တဒင်္ဂကအချိန်
Vol. 137 Ch. 2051
“ငါတို့ဘာလုပ်ရမလဲ”
ရှဲထျန်ဖုန့်က မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“မင်း ဒီဝင်္ကပါကို ချေဖျက်နိုင်မလား”
“အစီအရင်ဝင်္ကပါအကြောင်း ငါမသိဘူး”
လင်းမင်က သူ၏ ခေါင်းကို ညင်သာစွာခါပြီး ပြုံးပြလိုက်၏။
“ညီကိုရှဲ... ဒီအစီအရင်ဝင်္ကပါကိုချေဖျက်ဖို့အတွက် မင်းရဲ့နတ်ဘုရားစွမ်းအားနဲ့ လျှို့ဝှက်အတတ်တွေကို ဘာလို့မထုတ်ဖော်တာလဲ”
သူတို့နှစ်ယောက်စလုံးသည် ကမ္ဘာမြေအင်မော်တယ်များဖြစ်ပြီး သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက ဆူဇီမိုထက်များစွာသာလွန်လေသည်။
သူတို့သည် အစီအရင်ဝင်္ကပါများနှင့်ပတ်သက်၍ ဘာကိုမှမသိရှိသော်လည်း သူတို့သည် အဲ့ဒါကိုအတင်းအကျပ်ဖျက်ဆီးဖို့ ကြိုးစားမည်ဆိုပါက ရနိုင်သည့်အခွင့်အရေးရှိလေသည်။
ရှဲထျန်ဖုန့်က အဲ့ဒါကိုတွေးမိသော်လည်း သူက လှုပ်ရှားမှုမပြုလုပ်ပေ။
ဘာပဲပြောပြော ဤနေရာသည် ပင်မတောင်ထွတ်အဲခိတ်၏ အလယ်ကြောဖြစ်၏။ သူက ဝင်္ကပါကိုအတင်းအကျပ်ဖျက်ဆီးမည်ဆိုလျှင် အဲ့ဒါက သေချာပေါက် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပေလိမ့်မည်။
ဂိုဏ်းသားအချင်းချင်း၏ လိုဏ်ဂူခန်းဝါများကို တိုက်ခိုက်ခြင်းက ကြီးလေးသောကိစ္စဖြစ်၏။ ဂိုဏ်းအကြီးအကဲများက အဲ့ဒါအတွက် သူတို့ကိုအပြစ်ပေးမည်ဆိုလျှင် အဲ့ဒါက ထိုက်တန်လိမ့်မည်မဟုတ်ပေ။
ရှဲထျန်ဖုန့်က လှောင်ရယ်လိုက်၏။
“ငါ့ရဲ့အဆင့်အတန်းက ဘာလဲ... ဒီလို ယစ်ထုတ်တစ်ကောင်ကိုဆုံးမဖို့အတွက် ငါကအဲ့ဒါကို ကိုယ်တိုင်လုပ်နေစရာလိုလို့လား”
“သူက ဒီလိုဏ်ဂူခန်းဝါထဲမှာ အမြဲတမ်းပုန်းနေနိုင်လိမ့်မယ်လို့တော့ ငါမထင်ဘူး”
“အမှန်ပေါ့... စောင့်ကြည့်ဖို့အတွက် ငါတို့တစ်ယောက်ယောက်ကိုလွှတ်ထားလို့ရတာပဲ”
လင်းမင်ကလည်း ခေါင်းညိတ်ပြလိုက်၏။
သူတို့နှစ်ယောက်က ရှားရှားပါးပါးသဘောတူညီမှုရရှိသွားပြီး လမ်းခွဲလိုက်ကြ၏။
လိုဏ်ဂူခန်းဝါထဲမှာ ဆူဇီမိုသည် အပြင်ဘက်မှလူနှစ်ယောက်ကို လျစ်လျူရှုပြီး တံခါးပိတ်ကျင့်ကြံမှုကို စတင်နေပြီဖြစ်၏။
ဤတစ်ခေါက် တံခါးပိတ်ကျင့်ကြံမှုမှာ သူနားလည်ဆင်ခြင်လိုသည့်အရာများစွာရှိနေ၏။
