← Chapters

ပြိုးပြိုးပြက်ပြက်

Vol. 137 Ch. 2047

ပြိုးပြိုးပြက်ပြက်

Vol. 137 Ch. 2047

“ငါ့လခွမ်းတဲ့မှ...”

ဆူဇီမိုသည် သူ၏ ယစ်မူးနေသောမျက်လုံးများကို ပြူးကျယ်ပြီး ပြေးဝင်လာသော ရှန်ကွမ်ကလန်းသားတချို့ကိုကြည့်လိုက်၏။

သူက တမင်ရည်ရွယ်ချက်ရှိရှိအော်ပြောလိုက်၏။

“ဘာလို့လဲ... ရှန်ကွမ်မိသားစုက အရမ်းကိုဗိုလ်ကျအုပ်စိုးချင်နေတာလား... ဒီကြယ်ငေးကြည့်စင်က ရှန်ကွမ်မိသားစုပိုင်တာမို့လို့လား”

အခြားသူများသည် ပြပွဲကို စောင့်ကြည့်နေကြပေလိမ့်မည်။ သို့သော်လည်း ကောင်းကင်အင်မော်တယ် အေးစက်အလင်းနှင့် ကြယ်တာရာဂိုဏ်း၏ အခြားနှစ်ယောက်ကတော့ မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကြ၏။

ကောင်းကင်အင်မော်တယ် အေးစက်အလင်းက ညင်သာစွာချောင်းဟန့်လိုက်၏။

ရှန်ကွမ်ကလန်သည် နေလတိုင်းပြည်၏ ကလန်ကြီးများထဲမှတစ်ခုဖြစ်သော်လည်း သူတို့က ကြယ်ငေးကြည့်စင်ပေါ်မှ အခြားသူများကို မောင်းထုတ်နေခြင်းကို သူ့မျက်စိအောက်မှာ ခွင့်ပြုပေးထားလို့ မဖြစ်ပေ။

ရှန်ကွမ်ကလန်သားအချို့၏ အမူအရာက ပျက်ယွင်းသွားပြီး ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်သွားကြ၏။

“ကဲ...တော်လောက်ပြီ”

ထိုစဥ်မှာပင် အေးစက်စက်အသံတစ်သံက ထွက်ပေါ်လာ၏။

ရှန်ကွမ်ချန်က လျှောက်လှမ်းလာပြီး သာမန်ကာလျှံကာလက်ပြလိုက်၏။

“နင်တို့တွေလူစုခွဲလို့ရပြီ... စမ်းသပ်ချက်အတွက် ပြင်ဆင်ထားကြ”

ရှန်ကွမ်ကလန်သားများက ထိုစကားကိုကြားသောအခါ ဆူဇီမိုကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီးနောက် ထွက်ခွာသွားကြ၏။

ရှန်ကွမ်ချန်သည် ဆူဇီမိုကို ဂရုမစိုက်သောပုံစံဖြင့် တစ်ချက်ကြည့်ပြီး သူနှင့်ခပ်လှမ်းလှမ်းမှာ မတ်တတ်ရပ်လိုက်၏။

ကြယ်ငေးကြည့်စင်ပေါ်မှာ လူတစ်ရာကျော်ရောက်ရှိနေပြီဖြစ်၏။

ကောင်းကင်အင်မော်တယ် အေးစက်အလင်းသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်ပြီး ဓမ္မပညာရပ်တစ်ခုကို ဆင့်ခေါ်လိုက်၏။ စိတ်ဝိညာဥ်အလင်းတစ်ခုက သူ၏ လက်ချောင်းထိပ်ကနေ တလိပ်လိပ်ထိုးထွက်လာပြီး ကြယ်ငေးကြည့်စင်ထဲသို့ ဝင်ရောက်သွား၏။

စမ်းသပ်ချက်က စတင်လေပြီ။

ကြယ်ငေးကြည့်စင်ပေါ်မှာ ကျင့်ကြံသူများက သူတို့၏ သွေးချီကို ခပ်မြန်မြန်လှည့်ပတ်ပြီး သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို ထုတ်ဖော်လိုက်ကြ၏။

သူတို့သည် ကြယ်တာရာကောင်းကင်ကို မော့ကြည့်ပြီး ကောင်းကင်ထက်ရှိကြယ်များနှင့် ချိတ်ဆက်မှုတစ်ခုတည်ဆောက်ကာ ကြယ်အလင်းရောင်ကို အသက်သွင်းချင်နေ၏။

