ကြယ်တာရာဂိုဏ်း
Vol. 137 Ch. 2042
ဆူဇီမိုသည် တောင်ပေါ်ကနေဆင်းလာပြီးနောက် သူကထွက်ခွာဖို့အတွက် အလောတကြီးရှိမနေပေ။
သူက သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကိုအသုံးချပြီး သူ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲလာ၏။
(ယခင်အသုံးပြုခဲ့သည့် သုံးပါးတစ်ဆူမင်္ဂလာကျောက်စိမ်းကို သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးဟု အစားထိုး သုံးစွဲသွားပါမည်။)
မင်းသားယွမ်ကျောနှင့် ပကတိအင်မော်တယ်ကျင်းယွဲ့က မသေသေးသည့်အတွက် ကိစ္စများကို သေချာပေါက်ခဝါချပေးလိမ့်မည် မဟုတ်ပေ။
မင်းသားယွမ်ကျော၏ စွမ်းအားနှင့်အဆင့်အတန်းအရ သူသည်ဆူဇီမိုကို အသည်းအသန်သေချာပေါက် လက်စားချေဖို့ ကြိုးပမ်းပေလိမ့်မည်။
သူက သူ၏ အစစ်အမှန်ပုံစံနှင့် လျှောက်သွားမည်ဆိုလျှင် သူကသေချာပေါက် ပစ်မှတ်ထားခံရပေလိမ့်မည်။
ခဏမျှ စဥ်းစားတွေးတောပြီးနောက် ဆူဇီမိုသည် ရုပ်ဆိုးဆိုးဗလတောင့်တောင့်အမျိုးသားတစ်ယောက်အဖြစ် အသွင်ပြောင်းလဲလိုက်၏။
သူသည် ဖျင်ကြမ်းအင်္ကျီကိုဝတ်ဆင်ပြီး သူ၏ ရင်ဘတ်ကို တစ်ဝက်ဖော်ကာ မျက်လုံးကိုမှေးကျဥ်း၍ လက်ထဲမှာဝိုင်အိုးတစ်အိုးကို ကိုင်ဆွဲထား၏။
ဆူဇီမိုသည် ဒယီးဒယိုင်ဖြင့် ခြေလှမ်းအနည်းငယ် လျှောက်လှမ်းကြည့်လိုက်၏။ အဲ့ဒီမှာ မည်သည့်ဟာကွက်မှမရှိသည်ကို ခံစားမိသောအခါ သူက ဤနေရာနှင့်အနီးဆုံးဖြစ်သော စန်းယွီမြို့တော်သို့ဦးတည်လိုက်၏။
နေလတိုင်းပြည်၏ အုပ်ချုပ်မှုအောက်မှာ မြို့တော်ပေါင်းတစ်ရာကျော်ရှိလေသည်။
မြို့တော်တစ်မြို့ချင်းစီက ကြီးမားသောနယ်မြေဒေသတစ်ခုကို အုပ်စိုးထား၏။
သူသည် စန်းယွီမြို့တော်နှင့် အနီးဆုံးမှာရှိနေသော်လည်း သူသည် ထိုမြို့တော်ကိုရောက်ဖို့အတွက် သုံးရက်ကျော်အချိန်ယူရလေသည်။
ဆူဇီမိုသည် ဝိုင်အိုးကိုကိုင်ဆွဲရင်း ငိုက်မျည်းနေသောမျက်လုံးများဖြင့် မြို့ဂိတ်တံခါးကို တစ်ချက်ကြည့်ကာ ဒယီးဒယိုင်ဖြင့်လျှောက်လှမ်းသွား၏။
မြို့ဂိတ်တံခါးမှာစောင့်ကြပ်နေသောအစောင့်တပ်သားများက မသတီစရာကောင်းသော အရက်နံ့ဟောင်နေသည့် ဗလတောင့်တောင့်အမျိုးသားကိုတွေ့မြင်သောအခါ သူတို့က ရွံ့ရှာစက်ဆုပ်သောအမူအရာများကိုထုတ်ဖော်ပြီး သူ့ကိုထပ်မံ၍မကြည့်ကြတော့ပေ။
တစ်ဖက်တစ်ချက်စီမှာရှိသော မြို့စောင့်တပ်သားများက သာမန်ကာလျှံကာလက်ပြပြီး ဆူဇီမိုကိုမြို့ထဲသို့ ဝင်ရောက်ခွင့်ပေးလိုက်၏။
ဆူဇီမိုက တိတ်တဆိတ်ကျေနပ်သွား၏။
ထို့ကြောင့်ပင်လျှင် သူက ဤကဲ့သို့ အသွင်ပြောင်းလဲထားခြင်းဖြစ်၏။
