ခတ်ဆေး ၃
Vol. 2 Ch. 77
ကျွန်မတို့တွေ အိမ်ပြန်ရောက်တော့ သေလောက်အောင် ဗိုက်ဆာနေပြီ။ နာတာရှာက နက်ဆန်ကို ဓာတ်ပုံရိုက်ဖို့ သက်သက်ပဲ အာရုံစိုက်နေခဲ့တာဖြစ်ပြီး ကပ်ပြီးလိုက်တာတဲ့ ကျွန်မတို့နှစ်ယောက်ကိုတော့ ဘာမှကျွေးဖို့ အစီအစဥ်ရှိပုံ မရဘူး။
အပြင်မှာတော့ နေလုံးကြီးက မိုးကုပ်စက်ဝိုင်းနောက်ကို ဝင်ရောက်ပျောက်ကွယ်သွားပြီဖြစ်ပြီး အေသင်မြို့ရဲ့ ရှေးပုံစံလမ်းကလေးတွေက နီယွန်မီးဆိုင်းတွေကြောင့် လှပစွာ လင်းထိန်နေပြီ။
နက်ဆန်က အခုမီးခိုးရောင်ဆွယ်တာလေးကို ဝတ်ထားပြီး ဆံပင်ကို မြင်းမြီးလိုမျိုး နောက်မှာစုချည်ထားတယ်။ နားမှာ ငွေရောင်ဖန်စီနားကပ်တပ်ထားသေးပြီး ညကောင်းကင် ကျယ်ကြီးပေါ်က ကြယ်လေးနှစ်လုံးလိုထင်ရပါတယ်။ နှုတ်ခမ်းနီဖျော့ဖျော့ပါ ဆိုးထားပေးတဲ့အတွက် တကယ့် ချစ်စရာလေး။ ဒီလိုမိန်းကလေးမျိုးကို ဘယ်လိုယောက်ျားလေးက မကြွေဘဲနေမှာလဲ။
“အိုလီရာနာ၊ ငါတို့တစ်ခုခု သွားစားကြရအောင်” ကျွန်မက ပိုက်ဆံအိတ်ထဲက ပါးပါးပဲကျန်တော့တဲ့ ပိုက်ဆံကိုကြည့်ပြီး ပြောလိုက်တယ်။ နေ့တိုင်းအစားကောင်းတွေ စားနေခဲ့လို့ ရထားတဲ့လခထဲက တော်တော်ကုန်သွားပြီ။ ဂရိကိုစပြီး ရောက်ကတည်းက နက်ဆန်က ကျွန်မစားသမျှကို အရင်လို ပိုက်ဆံရှင်းမပေးတော့ဘူး။ အသုံးအဖြုန်း ကြီးလွန်းတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မကိုကန့်သတ်ခဲ့တာ။ အစကတော့ မစုမိမှာစိုးလို့ဆိုပြီး ကိုယ့်ဝမ်းကိုယ် ထိန်းကျောင်းဖို့အတွက် ကြံခဲ့ပါသေးတယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ ဆာလောင်မှုကပဲ အနိုင်ရတယ် ဆိုတဲ့စကားအတိုင်း မစားဘဲမနေနိုင်ပဲ စားပစ်ခဲ့မိတာပါ။
“ဘယ်သွားမလို့လဲ ဟိုနှစ်ကောင်။” နာတာရှာက အခန်းထဲကို လက်ကိုင်ဒယ်အိုးကြီးတစ်လုံးနဲ့ ဂတ်စ်မီးဖိုလေးတစ်လုံး ယူလာရင်းနဲ့ ပြောလိုက်တယ်။ ပြီးတော့ အဲဲဒီမီးဖိုကို သူဘယ်ကနေ ရလာတာလဲ ကျွန်မ မသိဘူး။
“ညစာထွက်စားမလို့လေ။”လို့ ပြောမိတော့ သူက ကျွန်မကို လက်ညိုးထောင်ပြီး ယမ်းပြတယ်။ နောက်တော့ ရုရှား နှာသံပါပါနဲ့
