လျှို့ဝှက်သတင်း
Vol. 137 Ch. 2043
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ သို့မဟုတ် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာပင် ဂိုဏ်းများကို အဆင့်သုံးဆင့် ခွဲခြားထားကြောင်း နဂါးအသူရာချောက်နက်မြို့တော်၏ မြို့တော်အရှင် ရှုရှစ်က ဆူဇီမိုကို တစ်ခါပြောခဲ့ဖူး၏။
မဟူရာအဆင့်၊ ကမ္ဘာမြေအဆင့်နှင့် ကောင်းကင်အဆင့်။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာမှာ ကောင်းကင်အဆင့် အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းသာ ရှိလေသည်။ သူတို့က တောင်တန်းပင်လယ် အင်မော်တယ်ဂိုဏ်း၊ အင်ပါယာလေဘုရားကျောင်း၊ ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်နှင့် အင်မော်တယ်ယန်ဂိုဏ်းတို့ ဖြစ်၏။
နဂါးအသူရာချောက်နက်ကြယ်၏ အသူရာချောက်နက်ထဲမှာတုန်းက ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်သည် နဂါးတစ်ကောင်၏ အလောင်းထဲသို့ ဝင်ရောက်ပြီး ၎င်းကို ပြန်လည် အသက်သွင်းကာ ထိုဂိုဏ်းများမှ ပညာရှင်များနှင့် တိုက်ခိုက်ခဲ့ဖူး၏။
ကောင်းကင်အဆင့်ဂိုဏ်းများ၏ ဂိုဏ်းချုပ်များက အင်မော်တယ်ဘုရင်များ ဖြစ်ကြ၏။
ကမ္ဘာမြေအဆင့်ဂိုဏ်းများ၏ ဂိုဏ်းချုပ်များက ပကတိအင်မော်တယ်အဆင့် ပညာရှင်များ ဖြစ်တတ်ကြလေသည်။
မဟူရာအဆင့်ဂိုဏ်းများ၏ ဂိုဏ်းချုပ်များကတော့ ကောင်းကင်အင်မော်တယ်များ ဖြစ်တတ်ကြ၏။
ကြယ်တာရာဂိုဏ်းသည် မဟူရာအဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်၏။
သူသည် အပြင်ဘက်မှာ ထိတ်လန့်တကြား ပုန်းကွယ်နေရသည်ထက် ဂိုဏ်းတစ်ဂိုဏ်းမှာ ပုန်းကွယ်ပြီး ကျင့်ကြံဖို့က ပို၍ အဆင်ပြေနိုင်ကြောင်း ဆူဇီမိုက သူ့ဘာသာသူ တွေးလိုက်၏။
ဤကဲ့သို့သော မဟူရာအဆင့်ဂိုဏ်းများကို မဟာကျင်းအင်မော်တယ်နိုင်ငံမှာ တွေ့ရများလေသည်။
မင်းသားယွမ်ကျောသည် နေရာတိုင်းမှာ အမဲလိုက်ပြီး မဟူရာအဆင့်ဂိုဏ်းတစ်ဂိုဏ်းသို့ ရောက်ရှိလာမည်ဆိုလျှင်တောင် သူက ထိုဂိုဏ်းသားများကို တစ်ယောက်ချင်း ရှာဖွေနိုင်မည် မဟုတ်ပေ။
မဟာကျင်းအင်မော်တယ်နိုင်ငံ၏ အစောင့်တပ်သားများက မြို့ကြီးများနှင့် ခံတပ်မြို့များကို စောင့်ကြပ်နေပြီး နေရာတိုင်းမှာ လိုက်လံရှာဖွေနေကြ၏။
