← Chapters

ကြယ်တာရာဂိုဏ်းကို တုန်လှုပ်စေခြင်း

Vol. 137 Ch. 2048

ကြယ်တာရာဂိုဏ်းကို တုန်လှုပ်စေခြင်း

Vol. 137 Ch. 2048

ကောင်းကင်အင်မော်တယ်အေးစက်အလင်း၏ မြင်ကွင်းထဲမှာ ဧရာကြယ်အလင်းတန်းတစ်ခုက ကြယ်ငေးကြည့်စင်ပေါ်ကနေ ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ထိုးတက်သွား၏။

မိုးကောင်းကင်ထက်မှာ သန်းနှင့်ချီသောကြယ်များက တောက်ပလာပြီး အဆုံးမဲ့ကြယ်အလင်းရောင်များက ပြန့်ကျဲကျဆင်းကာ ကြယ်အလင်းတန်းနှင့်ချိတ်ဆက်သွား၏။

ကြယ်အလင်းတန်းကို ဆယ်ပေအမြင့်နှုန်းဖြင့် ဆက်လက်၍မတိုင်းတာနိုင်တော့ပေ။

ကြယ်အလင်းတန်းက ကောင်းကင်နှင့် မြေကြီးနှင့် ကြယ်များကို ချိတ်ဆက်မိသွားခဲ့လေပြီ။

“အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”

“ဘာတွေဖြစ်ကုန်တာလဲ”

ကောင်းကင်အင်မော်တယ်အေးစက်အလင်းက သူ၏ ခေါင်းကိုခါယမ်းပြီး မျက်တောင်မခတ်မိဖို့ အတတ်နိုင်ဆုံး ကြိုးစားနေ၏။

တကယ်ဆို သူ့ရှေ့မှာရှိအရာရာတိုင်းက သူ၏ ထင်ယောင်ထင်မှားမြင်ကွင်းတစ်ခုဟုပင် သူကတွေးမိနေ၏။

ကြယ်ငေးကြည့်စင်ပေါ်မှာ ဤပြင်းထန်ကြမ်းတမ်းသောတုံ့ပြန်မှု၏ မူလလက်သည်တရားခံဖြစ်သော ဆူဇီမိုကလည်း တုန်လှုပ်နေ၏။

သူသည် သူ့ကိုယ်သူအတတ်နိုင်ဆုံးကြိုးစား၍ ထိန်းချုပ်ခဲ့ပြီး မည်သည့်စိတ်အာရုံကိုမှမဆွဲဆောင်ဘဲ သိုသိုသိပ်သိပ်နေနိုင်မည်ဟု တွေးထင်ထားခဲ့၏။

သို့သော်လည်းကြောက်စရာကောင်းသော တိုက်ဆိုင်မှုအချို့ဖြင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကြယ်ငေးကြည့်စင်မှ ဤကဲ့သို့ ပြင်းထန်ကြမ်းတမ်းသောတုံ့ပြန်မှုတစ်ခုကို နှိုးဆွခဲ့မိလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။

တကယ်တော့... ကြယ်ငေးကြည့်စင်က ဤကဲ့သို့ ပြင်းထန်သောတုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်မှာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကြောင့်သာမဟုတ်ဘဲ အဲ့ဒါသည် ဆူဇီမို၏ မျက်လုံးထဲရှိ ဂမ္ဘီရကျောက်တုံးနှစ်တုံးဖြစ်သော မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးကြောင့်လည်း ဖြစ်လေသည်။

ကြယ်အလင်းတန်းက ထွက်ပေါ်လာပြီးနောက် ဤတစ်ခေါက်ရုတ်ရုတ်သဲသဲအခြေအနေက အတော်လေးကြီးမားသွားပြီကို ဆူဇီမိုက သိရှိလိုက်၏။

သူကလည်း စိုးရိမ်ကြောင့်ကြလာခဲ့၏။

ကြယ်အလင်းတန်းက ပျက်ပြယ်မသွားဘူးဆိုလျှင် အဲ့ဒါက အလွန်ကြီးမားသည့် ဂယက်တစ်ခုကို သေချာပေါက်ဖြစ်စေပေလိမ့်မည်။

သူသည် ကြယ်တာရာဂိုဏ်းမှာ ဆက်လက်၍ရေနေနိုင်တော့မည်မဟုတ်ပေ။

ထိုစဥ်မှာပင် ဆူဇီမို၏ အသိစိတ်ထဲမှာ ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ်ဖြစ်ပွားလာ၏။

အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်သည် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကိုကိုင်ဆွဲပြီး ဖန်တီးခြင်းကြာခုံပေါ်မှာ တစ်ချိန်လုံးထိုင်နေခဲ့၏။

ထိုအခိုက်အတန့်တွင် အစိမ်းရောင်ကြာပန်း​ အမြုတေစိတ်ဝိညာဥ်၏ လက်ထဲရှိ သုံးပါးရတနာကျောက်စိမ်းဆောင်ဝှေးသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး အနည်းငယ်တုန်ယင်လာ၏။

ထို့နောက် သူ့ကိုလွှမ်းခြုံထားသော အဆုံးမဲ့ကြယ်အလင်းရောင်က သွားစရာနေရာတစ်ခုရှာတွေ့သွားသည့်အလား သူ၏ ဦးခေါင်းထိပ်ကနေတစ်ဆင့် သူ၏ အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာခဲ့၏။

သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးသည် အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဥ်၏ လက်ထဲကနေ ထွက်ခွာပြီး သူ၏ အသိစိတ်အထက်ရှိလေထဲသို့ ရောက်ရှိလာကာ အနည်းငယ်တုန်ယင်နေ၏။

သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၏ ရှေ့တွင်ရှိသော မင်္ဂလာတိမ်စိုင်ပေါ်မှာ ခပ်မှိုင်းမှိုင်းပုတီးစေ့သုံးစေ့ကို နှစ်မြှုပ်ထားလေသည်။

အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဥ်၏ ရှေ့မှာပင် ကြယ်အလင်းတန်းက ပုတီးစေ့သုံးစေ့ထဲမှတစ်စေ့ထဲသို့ တလိပ်လိပ်တိုးဝင်သွား၏

ပုတီးစေ့က ခပ်​ဖျော့ဖျော့အရောင်တစ်ခုကို စတင်ဖြာထုတ်ပေးလာ၏။

သေချာအာရုံစိုက်၍ ကြည့်မည်ဆိုလျှင် ပုတီးစေ့ထဲမှာ ခပ်ပါးပါးကြယ်များကဲ့သို့ ကြယ်အလင်းတချို့က လွင့်မျောနေပုံရသည်ကို ခပ်ရေးရေးတွေ့မြင်နိုင်လေသည်။

ဆူဇီမိုက ကြောင်အ,မှင်တက်နေ၏။

ဖန်တီးခြင်းကြာပဒုမ္မာ၏ အမွေအနှစ်မှတ်ဉာဏ်များအရ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၏ ဦးခေါင်းပေါ်ရှိ ပုတီးစေ့သုံးစေ့မှာ တကယ်ပင်စွမ်းအားကြီးမားသောနောက်ခံတစ်ခုရှိနေ၏။

သူတို့က အနန္တပုတီးစေ့များဖြစ်လေသည်။

ပုတီးစေ့သုံးစေ့ကို ကစဉ့်ကလျားကာလမှာ နေ၊ လနှင့် ကြယ်တို့၏ အမြုတေကနေ စုဖွဲ့ထားပြီး ကောင်းကင်၊ ကမ္ဘာမြေနှင့် လူသားတို့ကို ကိုယ်စားပြုလေသည်။

သူတို့သည် ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းခံရပြီး တာအိုနှင့်အတူယှဥ်တွဲကာ တည်ရှိလာခဲ့၏။

သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးမှာ သုံးပါးရတနာဟူသော ဝေါဟာရသည် ထိုအနန္တပုတီးစေ့သုံးစေ့ကို ရည်ညွှန်းလေသည်။

ဆူဇီမိုသည် အနန္တပုတီးစေ့သုံးစေ့၏ မူလဇာစ်မြစ်ကိုသိရှိထားသော်လည်း သူတို့ကို ဘယ်လိုအသုံးပြုရမလဲနေနေသာ သူတို့ကိုဘယ်လိုအသက်သွင်းရမလဲပင် အခုချိန်ထိမသိရှိရသေးပေ။

ရုတ်တရက်ဆန်သော အပြောင်းအလဲတစ်ရပ်က ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ခုကို ဖျတ်ခနဲဝင်ရောက်လာစေ၏။