“နဲပ်.. နဲပ်... နဲပ်... နင့်ကိုကြည့်နေတာ ကြာပြီနော်။ အပြင်စာ ပေါင်းစုံစားပြီးတော့ ရထားတဲ့လခတွေကို ဖြုန်းတီးနေတာ။ ဒီနေ့ အိမ်မှာပဲစားရမယ် ဒါပဲ။”
“ဒါပေမဲ့ ကျွန်မတို့က ခရီးမှာရောက်နေတာလေလို့။ ဟင်းချက်ပေးမယ့်လူလည်း ရှိမှမရှိတာ။” ကျွန်မက ပြန်ခံပြောတယ်။
နာတာရှာကတော့ ခါးထောက်လိုက်ပြီး “အမယ်၊ နင်တို့ရှေ့မှာ ဒီအစ်မကြီးတစ်ယောက်လုံးရှိနေတာကို ချက်ကျွေးမယ့်သူမရှိဘူးပြောနေတာလား။ ငါက အိမ်မှာ တစ်မိသားစုလုံးကို ချက်ကျွေးနေကျဟဲ့။”
အဲဒီနောက် နာတာရှာက ခါးကိုကိုင်းလိုက်ပြီးတော့ သူ့ရှေ့မှာ မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ စားပွဲမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ နက်ဆန်ရဲ့မေးကို လက်နဲ့ဆုပ်ကိုင်ပြီး ပါးချင်းထိတယ်။
“ဒီနေ့တော့ ဟောဒီအစ်မကြီးက တို့ရဲ့နီကိုလာလေးကို လျှာလည်သွားအောင် ချက်ကျွေးတော့မှာ။”
“.....” ဘာလို့ ဒီအဒေါ်ကြီးကိုကြည့်ရင်း ကျောချမ်းစရာ ကောင်းတယ်လို့ ခံစားလာရတာပါလိမ့်။
နောက်တော့ နာတာရှာက စျေးဝယ်သွားဦးမယ်ဆိုပြီးတော့ အခန်းထဲကနေ ဆင်းသွားရော။
...
“ကိုကိုနက်ဆန်ရေ၊ ရှင်က ဒီအခန်းထဲမှာလား။”
ရုတ်တရက် နူးညံ့ပြီး အိုဗာအက်တင်ဖြစ်နေတဲ့ မိန်းကလေး တစ်ယောက်ရဲ့အသံကို ကျွန်မကြားလိုက်ရတယ်။ အသံရဲ့ ရင်းမြစ်ကိုကြည့်လိုက်တော့ ကျွန်မတို့ရဲ့ဟိုတယ်အခန်း ပြတင်းပေါက်က ပွင့်လာပြီး ဂေါ့သစ်ဆန်ဆန် ဇာစကော့ကင် ရှည်ကိုဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ခြေထောက် အစုံက အဲဒီကနေ ဖြတ်ကျော်ဝင်ရောက်လာတာကို သတိထားမိလိုက်ရော။
နောက်ဆက်တွဲအနေနဲ့ လင်းနို့အတောင်ပံနဲ့ သီးချိုတွေကို မြင်လိုက်ရပြီးတဲ့နောက်မှာ ကျွန်မနဲ့အိုလီရာနာက တိုင်ပင် ထားစရာမလိုဘဲ အလျင်အမြန်ပဲ လှုပ်ရှားလိုက်ကြတယ်။
အိုလီရာနာရဲ့ဆံပင်တွေက ရှည်ထွက်လာပြီး အဲဒီဂေါ့သစ် ဆန်ဆန်အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ မိန်းမကို ဖမ်းချုပ်ထားလိုက်တယ်။ ကျွန်မကတော့ နာတာရှာထားခဲ့တဲ့ လက်ကိုင်ဒယ်အိုးကို လက်နှစ်ဖက်နဲ့ကိုင်ပြီး မိန်းမယုတ် မျက်နှာကို ရိုက်ချလိုက်တော့တာပဲ။
ဒေါင်....
