အလိုရှိကြော်ငြာ
Vol. 137 Ch. 2041
“ထွက်ပြေး...ထွက်ပြေးသွားပါပြီ”
မင်းသားယွမ်ကျော၏ အသံက တုန်ယင်နေပြီး သူကဘုရင်ကျင်း၏ အမွေဆက်ခံသူကို မော့မကြည့်ရဲဘဲ ချွေးများဖြင့်စိုရွှဲနေ၏။
“ကောင်းတာပေါ့ကွာ”
ဘုရင်ကျင်း၏ အမွေဆက်ခံသူက ခေါင်းညိတ်၍ မင်းသားယွမ်ကျောကို ကြည့်လိုက်၏။
“ဖုန့်စန်းထျန်ဘယ်သူလည်းဆိုတာ မင်းသိမှာပေါ့.... ဟုတ်တယ်မလား”
“သိ..သိပါတယ်”
မင်းသားယွမ်ကျောက ခေါင်းညိတ်ပြလိုက်၏။
“ဖုန့်စန်းထျန်လွတ်မြောက်သွားတာက မဟာကျင်းအင်မော်တယ်နိုင်ငံအပေါ် ဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိလဲ မင်းသိမှာပေါ့”
ဘုရင်ကျင်း၏ အမွေဆက်ခံသူက ထပ်မံ၍မေးလိုက်၏။
သူ၏ လေသံကတည်ငြိမ်၍ စိတ်ခံစားချက်ကင်းမဲ့နေ၏။
“ကျုပ်သိပါတယ်”
မင်းသားယွမ်ကျောက တံတွေးကိုမျိုချလိုက်၏။
ခဏမျှရပ်တန့်ပြီး အမွေဆက်ခံသူ၏ အကြည့်က ရုတ်တရက်မနှိုင်းယှဥ်သာအောင်ထက်ရှလာကာ မင်းသားယွမ်ကျော၏ ရင်ဘတ်ကို ထိုးဖောက်နိုင်သည့် ဓားတစ်လက်ကဲ့သို့ဖြစ်လာ၏။
“မင်းက...ဒါတွေကို သိထားတာတောင်မှ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ကိုဘာလို့အကြောင်းမကြားခဲ့တာလဲ”
အမွေဆက်ခံသူ၏ အသံမှာ ချောက်ချားစရာကောင်းသောစွမ်းအားတစ်ခုပါဝင်နေ၏။
“ကျုပ်...ကျုပ်က... ကျုပ်...”
မင်းသားယွမ်ကျော၏ မျက်နှာက စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့သွားပြီး သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်နေ၏။ သူက ခေါင်းကိုမော့ပြီး ရှင်းပြဖို့သာ အတတ်နိုင်ဆုံးကြိုးစားနေ၏။
“ဖုန့်စန်းထျန်က ဒဏ်ရာအပြင်းအထန်ရရှိထားခဲ့ပြီးပြီ ကျုပ်က သူ့ကိုဖိနှိမ်ပြီးမှ ခင်ဗျားဆီကိုလွှဲပေးချင်….”
“အဓိပ္ပါယ်မရှိတာကွာ”
ရုတ်တရက် ဘုရင်ကျင်း၏ အမွေဆက်ခံသူက ဟိန်းဟောက်လိုက်ပြီး သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းလိုက်၏။
မမြင်နိုင်သောအင်အားတစ်ခုက လေဟာနယ်ကိုဖြတ်ကျော်၍ မင်းသားယွမ်ကျောကို ပြင်းထန်စွာ ပစ်တိုက်ချလိုက်၏။
ဘန်း...