ဤုအနန္တပုကတီးစေ့သုံးစေ့ကို နေ၊ လနှင့် ကြယ်တို့၏ အမြုတေကနေ စုဖွဲ့ထားသည်ဆိုလျှင် စောစောက ကြယ်အလင်းရောင်ကိုစုပ်ယူခဲ့သည့် ပုတီးစေ့သည် ကြယ်ပုတီးစေ့ဖြစ်ဖို့များလေသည်။

သူသည် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၏ လျှို့ဝှက်ဆန်းကြယ်သော နောက်ထပ်အချိုးအစားတစ်ခုကို အမှတ်မထင်ရှာဖွေဖော်ထုတ်နိုင်တော့မည်ဟု ဆူဇီမိုက ထင်ယောင်မိလာ၏။

သို့သော် ယခုအချိန်က ထိုရတနာကိုလေ့လာရမည့်အချိန် မဟုတ်သေးပေ။

သူက ကြယ်ငေးကြည့်စင်ပေါ်မှာရှိနေပြီး ကြီးမားသည့် ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ်ကိုဖြစ်စေခဲ့၏။ ယခုအချိန်မှာ အရေးကြီးဆုံး အရာသည် စိတ်အာရုံများစွာကို ဆွဲဆောင်ခြင်းမရှိဘဲ မည်သို့မည်ပုံ ရုန်းထွက်နိုင်မလဲဖြစ်၏။

အစကတော့ ဆူဇီမိုသည် ဖရိုဖရဲအခြေအနေကိုအခွင့်ကောင်းယူကာ ထွက်ခွာဖို့ရည်ရွယ်ထား၏။

သို့သော်ယခု... သူ့ဘေးပတ်လည်မှာရှိသောကြယ်အလင်းရောင်ကို အနန္တပုတီးစေ့များထဲမှတစ်စေ့က ကုန်စင်အောင် စုပ်ယူသွားခဲ့ပြီး နောက်ထပ်မည်သည့်ဖြစ်စဥ်မှ မကျန်ရှိတော့ပေ။

သူက မလိမ့်တပတ်နှင့် ပြဿနာကိုရှောင်လွှဲဖို့သာ ကြိုးစားရပေတော့မည်။

အခြားတစ်ဘက်မှာတော့... ။

ကောင်းကင်အင်မော်တယ်အေးစက်အလင်းက သူ၏ ခေါင်းကိုခါပြီး သတိကပ်နေစေဖို့ အတတ်နိုင်ဆုံးကြိုးစားနေ၏။ သို့သော်လည်း သူ၏ မျက်လုံးကို တစ်ချက်မှိတ်ပြီး တစ်ဖန်ပြန်ဖွင့်လိုက်သည့်အချိန်မှာ သူက ပါးစပ်အဟောင်းသားဖြင့် နေရာမှာပင် မှင်တက်သွားရ၏။

စောစောက တွေ့မြင်ခဲ့ရသော ပြိုးပြိုးပြက်ပြက်ကြယ်အလင်းတန်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

စောစောက သူမြင်ခဲ့သည့်အရာရာတိုင်းသည် သူ၏ ထင်ယောင်ထင်မှားအမြင်တစ်ခု ဖြစ်ခဲ့သည့်အလားပင်။

ကောင်းကင်အင်မော်တယ် အေးစက်အလင်းက မျက်မှောင်ကြုတ်လိုက်၏။

ယခုအခါကြယ်ငေးကြည့်စင်ပေါ်တွင် နေရာမှာပင် ခေါင်းငိုက်စိုက်ကျနေသော ယစ်ထုတ်တစ်ယောက်သာလျှင် ကျန်ရစ်ခဲ့၏။

သူ၏ ဝိုင်အိုးက ကြေမွနေပြီး သူကဝိုင်များဖြင့်ပေကျံနေ၏။ သူသည် လိပ်ပြာလွင့်မတတ်ကြောက်လန့်နေသည့်အလား သူ့မှာ ငေးငိုင်နေသောအမူအရာတစ်ခုရှိနေ၏။

အခြားသောကောင်းကင်အင်မော်တယ်နှစ်ယောက်ကလည်း သူတို့၏ ငေးငိုင်ရာကနေ နိုးထလာပြီး မေးလိုက်၏။

“ဘာတွေဖြစ်ကုန်တာလဲ... စောစောက ဘာဖြစ်သွားခဲ့တာလဲ”

“ငါလည်းမသိဘူး”