နက်ဆန်နီးနီးစွမ်းအားကြီးပြီး စကူးဘတ်မျိုးနွယ်တွေရဲ့ တော်ဝင်မင်းသမီးပါဆိုတဲ့ မိုနီကာလည်း အလစ်တိုက်ခံ လိုက်ရတဲ့အတွက် ပြန်တောင်မခုခံနိုင်ဘဲ ကြမ်းပြင်ပေါ် ပုံလျက်သား လဲကျသွားလေရဲ့။
“အိုလီရာနာ၊ ဟိုတယ်အင်ဂျင်နီယာဝန်ထမ်းတွေဆီကနေ တိတ်ခွေတစ်ခွေယူလာခဲ့။ ငါတို့တွေ ဒီဟာမကို စစ်မေးဖို့ အချိန်ရောက်ပြီ။”
ကျွန်မက လက်ထဲကဒယ်အိုးကို မြောက်ကာကစားလိုက်ရင်း မိုနီကာကို စက်ဆုပ်တဲ့အကြည့်နဲ့ကြည့်ကာ အိုလီရာနာကို အမိန့်ပေးလိုက်တယ်။ အိုလီရာနာကလည်း ကျွန်မကို အလေးပြုလိုက်ပြီး..
“အမိန့်အတိုင်းပါ။”လို့ပြောရင်း အခန်းထဲကနေ ပြေးထွက် သွားပါတယ်။ ခဏနေတော့ ပိုက်ဆက်တဲ့တိတ်တစ်ခွေနဲ့ သူပြန်လာတယ်။ ကျွန်မက မိုနီကာ သတိပြန်မလည်လာခင် သူ့ကိုယ်ကြီးကိုချီပြီး ကုလားထိုင်ပေါ်တင်လိုက်တယ်။ ပြီးတဲ့ နောက်တော့ တိတ်ခွေကိုကောင်းကောင်းအသုံးချပြီး သူ့ခြေတွေလက်တွေကို တွဲချည်ထားလိုက်တယ်။
အစကနေအဆုံး နက်ဆန်က ကျွန်မတို့လုပ်တာတွေကို တိတ်တိတ်လေးပဲ ကြည့်နေခဲ့ပြီး ဘာမှမပြောဘူး။ ဒါပေမဲ့ သူ့မျက်လုံးတွေကတော့ မီးဝင်းဝင်းတောက်နေပြီး မိုနီကာကို မကျေမနပ်နဲ့ ကြည့်နေပါတယ်။
...
“နက်ဆန်၊ အချစ်ရေ။ ရှင်ကလည်း စတာကြမ်းလာချေလား။ ကျွန်မကိုယ်တောင် ဒီလိုမျိုး ချုပ်နှောင်ထားတယ်။ အဲဒီလို ကြမ်းကြမ်းလေးမှ ကြိုက်တာလား။ အဟိဟိ။”
မိုနီကာက စနိုးလာတာနဲ့ အဓိပ္ပါယ်မရှိ ရူးကြောင်ကြောင် စကားတွေကို စပြောတော့တာပဲ။ နက်ဆန်ကတော့ သူ့ရှေ့က အမျိုးသမီးကို အေးတိအေးစက်နဲ့ ကြည့်နေပြီး သူ့ဆီကနေ ရေခဲအငွေ့အသက်တွေ ဖြာထွက်နေတဲ့အတွက်ကြောင့် ကျွန်မတို့တောင် အေးတယ်လို့ ခံစားလာရတယ်။
“အယ်... ဟိုအသုံးမကျတဲ့ဟာမလေးနဲ့ အသေးမလေးလည်း ဒီမှာရှိပါလား။ ဘာလို့ ရှင်က သူတို့ကို နှင်မထုတ်လိုက်တာလဲ။”
မိုနီကာက ကျွန်မတို့နှစ်ယောက်ကို ကြည့်လိုက်ပါတယ်။ အဲဒီနောက် နက်ဆန်ကိုယ်တိုင်ကို ကြည့်လိုက်ပြီးတော့ အံ့ဩသွားဟန်နဲ့...
“အာလေလေ... ဒီရှေ့က အချောအလှလေးက ဘယ်သူလဲ။ ဒါလင့်ရဲ့ညီမလေးများလား။ ခယ်မလေးရေ၊ ဒါလင် ဘယ်ရောက်သွားတာလဲ။ သူ့ကို အခန်းထဲမှာလည်း မတွေ့ပါလား။”
နက်ဆန်က မိုနီကာကို ကြည့်နေရင်းကနေ မျက်လွှာကိုချ ဒေါသစိတ်ကိုထိန်းရင်း သွားကြားထဲက ထွက်လာတဲ့ လေသံနဲ့ ပြောလိုက်တယ်။
“ငါက နက်ဆန်ကွ။” ဒါပေမဲ့ မိန်းကလေးအသံဖြစ်နေလို့ တစ်မျိုး နားဝင်ချိုနေပြန်ရော။
“ဟမ်.... မဟုတ်တာ... ဒါလင်က ယောက်ျားလေးဆိုတာ ကျိန်းသေပါတယ်။”
ရှုံ့... ရှုံ့...