သူ၏ ကျင့်ကြံမှုနယ်ပယ်ကို မြှင့်တင်ရမည့်အပြင် သူသည်ဗလာနယ်မိုးကြိုးကျင့်စဥ်၊ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၊ နတ်ဆင်အသက်ရှုခြင်းနည်းစနစ်နှင့် မဟူရာကုန်းလိပ် လျှို့ဝှက်အတတ်တို့အပြင် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၏ လျှို့ဝှက်ဆန်းကြယ်မှုတို့ကိုလည်း ရှာဖွေဖော်ထုတ်ရမည်ဖြစ်၏။
ဆူဇီမိုသည် ခဏမျှစဥ်းစားတွေးတောပြီးနောက် ငရဲဖိနှိမ်မီးဖို၏ တတိယနံရံပေါ်ရှိ သုတ္တန်ကို အရင်ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်၏။
ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်က တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုဖြစ်၏။ ဆူဇီမိုသည် မဟူရာအမြုတေနယ်ပယ်မှာရှိခဲ့စဥ်က ကျင့်ကြံဖို့အတွက် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကိုအသုံးပြုနိုင်ရန် ထိုကျင့်စဉ်က သူ့အား ကူညီပေးခဲ့၏။
အဲ့ဒါက ပို၍ပြီးပြည့်စုံလာမည်ဆိုလျှင် သူ၏ ကျင့်ကြံမှုအရှိန်အဟုန်က ပို၍လျင်မြန်လာမည်ဖြစ်၏။ ဒါ့အပြင် ယခုအချိန်ထိကို အထက်ဘုံသို့တက်လှမ်းလာပြီးနောက် ဤတဗူးဂမ္ဘီရကျင့်စဥ်သည် သူ၏ အခြေခံအုတ်မြစ်ဖြစ်ခဲ့ပြီး သူအဓိကကျင့်ကြံထားသည့် ကျင့်ကြံရေးနည်းစနစ်လည်းဖြစ်၏။
ဆူဇီမိုသည် ငရဲဖိနှိမ်မီးဖိုကို ထုတ်ယူပြီး တတိယမြောက်မီးဖိုနံရံပေါ်သို့ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထည့်သွင်းလိုက်၏။ ၎င်းပေါ်မှာ ရှေးဟောင်းသက္ကတဘာသာစာလုံးများက တဖြည်းဖြည်းလင်းလက်လာ၏။
ထိုရှေးဟောင်းစာလုံးများက အလွန်တရာရှုပ်ထွေးလေသည်။
သူတို့ကိုကျင့်ကြံဖို့က အလွန်ခဲယဉ်းသော်လည်း ကံကောင်းထောက်မစွာဖြင့် ဆူဇီမိုသည် ပထမအပိုင်းနှစ်ပိုင်း၏ အခြေခံအုတ်မြစ်ကိုရရှိထားခဲ့ပြီး သူ၏ ကျင့်ကြံမှုက ပို၍ချောမွေ့လာခဲ့၏။
အချိန်က တဖြည်းဖြည်းကုန်ဆုံးသွား၏။
လိုဏ်ဂူခန်းဝါ၏ အပြင်ဘက်မှာ ကျင့်ကြံသူဘယ်လောက်များများရောက်လာသည်ဖြစ်စေ... ပြန်သွားသည်ဖြစ်စေ... ကိစ္စမရှိပေ။ ဂိုဏ်းမှာ မည်သို့သောအပြောင်းအလဲများ ပေါ်ထွက်လာသည်ဖြစ်စေ ဆူဇီမိုက လှုပ်ရှားယိမ်းယိုင်ခြင်းမရှိဘဲ ဆက်လက်၍ တံခါးပိတ်ကျင့်ကြံနေခဲ့၏။