ဆူဇီမိုတစ်ယောက်တည်းကသာလျှင် သူ၏ သွေးချီကို အတတ်နိုင်ဆုံးတည်ငြိမ်စေဖို့ ကြိုးစားနေပြီး တရားထိုင်နေသော ဘုန်းကြီးတစ်ပါးကဲ့သို့ အာရုံစိုက်နေ၏။

သူက လှုပ်ခတ်မှုများစွာဖြစ်စေမည်ကို စိုးရိမ်နေ၏။

သူသည် ကြယ်တာရာဂိုဏ်းသို့ဝင်ရောက်ပြီး ဇာတ်မြှုပ်နေချင်သည်ဆိုမှတော့... သူက သိပ်ပြီးထင်ထင်ပေါ်ပေါ်လုပ်နေလို့ မရပေ။

ကြယ်ငေးကြည့်စင်က သူ၏ မျိုးဆက်သွေးနှင့် တကယ်ပဲ ဆက်စပ်နေသည်ဆိုလျှင် သူကအစိမ်းရောင်ကြာပန်း မျိုးဆက်သွေးကို အသက်သွင်းလိုက်သည့်အချိန်မှာ အဲ့ဒါက ကြယ်ငေးကြည့်စင်ထံမှ ပြင်းထန်ကြမ်းတမ်းသောတုံ့ပြန်မှုတစ်ခုကို သေချာပေါက်ဖြစ်စေပေလိမ့်မည်။

ထိုအချိန်မှာ သူက ပေ၇၀ သို့မဟုတ် ပေ၈၀ မြင့်မားသောကြယ်အလင်းကို စုဖွဲ့နိုင်မည်ဆိုလျှင် လူတိုင်း၏ အာရုံစိုက်စရာဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ရှန်ကွမ်ကလန်သားများက သူတို့၏ သွေးချီကို သူတို့၏ အစွမ်းကုန်ဖြင့် လှည့်ပတ်နေစဥ်မှာတောင် ဆူဇီမိုက အေးဆေးတည်ငြိမ်နေဆဲ ဖြစ်ပြီး ငိုက်မျည်းနေသော မျက်လုံးများနှင့် အချိန်မရွေး အိက်မောကျသွားနိုင်သည့်ပုံရှိနေ၏။

အခြားတစ်ဘက်မှာတော့ ရှန်ကွမ်ချန်က လူတိုင်းကို စိတ်မပျက်စေပေ။

သူမစုဖွဲ့ထားသော ကြယ်အလင်းတန်း၏ အဝန်းဝိုင်းက ကျောကျူးရွှမ်ထက်ပင် ပို၍ကြီးမားနေ၏။

အသက်ငါးရှိုက်မြောက်မှာ အဲ့ဒါက ပေလေးဆယ်အမြင့်ကို ချိုးဖျက်သွားခဲ့လေပြီ။

အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် သူမသည် ပေငါးဆယ် သို့မဟုတ် ထိုထက်ပိုသောအမြင့်သို့ပင် ရောက်ရှိနိုင်ပေလိမ့်မည်။

“မဆိုးဘူးဘဲ... မဆိုးဘူး”

ကောင်းကင်အင်မော်တယ်အေးစက်အလင်းက ပြုံး၍တိတ်တဆိတ်ခေါင်းညိတ်လိုက်၏။

“ဒီတစ်ခေါက် ငါတို့က ပေငါးဆယ်ကြယ်အလင်းတန်းနဲ့လူနှစ်ယောက်ကိုရပြီ... သူတို့က တကယ့်ကို ရှားရှားပါးပါး ပြိုင်စံရှားတွေပဲ”

“ကံဆိုးတာကတော့... နောက်ဆုံးမှာ သူတို့တွေကို ကြယ်တာရာဂိုဏ်းက ထိန်းထားနိုင်မှာမဟုတ်ဘူး”

ဘေးမှာရှိသောအဖိုးအိုက ညင်သာစွာသက်ပြင်းချလိုက်၏။

နေလတိုင်းပြည်၏ မိသားစုကြီးငါးခုမှ ပါရမီရှင်များက ကြယ်တာရာဂိုဏ်းသို့ ဝင်ရောက်လာကြသည်မှာ အတိတ်ကာလ၏ မရေမရာသော ဒဏ္ဍာရီကြောင့်ဆိုတာ သူတို့သုံးယောက်ကသိရှိထား၏။

တစ်နေ့မှာ ဤပါရမီရှင်များက ဤနေရာကနေတစ်ဖန်ထွက်ခွာသွားကြပေလိမ့်မည်။

နောက်ဆုံးမှာတော့... ကြယ်တာရာဂိုဏ်းသည် မဟူရာအဆင့်ဂိုဏ်းအဖြစ်သာရှိနေခဲ့ပေလိမ့်မည်။ ဤပါရမီရှင်များက ပိုမိုကြီးမားသော အောင်မြင်မှုများကိုယူချင်သည်ဆိုလျှင် သူတို့သည် ကမ္ဘာ​မြေအဆင့်ဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်ရောက်ဖို့ သေချာပေါက်ကြိုးစားကြပေလိမ့်မည်။