မိုနီကာက မျက်လုံးကိုမှိတ်ပြီး နှာခေါင်းကို ရှုံ့ချည်ပွချည် လုပ်ကာ လေထုထဲကို အနံခံကြည့်တယ်။ တကယ့်ကို ခွေးတစ်ကောင်အနံခံနေတဲ့အတိုင်းပဲ။ သူ့ကိုကြည့်နေရင်း ကျက်သီးတွေ မနေနိုင်ဘဲ ထလာရော။
“အာရာ့... တကယ်ပဲ ဒါလင့်ကိုယ်သင်းနံရှိနေတာပဲ။ ဒါပေမဲ့ ဒါလင်က ဘယ်လိုလုပ်ပြီး မိန်းကလေးဖြစ်သွားရတာတုန်း။ သံသယဝင်စရာကောင်းတဲ့ တစ်ယောက်ယောက်ကများ လုပ်ကြံလိုက်တာလား။”
သူက ကျွန်မကို ကြည့်လိုက်ရင်း ပြောလိုက်တယ်။ အမယ် ငပြူးကများ ပြန်ဖြဲနေရသေးတယ်။ ကျွန်မလည်း စိတ်တို လာတဲ့အတွက်ကြောင့် ဒယ်အိုးကြီးကို မြှောက်လိုက်ပေမဲ့ နက်ဆန်က မာဖီးယားဘော့စ်တစ်ယောက်လိုမျိုး ရှေ့ဆက်မလုပ်ဖို့ လက်ကာပြလိုက်ပြီးတော့ သူ့အိတ်ကပ်ထဲ သိမ်းထားတဲ့ သုံးလက်မအရွယ် ဖန်ဆေးပုလင်းလေးကို စားပွဲပေါ်တင်လိုက်တယ်။
“ဒီဆေးက မင်းဖော်ထားတာမဟုတ်လား။”
ဖျောက်...ဖျောက်...ဖျောက်...
ကျွန်မကို မိုနီကာပေါ်မှာချည်ထားတဲ့ တိတ်တွေက သူတစ်ချက် ရုန်းလိုက်ရုံနဲ့တင် အကုန်လုံးပြေကုန်တယ်။ မိုနီကာက သူ့ရှေ့ရောက်လာတဲ့ ပုလင်းကို လက်နဲ့ကိုင်ပြီး သေချာကြည့်တယ်။ နောက်တော့ ခေါင်းညိတ်ပြပြီး...
“အင်းလေ... ဒါက ကျွန်မသွေးနဲ့ကိုယ်တိုင်ဖော်စပ်ထားတဲ့ ထာဝရချစ်ခြင်း ပီယဆေးတော်ကြီးပဲ။ ဒါလင်က ဒါကို သောက်ပြီးရင် ကျွန်မကို တမ်းတမ်းစွဲ ဖြစ်သွားရမှာ။”
မိုနီကာက ထပ်ပြီးအရူးအမူးဖြစ်နေတဲ့ အခြေအနေကို ဝင်ရောက်သွားပြန်ပြီ။ အသည်းယားလာတဲ့အတွက်ကြောင့်
“နက်ဆန်၊ ကျွန်မတို့ သူ့ကိုတိတ်အသစ်ပတ်ပေးရမလား” မေးပေမဲ့...
“သူထွက်သွားချင်ရင် အဲဒါတွေလောက်နဲ့ တားလို့မရဘူး။ ဒီမိန်းမက ငါနဲ့တမင်ရှုပ်ချင်လို့ကို ဒီမှာဆက်ထိုင်နေတာ။” လို့ပြောလိုက်တယ်။
“ သေချာပေါက် လိင်ပြောင်းစေတဲ့ဆေး မဟုတ်တာတော့ မှန်ပါတယ်နော်။” နက်ဆန်က ထပ်မေးလိုက်တော့ မိုနီကာက
“ဒါပေါ့၊ ကျွန်မက ဘာကိစ္စက ဒါလင့်ကို မိန်းကလေးဖြစ်အောင် လုပ်ရမှာလဲ။ အကျိုးမှ မရှိတာကို။ ဟောဒီမှာကြည့်...”