ပုံမှန်အခြေအနေမှာဆိုလျှင် ကျင့်ကြံသူများသည် ဂိုဏ်းမှာရှိသော အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို ရယူချင်ပါက သူတို့သည် ဂိုဏ်းကနေသတ်မှတ်ပေးထားသည့် တာဝန်အချို့ကို ပြီးမြောက်အောင်ဆောင်ရွက်ပြီး တာဝန်ကျေပွန်အမှတ်များကို စုဆောင်းကာ ကျင့်ကြံရေးအရင်းအမြစ်အချို့နှင့် လဲလှယ်ရယူရမည်ဖြစ်၏။
သို့သော်လည်း ဆူဇီမိုက ထိုသို့လုပ်ဖို့လုံးဝမလိုအပ်ပေ။။
ယခင်... အမြုတေစိတ်ဝိညာဥ်သတ္တုတွင်း၊ ပကတိမိုးကြိုးမြို့တော်နှင့် ဧကရာဇ်ဂူသင်္ချိုင်းမှာ သူသည် တိုက်ပွဲပေါင်းများစွာကိုကြုံတွေ့ခဲ့ရ၏။ အခြားသူများ၏ သိုလှောင်အိတ်များကို ကောက်ယူခဲ့ခြင်းဖြင့်ပင် သူက အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများ၊ အမြုတေစုဖွဲ့ဆေးလုံးများနှင့် အခြားသောကျင့်ကြံရေးအရင်းအမြစ်များစွာကို စုဆောင်းခဲ့မိပြီဖြစ်၏။
တစ်ခဏချင်းမှာပင် ဆူဇီမိုတံခါးပိတ်ကျင့်ကြံခဲ့သည်မှာ ၃၂၉ နှစ် ကြာသွားခဲ့ပြီဖြစ်၏။
လိုဏ်ဂူခန်းဝါထဲမှာ ဆူဇီမို၏ ဘေးတွင် အမြုတေစိတ်ဝိညာဥ်ကျောက်တုံး ဆယ်တုံးရှိနေ၏။
သူ၏ ခန္ဓာကိုယ်ကနေ ရွှေရောင်ချီမျှင်ဆယ်ခု ဖြာထွက်နေပြီး သူတို့ကအမြုတေစိတ်ဝိညာဥ်ကျောက်တုံးများထဲသို့ ဝင်ရောက်ကာ အထဲမှာရှိသော ကောင်းကင်နှင့်မြေကြီး အမြုတေချီကိုစုပ်ယူနေ၏။
သူ၏ ဘေးပတ်လည်ရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီက သိပ်သည်းစုဖွဲ့လာပြီး လိုဏ်ဂူခန်းဝါတစ်ခုလုံးက မြူခိုးများဖြင့် သုခဘုံတစ်ခုကဲ့သို့ဖြစ်နေ၏။
ရုတ်တရက်ဆိုသလို...
ဆူဇီမိုက ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ အော်ရာက တလိပ်လိပ်ထိုးတက်လာ၏။ သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ဘေးပတ်ဝန်းကျင်ရှိမြူခိုးများကို ဝါးမျိုလိုက်၏။
လိုဏ်ဂူခန်းဝါတစ်ခုလုံးက ၎င်း၏ ကြည်လင်ရှင်းလင်းမှုကို ပြန်လည်ရရှိလာ၏။
အဆင့်-၂ ကမ္ဘာမြေအမြုတေနယ်ပယ်..။
နှစ်သုံးရာကျော်ကျော်နှင့် ကမ္ဘာမြေအမြုတေနယ်ပယ်မှာ နောက်ထပ်အဆင့်တစ်ခုသို့ သူကချိုးဖျက်တက်လှမ်းနိုင်ခဲ့သည်ကို အခြားသူများသိမည်ဆိုလျှင် သူတို့ကသေချာပေါက် ပါးစပ်အဟောင်းသားဖြစ်သွားပေလိမ့်မည်။
သူသည် ဤကဲ့သို့သောအမြန်နှုန်းကိုရရှိနိုင်သည့် အဓိက အကြောင်းအရင်းမှာ ငရဲဖိနှိမ်မီးဖို၏ တတိယမြောက်နံရံက ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ပို၍ပြီးပြည့်စုံစေခဲ့သောကြောင့်ဖြစ်၏။
