မိုလင်း
Vol. 137 Ch. 2049
“ဘာဖြစ်တာလဲ”
ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းချုပ် ကြယ်တာရာမိုးက ကောင်းကင်အင်မော်တယ် အေးစက်အလင်းနှင့် အခြားနှစ်ယောက်ကို ကြည့်ပြီး တည်ကြည်လေးနက်စွာ မေးလိုက်၏။
ကောင်းကင်အင်မော်တယ် အေးစက်အလင်းက ခဏမျှ တွေဝေတုံ့ဆိုင်းနေပြီး ပြောလိုက်၏။
“ဘာလို့လဲတော့ မသိဘူး.. ကြယ်ငေးကြည့်စင်ပေါ်ကနေ ကြီးမားတဲ့ ကြယ်အလင်းရောင်တစ်ခုက ရုတ်တရက် ပစ်လွင့်ထွက်ပေါ်လာပြီးတော့ စင်ပေါ်က ကျင့်ကြံသူတွေ အကုန်လုံးကို တိုက်ချပစ်လိုက်တယ်”
ထိုသို့ပြောရင်း ကောင်းကင်အင်မော်တယ် အေးစက်အလင်းသည် ကြယ်ငေးကြည့်စင်ပေါ်မှ အရက်မူးနေသောလူကို ကြည့်လိုက်၏။
ယခုအချိန်မှာ ထိုယစ်ထုပ်တစ်ယောက်တည်းကသာလျှင် ကြယ်ငေးကြည့်စင်ပေါ်မှာ ကျန်ရစ်ခဲ့၏။
“ငါလခွမ်းတဲ့မှ..”
ထိုယစ်ထုပ်က သူ၏ ငေးငိုင်ရာကနေ ယခုတင် နိုးထလာပုံရပြီး ကြယ်ငေးကြည့်စင်ကို ဖနောင့်ဖြင့် ထပ်တလဲလဲ ပေါက်ကာ တတွတ်တွတ်ပြောဆိုလိုက်၏။
“ဒီကြေးတက်နေတဲ့ ပစ္စည်းက ဘာဖြစ်နေတာလဲ.. ဒီကြယ်ငေးကြည့်စင်က တစ်ခုခု မှားယွင်းနေတာပဲ ဖြစ်ရမယ်.. ငါဖြင့် လန့်သွားတာပဲ”
ဂိုဏ်းချုပ်ကြယ်တာရာအလင်းနှင့် သူ၏ နောက်ဘက်မှ အကြီးအကဲများသည်လည်း ဆူဇီမိုကို တစ်ချက်ကြည့်ပြီး ထူးခြားမှု တစ်စုံတစ်ရာကို ရှာမတွေ့ပေ။
ဒါ့အပြင် စောစောက ဖြစ်ပေါ်ခဲ့သော ကြီးမားသည့် ရုတ်ရုတ်သဲသဲ အခြေအနေသည် အဆင့်-၁ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကြောင့် ဖြစ်လာခြင်း ဖြစ်လိမ့်မည်ဟု သူတို့က မယုံကြည်ကြပေ။
ကောင်းကင်အင်မော်တယ် အေးစက်အလင်းက ဆက်ပြောလိုက်၏။
“စောစောတုန်းက ဖြစ်စဉ်တစ်ခု ပေါ်ထွက်လာပြီးတော့ အဆုံးမသတ်တဲ့ ကြယ်အလင်းတစ်ခုက ကောင်းကင်ထက်နေ ဆင်းသက်လာပြီး ကြယ်အလင်းတန်းနဲ့ ချိတ်ဆက်သွားတဲ့ပုံပဲ.. ဒါပေမဲ့…”
ခဏမျှ ရပ်တန့်ပြီးနောက် သူက ပြောလိုက်၏။
“ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကြယ်အလင်းတန်းက လုံးဝ ပျောက်ကွယ်သွားတဲ့ပုံပဲ”
“ပျောက်ကွယ်သွားတာလား”
ဂိုဏ်းချုပ် ကြယ်တာရာမိုးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