ကောင်းကင်အင်မော်တယ်အေးစက်အလင်းက ခေါင်းခါပြလိုက်၏။

သူသည် အဲ့ဒါကို မည်သို့မည်ပုံရှင်းပြရမလဲမသိတော့ပေ။

“အဲ့ဒါက... ဟိုလူနဲ့များဆိုင်နေမလား”

ကောင်းကင်အင်မော်တယ် အေးစက်အလင်းက ကြယ်ငေးကြည့်စင်ပေါ်မှ အရက်သမားကို အတန်ကြာသည်အထိ စိုက်ကြည့်နေ၏။ သူ၏ စိတ်ဝိညာဥ်အသိစိတ်က သူ့ကိုအကြိမ်ရေအနည်းငယ် စစ်ဆေးကြည့်ရှုလိုက်သော်လည်း သူကထူးခြားမှုတစ်စုံတစ်ရာကို ရှာမတွေ့နိုင်ပေ။

ဤယစ်ထုတ်က သာမန်အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်လေသည်။

ခဏနေပြီးနောက် အခြားသောကျင့်ကြံသူများကလည်း တဖြည်းဖြည်းသတိဝင်လာကြ၏။

ကြယ်ငေးကြည့်စင်ပေါ်ကနေ ပြုတ်ကျလာခဲ့သော ရှန်ကွမ်ကလန်သားများသည် မူးဝေထုံထိုင်းနေကြ၏။ သူတို့ပြန်လည်သတိဝင်လာကြသည့်အချိန်မှာ ရှေ့မှာရှိသော ဖြစ်စဥ်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

ဘာဖြစ်ခဲ့သလဲ... သူတို့သည် လုံးဝမသိတော့ပေ။ သူတို့၏ ဘေးမှာ အလင်းရောင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်ကိုသာမြင်လိုက်ရပြီး သူတို့က ဘာမှမသိဘဲ လွင့်စင်ကျလာခဲ့၏။

“ဘာဖြစ်သွားခဲ့တာလဲ”

“ငါလည်းမသိဘူး... ကြယ်ငေးကြည့်စင်ပေါ်မှာ စောစောက တစ်ခုခုပေါက်ကွဲသွားတဲ့ပုံပဲ... အဲ့ဒါက ကြီးမားတဲ့အလင်းရောင်တစ်ခု ပေါက်ကွဲထွက်လာတာဖြစ်မယ်... အဲ့ဒါက အရမ်းကိုတောက်ပလွန်းတော့ ငါ့ရဲ့မျက်လုံးတွေက ဘာမှရှင်းရှင်းလင်းလင်းမမြင်ရတော့ဘူး”

လူအုပ်ကြီးထဲမှာ ဆွေးနွေးပြောဆိုသံများက ဆက်တိုက်ထွက်ပေါ်လာ၏။

ရှန်ကွမ်ချန်က မျက်မှောင်ကြုတ်ပြီး ကြယ်ငေးကြည့်စင်ပေါ်မှ ယစ်ထုတ်ကို အဓိပ္ပါယ်ပါပါစိုက်ကြည့်နေ၏။

အခြားသူများသည် ထိုအခိုက်အတန့်မှာ ဖြစ်ပျက်ခဲ့သည့်အရာကို သိရှိလိမ့်မည်မဟုတ်​ပေ။ သို့သော်လည်း ကြောက်စရာကောင်းသော စွမ်းအားနှင့် ​ကျိန်းစပ်နေသောကြယ်အလင်းသည် ထိုယစ်ထုတ်၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်ပေါ်လာခြင်းဖြစ်ပုံရသည်ကို သူမကရှင်းလင်းစွာခံစားမိနိုင်ခဲ့၏။

သို့သော်လည်း ဤယစ်ထုတ်က အရမ်းကိုသာမန်ပုံစံသာဖြစ်၏။

သူကကြယ်ငေးကြည့်စင်ကနေ ဤကဲ့သို့ ကြီးမားသောတုံ့ပြန်မှုတစ်ခုကို ဘယ်လိုလုပ်ဖြစ်စေနိုင်ပါ့မလဲ ။

“ဂျူနီယာညီမရှန်ကွမ်... မင်းအဆင်ပြေရဲ့လား”