ယခုအချိန်မှာ ဆူဇီမိုသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ အကူအညီနှင့်အတူ တစ်ချိန်တည်းမှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံး ဆယ်တုံးကို စုပ်ယူသန့်စင်နိုင်လေသည်။
သူ့ကျင့်ကြံမှု၏ အလျင်အဟုန်တိုးတက်မှုက သိသိသာသာရှိလာခဲ့၏။
ပကတိမိုးကြိုးမြို့တော်၊ ဧကရာဇ်ဂူသင်္ချိုင်းနှင့် မိုးပျံနဂါးတောင်ကြောရိုးမှ သူ၏ ယခင်အတွေ့အကြုံများကြောင့် သူသည် အကျိုးအမြတ်ကြီးမားစွာရရှိခဲ့ပြီး မည်သည့် အဟန့်အတားကိုမှ ကြုံတွေ့ရခြင်းမရှိဘဲ အဆင့်-၂ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်ခဲ့၏။
ထိုမျှသာမက ငရဲဖိနှိမ်မီးဖို၏ တတိယမြောက်နံရံပေါ်မှာ အဆုံးသတ်များတွင် ဗုဒ္ဓကျောင်းတော်များ၏ လျှို့ဝှက်အတတ်တစ်ခုရှိနေ၏။
အဲ့ဒါက ဓမ္မချိပ်စည်းတစ်ခုဖြစ်၏။
အနိစ္စချိပ်စည်း...။
“အရာရာတိုင်းက မတည်မြဲဘူး... အဲ့ဒါက ဖြစ်တည်ခြင်းနဲ့ ပျက်စီးခြင်းရဲ့နိယာမပဲ…..”
ဓမ္မချိပ်စည်း၏ ရှေးဟောင်းစာလုံးများက အလွန်တရာလေးနက်သိမ်မွေ့ပြီး နားလည်ဆင်ခြင်နိုင်ဖို့ခက်ခဲလေသည်။ ဆူဇီမိုက အားလပ်သည့်အချိန်တိုင်း သူသည် ထိုဓမ္မချိပ်စည်း၏ ဦးတည်ချက်ကို နားလည်ဆင်ခြင်ပေလိမ့်မည်။ သူက တစ်စုံတစ်ရာကို သဘောပေါက်လာသော်လည်း အဲ့ဒါကိုအပြည့်အဝနားလည်ဆင်ခြင်နိုင်ဖို့က မလွယ်ကူပေ။
ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ ပထမအပိုင်းနှစ်ပိုင်းသည် ဓမ္မအစီအရင်များကိုကျင့်ကြံရခြင်းဖြစ်ပြီး တတိယမြောက်အပိုင်းမှာသာလျှင် လျှို့ဝှက်အတတ်အမွေအနှစ်တစ်ခုပါဝင်လာခဲ့၏။
တဗူးဂမ္ဘီရကျင့်စဥ်၏ ထိုလျှို့ဝှက်အတတ်က စဥ်းစားကြည့်၍မရနိုင်သော စွမ်းပကားတစ်ခုကို သေချာပေါက်ပိုင်ဆိုင်ထားသည်မှာ သံသယရှိစရာမလိုပေ။
လွန်ခဲ့သည့်ဆယ်နှစ်က ဆူဇီမိုသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်မှုတစ်ခုရရှိခဲ့၏။
ထောင်ယောင်က တက်လှမ်းလာခဲ့ပြီဖြစ်၏။
အစကတော့ ထောင်ယောင်သည် သိုင်းတာအိုပင်မခန္ဓာ၏ ဘေးမှာ နေလိုခဲ့၏။ သို့သော်လည်း အောက်ဘုံ၏ အရင်းအမြစ်များက ရှားပါးလာခဲ့လေသည်။ သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအိုမီးဖိုကိုသုံးပြီး ဘုရင်ယွင်ရို၏ တာအိုသစ်သီးကို တစ်စတစ်စစုပ်ယူသန့်စင်ကာ သူ၏ ကျင့်ကြံမှုကို မြှင့်တင်နိုင်၏။