မင်းသားယွမ်ကျောက လွင့်စင်ထွက်သွားပြီး ပေအတော်အတန်အကွာအဝေးသို့ ပြုတ်ကျသွား၏။ သူကသွေးများကိုထွေးထုတ်ပြီး ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်မှာ ခြေကာယား လက်ကားယားဖြစ်နေ၏။
ဘုရင်ကျင်း၏ အမွေဆက်ခံသူထံမှ ထိုတိုက်ခိုက်မှုသည် သူ၏ အရိုးထက်ဝက်ကျော်ကို ကျိုးကြေသွားစေ၏။
သူကနာကျင်မှုဖြင့် သတိလစ်လုမတတ်ဖြစ်သွားရလေသည်။
“ယွမ်ကျော... ငါ့ရှေ့မှာတောင် မင်းကဒီလိုအဓိပ္ပါယ်မရှိတဲ့စကားတွေကို ပြောနေသေးတယ်ပေါ့”
ဘုရင်ကျင်း၏ အမွေဆက်ခံသူက အေးစက်နေသော အမူအရာဖြင့် ပြောလိုက်၏။
“မင်းက.... အမှတ်ရဖို့အတွက် ယှဥ်ပြိုင်ချင်ရုံပဲ... မင်းက အဖေ့ရဲ့ရှေ့မှာ ဂုဏ်ယူဝင့်ကြွားချင်နေတာ... မင်းကငါ့ကိုကျော်တက်ချင်နေတာပဲ”
ဘုရင်ကျင်း၏ အမွေဆက်ခံသူက မည်သို့သော ပုဂ္ဂိုလ်မျိုးလဲ။
အစကတော့ သူသည် မျိုးဆက်များကြားတွင် အဆင့်ခုနှစ်မှာသာ ရပ်တည်နိုင်ခဲ့၏။
သို့သော်လည်း သူ၏ ရက်စက်ကြမ်းတမ်းသောနည်းလမ်းများ၊ ပြတ်သားမှုနှင့် တစ်မူထူးခြားသော ပါရမီအလားအလာတို့ကြောင့် သူကတစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့တက်လှမ်းလာနိုင်ခဲ့၏။
သူရှေ့မှာရှိသော အစ်ကိုခြောက်ယောက်သည် အမျိုးမျိုးသောအကြောင်းအရင်းများကြောင့် သေဆုံးသွားခဲ့ပြီး ဘုရင်အန်ရှီက လက်ရှိအမွေဆက်ခံသူဖြစ်လာခဲ့၏။
ထိုမင်းသားခြောက်ပါး၏ သေဆုံးမှုများသည် ဘုရင်အန်ရှီနှင့် သေချာပေါက်ဆက်စပ်မှုရှိနေကြောင်း တော်ဝင်မိသားစုမှလူတိုင်းက သိရှိထား၏။
သို့သော်လည်းဘုရင်ကျင်းက ထိုကိစ္စကို မမြင်ချင်ယောင်ဆောင်ထားလေသည်။
ဘုရင်ကျင်းမှာမျိုးဆက်များစွာရှိပြီး သူက ဤကဲ့သို့သောအခြေအနေတစ်ခုတွေ့မြင်ရသည်ကို ပို၍ပင်ကျေနပ်မိပေလိမ့်မည်။
တကယ့်ကိုရက်စက်ကြမ်းတမ်းသောလူကသာ မင်းသားများစွာကြားမှာ ရှေ့သို့ထွက်ရပ်လာနိုင်ပြီး သူ၏ ထီးနန်းနှင့် ပိုင်နက်နယ်မြေများစွာကို အမွေဆက်ခံနိုင်ပေလိမ့်မည်။
ဘုရင်ကျင်း၏ အမွေဆက်ခံသူက သွေးထွက်သံယိုအမှုအခင်းများစွာကိုတွေ့မြင်ခဲ့ဖူးပြီး မင်းသားယွမ်ကျော၏ အတွေးအကြံများက သူ့ထံကနေမဖုံးကွယ်ထားနိုင်ပေ။
“အစ်ကိုကြီး... ကျေးဇူးပြုပြီး ကျုပ်အသက်ကိုချမ်းသာပေးပါ”
မင်းသားယွမ်ကျောက သွေးများကိုအန်ထုတ်ရင်း ဘုရင်ကျင်း၏ အမွေဆက်ခံသူရှိရာဘက်သို့ တစ်စတစ်စဝမ်းလျားထိုးသွားကာ ပျက်ယွင်းနေသောအမူအရာဖြင့် အသနားခံတောင်းပန်နေ၏။
ဘုရင်ထျန်ရှင်းက မှင်သေသေဖြင့် ဘေးမှာရပ်နေပြီး သူ၏လက်နှစ်ဖက်ကို နောက်ပစ်သွား၏။
သူသည် မင်းသားများကြားတိုက်ပွဲများစွာကို တွေ့မြင်ခဲ့ဖူးလေသည်။