တစ်ခဏချင်းမှာပင် အသက်ရှစ်ရှိုက်မြောက်ကိုရောက်ရှိသွား၏။

ရှန်ကွမ်ချန်၏ ဘေးပတ်လည်ရှိကြယ်အလင်းက ပေငါးဆယ်အမြင့်ကို ချိုးဖျက်သွားပြီဖြစ်၏။

ရှန်ကွမ်ချန်သည် ကျန်ရှိနေသောအသက်နှစ်ရှိုက်စာမှာ ပေခြောက်ဆယ်သို့မရောက်ရှိနိုင်သော်လည်း သူမကနည်းနည်းပို၍ မြင့်တက်နိုင်ဦးမည်ဖြစ်၏။

လူတိုင်းနီးပါး၏ မျက်လုံးများက ရှန်ကွမ်ချန်အပေါ် မမှိတ်မသုန်ရောက်ရှိနေကြ၏။ သူမနှင့် မလှမ်းမကမ်းမှာရှိသော ဆူဇီမိုက အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်နေသည်ကို မည်သူကမှသတိမထားမိကြပေ။

ဆူဇီမိုသည် သူ့ကိုယ်သူကောင်းကောင်းထိန်းချုပ်ထားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ မည်သည့်ကြယ်အလင်းရောင်မှ ပေါ်ထွက်မလာပေ။

သို့သော်လည်း စမ်းသပ်ချက်အဆုံးသတ်ဖို့ အသက်နှစ်ရှိုက်စာသာကျန်ရှိတော့သည်ကိုတွေ့ပြီး သူက သူ၏မျိုးဆက်သွေးတစ်စွန်းတစ်စကို အတတ်နိုင်ဆုံးဖုံးဖိ၍လှည့်ပတ်လိုက်၏။

ထိုစဥ်မှာပင် ဆူဇီမို၏ စိတ်ထဲသို့ သတိပေးချက်တစ်ခုဖျတ်ခနဲဝင်ရောက်လာ၏။ ဧရာမအလင်းတန်းတစ်ခုက သူ့ထံသို့ပြေးဝင်လာနေသည်ကို သူ၏ မျက်ဝန်းထောင့်ကနေ တွေ့မြင်လိုက်ရ၏။

ရှန်ကွမ်ချန်...

သူမသည် စောစောက တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမရှိသော်လည်း ရှန်ကွမ်ကလန်သားများကြားသို့ အရက်နံ့ဟောင်နေသော ရုပ်ဆိုးဆိုးဗလတောင့်တောင့် ယစ်ထုတ်တစ်ယောက် ဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ သူမက အလွန်တရာ ရွံရှာစက်ဆုပ်နေခဲ့ဆဲဖြစ်၏။

စမ်းသပ်မှုက ပြီးဆုံးတော့မည်ကိုကြည့်ပြီး ရှန်ကွမ်ချန်က ဤယစ်ထုတ်ကို သင်ခန်းစာတစ်ခုပေးဖို့ပြင်လိုက်၏။

သူမ၏ နည်းလမ်းက ရိုးရှင်းလေသည်။ တကယ်ဆို သူမသည် အဲ့ဒါကို ကိုယ်ဆိုင်လုပ်စရာပင်မလိုပေ။

ရှန်ကွမ်ချန်၏ မျက်လုံးထဲမှာ ဤယစ်ထုတ်သည် ဖုန်များဖြင့်ပေကျံနေပြီး အရက်နံ့ကဟောင်ထွက်နေ၏။ သူမက သူ့ကိုရိုက်မည်ဆိုလျှင် အဲ့ဒါက သူမကိုယ်တိုင်ညစ်ပတ်ရပေလိမ့်မည်။

ရှန်ကွမ်ချန်၏ ဘေးပတ်လည်ရှိ ကြယ်အလင်းတန်းက အတော်လေးကြီးမားသည့် အချင်းဝက်ရှိပြီး အဲ့ဒါကလူနှစ်ယောက်ကို ဝင်ဆံ့စေနိုင်၏။

သူမက ယစ်ထုတ်၏ ဘေးသို့ ရောက်ရှိလာသည်နှင့် သူမစုဖွဲ့ထားသည့် ပေးငါးဆယ်မြင့်မားသော ကြယ်အလင်းတန်းသည် ထိုသူကိုကြယ်ငေးကြည့်စင်ပေါ်ကနေ အလွယ်တကူတွန်းထုတ်နိုင်မည်ဖြစ်၏။

