အခန်း (၄၀၄)
Vol. 27 Ch. 404
ကျန်းချန်၏ စကားသံက စီမံရေးရာ ခန်းမတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။
ထိုက်ရှဂိုဏ်း တပည့်များ၏ အကြည့်များသည် သူ့ဆီသို့ စုပြုံ၍ ရောက်ရှိလာကြ၏။
အဆင့်မြင့် ခြံဝင်း။
တစ်ရက်ကို ဂုဏ်ကျက်သရေ ရမှတ် ငါးဆယ် ကုန်ကျသည့် အပြင်စည်းတပည့်များအတွက် အကောင်းဆုံး နေရာတစ်ခု။
အဆင့်မြင့် ခြံဝင်းကို တစ်လစာ အသုံးပြုလိုလျှင် ဂုဏ်ကျက်သရေ ရမှတ် ၁,၅၀၀ အတိအကျ လိုအပ်၏။
ဤမျှလောက် ကြီးမားတဲ့ ပမာဏကို အပြင်စည်းတပည့်များထဲတွင်ပင် အဆင့်မြင့် တပည့် အနည်းငယ်သာ တတ်နိုင်ကြသည်။
သို့သော်လည်း သူ့ရှေ့မှ နာမည်မရှိသည့် ကောင်လေး တစ်ယောက်သည် အဆင့်မြင့် ခြံဝင်းကို တစ်လတာ ဌားယူဖို့ ပြောဆိုနေခဲ့၏။
ကျန်းချန်က အဆင့်မြင့် ခြံဝင်းကို တစ်လတာ ဌားရမ်းချင်သည်ကို ကြားလျှင် ဖူယုံက ခဏမျှ အံ့အားသင့်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ လှောင်ရယ်သံသည် ခန်းမထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
"ဟက်.. ထိုက်ရှဂိုဏ်းထဲကို မကြာသေးခင်ကမှ ဝင်ရောက်လာတဲ့ တပည့်အသစ်တစ်ယောက်က အဆင့်မြင့် ခြံဝင်းကို ဌားရမ်းချင်သတဲ့လား"
"မင်းက တစ်ရက်တည်းနဲ့ ဂုဏ်ကျက်သရေ ရမှတ် ၁,၅၀၀ကို ရခဲ့တယ်လို့တော့ မပြောနဲ့နော်"
ဖူယုံ၏ မထီမဲ့မြင် ကဲ့ရဲ့သံ ထွက်ပေါ်လာလျှင် ခန်းမထဲရှိ တပည့်များသည်လည်း ကျန်းချန်ကို ဝိုင်းဝန်း ကဲ့ရဲ့လိုက်ကြသည်။
"ဟားဟား... ဒီကောင်လေး ရူးနေပြီ ထင်တယ်"
"ဂိုဏ်းထဲကို မကြာသေးခင်ကမှ ဝင်ရောက်လာတဲ့ တပည့်အသစ်က ဟိတ်ဟန်ထုတ်လှချည်လားဟ"
"ထိုက်ရှဂိုဏ်းထဲကို မကြာသေးခင်ကမှ ဝင်ရောက်လာတဲ့ တပည့်အသစ်ကများ အဆင့်မြင့် ခြံဝင်းကို ဝယ်ချင်သတဲ့လား.. ဒါက ငါတို့ကို ဟန်ရေးလာပြနေတာပဲ ဖြစ်မယ်"
"........."