အဲဒါက သူတို့၏ အကန့်အသတ်ဖြစ်နေခဲ့လေပြီ။
သူတို့အနေဖြင့် မဟူရာအဆင့်ဂိုဏ်းများသို့ ရောက်ရှိလာပြီး ထင်တိုင်းကျဲ ရှာဖွေဖို့က မဖြစ်နိုင်ပေ။ အလွန်ဆုံး သူတို့သည် အလိုရှိ ကြော်ငြာတစ်ခုကို ဖြန့်ဝေပေးရုံသာ တတ်နိုင်ပေလိမ့်မည်။
ယခုအချိန်မှာ ဆူဇီမိုအတွက် အရေးကြီးဆုံးအရာသည် တံခါးပိတ်ကျင့်ကြံပြီး သူ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့ဖြစ်၏။
သူသည် ဤတစ်ခေါက် အမြုတေစိတ်ဝိညာဉ် သတ္တုတွင်းကနေ ထွက်လာခဲ့ပြီးနောက် ပကတိတစ်ဆယ်ငရဲနှင့် ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်ခဲ့ရ၏။ သူသည် တိုက်ပွဲများစွာကို ဆင်နွှဲပြီး ပညာရှင်များအကြား တိုက်ခိုက်မှုများစွာကို တွေ့မြင်ခဲ့ရကာ လမ်းတစ်လျှောက် ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရ၏။
ထိုအရာများ အားလုံးသည် သူ့အတွက် အဖိုးတန်ဆုံး အတွေ့အကြုံများ ဖြစ်လေသည်။
ဒါ့အပြင် သူသည် လမ်းတစ်လျှောက် သူ၏ သိုလှောင်အိတ်ထဲမှာ စိတ်ဝိညာဉ်ဆေးလုံးများ၊ အမြုတေစိတ်ဝိညာဉ် ကျောက်တုံးများနှင့် အခြားသော ကျင့်ကြံရေး အရင်းအမြစ်များစွာကို စုဆောင်းခဲ့ပြီးလေပြီ။
သူသည် အဆင့်-၁ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းခါစဖြစ်၏။ သူ့မှာ လုံလောက်သည့် အရင်းအမြစ်များနှင့် အချိန်ရှိနေသရွေ့ သူ၏ ကျင့်ကြံမှုက အဟန့်အတားများစွာ ကြုံတွေ့ရခြင်း မရှိဘဲ အဆက်မပြတ် မြင့်တက်လာပေလိမ့်မည်။
ပို၍ အရေးကြီးသည်မှာ ဆူဇီမိုသည် ပြီးခဲ့သည့်နှစ်အတွင်း အကျိုးအမြတ်များစွာကို ရရှိထားခဲ့၏။
ကမ္ဘာမြေအမြုတေနယ်ပယ်သို့ အဆင့်ချိုးဖျက်တက်လှမ်းခြင်းက အဓိက မဟုတ်ပေ။
ပကတိတစ်ဆယ်ငရဲမှာ သူသည် ဗလာနယ်မိုးကြိုးကျင့်စဉ်ကို ရရှိခဲ့၏။
သူသည် မိုးကြိုးဧကရာဇ်၏ အမွေအနှစ်ကို တိုက်ရိုက်ဆက်ခံရရှိခဲ့ပြီး အကြောင်းအရာများစွာကို ကျင့်ကြံခြင်းမရှိဘဲ နားလည်ဆင်ခြင်နိုင်သော်လည်း အဲဒီမှာ သူကိုယ်တိုင် နားလည်ဆင်ခြင်ရမည့် အသိအမြင်တချို့ ကျန်ရှိနေသေး၏။
ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ငရဲဖိနှိမ်မီးဖို၏ တတိယမြောက်နံရံကို ပြန်လည်ပြင်ဆင်ခဲ့၏။