မိုနီကာက လက်ကိုဖြန့်လိုက်တော့ အနက်ရောင်သားရေနဲ့ လုပ်ထားတဲ့ လက်ဖဝါးအရွယ် စာအုပ်လေးတစ်အုပ် လေထဲမှာ ပေါ်လာတယ်။ စာအုပ်မျက်နှာဖုံးမှာ အသည်းယားဖို့ကောင်းစွာနဲ့ လူမျက်နှာသဖွယ် မျက်လုံး၊ ပါးစပ်နဲ့တခြားအင်္ဂါအစိတ်အပိုင်းတွေရှိနေပြီးတော့ လူသားရေကနေ လုပ်ထားတဲ့ စာအုပ်အဖုံးမှန်း သိသာတယ်။
“တားမြစ်အချစ်မှော်ပညာကျမ်း စာမျက်နှာ ၃၆၂ မှာပါတဲ့ ထာဝရအချစ်ခိုင်မြဲဆေးကို ကျွန်မဖော်ခဲ့တာလေ။ ထည့်ထားတဲ့ သွေးရဲ့ပိုင်ရှင်ကို ရူးရူးမူးမူး ချစ်မိရုံက လွဲလို့ တခြားဘာဆိုးကျိုးမှ မရှိပါဘူး။”
မိုနီကာက စာအုပ်ထဲက ဆေးညွန်းတစ်ခုကို လက်နဲ့ ထောက်ပြလိုက်ရင်း ဆေးက သူလုပ်ခဲ့တာဖြစ်ကြောင်း ဝန်တောင်ခံနေသေးတယ်။ နက်ဆန်ကတော့...
“ဘီဖရိုဆာရေ၊ နင့်ဆေးက ငါနင့်ကို စွဲလမ်းအောင် လုပ်ပေးမယ့် အာနိသင်ရှိရမယ့်အစား သတ်ချင်အောင် လုပ်ပေးမယ့်အာနိသင်တော့ ရှိမယ့်ပုံပဲ။”
ရုတ်တရက်ကြီး နက်ဆန်ရဲ့အရိပ်က ရှည်ထွက်လာတယ်။ အခန်းထဲက အပူချိန်ကလည်း ရေခဲမှတ်ရောက်လုနီးပါးထိ ကျဆင်းသွားပြီ။ ချဲ့ကားပြောနေတာ မဟုတ်ဘူးရယ်။ ရေထည့်ထားတဲ့ ရေခရားထဲက ရေတွေတောင်မှ အေးခဲသွားပြီး ဖန်သားတွေအက်ကုန်တယ်။
“အချစ်က ကျွန်မကို သတ်ချင်တယ်ဆိုမှတော့။ ကျေကျေနပ်နပ်နဲ့ပဲ သေလိုက်ပါတော့မယ်။” မိုနီကာက ထွက်ပြေးဖို့မကြိုးစားဘဲ မျက်လုံးကိုပိတ် လက်နှစ်ဖက်ကို အတူတူပူးကပ်ပြီးတော့ ဆုတောင်းတဲ့ပုံစံတောင် လုပ်လိုက်သေးတယ်။
“အား... အရှင်ဆာတန်ရှင့်၊ နောက်ဘဝကျရင် ကျွန်မကို နက်ဆန်ချစ်တဲ့ကောင်မလေးဖြစ်အောင် လုပ်ပေးပါ။”
အဲဲဒီနောက်တော့ အခန်းအပူချိန်က ပုံမှန်ဖြစ်သွားပြီး နက်ဆန်ရဲ့အရိပ်ကလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားရော။ ကျွန်မ နက်ဆန်ကိုကြည့်လိုက်တယ်။ သူ့ပုံစံက တော်တော် စိတ်ထိခိုက်သွားတဲ့ပုံပဲ။ ဒီဟာမက သေသွားပြီးရင်တောင် နက်ဆန်ကို အလွတ်ပေးမယ့်ပုံမပေါ်ဘူးရယ်။
“အာလေလေ၊ လူစုံနေပါ့လား။”
သိပ်မကြာဘူး။ တံခါးပွင့်လာပြီး လက်ထဲမှာ အထုပ်အပိုးတွေ အများကြီးကိုင်ထားတဲ့ နာတာရှာ အခန်းထဲဝင်လာပါတယ်။ သူ့ပုံစံက မိုနီကာရောက်နေလို့ အံ့ဩတဲ့ပုံစံ နည်းနည်းလေးမှမရှိဘူး။