တကယ်တော့ စောစောက ဖြစ်ပျက်ခဲ့သည့်အရာကို သူတို့က မတွေ့မြင်ခဲ့ရပေ။ အလွန်ကြီးမားသည့် စွမ်းအင်အတက်အကျတစ်ခု ပေါ်ထွက်လာပြီး ကျိန်းစပ်နေသော အလင်းရောင်ကို အာရုံခံမိပြီးမှ သူတို့က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာကြခြင်းဖြစ်၏။
တောင်တန်းဂိတ်တံခါးပတ်လည်မှ ကျင့်ကြံသူများကတော့ သူတို့သည် ပြိုးပြိုးပြက်ပြက် ကြယ်အလင်းရောင်ကြောင့် သူတို့၏ မျက်လုံးများ ကျိန်းစပ်သွားပြီး အဖြစ်အပျက် အတိအကျကို မတွေ့မြင်ခဲ့ရပေ။
ကောင်းကင်အင်မော်တယ် အေးစက်အလင်းတစ်ယောက်တည်းကသာလျှင် ဖြစ်စဉ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရ၏။
သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးက အရမ်းကို တိုတောင်းလွန်း၏။ သူက အဲဒါကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလျှင်တောင် သူက အဲဒါကို မယုံကြည်နိုင်ဖြစ်နေ၏။
ကြယ်ငေးကြည့်စင်ပေါ်မှာ ဖြစ်ခဲ့သောအရာက တကယ်ပင် အမှန်ပဲလား။
ကြယ်တာရာဂိုဏ်း၏ မှတ်တမ်းများထဲမှာပင်လျှင် ဤကဲ့သို့သော ဖြစ်စဉ်မျိုးကို ဖော်ပြထားခြင်း မရှိသည့်ပုံပင်။
လူတစ်ယောက်၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယက ဤကဲ့သို့သော ဖြစ်စဉ်တစ်ခုကို နှိုးဆွပေးနိုင်လိမ့်မည်ဟု ကောင်းကင်အင်မော်တယ် အေးစက်အလင်းက သေချာပေါက် မယုံကြည်ပေ။
ကြယ်တာရာဂိုဏ်းကို ပထမဆုံး တည်ထောင်ခဲ့စဉ်က ကောင်းကင်ဘုံကမ္ဘာ၏ ပြိုင်စံရှားများနှင့် ပြန်ဝင်စား မွန်းစတားများက အလွန်ဆုံး ပေရှစ်ဆယ် သို့မဟုတ် ပေကိုးဆယ် မြင့်မားသော ကြယ်အလင်းတန်းများကိုသာ စုဖွဲ့နိုင်ခဲ့၏။
စောစောက ကြယ်အလင်းတန်းသည် ကောင်းကင်နှင့်မြေကြီးကို တိုက်ရိုက်ချိတ်ဆက်ထားခဲ့လေသည်။
ဤကဲ့သို့သော ဖြစ်စဉ်တစ်ခုကို လူသားတစ်ယောက်က ဘယ်လိုလုပ် ဖန်တီးနိုင်ပါ့မလဲ။
ဂိုဏ်းချုပ် ကြယ်တာရာမိုးက ခဏမျှ စဉ်းစားတွေးတောပြီး ပြောလိုက်၏။
“အေးစက်အလင်း.. စမ်းသပ်စစ်ဆေးပွဲကို ဆက်ပြီးတော့ ကျင်းပလိုက်.. ငါ ဒီကနေ စောင့်ကြည့်နေမယ်”
“ကောင်းပါပြီ”
ကောင်းကင်အင်မော်တယ် အေးစက်အလင်းက ခေါင်းညိတ်၍ ထုတ်ဖော်ကြေညာလိုက်၏။
“စောစောက ကြယ်ငေးကြည့်စင်ပေါ်မှာ ခန္ဓာကိုယ်ပေါ်ကနေ ကြယ်အလင်းရောင်ကို နှိုးဆွပေးနိုင်တဲ့ ကျင့်ကြံသူတွေက ငါ့ရှေ့ကို လာပြီး မင်းတို့ရဲ့ ဂိုဏ်းတံဆိပ်ပြားကို လာယူကြ”
အစကတော့ လင်းမင်နှင့် ရှဲထျန်ဖုန့်သည် ဆူဇီမိုကို ပြဿနာ သွားရှာချင်ကြ၏။
