန်ကို မထီတရီ ပြုံး၍ ကြည့်လိုက်သည်။
"အပြင်စည်းတပည့်ထဲမှာ အဆင့် ၁၈ပဲဲ ရှိတဲ့ ကောင်က ဘာလို့ ဒီလောက်ထိ အတင့်ရဲနေတာလဲ ငါ တွေးမိနေခဲ့တာ.. လက်စသတ်တော့ မင်းနောက်မှာ အားကိုးရှိနေလို့ကိုး"
"ဘာလို့.. မင်း ကြောက်သွားပြီ မဟုတ်လား"
"ကောင်လေး.. မင်း အခု ငါ့ရှေ့မှာ လိမ်လိမ်မာမာ ဒူးထောက်ပြီး တောင်းပန်ရင်၊ ပြီးတော့ မင်းရဲ့ ဂုဏ်ကျက်သရေ ရမှတ်တွေကို နေ့တိုင်း အချိန်မှန် ပေးအပ်မယ် ဆိုရင် မင်းကို ငါလွှတ်ပေးဖို့ စဉ်းစားပေးမယ်"
"မဟုတ်ရင်တော့ မင်း တစ်သက်လုံး နောင်တရလိမ့်မယ်လို့ ငါ ကတိပေးတယ်"
ချန်လန်က အောင်နိုင်သူ အပြုံးဖြင့် ကျေနပ်စွာ ပြောလိုက်သည်။
"ကိုယ့်ထက် အားနည်းသူကိုပဲ ရွေးပြီး အနိုင်ကျင်တဲ့ မင်းလိုကောင်မှာ ငါ့ကို နောင်တရစေဖို့ ဘာအခွင့်အရေး ရှိလို့လဲ"
"မင်းလောက်ကို မပြောနဲ့...မင်းနောက်က တိုက်ရိုက် တပည့်ကိုယ်တိုင် ထွက်လာရင်တောင် ငါ့ရှေ့မှာ ဒီစကားကို ပြောဖို့ အရည်အချင်း မရှိမှာ ငါ စိုးရိမ်မိတယ်"
"ဒီကနေ ထွက်သွားစမ်း"
ကျန်းချန်၏ အေးစက်စက် အသံက လေထဲတွင် ပဲ့တင်ထပ်သွားသည်။
သူ၏ ပုံရိပ်က လျှပ်စီးလို လင်းလက်သွားပြီးနောက် ချန်လန်၏ ဘေးတွင် တစ္ဆေလိုမျိုး ပေါ်လာခဲ့ကာ အားပြင်းသော ကန်ချက်ဖြင့် ကန်ကျောက်လိုက်၏။
"ဝုန်း"
ချန်လန်က မီတာ အတော်ဝေးဝေးသို့ လွင့်စင်သွားခဲ့သည်။
"မင်း.. မင်း..."
ကျန်းချန်က သူ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုကာ မပြောမဆို တိုက်ခိုက်လိုက်သောကြောင့် ချန်လန်၏ မျက်ဝန်းတွင် ဒေါသအရိပ်အယောင်များ ပေါ်လာခဲ့သည်။
"ကောင်လေး...မင်း.. မင်း ငါ့ကို စောင့်နေလိုက်"
ချန်လန်က ဖြူဖျော့သောမျက်နှာဖြင့် ကျန်းချန်ကို ကြိမ်းဝါးလိုက်ပြီး ထိတ်လန့်တကြား ဖြစ်နေသည့် လက်အောက်ငယ်သား အုပ်စုနှင့်အတူ ထွက်ခွာသွားခဲ့၏။
"မမျှော်လင့်ဘဲ ဒီချန်လန်နောက်မှာ တိုက်ရိုက် တပည့်တစ်ယောက် ရှိနေတယ်.. ဒီကောင် ထပ်ပြီး ဒုက္ခပေးလာမှာ ငါစိုးရိမ်မိတယ်"
ထွက်ခွာသွားသော ချန်လန်တို့လူစု၏ နောက်ကျောကို ကြည့်ပြီး လဲ့ဟောင်ခုံး၏ မျက်ဝန်းတွင် စိုးရိမ်ပူပန်သော လက္ခဏာများ အထင်းသား ပေါ်လွင်နေခဲ့၏။
တိုက်ရိုက် တပည့်။
ယင်းက ထိုက်ရှဂိုဏ်းတွင် အလွန် မြင့်မားသော အဆင့်အတန်း ဖြစ်၏။
တိုက်ရိုက် တပည့် ဖြစ်သည့် မည်သူ့ကိုမဆို ဂိုဏ်းထဲကို မကြာသေးခင်ကမှ ဝင်ရောက်လာသော အပြင်စည်းတပည့်များက စော်ကားရဲမည် မဟုတ်ကြပေ။
"အပြင်စည်းတပည့် အဆင့် ၁၈ ရှိတဲ့ လူတစ်ယောက်က သူ့နောက်မှာ ဘယ်သူမှ မရှိဘဲ ကာကွယ်ရေး အခကြေးငွေ စုဆောင်းဖို့ ဒီကို လာရင် သူ့အလှည့်တောင် ရောက်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်မိတယ်"
ကျန်းချန်က တည်ကြည်စွာ ပြုံးလိုက်၏။
သူ၏ မောက်မာသော အသံသည် ချက်ချင်းပင် ထွက်ပေါ်လာသည်။
"စိုးရိမ်စရာမလိုပါဘူး.. တိုက်ရိုက် တပည့် ဖြစ်ရင်တောင် ကျန်းချန် ဆိုတဲ့ ငါက ဘာလို့ ကြောက်ရမှာလဲ"
အခန်း(၄၀၂) ပြီး၏