ဝယ်လာတာတွေကို ကြည့်လိုက်တော့ အာလူး၊ ကြက်သွန်ဖြူ၊ မုန်လာဥနီနဲ့ ပဲစိမ်းစေ့တချို့။ အိုလီရာနာကတော့ ကျွန်မကို နားနားကပ်ပြီး အသိပေးပါတယ်။
“ဆယ်ဗီရေ၊ နင်ငတ်နေတယ်ဆိုပေမဲ့ ငါကြိုပြီး သတိပေးရဦးမယ်။ နာတာရှာက ရုရှားအမေနဲ့ ပိုလန်အဖေက ဆင်းသက်လာတဲ့သူတဲ့။ လုံးဝ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆလက်ဗစ်အိမ်ထောင်ရှင်မအစစ်ပဲ။”
“ဆလက်ဗစ်လူမျိုးဖြစ်တော့ ဘာများခြားနားလို့လဲ။” ကျွန်မက အိုလီရာနာကို ဂရုမစိုက်ဘဲ ပြောလိုက်တယ်။ အိုလီရာနာက ကျွန်မကို ငတုံးတစ်ယောက်ကို ကြည့်နေရသလို ကြည့်လိုက်ပြီး...
“နင်က တော်တော်ဗဟုသုတမရှိတာပဲ။ အရှေ့ဥရောပ ဟင်းလျာတွေက ကြမ်းတမ်းပြီး စားလို့မကောင်းဘူးဟဲ့။ အဲဒီဒေသတစ်ခုလုံးက အမြဲတမ်း ကြမ်းတမ်းတဲ့ဆောင်းကို ဖြတ်သန်းနေရတာလေ။ ဒါကြောင့် သူတို့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ဟင်းလျာတွေက ဆောင်းတွင်းမှာငတ်ပြီး မသေအောင်လို့ အဓိကဦးစားပေးလုပ်ထားတဲ့ ဟင်းတွေပဲ။ အီတလီလိုမျိုး အရသာကို ဦးစားပေးတာမဟုတ်ဘူး။ စားလို့ရရင် ပြီးရောဆိုပြီး ချက်တဲ့ဟာမျိုး။”
ကျွန်မ ကြောက်ကြောက်နဲ့ တံထွေးမျိုချမိလိုက်တယ်။ ဖုန်းသုံးတတ်ပြီးတဲ့နောက် အိုလီရာနာက ကျွန်မထက် ပိုပြီးတော့တောင် အထွေထွေဗဟုသုတပိုင်းမှာ ပိုပြီး သိလာသေးတယ်။ နာတာရှာကတော့ ကျွန်မတို့အုပ်စုကို လစ်လျူရှုပြီးတော့ ဟင်းစချက်ဖို့လုပ်နေပြီ။
အာလူးနဲ့မုန်လာဥတွေကို ဓားကြီးနဲ့ တောက်တောက်လှီး၊ ပဲစေ့လေးတွေကို အပေါ်က ဖြူးလိုက်တယ်။ နောက်တော့ ဂတ်စ်မီးဖိုကိုဖွင့်ပြီး ရေထည့်ပြီး အပူပေးလိုက်တယ်။ ဆီ ထည့်ဖို့မလိုတဲ့ ဟင်းဖြစ်တဲ့ပုံပဲ။
“ငတ်ပြီးမသေအောင်နဲ့ စားလို့ရရင်ပြီးရော ချက်တဲ့ဟင်း။” တွေးကြည့်ရုံနဲ့တင် ကျွန်မထိတ်လန့်လာတယ်။
နာတာရှာက လှီးသင့်တာလှီး ဖြတ်သင့်တာဖြစ်ပြီးတဲ့နောက် အသီးအနှံတွေကို ဆူပွတ်နေတဲ့ရေထဲ ပစ်ထည့်လိုက်တယ်။ ပြီးတော့ အိုးကိုအဖုံးဖုံးလိုက်ပြီး...