သူသည် ယခုအချိန်ထိ သူ့အား မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဉ် သင်ကြားပေးခဲ့သည့် လျှို့ဝှက်အတတ်ကို မကျင့်ကြံရသေးပေ။
သူသည် ငရဲဖိနှိမ်မီးဖို၏ တတိယမြောက်နံရံပေါ်မှာ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကိုလည်း နားလည်ဆင်ခြင်ခြင်း မပြုရသေးပေ။
အဲဒီမှာ လျှို့ဝှက်ဆန်းကြယ်သော သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးလည်း ရှိနေသေး၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် တွဲဖက်လာသော ဤရတနာမှာ အသုံးဝင်မှုများစွာ ရှိနေ၏။
ယခုအချိန်ထိကို ဆူဇီမိုသည် ထိုစွမ်းအင်များထဲမှ တစ်ခုကိုသာ ရှာဖွေတွေ့ရှိရသေး၏။
သူက အတွင်းမှာ ရှိသော လျှို့ဝှက်ချက်များကို နားလည်ဆင်ခြင်လိုသည်ဆိုလျှင် သူသည် တံခါးပိတ်ကျင့်ကြံရမည့် အချိန်ကာလရှည်တစ်ခုကို လိုအပ်၏။
ကျင့်ကြံရေးလမ်းခရီးက ရှည်လျားလေသည်။ လူတစ်ယောက်က ကံကောင်းပြီး အဆုံးမဲ့ အခွင့်အလမ်းများကို တွေ့ကြုံရရှိမည်ဆိုလျှင်တောင် သူတို့ကို ညတွင်းချင်း အောင်မြင်စွာ နားလည်ဆင်ခြင်နိုင်လိမ့်မည် မဟုတ်ပေ။
ကြယ်တာရာဂိုဏ်း၏ အဆင့်က မမြင့်မားသော်လည်း ဆူဇီမိုအတွက် ဇာတ်မြုပ်ပြီး အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေဖို့က ပို၍ သင့်လျော်လေသည်။
ထိုသို့အတွေးဖြင့် ဆူဇီမိုသည် ဝိုင်အိုးကို သယ်ပြီး လေထဲကနေ ပျံသန်းကာ စောစောက စကားပြောနေသော လူတချို့ထံသို့ ယိမ်းထိုးကာ သွားရောက်လိုက်၏။
“ဟေး.. အဲဒီမှာရှိတဲ့သူတွေ”
အနားသို့ မရောက်ခင်မှာပင် ဆူဇီမိုက အဝေးကနေ အော်ပြောလိုက်၏။
“ငါလခွမ်းတဲ့မှ.. ငါပြောနေတာ မင်းတို့ကိုကွ”
ယခု သူ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲထားပြီး သူ၏ စကားလုံးများနှင့် အပြုအမူများကလည်း ပြောင်းလဲသွားကာ မည်သူကမှ သူ့ကို မှတ်မိတော့မည် မဟုတ်ပေ။
တစ်ဖက်မှာ ရှိသော ကျင့်ကြံသူအချို့က မော့ကြည့်လိုက်ကြပြီး ခပ်လှမ်းလှမ်းမှ ဝိုင်နံ့တထောင်းထောင်းနှင့် အရုပ်ဆိုးဆိုး ကျင့်ကြံသူကို တွေ့မြင်လိုက်ရ၏။ သူတို့အားလုံးက ရွံ့ရှာစက်ဆုပ်သော အမူအရာများကို ထုတ်ဖော်လိုက်ကြ၏။
သို့သော်လည်း သူတို့ကြားမှာ အသက်ကြီးသော ကျင့်ကြံသူက တည်ငြိမ်သော အမူအရာဖြင့် ခပ်တိုးတိုးပြောလိုက်၏။