သို့သော်လည်း ထောင်ယောင်မှာ ထိုကဲ့သို့သောနည်းလမ်းများ မရှိပေ။
သူတို့နှစ်ယောက်က နောက်ပိုင်းမှာ အတူတကွတက်လှမ်းမည်ဆိုလျှင်တောင် သူတို့သည် ခွဲခွာရဖို့အခွင့်များလေသည်။
ထိုသို့ဆိုမှတော့... သူသည် ထောင်ယောင်ကို အထက်ဘုံသို့အရင်တက်လှမ်းစေ၏။ အဲ့ဒါမှသာ ထောင်ယောင်သည် ရက်စက်ကြမ်းတမ်းသော ပတ်ဝန်းကျင်ဒေသနှင့် တတ်နိုင်သမျှမြန်မြန် လိုက်လျောညီထွေမှုရှိပြီး သူ၏ ကျင့်ကြံမှုကလည်း တတ်နိုင်သမျှမြန်မြန်တိုးမြင့်လာမည်ဖြစ်၏။
ထောင်ယောင်က အလွန်တရာဝန်လေးနေသော်လည်း သူ့အနေဖြင့် သိုင်းတာအ်ိုပင်မခန္ဓာ၏ ဘေးမှာနေမည်ဆိုလျှင် သူ၏ အချိန်များက အလဟဿဖြစ်နေမည်ကို သိထားလေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုက အဆက်မပြတ်မြင့်တက်လာစဥ်မှာ ထျန်ဟွမ်ကုန်းမြေတိုက်မှာနေရင်း သူ၏ ကျင့်ကြံမှုကတော့ လုံးဝတိုးတက်လာတော့မည် မဟုတ်ပေ။
သူတို့နှစ်ယောက်ကြား ကွာဟချက်က နောက်ပိုင်းမှာ ပို၍ကြီးမားလာပေလိမ့်မည်။ ထို့ကြောင့် ထောင်ယောင်သည် လွန်ခဲ့သည့်ဆယ်နှစ်က တက်လှမ်းခဲ့ပြီး ကောင်းကင်ဘုံကပ်ဘေးသုံးခုကို ဆွဲဆောင်နိုင်ခဲ့၏။ ကံကောင်းထောက်မစွာဖြင့် သူက အဲ့ဒါကိုဖြတ်ကျော်နိုင်ခဲ့လေသည်။ သို့သော်လည်း သူဘယ်ကမ္ဘာသို့ တက်လှမ်းသွားသည်ကို သိုင်းတာအိုပင်မခန္ဓာပင်လျှင် မသိရပေ။
ထောင်ယောင်၏ ထွက်ခွာမှုနှင့်အတူ ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဆူဇီမို၏ အတိတ်ကာလက မိတ်ဆွေဟောင်းအများစုသည် ထွက်ခွာသွားကြပြီဖြစ်၏။
အချိန်ကြာလာသည်နှင့်အမျှ ထာဝရသိုင်းဧကရာဇ် ပိုင်ဆိုင်ခဲ့သောခေတ်က တဖြည်းဖြည်းအဆုံးသတ်လာခဲ့၏။
ထောင်ယောင်ထွက်ခွာသွားပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် ပင်ယန်းမြို့မှာမတ်တတ်ရပ်ပြီး မဟာကျိုးမြို့တော်ရှိရာဘက်သို့ ငေးငိုင်နေသောအမူအရာဖြင့် တိတ်တဆိတ်ကြည့်နေ၏။