သူသည် ဘုရင်ကျင်းအပေါ်မှာသာ သစ္စာရှိပြီး ဤကဲ့သို့သောကိစ္စများပေါ်မှာ ဝင်ရောက်စွက်ဖက်လိမ့်မည်မဟုတ်ပေ။
မင်းသားယွမ်ကျော၏ သနားစရာကောင်းသောပုံစံကိုတွေ့မြင်ရသောအခါ အမွေဆက်ခံသူ၏ မျက်လုံးထဲမှာ မည်သည့်သနားညှာတာမှုမှမရှိပေ။
မျိုးဆက်သွေးနှင့် ဆွေမျိုးတော်စပ်မှုက သူ့အတွက် အရေးမပါပေ။
ဒါ့အပြင်သူတို့က ဖအေတူမအေကွဲညီကိုများသာဖြစ်ကြ၏။
“မင်းက... ချီးကျူးခံပြီး ရှေ့ကိုထွက်ရပ်ချင်တယ်ဆိုတာ ငါနားလည်ပေးနိုင်တယ်”
ဘုရင်ကျင်း၏ အမွေဆက်ခံသူက အေးစက်စွာပြောလိုက်၏။
“ဒါပေမဲ့.... မင်းက မင်းရဲ့အကန့်အသတ်ကိုမင်း သိထားရမယ်”
“အစ်ကိုကြီး... ကျုပ်အမှားကို ကျုပ်သိပါပြီ”
မင်းသားယွမ်ကျော၏ အရိုးထက်ဝက်ကျော်က ကြေမွကုန်ပြီး သူကမြေပြင်ပေါ်မှာ တွားသွားနေရ၏။
သူကရွှံ့များဖုန်များဖြင့် ပေကျံနေပြီး ဆိုးဆိုးဝါးဝါးပုံပေါက်နေလေသည်။
အမွေဆက်ခံသူ၏ တိုက်ခိုက်မှုအပြီး၌ သူ၏ မျိုးဆက်သွေးကို အချိန်တိုအတွင်း ပြန်လည်မဖြည့်တင်းနိုင်ပေ။
“လွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းက မင်းတာဝန်ယူထားတဲ့ ပကတိမိုးကြိုးမြို့တော်ကနေ ဖုန့်စန်းထျန်လွတ်မြောက်သွားတုန်းက ငါမင်းကိုအပြစ်မပေးခဲ့ဘူး”
ဘုရင်ကျင်း၏ အမွေဆက်ခံသူက ဆက်ပြောလိုက်၏။
“အခု... မင်းက ကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ပြီး ဒီလိုကြီးမားတဲ့အမှားတစ်ခုကို ထပ်ပြီးကျူးလွန်သေးတယ်ဆိုတော့...”
ပကတိအင်မော်တယ်ကျင်းယွဲ့က ဘေးမှာရှိသော မင်းသားယွမ်ကျောကိုတစ်ချက်ကြည့်ပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
ယခုအချိန်မှာ သူကရှေ့သို့ထွက်ပြီး တစ်စုံတစ်ရာပြောဆိုခြင်းမရှိလျှင် ဘုရင်ကျင်း၏ အမွေဆက်ခံသူက သူ့အပေါ်ကိုပါ အမျက်ဒေါသများပုံချပြီး သူကပါ ဤနေရာမှာ သေရနိုင်သည်ဆိုတာကိုသိရှိလိုက်၏။
“အရှင်မင်းသား... ကျေးဇူးပြုပြိး ကျုပ်ကို စကားနဲနဲပြောခွင့်ပေးပါ”
ပကတိအင်မော်တယ်ကျင်းယွဲ့က လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ဒီတစ်ခေါက် အရှင်မင်းသားယွမ်ကျောရဲ့ ကြိုတင်ပြင်ဆင်မှုက တကယ်ပဲဟာကွက်မရှိခဲ့ပါဘူး... သူက ဖုန့်စန်းထျန်ကို ကိုင်တွယ်ဖို့အတွက် အင်ပါယာလေဘုရားကျောင်းက ပကတိအင်မော်တယ်ဖေးယွင်ကိုတောင်မှ ဖိတ်ခေါ်ခဲ့တယ်”
“တကယ်တမ်းမှာလည်း ဖုန့်စန်းထျန်က ခင်ဗျားနဲ့ ဘုရင်ထျန်ရှင်းရဲ့လက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားပြီးတော့ တကယ့်ကိုအားအင်ချည့်နဲ့နေပြီ... သူက ကျုပ်တို့ရဲ့ဝန်းရံပိတ်ဆို့မှုကို မခုခံနိုင်ခဲ့ဘူး... ဒါပေမဲ့... မထင်မှတ်ထားစွာနဲ့ပဲ...”