ထိုအခိုက်အတန့်မှာ ညင်သာသောအသံတစ်သံထွက်ပေါ်လာ၏။

ကျောကျူးရွှမ်က သူမ၏ ဘေးသို့ရောက်ရှိလာပြီး သူ၏ လက်ကိုဆန့်ထုတ်ပေးကာ သူမကိုညင်သာစွာထူမပေးလိုက်၏။

“ကျွန်မမဆင်ပြေပါတယ်'

ရှန်ကွမ်ချန်က သူမ၏ ခေါင်းကိုခါပြီး စိတ်အာရုံပျက်ယွင်းနေပုံဖြင့် ပြန်ဖြေလိုက်၏။ သူမ၏ အတွေးများသည် ကြယ်ငေးကြည့်စင်ပေါ်မှ ယစ်ထုတ်အပေါ်သာရောက်ရှိနေဆဲဖြစ်၏။

အခြားတစ်ဘက်မှာတော့ ရှဲထျန်ဖုန့်နှင့် လင်းမင်ကလည်း ခပ်လှမ်းလှမ်းကနေပြေးလာခဲ့၏။

သူတို့က ပြေးလာနေစဥ်မှာပင် ကျောကျူးရွှမ်က သူတို့ထက်ဦးသွားခဲ့လေပြီ။

လင်းမင်က တည်တံ့စွာဖြင့် ပြောလိုက်၏။

“ဂျူနီယာညီမရှန်ကွမ်... စောစောက ရုတ်ရုတ်သဲသဲအခြေအနေကို ဖြစ်စေပြီး မင်းကိုထိခိုက်အောင်လုပ်ခဲ့တဲ့သူက ဟိုယစ်ထုတ်မလား... ငါသူ့ကိုကောင်းကောင်းဆုံးမလိုက်မယ်”

“ငါလည်းသူ့ကိုဆုံးမပေးမယ်”

ရှဲထျန်ဖုန့်ကလည်း ရှေ့တက်ကာ​ပြောလိုက်၏။

“ငါအဲ့ဒီယစ်ထုတ်ကောင်ကို ငါကြည့်မရတာကြာပြီ”

တကယ်တော့... သူတို့နှစ်ယောက်သည် ဟိတ်ဟန်ထုတ်ပြချင်ပြီး သူမ၏ အမျက်ဒေါသများကို ​တစ်စုံတစ်ယောက်အပေါ် ပုံချပေးချင်ရုံသာဖြစ်၏။

သို့သော်လည်း သူတို့ပြောလိုက်သည့်စကားက အမှန်ပင်ဖြစ်သည်ကို သူတို့ကိုယ်တိုင်ပင်မသိရှိပေ။

ဤအခိုက်အတန့်မှာ ကြယ်တာရာဂိုဏ်းမှာ ပုံရိပ်များစွာက ပေါ်ထွက်လာ၏။

တစ်ခဏတွင်းမှာပင် လူအတော်များများက လျှပ်စီးလိုအမြန်နှုန်းဖြင့် အပြေးအလွှားရောက်ချလာ၏။ သူတို့အများစုက အိုမင်းနေကြလေပြီ။

သူတို့က တောင်တန်းဂိတ်တံခါး၏ အထက်သို့ ရောက်ရှိလာကြ၏။

ဦးဆောင်လာသောသူက ခံ့ညားသောရုပ်ရည်သွင်ပြင်ရှိလေသည်။ သူ၏ ဆံပင်များက မီးခိုးရောင်ဖြစ်ပြီး သူ၏ လက်ထဲမှာ မြင်းမြီးကျာပွတ်တစ်ခုကိုကိုင်ဆွဲထား၏။

သူ၏ မျက်လုံးများက တောက်ပ၍နက်ရှိုင်းနေပြီး သူ၏ အော်ရာက စွမ်းအားကြီးမားလေသည်။ ရောက်လာသောသူက ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းချုပ် အဆင့်-၉ ကောင်းကင်အင်မော်တယ် ကြယ်တာရာမိုး​ဖြစ်လေသည်။

ကြယ်ငေးကြည့်စင်ပေါ်မှာ ရုတ်ရုတ်သဲသဲအခြေအနေက ကြယ်တာရာဂိုဏ်းကိုပင် လှုပ်ခတ်သွားစေ၏။

များပြားလှစွာသော အကြီးအကဲများနှင့် မဟာအကြီးအကဲများက တံခါးပိတ်ကျင့်ကြံကြံရာကနေ ထွက်လာခဲ့ကြလေသည်။

All Chapters