သို့သော်လည်း ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းချုပ်က ဤနေရာသို့ ရောက်ရှိလာသည်ကို တွေ့မြင်သောအခါ လောလောဆယ်မှာ သူတို့က အဲဒါကို လက်လျှော့လိုက်ရ၏။
ရှန်ကွမ်ချန်နှင့် ရှန်ကွမ်ကလန်သားများစွာက ကောင်းကင်အင်မော်တယ် အေးစက်အလင်းထံသို့ လျှောက်လှမ်းသွားကြ၏။
ဆူဇီမိုကလည်း ကြယ်ငေးကြည့်စင်ပေါ်ကနေ ဆင်းသက်ပြီး ကောင်းကင်အင်မော်တယ် အေးစက်အလင်းထံသို့ ဒယီးဒယိုင် လျှောက်လှမ်းသွား၏။
ရှန်ကွမ်ကလန်သားများစွာက သူတို့၏ ဂိုဏ်းတံဆိပ်ပြားများကို တစ်ယောက်ပြီးတစ်ယောက် လက်ခံယူလိုက်ကြ၏။
ကြယ်တာရာဂိုဏ်းမှာ မဟူရာအင်မော်တယ်များကို အပြင်ဂိုဏ်းတပည့်များဟုသာ သတ်မှတ်နိုင်လေသည်။ သူတို့သည် သီးခြားကျင့်ကြံဖို့အတွက် လိုဏ်ဂူခန်းဝါများကို မရရှိဘဲ ကြယ်တာရာဂိုဏ်း၏ တောင်ကြောရိုးများမှာ သူတို့ကိုယ်ပိုင် နေစရာနေရာများကို သွားရောက်ရှာဖွေရမည်ဖြစ်၏။
လူတစ်ယောက်က ကမ္ဘာမြေအင်မော်တယ်နယ်ပယ်မှာ ရှိနေမည်ဆိုလျှင် ထိုသူသည် ကြယ်တာရာဂိုဏ်း၏ တောင်ထွတ်ခုနှစ်ခုမှာ သူ့ကိုယ်ပိုင် လိုဏ်ဂူခန်းဝါကို ရယူခြင်း သို့မဟုတ် အလျင်လူများ၏ လစ်လပ်နေသော လိုဏ်ဂူခန်းဝါတစ်ခုကို သူ့ကိုယ်ပိုင်အဖြစ် ရွေးချယ်ခြင်း ပြုလုပ်နိုင်မည်ဖြစ်၏။
ဆူဇီမိုသည် ကောင်းကင်အင်မော်တယ် အေးစက်အလင်းရှေ့သို့ မည်သည့် ကြောက်ရွံ့မှုမှ မရှိဘဲ ရောက်ရှိလာခဲ့၏။ သူက လက်သီးနှစ်ဖက်ကို သာမန်ကာလျှံကာ ယှက်ပြီး သူ၏ လက်ဖဝါးကို အရိုင်းဆန်ဆန် ဖြန့်ထုတ်ကာ ဂိုဏ်းတံဆိပ်ပြားကို တောင်းခံလိုက်၏။
သူ၏ လှုပ်ရှားမှုတိုင်းက ယစ်ထုပ်တစ်ယောက်ဟူသော သူ၏ သရုပ်သကန်နှင့် ကိုက်ညီနေပြီး ထူးခြားမှု တစ်စုံတစ်ရာ မရှိပေ။
“မင်းလား”
ကောင်းကင်အင်မော်တယ် အေးစက်အလင်းက မျက်မှောင်ကြုတ်ပြီး ဆူဇီမိုကို တစ်ချက်ကြည့်ကာ မှင်သေသေဖြင့် ပြောလိုက်၏။
“ငါကြည့်ထားရသလောက်ဆိုရင် စောစောက မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘာကြယ်အလင်းရောင်မှ မပေါ်ခဲ့ဘူးထင်တယ်”
“ဘယ်ဟုတ်ပါ့မလဲ”
ဆူဇီမိုက ငိုက်မျဉ်းစွာဖြင့် စိုက်ကြည့်ပြီး ငြင်းဆန်လိုက်၏။
“ကျုပ်ရဲ့ ကြယ်အလင်းရောင်က နောက်ပိုင်းမှ ပေါ်လာခဲ့တာ”
တကယ်တော့ သူ၏ မျိုးဆက်သွေးကို ဖိနှိမ်ခဲ့ရခြင်းကြောင့် ပထမ အသက်ရှစ်ရှိုက်စာအတွင်း မည်သည့်ကြယ်အလင်းရောင်မှ တကယ်ပင် ပေါ်ထွက်မလာခဲ့ပေ။