ဆူဇီမိုက ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကို မည်သို့မည်ပုံထုတ်ပေးခဲ့ပုံနှင့် ပကတိအင်မော်တယ်ညသင်္ချိုင်း၏ ပေါ်ထွက်လာမှုကို ပကတိအင်မော်တယ်ကျင်းယွဲ့က အသေးစိတ်ကပြန်ပြောပြလိုက်၏။
“ဖြစ်ပျက်ခဲ့တာတွေကတော့... အဲ့ဒီအတိုင်းပါပဲ အရှင်မင်းသား... ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့အပြစ်တွေကို ပြေရာပြေကြောင်းပြုလုပ်ခွင့်ပေးပါ”
ပကတိအင်မော်တယ်ကျင်းယွဲ့က ရှိခိုးဦးချ၍ အသနားခံတောင်းပန်လိုက်၏။
အမွေဆက်ခံသူ၏ အကြည့်က ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် မင်းသားယွမ်ကျောအကြား တိတ်တဆိတ်ကူးပြောင်းနေ၏။
လောကက သေလောက်အောင်တိတ်ဆိတ်ငြိမ်သက်သွား၏။
မင်းသားယွမ်ကျောနှင့် ပကတိအင်မော်တယ်ကျင်းယွဲ့အတွက်တော့... အသက်တစ်ရှိုက်သာချင်းစီက နှစ်တစ်ထောင်လောက်ကြာမြင့်နေသည်ဟုခံစားရ၏။
သူတို့၏ အသက်များသည် ဘုရင်ကျင်း၏ အမွေဆက်ခံသူထံမှ အတွေးတစ်ချက်ပေါ်မူတည်နေ၏။
“သွားတော့..”
ဘုရင်ကျင်း၏ အမွေဆက်ခံသူက မှင်သေသေဖြင့် ပြောလိုက်၏။
“အခုကစပြီး... မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ ပိုက်နက်နယ်မြေထဲမှာ အကြွင်းကျန်ညရဲ့ ဘာသတင်းကိုမှမကြားချင်ဘူး”
“ဖြစ်စေရပါမယ်... အဲ့ဒီအတိုင်းသေချာပေါက်ဖြစ်စေရပါမယ်”
မင်းသားယွမ်ကျောက ဝမ်းသာအားရပြောလိုက်၏။
ဘုရင်ကျင်း၏ အမွေဆက်ခံသူက ထိုသို့ပြောသည်ဆိုမှတော့ သူ့အသက်က ချမ်းသာရာရပြီကို သူက သိရှိလိုက်၏။
“ကျေးဇူးတင်ပါတယ် အရှင်မင်းသား”
ပကတိအင်မော်တယ်ကျင်းယွဲ့က နောက်တစ်ဖန်ရှိခိုးဦးချပြီး ပြောလိုက်၏။
“အခုကစပြီး... ကျုပ်ကိုမသတ်ခဲ့တဲ့အတွက် ကျုပ်က အရှင်မင်းသားကို အတတ်နိုင်ဆုံပြန်ပေးဆပ်ပါမယ်”
ဘုရင်ထျန်ရှင်းသည် ဘေးကနေ တိတ်တဆိတ်ဖြင့်အေးစက်စွာကြည့်နေပြီး ခေါင်းညိတ်လိုက်၏။
ဘုရင်ကျင်း၏ အမွေဆက်ခံသူက မင်းသားယွမ်ကျောကို မသတ်ဖြတ်ခဲ့သည့် အဓိကအကြောင်းအရင်းမှာ ထိုသူက သူ့အပေါ်ကိုခြိမ်းခြောက်နိုင်စွမ်းမရှိသောကြောင့်ဖြစ်၏။
ယနေ့ကိစ္စအပြီး၌ မင်းသားယွမ်ကျောသည် သူ၏ ရှေ့မှာ အခြားသောမည်သည့်အတွေးကိုမှ ထားရဲတော့မည် မဟုတ်ပေ။
ဘုရင်ကျင်း၏ အမွေဆက်ခံသူ ပြုလုပ်လိုက်သောအရာသည် ပကတိအင်မော်တယ်ကျင်းယွဲ့ကိုပါ သူ၏ လက်အောက်သို့ သွတ်သွင်းနိုင်ခဲ့၏။
ဘုရင်ထျန်ရှင်းသည် ဤကိစ္စကပြီးဆုံးသွားပြီကို တွေ့ရသောအခါ သူကဖြည်းဖြည်းချင်း ပြောလိုက်၏။
“အရှင်မင်းသား... ဖုန့်စန်းထျန်နောက်ကို အရင်ဆုံးလိုက်ကြရအောင်”
“ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းနဲ့ဆို ဖုန့်စန်းထျန်ရဲ့ဒဏ်ရာတွေက အချိန်တစ်ခုကြာပြီးရင် သက်သာပျောက်ကင်းသွားလိမ့်မယ်... အဲ့ဒီအချိန်ကျရင် သူ့ကိုတိုက်ခိုက်ဖို့က လွယ်မှာမဟုတ်တော့ဘူး”
“သွားကြတာပေါ့”
ဘုရင်ကျင်း၏ အမွေဆက်ခံသူက ခေါင်းညိတ်၍ သူ၏ လက်ကိုဝေ့ယမ်းကာ ရှေ့သို့ခုတ်ပိုင်းချလိုက်၏။
အမွေဆက်ခံသူ၏ ရှေ့မှာရှိသောလေဟာနယ်က သူ၏ လက်ဝါးချက်ဖြင့် ဆုတ်ဖြဲခံလိုက်ရပြီး နက်မှောင်နေသော အာကာသဥမင်တစ်ခုပေါ်ထွက်လာ၏။
ဘုရင်ကျင်း၏ အမွေဆက်ခံသူက ဖျတ်ခနဲဝင်ရောက်ပျောက်ကွယ်သွား၏။
ဘုရင်ထျန်ရှင်းကလည်း နောက်ကနေလိုက်ပါသွား၏။
လေထဲရှိအက်ကွဲကြောင်းက တဖြည်းဖြည်းပိတ်ဆို့သွားပြီး မိုးပျံနဂါးတောင်ကြောရိုး၏ ကောင်းကင်ထက်မှာရစ်ဝဲနေသော ကြောက်စရာကောင်းသည့် စွမ်းပကားကလည်း ပျက်ပြယ်သွား၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က စိတ်သက်သာစွာသက်ပြင်းချလိုက်၏။
ညင်သာသောလေပြေတစ်ချက်တိုက်ခတ်သွားပြီး သူ၏ ခန္ဓာကိုယ်က အေးစက်သွားလေသည်။ မသိလိုက်မသိဘာသာနှင့်ပင် သူ၏ အဝတ်အစားများက ချွေးများဖြင့်စိုရွှဲနေလေသည်။
“အရှင်မင်းသား... ခင်ဗျားဘယ်လိုနေလဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့က ရှေ့သို့ခပ်မြန်မြန်တက်ပြီး မင်းသားယွမ်ကျောကိုထူမပေးလိုက်၏။
သူကဆေးလုံးတချို့ကိုထုတ်ယူပြီး သူ့ကိုတိုက်ကျွေးလိုက်၏။
မင်းသားယွမ်ကျော၏ အမူအရာက အလွန်တရာသုန်မှုန်နေပြီး သူ၏ မျက်လုံးများက အဆုံးမဲ့မုန်းတီးမှုဖြင့် ပြည့်နှက်နေ၏။ သူကအံကိုတင်းတင်းကြိတ်ကာ ပြောလိုက်၏။
“ကျင်းယွဲ့... အစိမ်းရောင်တိမ်စိုင်တိုင်းပြည်မှာရှိတဲ့ အင်အားကုန်ကိုစုစည်းပြီး အကြွင်းကျန်ညက ရှင်သန်ကျန်ရစ်သူတွေကိုလိုက်ရှာကြ... သူတို့ကိုတွေ့တာနဲ့ သနားညှာတာမှုမရှိ အကုန်သတ်ပစ်”
“အရေးကြီးဆုံးကတော့ ဆူဇီမိုကိုရှာဖို့ပဲ”
“သူ့ကိုအပိုင်းပိုင်းဆုတ်ဖြဲပြီး ပြာချပစ်နိုင်မှပဲ... ငါ့ရင်ထဲက မုန်းတီးမှုတွေက ပြေလျော့သွားလိမ့်မယ်”
မင်းသားယွမ်ကျော၏ အမူအရာက ကြောက်မက်ဖွယ်ရာ ကောင်းနေပြီး သူ၏ သွားများကို ကျိုးကြေလုမတတ်ကြိတ်ထားလေသည်။
“နောက်ပြီးရှိသေးတယ်”
မင်းသားယွမ်ကျောကဆက်ပြောလိုက်၏။
“ဒီအလိုရှိကြော်ငြာကို တခြားတိုင်းပြည်တွေကိုပါပို့ပြီး သူတို့ကိုပါ ကူရှာခိုင်းလိုက်... မဟာကျင်းရဲ့ပိုင်နက်နယ်မြေထဲမှာ ဆူဇီမိုအတွက် နေစရာနေရာမရှိစေရဘူး... သူ့ရဲ့သဲလွန်စကိုပေးနိုင်တဲ့ဘယ်သူမဆို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးမယ်”
“မင်းက မြေလှန်ရှာရမယ်ဆိုရင်တောင်မှ သူ့ကို တွေ့အောင်ရှာရမယ်”