ဤယစ်ထုတ်ကို ကြယ်ငေးကြည့်စင်ပေါ်ကနေ ပစ်ချရခြင်းက သူ့အတွက်သင်ခန်းစာတစ်ခုဟု ဆိုရပေမည်။

တကယ်တော့... ဆူဇီမိုသည် ရှန်ကွမ်ချန်တွေးနေသည့်အရာကို မသိပေ။ သို့သော်လည်း တစ်စုံတစ်ယောက်က သူ့ထံသို့ချဥ်းကပ်လာသောအခါ သူကအောက်ဘက်သို့ လွင့်စင်မကျချင်ပေ။

ဘာပဲပြောပြောသူသည် စမ်းသပ်ချက်ကိုအခုချိန်ထိ မဖြတ်ကျော်ရသေးပေ။

ဆူဇီမိုသည် သူ့ကိုယ်သူအလိုလိုထိန်းညှိပြီး သူ၏ ခြေထောက်နှစ်ဖက်က ကြယ်ငေးကြည့်စင်ပေါ်မှာ အမြစ်တွယ်သွားသည်ဟုထင်ရ၏။

ရှန်ကွမ်ချန်၏ ကြယ်အလင်းက ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ပစ်တိုက်လိုက်သော်လည်း သူက တုတ်တုတ်မျှလှုပ်မသွားပေ။

ဆူဇီမို၏ ခန္ဓာကိုယ်က ကြယ်အလင်းတန်းထဲသို့ တဖြည်းဖြည်းနစ်ဝင်သွား၏။

အစကတော့ ဆူဇီမိုသည် သူ၏ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို အတတ်နိုင်ဆုံး ကြိုးစားထိန်းချုပ်ထားပြီး အဲ့ဒါက လုံးဝယိုစိမ့်မလာခဲ့ပေ။

သို့သော် ယခုအခါ ကြယ်အလင်းရောင်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုပစ်တိုက်သွားပြီး သူ၏ခန္ဓာကိုယ်က ကြယ်အလင်းဖြင့် ပြည့်လျှမ်းသွား၏။

ကြယ်အလင်းသည် အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးနှင့် မလွဲမသွေထိတွေ့မိသွားလေသည်။

ကြယ်အလင်းတန်းကို ရှန်ကွမ်ချန်က စုဖွဲ့ထားခြင်းဖြစ်သော်လည်း ကြယ်ငေးကြည့်စင်က မိုးကောင်းကင်နှင့် ချိတ်ဆက်ကာ အဲ့ဒါကိုဖြစ်ပေါ်စေခဲ့ခြင်းကြောင့်ဖြစ်၏။

ယခု... ကြယ်အလင်းက အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို အာရုံခံမိသွားပြီး အဲ့ဒါကို ကြယ်ငေးကြည့်စင်ကပါ အာရုံခံမိသွားခြင်းနှင့်တူညီလေသည်။

ထိုအခိုက်အတန့်မှာ လောကတစ်ခုလုံးက လှုပ်ခါသွားပြီး ရာသီဥတုကပြောင်းလဲသွား၏။

ထို့နောက်ချက်ချင်းပင် ဆူဇီမို၏ ခန္ဓာကိုယ်ကနေ ကျိန်းစပ်နေသော ကြယ်အလင်းတန်းတစ်ခုပေါက်ကွဲထွက်ပေါ်လာ၏။ ကြယ်အလင်းတန်း၏ အချင်းဝက်က အရမ်းကိုကြီးမားလွန်းပြီး ကြယ်ငေးကြည့်စင်တစ်ခုလုံးကိုပင်လွှမ်းခြုံသွား၏။

အစကတော့... ကြယ်ငေးကြည့်စင်ပေါ်မှာ ရှန်ကွမ်ကလန်သားတစ်ရာကျော်က မတ်တတ်ရပ်နေကြ၏။

ထိုစဥ်မှာပင် ဆူဇီမို၏ ခန္ဓာကိုယ်ကနေ ပစ်လွင့်ထွက်ပေါ်လာသော ကြယ်အလင်းတန်းကြောင့် ရှန်ကွမ်ကလန်သားတစ်ရာကျော်ကျော်သည် ကြယ်ငေးကြည့်စင်ပေါ်ကနေ ပစ်တိုက်ချခံလိုက်ရ၏။