"ကောင်လေး.. အဆင့်မြင့် ခြံဝင်းက တစ်လကို ဂုဏ်ကျက်သရေ ရမှတ် ၁,၅၀၀ ပေးရတယ်.. မင်း မှားယွင်းပြီး မပြောတာ သေချာပါတယ်နော်"
"မင်းတကယ်ပဲ အဆင့်မြင့် ခြံဝင်းကို ဌားရမ်းမှာလား"
ကျန်းချန်က တပည့်အသစ်ဆိုသည်ကို ကြားလျှင် တာဝန်ခံ၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာသည်။
ထိုက်ရှဂိုဏ်းကို ရောက်လာတာ နှစ်ရက် သုံးရက်သာ ရှိသေးသည့် တပည့်အသစ်တစ်ယောက်သည် အဆင့်မြင့် ခြံဝင်းကို ဌားရမ်းရန် ဂုဏ်ကျက်သရေ ရမှတ် ၁,၅၀၀ သုံးစွဲနိုင်ပါမည်လော။
ဤသည်မှာ.လုံးဝ မဖြစ်နိုင်သော ကိစ္စ ဖြစ်၏။
ကျန်းချန်က ဘာစကားမှ မပြောဘဲ တံဆိပ်ပြားကို ထုတ်ကာ တာဝန်ခံရှေ့တွင် ချထားလိုက်သည်။
"တစ်လ မပြောနဲ့.. တစ်နှစ်စာ ဌားရမ်းဖို့တောင် ကျွန်တော်တတ်နိုင်တယ်.. အမှတ်တွေကို နုတ်ယူပြီး အဆင့်မြင့်ခြံဝင်းကို တစ်လ ဌားရမ်း ပေးပါ"
ကျန်းချန်၏ တံဆိပ်ပြားတွင် ပြသထားသည့် ဂုဏ်ကျက်သရေ ရမှတ်များကို ကြည့်ပြီး တာဝန်ခံ၏ မျက်လုံးများသည် ရုတ်တရက် ကျုံ့သွားသည်။
ထိုအချိန်တွင် ကျန်းချန် အနီးရှိ ထိုက်ရှဂိုဏ်း တပည့်တစ်ယောက်သည် အံ့အားတကြီး အော်ဟစ်လိုက်၏။
"ဂုဏ်ကျက်သရေ ရမှတ် ၂၁,၃၁၀.. ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
"ဘာ.. ဒီကောင်လေးမှာ ဂုဏ်ကျက်သရေ ရမှတ် နှစ်သောင်းကျော်တောင် ရှိတယ်လား"
ထိုက်ရှဂိုဏ်း တပည့်၏ အော်ဟစ်သံကို ကြားလျှင် ခန်းမထဲရှိ လူတိုင်း၏ မျက်လုံးတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်သွား၏။
ထိုက်ရှဂိုဏ်းတွင် ဂုဏ်ကျက်သရေ ရမှတ် ရဖို့ ဆိုသည်မှာ မလွယ်ကူပေ။
ပြီးတော့ ဂိုဏ်းထဲကို တစ်နှစ်အတွင်း ဝင်ရောက်လာသည့် တပည့်အသစ်တွေက လွဲလျှင် ဂိုဏ်းအတွင်း အစားအသောက်နှင့် တည်းခိုရန်အတွက် ဂုဏ်ကျက်သရေ ရမှတ်များကို သုံးရသည်။
အပြင်စည်း တပည့် အများစုအတွက် ဤမျှ များပြားလှသည့် ဂုဏ်ကျက်သရေ ရမှတ်များသည် သူတို့၏ စွမ်းရည်ထက်ပင် ကျော်လွန်နေ၏။
သူ့ရှေ့က ဂိုဏ်းထဲကို ရောက်တာ နှစ်ရက်သာ ရှိသေးသည့်တပည့်အသစ် တစ်ယောက်က ဂုဏ်ကျက်သရေ ရမှတ် နှစ်သောင်းကျော် ရနိုင်သည်မှာ တကယ်ကို မယုံနိုင်စရာပင်။
ဤတပည့်အသစ်သည် အတော်လေး စကေးလ်ကြမ်းလွန်းသည်ဟု ဆိုရမည်။
"မဖြစ်နိုင်ဘူး"
"ဒီကောင့်မှာ ဂုဏ်ကျက်သရေ ရမှတ် နှစ်သောင်းကျော် ဘယ်လိုလုပ် ရှိနိုင်မှာလဲ.. မင်း မှားနေတာ သေချာတယ်"
ဖူယုံက မယုံကြည်နိုင်စွာ ရေရွတ်လိုက်ပြီး ကောင်တာဆီကို ချက်ချင်း ပြေးသွားခဲ့၏။
ကျန်းချန်၏ တံဆိပ်ပြားပေါ်မှ ရွှေရောင် ဂဏန်း ငါးလုံးကို မြင်လျှင် သူသည် ငရဲကျသွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ထုံထိုင်းသွားသည်။
ဂုဏ်ကျက်သရေ ရမှတ်၂၁,၃၁၀။
"ဒီကောင့်က တကယ်ပဲ ဂုဏ်ကျက်သရေ ရမှတ် နှစ်သောင်းကျော် ရှိနေတယ်လား"
ဖူယုံက ရူးသွပ်လုမတတ် ဖြစ်နေသည်။
"ဒီလောက် ဂုဏ်ကျက်သရေ ရမှတ် အများကြီးကို ဒီကောင် ဘယ်ကနေ ရခဲ့တာလဲ"
အခန်း(၄၀၄) ပြီး၏