“အဲဒါက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ.. အားလုံးပဲ သူ့ကို ဒေါသထွက်အောင် မလုပ်ကြနဲ့”
“နှုတ်ဆက်ပါတယ် အဆင့်မြင့်အင်မော်တယ်”
အသက်ကြီးကြီး ကျင့်ကြံသူက ရှေ့သို့ ထွက်ရပ်ပြီး ဆူဇီမိုကို ဦးညွှတ်လိုက်၏။
အခြား ငယ်ရွယ်သော ကျင့်ကြံသူများက စိတ်မပါသော်လည်း သူတို့ကလည်း ဦးညွှတ်လိုက်ကြ၏။
ဆူဇီမိုသည် မြေပြင်ပေါ်မှာ ရှိသော လူတချို့ကို ယစ်မူးနေသော အမူအရာဖြင့် ကြည့်လိုက်၏။ သူက ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် လေတစ်ချက်တက်ကာ မေးလိုက်၏။
“ငါက ကြယ်တာရာဂိုဏ်းကို ဘယ်လိုသွားရမလဲ”
ငယ်ရွယ်သော ကျင့်ကြံသူတချို့ အထူးသဖြင့် အမျိုးသမီးကျင့်ကြံသူများသည် ရွံ့ရှာစက်ဆုပ်သော အမူအရာများနှင့်အတူ သူတို့၏ ခေါင်းကို အနည်းငယ် ငုံ့ထားကြ၏။ တကယ်ဆို သူတို့သည် ဆူဇီမိုကို ကြည့်ပင် မကြည့်လိုကြပေ။
အသက်ကြီးသော ကျင့်ကြံသူက ပြုံး၍ ပြောလိုက်၏။
“အဆင့်မြင့်အင်မော်တယ်.. ဒီလမ်းအတိုင်း အရှေ့ဘက်ကို ကီလိုမီတာ နှစ်ထောင်ကျော်လောက် သွားမယ်ဆိုရင် ကြယ်တာရာဂိုဏ်းရဲ့ တည်နေရာကို တွေ့ရပါလိမ့်မယ်”
“ကြယ်တာရာဂိုဏ်းမှာ အထင်ရှားဆုံး တောင်ထွတ်ခုနှစ်ခု ရှိတဲ့အတွက် အဲဒါကို မှတ်မိဖို့က လွယ်ပါတယ်”
“လခွမ်းတဲ့မှ… ငါ တကယ်ပဲ လမ်းပျောက်တော့မလို့”
ဆူဇီမိုက ဝိုင်ပြင်းများကို နောက်တစ်ဖန် မော့သောက်ပြီးနောက် အရှေ့ဘက်သို့ ယိမ်းထိုးကာ ထွက်ခွာသွား၏။
အခြားသော ကျင့်ကြံသူများက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။
“အဲဒီယစ်ထုပ်က ဘယ်နေရာကနေ ရောက်လာတာလဲ.. တော်တော် ရွံ့စရာကောင်းတာပဲ”
ငယ်ရွယ်သော အမျိုးသားတစ်ယောက်က ပြောလိုက်၏။
“အစ်ကိုလျှို.. ကျွန်မတို့ မိသားစုကလန်က စန်းယွီမြို့တော်ရဲ့ အနီးအနားဝန်းကျင်မှာ အတော်လေး သန်မာပါတယ်.. ကျွန်မတို့က အရက်သမားတစ်ယောက်ကို ဘာလို့ ကြောက်နေရတာလဲ”
အမျိုးသမီးငယ်တစ်ဦးက မေးလိုက်၏။
အသက်ကြီးကြီး ကျင့်ကြံသူက ခေါင်းခါပြလိုက်၏။
“မင်းတို့တွေ အပြင်ဘက်မှာ ခရီးသွားတဲ့အခါ ဘယ်သူ့ကိုမှ အထင်သေးလို့ မရဘူး.. သူက သေလောက်အောင် မူးယစ်နေတဲ့ပုံပေါ်ပေမဲ့ သူ့မှာ ဘာနည်းလမ်းတွေ ရှိမလဲ.. သူ့မှာ ဘယ်လိုအဆင့်အတန်း ရှိမလဲ ဘယ်သူသိမှာလဲ”