“ခဏနေရင် အိမ်တွင်းဖြစ်ညစာလေး အသင့်ဖြစ်ပါ တော့မယ်။ အားလုံးလည်း စားကြမယ်မဟုတ်လား။”
ကျွန်မတို့အားလုံး ခေါင်းမခါရဲကြဘူး။ နာတာရှာက ပြုံးနေပေမဲ့ မျက်လုံးကိုမှိတ်ထားပြီး မစားဘူးပြောတဲ့သူကို သတ်တော့မယ့်အတိုင်းပဲ။
‘သေစမ်း၊ ဆီတစ်စက်တောင်မပါဘဲ ချက်တဲ့နည်းက ရေလုံပြုတ်ရုံပဲလား။ ဆားတောင်မပါဘူး။ တော်တော် စားကောင်းတော့မှာပဲ။' မြည်းမကြည့်ခင်ကတည်းက ကျွန်မ အရသာကို ကြိုသိပြီးသား။
အိုလီရာနာကတော့ မိုနီကာကို လက်ညိုးထိုးပြလိုက်ပြီး “ကျွန်မတို့တွေ ဧည့်သည်ကိုအရင် ဦးစားပေးသင့်တယ် မဟုတ်လား။”
အကြောင်းမသိတဲ့ မိုနီကာကလည်း မငြင်းရှာပါဘူး။ သူက ခေါင်းကိုတွင်တွင်ညိတ်ရင်း... “အစ်မနာတာရှာက ဒါလင့်ရဲ့ အစ်မအရင်းလိုဖြစ်နေတာဆိုတော့ အနာဂတ်မိသားစုဝင် အချင်းချင်း ရင်းနှီးမှုရအောင် မြည်းကြည့်ရသေးတာပေါ့။ ကျွန်မတော့ တစ်အိုးလုံးတောင် စားပစ်နိုင်မယ်နဲ့ တူပါရဲ့။”
နာတာရှာက အူမြူးသွားပြီး “အိုး... ဒါဆိုလည်း တစ်အိုးလုံး ချကျွေးမယ်လေ။” ဆိုပြီး ကြွေဇလုံကြီးကြီးတစ်လုံး ရှာလာတယ်။
အသီးအနှံရေလုံပြုတ်က အသင့်ဖြစ်တဲ့နောက်မှာတော့ ဟင်းရည်အားလုံးကို နာတာရှာက အဲဒီဇလုံထဲ ထည့်ပြီး မိုနီကာကို ချကျွေးတယ်။ မိုနီကာက မှိုရတဲ့မျက်နှာနဲ့ သူ့ရှေ့က ပဲစိမ်းတွေကြောင့် အစိမ်းရောင်တောက်နေတဲ့ ဟင်းရည်ကို ကြည့်လိုက်ပါတော့တယ်။
“ဟင်းရည်လေးက ချစ်စရာလေးနော်။ ကျွန်မဖော်နေကျ မှော်ဆေးရည်တွေအတိုင်းပဲ။”
“အာဟာဟာ၊ မိုနီကာလေးက တို့ကို မနေတတ်မတိုင်တတ် ဖြစ်အောက် ချီးကျူးနေပြန်ပါပြီ။” နာတာရှာက ပြုံးဖြီးဖြီးနဲ့ ပြန်ဖြေတယ်။
မိုနီကာက အချိန်ဖြုန်းမနေတော့ဘဲ ဇွန်းကိုကိုင်ပြီးတော့ တစ်ဇွန်းသောက်ကြည့်တယ်။ အဲဒီနောက်တော့ သူ့မျက်နှာက အစိမ်းရောင်သန်းသွားပြီး ငိုချတော့မယ့်ရုပ် ချက်ချင်း ဖြစ်သွားတော့တာပါပဲ။ သေချာပေါက် အသီးအနှံအစိမ်း အရသာကြီးအတိုင်းပဲနေမှာ။