နောက် အသက်နှစ်ရှိုက်စာမှာ ရုတ်တရက်ဆန်သော အပြောင်းအလဲတစ်ခုက ကြယ်ငေးကြည့်စင်ပေါ်မှာ ဖြစ်ပွားခဲ့ပြီး ဆူဇီမို၏ ခန္ဓာကိုယ်ကနေ ကြယ်အလင်းရောင်များ ပစ်လွင့်ထွက်ပေါ်လာသည်ကို မည်သူကမှ သေချာမမြင်လိုက်ရပေ။
ကောင်းကင်အင်မော်တယ် အေးစက်အလင်းက တုံ့ဆိုင်းနေစဉ်မှာပင် ဘေးမှာရှိသော ရှန်ကွမ်ချန်က ရုတ်တရက် ဝင်ပြောလိုက်၏။
“စီနီယာ… အဲဒီလူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကြယ်အလင်းရောင် ပေါ်ခဲ့တယ်ဆိုတာ တကယ်ပါ.. ကျွန်မက သူနဲ့ အနီးဆုံးဆိုတော့ အဲဒါကို မြင်မိလိုက်တယ်”
ကောင်းကင်အင်မော်တယ် အေးစက်အလင်း၏ အမူအရာက ပျော့ပြောင်းသွား၏။
ရှန်ကွမ်ချန်သည် ဤယစ်ထုပ်နှင့် လုံးဝ သိကျွမ်းထားခြင်း မရှိပေ။ သူမ၏ အဆင့်အတန်းနှင့် ကျင့်ကြံမှုအရ သူမက ဤကဲ့သို့သော အကြောင်းအရာကို လိမ်ညာပြောဆိုလိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် ကြယ်တာရာဂိုဏ်း၏ ဝင်ခွင့်စစ်ဆေးပွဲမှာ လူတစ်ယောက် ပိုတိုးလာခြင်းက ဘာမှ ကွာခြားမှု မရှိပေ။
ကောင်းကင်အင်မော်တယ် အေးစက်အလင်းက တုံ့ဆိုင်းခြင်း မရှိဘဲ ဂိုဏ်းတံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ မေးလိုက်၏။
“နာမည်”
“မိုလင်း”
ဆူဇီမိုသည် သူ၏ အစစ်အမှန်နာမည်ကို ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ပေ။ ထိုအစား သူသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ မဟာကျိုးမြို့တော်မှာ သူ ဇာတ်မြုပ်နေထိုင်ခဲ့စဉ်က သုံးခဲ့သော နာမည်ကိုသာ ထုတ်ဖော်ပြောဆိုလိုက်၏။
ကောင်းကင်အင်မော်တယ် အေးစက်အလင်း၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွား၏။
သူ့လက်ထဲရှိ တံဆိပ်ပြားပေါ်မှာ မိုလင်းဟူသော စကားလုံးက ပေါ်ထွက်လာခဲ့၏။
ဂိုဏ်း၏ အခြားတစ်ဖက်မှာ အတွင်းဂိုဏ်းဟူသော စာလုံးရှိနေ၏။
ဆူဇီမိုသည် ဂိုဏ်းတံဆိပ်ပြားကို လက်ခံယူပြီး သွားဖြဲလိုက်၏။
“ကြယ်တာရာဂိုဏ်းကို ဝင်ရောက်ခွင့်ရတာ တကယ့်ကို ကောင်းချီးပေးခံရတာပါပဲ.. ဘယ်လောက်တောင် ကြီးမားတဲ့ ဂုဏ်ယူဖွယ်ရာလဲ”
ထိုသို့ပြောရင်း သူက အခြားသူများ၏ အကြည့်များကို လျစ်လျူရှုကာ သူ၏ သိုလှောင်အိတ်ထဲကနေ ဝိုင်တစ်အိုးကို ထုတ်ယူပြီး အားရပါးရ မော့သောက်လိုက်၏။
“မိုလင်း..”