အခြားသူများက သူ့ကိုပို၍ရွံရှာစက်ဆုပ်လေလေ သူကအခြားသူများ၏ စိတ်အာရုံကိုရဖို့ အခွင့်အရေးနည်းလေဖြစ်၏။
ဆူဇီမိုသည် မြို့ထဲမှာလှည့်ပတ်လျှောက်သွားမနေပေ။ ထိုအစားသူက ပို့ဆောင်ရေးဝင်္ကပါရှိရာသို့ တန်း၍သွားလိုက်၏။
သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံကနေ တတ်နိုင်သမျှ မြန်မြန်ထွက်ခွာသွားရပေမည်။
သူ့မှာ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးရှိသော်လည်း ဤရတနာက သူ့ကိုအပြည့်အဝကာကွယ်ပေးထားနိုင်လိမ့်မည် မဟုတ်ပေ။
သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပိုင်နက်နယ်မြေထဲကနေထွက်ခွာပြီးမှသာ အမှန်တကယ်လုံခြုံစိတ်ချရပေလိမ့်မည်။
မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပိုင်နက်နယ်မြေက ကျယ်ပြောလေသည်။ သူ၏ ကျင့်ကြံမှုအရ သူကတစ်ယောက်တည်းခရီးသွားမည်ဆိုလျှင် မည်သည့်အဟန့်အတားကိုမှ မကြုံတွေ့ရဘူးဆိုလျှင်တောင် အဲ့ဒါသည် နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီ အချိန်ယူရပေလိမ့်မည်။
ဒါ့အပြင် သူတစ်ယောက်တည်းခရီးသွားပါက လမ်းမှာ မည်သို့သောအန္တရာယ်များနှင့်ကြုံတွေ့ရမည် မသိရပေ။
ထိုနှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီကလည်း အလဟဿဖြစ်သွားပေလိမ့်မည်။
ပို့ဆောင်ရေးဝင်္ကပါကို အသုံးပြုခြင်းက ထွက်ခွာဖို့အတွက် အမြန်ဆုံးနည်းလမ်းဖြစ်၏။
နှစ်နာရီခန့်ကြာပြီးနောက် ဆူဇီမိုသည် မြို့တော်၏ နေရာအများစုကို ဖြတ်ကျော်ကာ ပို့ဆောင်ရေးဝင်္ကပါရှိရာသို့ ရောက်ရှိလာ၏။
ရှေ့မှာကြီးမားသောလူအုပ်ကြီးက စုဝေးနေပြီး ပို့ဆောင်ရေးဝင်္ကပါခန်းမ၏ ဝင်ပေါက်ဝကို ပိတ်ဆို့ထားကာ အတော်လေးရုတ်ရုတ်သဲသဲဖြစ်နေ၏။
ခန်းမ၏ ဝင်ပေါက်ဝကို မြို့စောင့်တပ်သားများစွာက စောင့်ကြပ်နေပြီး ဝင်ရောက်လာသည့်ကျင့်ကြံသူတိုင်းကို စေ့စေ့စပ်စပ်စစ်ဆေးကြည့်ရှုနေသည်ကို ဆူဇီမိုက အဝေးကနေ တွေမြင်လိုက်ရ၏။
ထိုမြို့စောင့်တပ်သားများအားလုံးက ကမ္ဘာမြေအင်မော်တယ်များဖြစ်ကြ၏။
သူတို့၏ နောက်ဘက်တွင် လူနှစ်ယောက်ကထိုင်ခုံပေါ်မှာထိုင်နေပြီး တောက်လောင်ပြင်းပြသော အကြည့်များနှင့် ကြောက်စရာကောင်းသောအော်ရာများနှင့်အတူ လူအုပ်ကြီးကိုအကဲခတ်နေ၏။
ထိုနှစ်ယောက်က ကောင်းကင်အင်မော်တယ်များဖြစ်ဖို့များလေသည်။
“ဘာတွေဖြစ်နေတာလဲ.... အဲ့ဒါကရုတ်တရက်ကြီး ဘာလို့ စည်းကမ်းတင်းကျပ်လွန်းသွားရတာလဲ”
“မင်းမကြားဘူးလား... အစိမ်းရောင်တိမ်စိုင်တိုင်းပြည်မှာ ကြီးကြီးမားမား ကိစ္စတချို့ဖြစ်ပျက်ခဲ့တယ်”
“ဘာဖြစ်ခဲ့လို့လဲ”
