အခန်း (၄၀၅)
Vol. 27 Ch. 405
"ဒီကောင်လေး ဘယ်ကနေ ဂုဏ်ကျက်သရေ ရမှတ်တွေကို ရလာတာလဲ"
ခန်းမဆောင်အတွင်း တီးတိုး စကားသံများဖြင့် ပွက်လောရိုက်သွားသည်။
"ငါသိတယ်.. ဒီကောင်လေးက ဆေးပင်ခူး စံချိန်မှတ်တမ်းကို ချိုးဖျက်ခဲ့တဲ့ တပည့်သစ်ပဲ"
တစ်စုံတစ်ယောက်က ရှင်းပြလိုက်သည်။
"ဆေးပင်ခူးစံချိန်ကို ချိုးဖျက်နိုင်တာကြောင့်ကိုး.. သူ့ဆီမှာ ဒီလောက်ထိ ဂုဏ်ကျက်သရေ ရမှတ် အများအပြား ရှိနေတာ မဆန်းတော့ပါဘူး"
ခန်းမအတွင်းရှိ ထိုက်ရှဂိုဏ်း တပည့်များစွာတို့သည် ခဏမျှ အံ့အားသင့်သွားကြသည်။
ထို့နောက်တွင် တစ်စုံတစ်ယောက်သည် ကျန်းချန်၏ အထောက်အထားကို သတိရသွား၏။
"ဒီကောင်လေးက တစ်ရက်တည်းနဲ့ ဆေးပင်ခူး စံချိန်မှတ်တမ်းနှစ်ခုကို ချိုးဖျက်ခဲ့တယ်"
"ဒါဆို ဆေးပင်ခူး စံချိန်မှတ်တမ်း နှစ်ခုကို ချိုးဖျက်ခဲ့တာ ဒီကောင်လေးပေါ့"
ပတ်ဝန်းကျင်မှ ကျန်းချန် အပေါ် ချီးမွမ်းသံများကို ကြားလျှင် ဖူယုံ၏ မျက်နှာသည် ဇီးရွက်လောက်သာ ကျန်တော့သည်။
သူက ထိုက်ရှဂိုဏ်းသို့ ဝင်ရောက်ပြီး ရက်အနည်းငယ်အတွင်း နေ့စဉ် တာဝန်များကို ပြုလုပ်ခဲ့သော်လည်း စုစုပေါင်း ဂုဏ်ကျက်သရေ ရမှတ် သုံးရာ မျှသာ ရရှိခဲ့၏။
ဖူမိသားစုသည် ထိုက်ရှဂိုဏ်းတွင် အမှီ အနည်းငယ် ရှိသည်။
ထို့ကြောင့် ထိုက်ရှဂိုဏ်းသို့ ဝင်ရောက်လာသော ဖူမိသားစု တပည့်တိုင်းသည် ဂုဏ်ကျက်သရေ ရမှတ် တစ်ထောင်ကို ရရှိနိုင်၏။
သို့သော်လည်း သူသည် အဆင့်မြင့်ခြံဝင်းကို တစ်လတာဌားရမ်းရန် မတတ်နိုင်သေးပေ။
သို့သော် သူ့ရှေ့မှ ကောင်လေးသည် တစ်ရက်မျှ ဆေးပင်ခူးခြင်းဖြင့် စံချိန်မှတ်တမ်း နှစ်ခုကို ချိုးဖျက်ကာ ဂုဏ်ကျက်သရေ ရမှတ် နှစ်သောင်းကျော်ကို ရရှိခဲ့သည်။
ဤပမာဏသည် အဆင့်မြင့်ခြံဝင်းကို တစ်နှစ်တာ ဌားရန်ဖို့ပင် လုံလောက်၏။
ဤမျှ ကြီးမားသော ကွာခြားချက်သည် ဖူယုံကို မနာလိုဖြစ်စေခဲ့သည်။
လူတိုင်း၏ အံ့အားသင့်ပြီး မနာလိုသော မျက်လုံးများအောက်မှာပင် ကျန်းချန်သည် ဂုဏ်ကျက်သရေ ရမှတ် တစ်ထောင့်ငါးရာကို ပေးချေခဲ့ကာ အဆင့်မြင့် ခြံဝင်း၏ တံဆိပ်ပြားကို ယူဆောင်၍ လှည့်ထွက်လာခဲ့၏။
ခဏအကြာမှာပင် ကျန်းချန်သည် သူ ဌားရမ်းခဲ့သော အဆင့်မြင့် ခြံဝင်း ဆီသို့ ရောက်ရှိလာသည်။
ခြံဝင်းထဲကို ဝင်ရောက်လိုက်သောအခါ ပတ်ဝန်းကျင် သို့မဟုတ် လေထုထဲမှ အသက်စွမ်းအား ကြွယ်ဝမှုသည် ယခင်နေရာနှင့် နှိုင်းယှဉ်လျှင် ဆယ်ဆ ကွာခြားကြောင်း ခံစားလိုက်ရ၏။
ထို့ကြောင့် ဤနေရာတွင် နေထိုင်၍ လေ့ကျင့်လျှင် တိုးတက်နှုန်းသည် ဆယ်ဆမျှ ပိုမို မြန်ဆန်မည် ဖြစ်သည်။