ရုတ်တရက် ရှန်ကွမ်ချန်၏ အသံက ဆူဇီမို၏ စိတ်ထဲမှာ ပေါ်ထွက်လာ၏။
“စောစောက ကြယ်ငေးကြည့်စင်ပေါ်မှာ ရုတ်ရုတ်သဲသဲ အခြေအနေကို ဖြစ်စေခဲ့တာက နင်ဆိုတာ ငါသိတယ်နော်”
ထိုသို့ပြောပြီးနောက် ရှန်ကွမ်ချန်က တစ်ခုခုကို ရှာဖွေဖော်ထုတ်ချင်သည့်အလား ဆူဇီမိုကို စိုက်ကြည့်နေ၏။
သို့သော်လည်း ဆူဇီမိုသည် မည်သည့်အရာကိုမှ မကြားလိုက်ရသည့်အလား သူ၏ လှုပ်ရှားမှုကို လုံးဝ ရပ်တန့်လိုက်ခြင်း မရှိပေ။
သူသည် ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်ပြီးမှ ဝိုင်အိုးကို ပြန်လည်သိမ်းဆည်းလိုက်၏။ သူက နီမြန်းနေသော မျက်နှာနှင့် မူးဝေနေသော မျက်လုံးများနှင့်အတူ ရှန်ကွမ်ချန်အနားသို့ ချဉ်းကပ်လာခဲ့၏။
“ဟီးဟီး”
ဆူဇီမိုက ရယ်မော၍ လျှို့ဝှက်ဆန်းကြယ်သယောင် ပြောလိုက်၏။
“နင်ပြောတာ မှန်တယ်.. အဲဒါကို ငါလုပ်လိုက်တာလေ.. ဘယ်လိုလဲ အထင်ကြီးစရာကောင်းတယ်မလား”
ယစ်မူးနေသော ဆူဇီမိုက ချဉ်းကပ်လာသည်ကို တွေ့မြင်သောအခါ ရှန်ကွမ်ချန်သည် ရွံ့ရှာစက်ဆုပ်သော အမူအရာတစ်ခုကို ထုတ်ဖော်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။
သူမသည် မူးယစ်နေပုံရသော ဆူဇီမိုကို ကြည့်ပြီး သူမ၏ ခန့်မှန်းချက်က မရေမရာဖြစ်သွား၏။
စောစောက သူမသည် ကြယ်တာရာဂိုဏ်းကို ဝင်ရောက်နိုင်ဖို့ ဆူဇီမိုအတွက် ပြောပေးခဲ့သည်မှာ သူမက သူ့ကို သံသယဝင်နေသောကြောင့် ဖြစ်၏။
စောစောက ရှန်ကွမ်ချန် ပြောခဲ့သည့်စကားက စမ်းသပ်ချက်တစ်ခုမျှသာဖြစ်၏။
ဆူဇီမိုက မကြားချင်ယောင်ဆောင်နေမည်ဆိုလျှင် သို့မဟုတ် ထူးခြားမှုတစ်စုံတစ်ရာကို ထုတ်ဖော်မည်ဆိုလျှင် အဲဒါက သူမ၏ ခန့်မှန်းချက် မှန်ကန်သည်ဟု အတည်ပြုပေးပေလိမ့်မည်။
သို့သော် ယခု ဤလူက အဲဒါကို ပေါ်ပေါ်ထင်ထင် ဝန်ခံနေပြီး ရှန်ကွမ်ချန်က စိတ်ထဲမှာ ချီတုံချတုံ ဖြစ်လာခဲ့၏။
ဒီလူ့ပုံစံ ကြည့်ရတာ ရူးကြောင်မူးကြောင်နဲ့.. သူက အရက်မူးပြီး သူ့ကိုယ်သူ ကြွားလုံးထုတ်နေတာဖြစ်ဖို့များတယ်…
ထိုသို့အတွေးဖြင့် ဆူဇီမိုသည် ရှန်ကွမ်ချန်ကို လျစ်လျူရှုပြီး သူမ၏ နောက်ဘက်ရှိ ရှန်ကွမ်ကလန်သားများဘက်သို့ ဆုတ်ခွာသွား၏။
လင်းမင်နှင့် ရှဲထျန်ဖုန့်က ထိုသည်ကို တွေ့မြင်သောအခါ သူတို့က တစ်စုံတစ်ရာကို အကောက်ကြံနေသည့်ပုံဖြင့် စိမ်းသက်သော အမူအရာများနှင့်အတူ လှောင်ရယ်လိုက်ကြ၏။
“အဲဒီလူက ဘာဖြစ်လို့လဲ”
ကျောကျူးရွှမ်က ရှန်ကွမ်ချန်၏ ထူးခြားမှုကို သတိထားမိသွားပြီး ညင်သာစွာ မေးလိုက်၏။
“ဘာမှ မဟုတ်ပါဘူး”
ရှန်ကွမ်ချန်က သူမ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“ကျွန်မ အတွေးလွန်နေတာနေမှာပါ”