“လွန်ခဲ့တဲ့နှစ်လေးသိန်းကျော်က အန္တိမပကတိအင်မော်တယ်ဖုန့်စန်းထျန်က သူ့ရဲ့ရှင်သန်ကျန်ရစ်သူနောက်လိုက်တွေရဲ့ အကူအညီနဲ့ ပကတိတစ်ဆယ်ငရဲကနေ ထွက်ပြေးလွတ်မြောက်လာပြီး အခုသူက ဘယ်ရောက်နေလဲမသိရဘူးလို့ပြောတယ်... အခုဆိုရင် သူတို့က အဲ့ဒီရှင်သန်ကျန်ရစ်သူတွေကို အသည်းအသန်လိုက်ရှာနေကြတာ”
ဘေးမှာရှိသောလူတစ်ယောက်က ခပ်တိုးတိုးပြောလိုက်၏။
“အစိမ်းရောင်တိမ်စိုင်တိုင်းပြည်မှာ မင်းသားယွမ်ကျောအပင်ပန်းခံကျင့်ကြံထားတဲ့ကိုယ်ပွားကိုလည်း ဆူဇီမိုလို့ခေါ်တဲ့ကျင့်ကြံသူတစ်ယောက်က ဖျက်ဆီးပစ်ခဲ့ပြီးတော့ သူကအတော်လေး နစ်နာဆုံးရှုံးခဲ့ရတယ်လို့ ငါကြားမိတယ်”
“အဲ့ဒါအမှန်ပဲ... ဆူဇီမိုရဲ့သဲလွန်စကို ပေးနိုင်တဲ့ဘယ်သူမဆို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ခံရလိမ့်မယ်”
လူအုပ်ကြီးထဲမှဆွေးနွေးပြောဆိုသံများက ထွက်ပေါ်လာ၏။
ဆူဇီမိုက မျက်တောင်ခတ်လိုက်၏။
ထိုသတင်းက ဤမျှအထိ အလျင်အမြန်ပျံ့နှံ့သွားခဲ့လေပြီ။
သူကခြေတစ်လှမ်းနောက်ကျသွားဆဲဖြစ်၏။
“ရှေ့မှာဘာတွေဖြစ်နေတာလဲ... အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တွေကို နောက်ထပ်စစ်ဆေးဖို့အတွက် ကောင်းကင်အင်မော်တယ်ပညာရှင်နှစ်ဦးဆီ ဘာလို့ခေါ်သွားရတာလဲ”
တစ်စုံတစ်ယောက်က ခပ်တိုးတိုးမေးမြန်းလိုက်၏။
ဆူဇီမိုက အာရုံစိုက်၍ကြည့်လိုက်၏။
လူအုပ်ကြီးထဲမှာ မည်သည့်အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်ကိုမဆို ခန်းမ၏ ဘေးတစ်ဖက်တစ်ချက်စီမှာရှိသော ကျင့်ကြံသူများကခေါ်ထုတ်သွား၏။
ကောင်းကင်အင်မော်တယ်ပညာရှင်နှစ်ဦးက အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်များ၏ သိုလှောင်အိတ်များကိုစစ်ဆေးပြီးနောက် သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို သူတို့၏ ခန္ဓာကိုယ်ကနေ ထွက်ခွာစေလေသည်။
ဆူဇီမိုသည် မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ၏ နားနှစ်ဖက်က လှုပ်သွား၏။ သိပ်မကြာခင် သူသည်ဆွေးနွေးပြောဆိုသံတချို့ကို ကြားလိုက်ရ၏။
“သူတို့က ဘာလုပ်နေကြတာလဲ... သူတို့က အဲ့ဒီအဆင့်၁ ကမ္ဘာမြေအင်မော်တယ်တွေကို ဘာလို့ပစ်မှတ်ထားနေကြတာလဲ”
“ဆူဇီမိုက အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်လို့ပြောတယ်... ဒါပေမဲ့ အဲ့ဒီလူက အသင်္ချေအသွင်ပြောင်းလဲခြင်းကို သိထားပြီးတော့ သူ့ရဲ့ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲနိုင်တယ်”
“အဲ့ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ... အသင်္ချေအသွင်ပြောင်းလဲခြင်းက အန္တိမနတ်ဘုရားစွမ်းအားပဲ”