ရှန်ကွမ်ချန်ပင်လျှင် အဲ့ဒါကိုမရှောင်တိမ်းနိုင်ပေ။

သူမသည်ဖြစ်ပျက်ခဲ့သည့်အရာကို လုံးဝမသိရှိလိုက်ဘဲ သူမက ယစ်ထုတ်နှင့် ပစ်တိုက်မိသွားရုံဟုသာ ခံစားလိုက်ရ၏။ ထို့နောက် မနှိုင်းယှဥ်သာအောင် ကြောက်စရာကောင်းသောစွမ်းအားတစ်ခုက ယစ်ထုတ်၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်ပေါ်လာပုံရပြီး သူမကို လွင့်စင်ထွက်သွားစေ၏။

သူမသည် သူမ၏ မျက်လုံးကို ဖွင့်ပြီး ကြည့်ချင်သော်လည်း သူမ၏ မြင်ကွင်းကို ကျိန်းစပ်နေသောအလင်းရောင်တစ်ခုက လွှမ်းခြုံသွား၏။ အဲ့ဒါက ဖြူဖွေးနေပြီး သူမက မည်သည့်အရာကိုမှ မတွေ့မြင်နိုင်တော့ပေ။

ကြယ်အလင်းရောင်က အရမ်းကိုသန်မာလွန်း၏။

အဲ့ဒါက သူမတစ်ယောက်တည်းသာလျှင်မဟုတ်ဘဲ အရှေ့ဘက်ဂိတ်တံခါးကနေစောင့်ကြည့်နေကြသော ကျင့်ကြံသူများစွာကလည်း ယာယီအားဖြင့် အမြင်အာရုံကွယ်ပျောက်သွားကြ၏။

လူတိုင်းသည် သူတို့၏ မျက်လုံးများကို မှိတ်လျှင်မှိတ် မဟုတ်လျှင် သူတို့၏ ခေါင်းများကိုငုံ့ကာ အဲ့ဒါကို ရှောင်တိမ်းလိုက်ကြ၏။

လူအုပ်ကြီးထံမှ အံ့အားတသင့်ရေရွတ်သံများထွက်ပေါ်လာ၏။

ရှောင်တိမ်းဖို့နှေးကွေးသွားသောကျင့်ကြံသူအချို့သည် ကြယ်ငေးကြည့်စင်ကနေ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားကြီးမားသည့် ကြယ်အလင်းရောင်ကြောင့် ယာယီအားဖြင့် အမြင်အာရုံကွယ်ပျောက်သွားပြီး သူတို့၏ မျက်နှာများပေါ်မှာ မျက်ရည်များက စီးကျလာ၏။

လက်ရှိ မဟူရာအင်မော်တယ်များနှင့် ကမ္ဘာမြေအင်မော်တယ်များကို မပြောနှင့်...။

ဝင်ခွင့်စမ်းသပ်ပွဲကို ဧည့်ကျင်းပပေးနေသည့် ကြယ်တာရာဂိုဏ်း၏ ကောင်းကင်အင်မော်တယ် ပညာရှင်သုံးဦးပင်လျှင် တုန်လှုပ်သွားကြ၏။

သူတို့သည် ဘေးတိုက်တစ်ချက်စွေကြည့်ပြီး သူတို့၏ မျက်လုံးများကို အလိုလိုမှေးကျဥ်းလိုက်ကြ၏။

သူတို့ပင်လျှင် ကြယ်အလင်းရောင်ကြောင့် ယာယီအားဖြင့် အမြင်အာရုံကွယ်ပျောက်သွား၏။

ကောင်းကင်အင်မော်တယ်ပညာရှင်သုံးဦးသည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို ခပ်မြန်မြန်ထုတ်ဖော်ပြီး သူတို့၏ မျက်လုံးများကိုကာကွယ်ဖို့အတွက် အမြုတေချီကိုလှည့်ပတ်လိုက်ကြ၏။

ကောင်းကင်အင်မော်တယ် အေးစက်အလင်းက တုံ့ဆိုင်းခြင်းမရှိဘဲ စက္ခုနည်းစနစ်နှင့် လျှို့ဝှက်အတတ်တစ်ခုကိုစုဖွဲ့လိုက်၏။

သူက သူ၏ မျက်လုံးကိုဖွင့်ဖို့ အတတ်နိုင်ဆုံးကြိုးစားပြီး ကြယ်ငေးကြည့်စင်ကိုကြည့်နေ၏။

“အို...”

ထိုအကြည့်တစ်ချက်က သူ၏ အမူအရာကို ပြောင်းလဲသွားစေပြီး သူ့ကို လေထဲကနေပြုတ်ကျလုနီးပါးဖြစ်သွားစေ၏။

All Chapters