"ဒါက အပြင်စည်းတပည့်တွေ အတွက် အဆင့်မြင့်ခြံဝင်း ဖြစ်ဖို့ ထိုက်တန်ပါပေတယ်... တကယ်ကို ကျင့်ကြံဖို့ အဆင်ပြေလွန်းတယ်"
ကျန်းချန်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ထိုက်ရှဂိုဏ်းသည် မြောက်ပိုင်း တောရိုင်းဒေသ၏ အားအကောင်းဆုံး ဂိုဏ်းများထဲမှ တစ်ဂိုဏ်း ဖြစ်ရန် ထိုက်တန်၏။
ဤအဆင့်မြင့် ခြံဝင်းသည် အပြင်စည်း တပည့်များ၏ ကျင့်ကြံခြင်း အမြန်နှုန်းကို ဆယ်ဆခန့် မြန်စေနိုင်သည်။
တစ်ညလုံး လေ့ကျင့်ပြီး နောက်တစ်နေ့ နံနက်တွင် ကျန်းချန်သည် ယခင်ထက် ခွန်အား များစွာ တိုးပွားလာကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရ၏။
"အဆင့်မြင့် ခြံဝင်းမှာ လေ့ကျင့်တာက အရမ်းမြန်ဆန်တယ်...ဒီအတိုင်းဆို ပြင်ပအကူအညီ မပါဘဲ သဘာဝစွမ်းအားဖွင့်ခြင်း ဒုတိယအဆင့်ကို ရက်အနည်းငယ် အတွင်း ငါချိုးဖျက်နိုင်မယ်ထင်တယ်"
ထိုခဏတွင် ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်သွားသည်။
သူက ကျေနပ်သော အပြုံးကို ဖော်ထုတ်လိုက်၏။
ကျင့်ကြံခြင်းကို အဆုံးသတ်ပြီး မတ်တပ်ထရန် ပြင်လိုက်သောအချိန်မှာပင် သိုလှောင် လက်စွပ်အတွင်း စွမ်းအင် အတက်အကျ လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။
သူက ချက်ချင်းပင် သိုလှောင်လက်စွပ်ထဲမှ တံဆိပ်ပြားကို ယူထုတ်လိုက်၏။
တံဆိပ်ပြားထဲကို ချီအနည်းငယ် ထည့်သွင်းလိုက်သောအခါ စာတန်းတစ်ခုသည် ကျန်းချန်၏ အမြင်အာရုံထဲတွင် ပေါ်လာခဲ့သည်။
"တပည့်သစ်တွေ အားလုံး.. ထျန်းဝူ ကျောင်းဆောင်မှာ စုရုံးပါ"
ထိုက်ရှဂိုဏ်း၏ တပည့်တံဆိပ်ပြားသည် တပည့်အဆင့်အတန်းကို ဖော်ပြသည့် သင်္ကေတသာ မဟုတ်ဘဲ ရိုးရှင်းသော ဆက်သွယ်ရေး ကိရိယာတစ်ခုလည်း ဖြစ်သည်။
တံဆိပ်ပြားထဲမှ မက်ဆေ့ခ်ျကို ကြည့်ပြီး ကျန်းချန်သည် မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။
ထျန်းဝူ ကျောင်းဆောင်၊ ထိုက်ရှဂိုဏ်း၏ အရေးပါသောအဆောက်အအုံများထဲမှ တစ်ခု။
ထိုနေရာက ထိုက်ရှဂိုဏ်း၏ စစ်မှန်သော ကိုယ်ခံပညာကို လေ့လာသောနေရာ ဖြစ်သည်။
စည်းမျဥ်းအရ တပည့်သစ်များသည် ထျန်းဝူကျောင်းဆောင်သို့ တစ်ကြိမ် အခမဲ့ ဝင်ရောက်နိုင်ပေသည်။
ယနေ့က ထျန်းဝူကျောင်းဆောင်သို့ တပည့်သစ်များကို အခမဲ့ ဝင်ရောက်ခွင့် ပေးခြင်း ဖြစ်နိုင်ပါသလော။
"ထျန်းဝူကျောင်းဆောင်က ကိုယ်ခံပညာ အားလုံးကို ငါ လိုချင်တယ်"
ကျန်းချန်က နောက်ထပ် အချိန်မဆွဲတော့ဘဲ အမြန် ထရပ်ပြီး အပြင်ဘက်သို့ လျှောက်လာခဲ့၏။
အခန်း(၄၀၅) ပြီး၏