ပြီးခဲ့သည့်နှစ်များအားလုံးမှာ ကျိယောင်ရွှယ်၏ ကျင့်ကြံမှုအဆင့်က မူလနတ္ထိအဆင့်မှာသာရှိနေဆဲဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် တစ်ခါက ထျန်ဟွမ်ကုန်းမြေတိုက်၏ အာကာသဆုံမှတ်များကို ရှာဖွေခဲ့ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကနေ အခြားကမ္ဘာငယ်များသို့ထွက်ခွာကာ ထျန်ဟွမ်ကုန်းမြေတိုက်မှာမတွေ့နိုင်သည့် မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့်ရတနာများစွာကို ရှာဖွေခဲ့လေသည်။ သူက အဲ့ဒါတွေကို ထောင်ယောင်ကနေတစ်ဆင့် ကျိယောင်ရွှယ်ထံ ပို့ပေးခဲ့လေသည်။
သို့သော်လည်း ကျိယောင်ရွှယ်၏ ဘဝသက်တမ်းက တိုးမြှင့်လာမည့်သည့်လက္ခဏာမှ မပြဘဲ သူမ၏ ကျင့်ကြံမှုနယ်ပယ်ကလည်း ရပ်တန့်နေခဲ့၏။
မူလနတ္ထိတာအိုသက်ရှိများမှာ ဘဝသက်တမ်းနှစ်ငါးထောင်ရှိလေသည်။
ယခုအချိန်မှာ ကျိယောင်ရွှယ်တွင်အသက်ရှင်သန်ဖို့အတွက် ဘဝသက်တမ်း နှစ်နှစ်ထောင်ဝန်းကျင်သာလျှင်ကျန်ရှိတော့၏။
သိုင်းတာအိုပင်မခန္ဓာသည် အတန်ကြာသည်အထိ တိတ်တဆိတ်မတ်တတ်ရပ်နေပြီးမှ သက်ပြင်းချကာ သူ၏ ကျင့်ကြံရာအခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ဤနှစ်များအားလုံးအတွင်း ကျင့်ကြံရင်း သူသည် အထက်ဘုံမှပညာရှင်များထံကနေ ရရှိထားသည့် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများစွာကို သုံးစွဲခဲ့ပြီးပြီဖြစ်၏။
သူ၏ နောက်ဘက်မှာ နောက်ထပ်ကံကြမ္မာစက်ကွင်းတစ်ခုက ပေါ်ထွက်လာပြီး စုစုပေါင်းခြောက်ခုဖြစ်လာခဲ့၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်ဆက်သွယ်မှုကနေတစ်ဆင့် ကံကြမ္မာစက်ကွင်း ၆ခု၏ စွမ်းအားသည် ကမ္ဘာမြေအင်မော်တယ်နယ်ပယ်ဝန်းကျင်မှာရှိသော ခွန်အားနှင့် တူညီသလောက်ရှိသည်ကို သိုင်းတာအိုပင်မခန္ဓာက အကြမ်းဖျင်းခန့်မှန်းမိနိုင်၏။
အချိန်က မြားတစ်စင်းကဲ့သို့ဖြစ်ပြီး နေ့ရက်များက တဖြည်းဖြည်းကုန်ဆုံးသွား၏။
ဆူဇီမိုသည် အဆင့်-၂ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် သူကဆက်လက်၍ တံခါးပိတ်ကျင့်ကြံခဲ့၏။
၅၁၆ နှစ်မြောက်မှာ ဆူဇီမိုသည် နောက်တစ်ဖန်အဆင့်ချိုးဖျက်တက်လှမ်းပြီး အဆင့်-၃ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ဝင်ရောက်သွားခဲ့၏။
ဆူဇီမိုက ဆက်လက်၍ ကျင့်ကြံနေခဲ့၏။
နောက်ထပ်နှစ်ရာဂဏန်းတချို့က ကုန်ဆုံးသွား၏။
ဤနေ့မှာ ဆူဇီမိုသည် ကြယ်တာရာဂိုဏ်းသို့ဝင်ရောက်ပြီး တံခါးပိတ်ကျင့်ကြံခဲ့သည်မှာ နှစ် ၁၃၀၀ ကျော်ရှိသွားခဲ့လေပြီ။