“ဒီနှစ်တွေထဲမှာ နေလတိုင်းပြည်ရဲ့ ရှေးတော်ဝင်မိသားစုတချို့က သူတို့ရဲ့ ပါရမီအရည်အချင်းရှိတဲ့ ဂိုဏ်းသားတွေကို ကြယ်တာရာဂိုဏ်းကို ဝင်ရောက်ဖို့ အမြဲတမ်း စေလွှတ်နေတာ.. အဲဒီလူက ရှေးတော်ဝင်မိသားစုတချို့က လာတာလည်း ဖြစ်ချင်ဖြစ်နေမှာ”
နောက်ထပ်လူတစ်ယောက်က မေးလိုက်၏။
“အစ်ကိုလျှို.. ကြယ်တာရာဂိုဏ်းနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက အမှန်ပဲလား.. အဲဒီ မဟူရာအဆင့်ဂိုဏ်းမှာ တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုနဲ့ ယှဉ်နိုင်တဲ့ ကျင့်ကြံရေး နည်းစနစ်တစ်ခုကို ဝှက်ထားတယ်ဆိုတာ တကယ်ပဲလား”
“အဲဒါက နှစ်ပေါင်းများစွာကြာအောင် ဆင်းသက်လာခဲ့တဲ့ ဆိုထုံးတစ်ခုပဲ.. အဲဒါက အမှန် ဟုတ် မဟုတ် ငါလည်း မသိဘူး”
အသက်ကြီးကြီး ကျင့်ကြံသူက ပြောလိုက်၏။
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နယ်မြေခြားဘုရင်တစ်ပါးက ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်ကို ရောက်လာပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်ခဲ့တယ်.. အင်မော်တယ်ဘုရင်တွေထဲမှာ ဘယ်သူကမှ သူ့ကို မယှဉ်နိုင်ခဲ့ဘူး.. နောက်ဆုံးမှာတော့ အဲဒီတောင်ကြောရိုးမှာ အင်မော်တယ်ဧကရာဇ်တစ်ပါးက သူ့ကို တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်”
“အဲဒီနောက် တောင်ကြောရိုးရဲ့ မြေပြင်အနေအထားက ပြောင်းလဲသွားပြီးတော့ တောင်ထွတ်ခုနှစ်ခုက ပေါ်ထွက်လာခဲ့တယ်.. ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ မြေပြင်တွေကလည်း မြင့်မားလာပြီးတော့ လက်ရှိ ကြယ်တာရာဂိုဏ်းကို ဖြစ်ပေါ်စေတာပဲ”
“အဲဒီအချိန်က စပြီး ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ဒဏ္ဍာရီ အမျိုးမျိုး ပေါ်ထွက်လာခဲ့တယ်.. အထင်ရှားဆုံးကတော့ အဲဒီ နယ်မြေခြားဘုရင်က သေဆုံးသွားပြီး အဲဒီတောင်ကြောရိုးမှာ သူ့ရဲ့ အမွေအနှစ်ကို ချန်ထားရစ်ခဲ့တယ်တဲ့.. အဲဒါက အဆင့်မြင့် ဂမ္ဘီရစိတ်ဝိညာဉ်လို့ ခေါ်တဲ့ ကျင့်ကြံရေး နည်းစနစ်တစ်ခုဖြစ်တယ်လို့ လူတချို့က ပြောကြတယ်.. ငါလည်း အတိအကျတော့ မသိဘူး”
သူ့နောက်မှာ ရှိသော လူတိုင်းက စိတ်ဝင်စားနေကြပြီး တစ်ယောက်က မေးမြန်းလိုက်၏။
“အဲဒီနောက်ပိုင်း ဘာဖြစ်သွားလဲ”