အဲ့ဒါတော့ငါလည်းမသိဘူး... ဒါပေမဲ့ အသင်္ချေအသွင်ပြောင်းလဲခြင်းကတောင်မှ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုပဲပြောင်းလဲပေးနိုင်လိမ့်မယ်... အမြုတေစိတ်ဝိညာဥ်ကိုတော့ ပြောင်းလဲပေးနိုင်မှာမဟုတ်ဘူး အဲ့ဒါကြောင့် သူတို့ရဲ့အမြုတေစိတ်ဝိညာဥ်တွေကို ထုတ်ဖော်ခိုင်းလိုက်တာနဲ့ အဲ့ဒီလူက အသွင်ပြောင်းဆူဇီမို ဟုတ်မဟုတ်သိရလိမ့်မယ်”
သုန်မှုန်နေသောအမူအရာဖြင့် ဆူဇီမိုက လူအုပ်ကြီးထဲကတိတ်တဆိတ်နောက်သို့ဆုတ်ခွာသွား၏။
အခြေအနေက ဆိုးနေလေပြီ။
အစကတော့ သူသည် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကို အသုံးချကာ သူ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲပြီး ဤနေရာကနေထွက်ခွာချင်ခဲ့၏။
သို့သော် ယခု.... ပို့ဆောင်ရေးဝင်္ကပါ၏ ရှေ့မှာ ဤမျှအထိ တင်းတင်းကျပ်ကျပ်စစ်ဆေးနေပြီး သူကရှေ့သို့တက်သွားမည်ဆိုလျှင် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးနှင့်ပင်လျှင် သူ၏ အစစ်အမှန်ပုံစံက ဖော်ထုတ်ခံရပေလိမ့်မည်။
ဤအစီအစဥ်က အလုပ်မဖြစ်နိုင်တော့ပေ။
ဆူဇီမိုသည် အန္တရာယ်ကိုမစွန့်စားရဲဘဲ လောလောဆယ်မှာ စန်းယွီမြို့တော်ကနေထွက်ခွာဖို့ပြင်လိုက်၏။
အခြေအနေအရ မြို့တော်တစ်ခုလုံးသည် သိပ်မကြာခင် စစ်အုပ်ချုပ်ရေးအမိန့်အောက်သို့ ရောက်ရှိသွားဖို့အခွင့်များလေသည်။ ထိုအချိန်ကျလျှင် သူ့အနေဖြင့် ထွက်ခွာချင်သည်ဆိုလျှင်တောင် ထွက်ခွာနိုင်တော့မည်မဟုတ်ပေ။
ဆူဇီမိုသည် မြို့ဂိတ်တံခါးရှိရာသို့ ပြန်လျှောက်လာ၏။
သိပ်မကြာခင် စန်းယွီမြို့စောင့်တပ်သားတစ်အုပ်စုက လေထဲကနေရောက်ရှိလာပြီး လူစုခွဲလိုက်ကြ၏။ သူတို့တစ်ယောက်ချင်းစီက သူတို့၏ လက်ထဲမှာ ပန်းချီကားတစ်ချပ်စီကို ကိုင်ဆွဲထား၏။
အစောင့်တပ်သားတစ်ယောက်က ဆူဇီမိုနှင့် မလှမ်းမကမ်းမှာဆင်းသက်ပြီး မြို့ရိုးပေါ်သို့ ရောက်ရှိလာ၏။ သူက သူ့လက်ထဲမှာရှိသော ပန်းချီကားကိုဖြန့်ပြီး မြို့ရိုးမှာကပ်လိုက်လေသည်။
ပန်းချီကားသည် ချောမောသောရုပ်ရည်နှင့် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသောလူတစ်ယောက်ကို ပုံဖော်ထား၏။ အဲ့ဒါက ဆူဇီမိုဖြစ်၏။
ပန်းချီကား၏ အောက်ဘက်မှာ စာကြောင်းတချို့ကို ရေးထိုးထား၏။
အဓိပ္ပါယ်မှာ ဤလူနှင့်ပတ်သက်သည့် သဲလွန်စကိုပေးနိုင်သည့် မည်သူ့ကိုမဆို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်မည်ဟူ၍ဖြစ်၏။
သူသည် သူ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲထားခဲ့ပြီးပြီဖြစ်၏။ မည်သူကမှ သူ၏ အမြုတေစိတ်ဝိညာဥ်ကို မထုတ်ဖော်ခိုင်းသရွေ့ သူကရှာဖွေဖော်ထုတ်ခံရလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ထိုပန်းချီကားကိုတွေ့မြင်သောအခါ သူကမလုံမခြုံခံစားလာရဆဲဖြစ်၏။