အသက်ကြီးသော ကျင့်ကြံသူက ပြုံးပြလိုက်၏။
“နောက်ပိုင်းတော့ ကျင့်ကြံသူတွေ အများကြီးက အဲဒီတောင်ကြောရိုးကို ရောက်လာပြီး အဲဒီ နယ်မြေခြားဘုရင်ရဲ့ အမွေအနှစ်ကို ဆက်ခံရယူချင်ကြတယ်.. သူတို့က အဲဒီနက်နဲသိမ်မွေ့တဲ့ ကျင့်ကြံရေး နည်းစနစ်ကို ရှာဖွေချင်ကြတယ်”
“စစချင်းတုန်းက ဂမ္ဘီရမိုးကောင်းကင်မဟာနယ်မြေက ကျင့်ကြံသူတွေအပြင်… မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေက.. နောက်ပြီး သုခဘုံသန့်စင်ကုန်းမြေနဲ့ မိစ္ဆာမဟာနယ်မြေက ကျင့်ကြံသူတွေတောင်မှ အဲဒီ အခွင့်အရေးကို ရရှိဖို့ ရောက်လာခဲ့ကြတယ်လို့ ပြောတယ်”
“ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့က လက်ဗလာနဲ့ ပြန်သွားကြရတယ်”
“ဒီတိုင်း ပြန်မသွားချင်တဲ့ ကျင့်ကြံသူတချို့ကတော့ အဲဒီတောင်ကြောရိုးကို စောင့်ကြည့်နေခဲ့ကြတယ်.. နောက်ပိုင်းမှာ သူတို့က တဖြည်းဖြည်း ဂိုဏ်းတစ်ဂိုဏ်းအဖြစ် ကြီးထွားလာပြီးတော့ လက်ရှိ ကြယ်တာရာဂိုဏ်းကို ဖြစ်လာစေခဲ့တာပဲ”
“ကြယ်တာရာဂိုဏ်းကို ပထမဆုံး တည်ထောင်တုန်းက အဲဒီမှာ ဦးဆောင်နေတဲ့ ပကတိအင်မော်တယ်တွေတောင် ရှိခဲ့တယ်”
“ဒါပေမဲ့ အချိန်ကြာလာတာနဲ့ ပထမဆုံးမျိုးဆက်က လူတွေက ဘာအခွင့်အလမ်းကိုမှ မရဘဲ အသက်အရွယ် အိုမင်းလာခဲ့ပြီး ကြယ်တာရာဂိုဏ်းကို ရောက်လာတဲ့ ကျင့်ကြံသူ အရေအတွက်ကလည်း လျော့ကျလာခဲ့တယ်”
“အခုချိန်မှာတော့ ငါတို့ နေလတိုင်းပြည်က ရှေးတော်ဝင်မိသားစုတချို့ကပဲ သူတို့ရဲ့ တပည့်ဂိုဏ်းသားတွေကို စေလွှတ်တော့တယ်.. တကယ်တော့ ငါတို့က မျှော်လင့်ချက် အများကြီးမထားတာ ကောင်းတယ်.. အဲဒါကို လေ့ကျင့်ရေး ခရီးစဉ်တစ်ခုလို့ပဲ သဘောထားပေါ့”
ထိုစကားကို ကြားသောအခါ လူတိုင်းက သက်ပြင်းချလိုက်ကြ၏။
အသက်ကြီးသော ကျင့်ကြံသူက သူ၏ ပခုံးကို တွန့်ပြီး ပြုံး၍ ပြောလိုက်၏။
“တကယ်တော့ အဲဒါတွေ အကုန်လုံးက ကောလာဟလတွေပဲ.. အဲဒီမှာ အရင်တုန်းက သေဆုံးသွားခဲ့တဲ့ ဘုရင်က တခြားနယ်မြေဒေသက လာတာမဟုတ်ဘဲနဲ့ တခြားကမ္ဘာတစ်ခုက လာတာလို့တောင် ပြောကြတယ်”
“တခြားကမ္ဘာလား”
လူတိုင်းက မှင်တက်သွားကြ၏။
အသက်ကြီးသော ကျင့်ကြံသူက ပြောလိုက်၏။
“သူက ငါတို့ရဲ့ ကောင်းကင်ဘုံကမ္ဘာက မဟုတ်ဘဲနဲ့ နောက်ထပ် တခြားကမ္ဘာက ဘုရင်တစ်ပါးပဲ”