“ငါဒီနေရာမှာ ဆက်နေလို့မဖြစ်တော့ဘူး”
ဆူဇီမိုနှင့်မလှမ်းမကမ်းမှာရှိသော မြို့စောင့်တပ်သားက သူရှိရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ ဆူဇီမိုသည် ဝိုင်အိုးကိုခပ်မြန်မြန်မော့သောက်ပြီး လေတစ်ချက်တက်ကာ မြို့ဂိတ်တံခါးရှိရာဆီသို့ ဒယီးဒယိုင်လျှောက်လှမ်းသွား၏။
သိပ်မကြာခင် သူက လူအုပ်ကြီးထဲသို့ ရောနှောပျောက်ကွယ်သွား၏။
မြို့ထဲကနေထွက်လာပြီးနောက် ဆူဇီမိုသည် မြေပုံကိုကြည့်ကာ အရှေ့ဘက်သို့ဦးတည်လိုက်၏။
သူသည်နှစ်ရက်ကြာအောင် လမ်းလျှောက်ခဲ့လေသည်။ လမ်းတစ်လျှောက်တွင် နေရာတိုင်းမှာ ရှာဖွေနေသောမဟာကျင်းအင်မော်တယ်စစ်သားအုပ်စုများကို မကြာမကြာတွေ့မြင်နေရ၏။
သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးပေါ် မှီခိုပြီး ဆူဇီမိုသည် သူ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲထားကာ သူ၏ အမြုတေစိတ်ဝိညာဥ် ရှာဖွေဖော်ထုတ်ခံရမည့် မည်သည့်အခြေအနေနှင့်မှ မကြုံတွေရသေးပေ။
သို့သော်လည်း ဤအခြေအနေက သိပ်ကြာကြာခံတော့မည် မဟုတ်ပေ။
ဆူဇီမိုက စိတ်ထဲကနေညည်းတွားလိုက်၏။
လောကတစ်ခုလုံးကို ဘုရင်ကအုပ်စိုးလေသည်။
သူသည် မင်းသားယွမ်ကျောကိုဆန့်ကျင်ခဲ့ပြီး ထိုသူသည်မဟာကျင်းအင်မော်တယ်နိုင်ငံ၏ တော်ဝင်မိသားစုမှလူတစ်ယောက်ဖြစ်၏။ သူက ဤကုန်းမြေတိုက်မှာရှိနေသေးသရွေ့ သူ့အတွက်နေစရာနေရာ မရှိသလောက်နီးပါးပင်။
သူက... တောင်ကြောရိုးတစ်ခုကိုရှာဖွေပြီး လိုဏ်ဂူတစ်ခုကိုဖောက်လုပ်မည်ဆိုလျှင်တောင် သူ့အနေဖြင့် ဆက်လက်ကျင့်ကြံဖို့က မလွယ်ပေ။
တစ်ယောက်ယောက်က သူ့ကိုသေချာပေါက်ရှာဖွေတွေ့ရှိသွားပေလိမ့်မည်။
ထိုစဥ်မှာပင် ဘေးဘက်ရှိတောအုပ်ထဲမှာ ကျင့်ကြံအချို့ကလျှောက်လှမ်းလာကြ၏။ သူတို့သည် မဟူရာအင်မော်တယ်များဖြစ်ကြသည့်ပုံပေါ်၏။ အဆင့်-၉ မဟူရာအင်မော်တယ်နှစ်ယောက်... အဆင့်-၈ မဟူရာအင်မော်တယ်သုံးယောက်နှင့် အဆင့်-၇ မဟူရာအင်မော်တယ်နှစ်ယောက်တို့ဖြစ်၏။
“အစ်ကိုလျှို... ကြယ်တာရာဂိုဏ်းက ကျုပ်တို့ကိုခေါ်မယ်လို့ထင်လား”
သူတို့ကြားထဲမှ ငယ်ရွယ်သောကျင့်ကြံသူတစ်ယောက်က မေးလိုက်၏။
နောက်ထပ်အသက်ပိုကြီးသော ကျင့်ကြံသူက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ခေါ်လောက်မှာပါ... ကြယ်တာရာဂိုဏ်းက မဟူရာအဆင့် ဂိုဏ်းတစ်ဂိုဏ်းပဲကို... ငါတို့မှာအခွင့်အရေးရှိတယ်”
“ကြယ်တာရာဂိုဏ်းတဲ့လား”
ဆူဇီမိုက အတွေးနက်စွာဖြင့်တီးတိုးရေရွတ်လိုက်၏။