ထျန်ဟွမ်ကုန်းမြေတိုက်မှ အပြောင်းအလဲ
Vol. 137 Ch. 2052
ထျန်ဟွမ်ကုန်းမြေတိုက်တွင်...။
ထာဝရသိုင်းဧကရာဇ် တက်လှမ်းသွားခဲ့သည်မှာ နှစ်နှစ်ထောင်ကျော်ရှိသွားခဲ့ပြီဖြစ်၏။ ထိုမျိုးဆက်မှ ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများကလည်း တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းသွားပြီး သူတို့၏ ခေတ်က အဆုံးသတ်လာခဲ့ပြီဖြစ်လေသည်။
အချိန်များစွာကုန်ဆုံး၍ ခေတ်ကာလက ပြောင်းလဲလာခဲ့၏။ အဲ့ဒါက နှစ်နှစ်ထောင်ကျော်ကျော်သာလျှင်ရှိသေးသော်လည်း ထာဝရသိုင်းဧကရာဇ် ဖန်တီးပေးထားခဲ့သည့် မျိုးနွယ်စုတစ်သောင်းအတူယှဥ်တွဲနေထိုင်နိုင်မှုနှင့် သိုင်းတာအို၏ စည်ပင်ထွန်းကားမှုကြောင့် ထျန်ဟွမ်ကုန်းမြေတိုက်မှာ မရေမတွက်နိုင်သော ပြိုင်စံရှားများက ပေါ်ထွက်လာခဲ့၏။
သို့သော်လည်း မျိုးနွယ်စုတစ်သောင်းတိုက်ပွဲနှင့် သွေးမိစ္ဆာကပ်ဘေးကြောင့် မျိုးနွယ်စုတစ်သောင်းမှ ပညာရှင်များစွာက သေဆုံးခဲ့ရလေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်သည် ၎င်း၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိချင်သည်ဆိုလျှင် အဲ့ဒါက အချိန်ကာလအတော်ကြာ အားအင်ပြန်လည်ဖြည့်တင်းရပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာက အောက်ဘုံမှာပင်ရှိနေသေးသည်ကို ထျန်ဟွမ်ကုန်းမြေတိုက်ရှိ မည်သူကမှမသိရှိကြပေ။
ထိုအခိုက်အတန့်မှာ ဝေးကွာလွန်းသောကမ္ဘာငယ်တစ်ခုမှာ ရတနာများကိုရှာဖွေနေသည့် သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက်ရပ်တန့်လိုက်ပြီး တစ်စုံတစ်ရာကို အာရုံခံမိသွား၏။ သိုင်းတာအိုပင်မခန္ဓာသည် ထျန်ဟွမ်ကုန်းမြေတိုက်ရှိရာဘက်သို့လှည့်ကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ စိတ်ဝိညာဥ်အသိစိတ်ကတချို့ကို ချန်ထားရစ်ခဲ့ပြီး ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ်ကို အာရုံခံမိလိုက်၏။
“တစ်ခုခုဖြစ်နေတာလား”
ထျန်ဟွမ်ကုန်းမြေတိုက်မှာ စည်ပင်ထွန်းကားနေပြီး မျိုးနွယ်စုတစ်သောင်းက အတူယှဥ်တွဲနေထိုင်ကြ၏။ အတိတ်ကာလက ကမ္ဘာဦးမျိုးနွယ်များကလည်း ယခင်ကကဲ့သို့ တူညီသောစောင်းကြွမှုများ ဆက်လက်၍ မရှိကြတော့ပေ။
ယေဘုယျအားဖြင့်ဆိုရလျှင် အဲ့ဒီမှာ မည်သည့်ခြိမ်းခြောက်မှုမှ မရှိတော့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ခဏမျှစဥ်းစားတွေးတောပြီးနောက် စိုးရိမ်ပူပန်နေဆဲဖြစ်ကာ ထျန်ဟွမ်ကုန်းမြေတိုက်သို့ ပြန်သွားဖို့ဆုံးဖြတ်လိုက်၏။
သူရောက်ရှိနေသော ကမ္ဘာငယ်က ထျန်ဟွမ်ကုန်းမြေတိုက်နှင့် အရမ်းကိုဝေးကွာလေသည်။ သူ့အနေဖြင့် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ပြန်သွားချင်သည်ဆိုပါက လေဟာနယ်ကိုဖြတ်ကျော်ဖို့ အချိန်တချို့ယူရပေလိမ့်မည်။
ထျန်ဟွမ်ကုန်းမြေတိုက်၊ အဆုံးစွန်အနောက်ဘက်တွင်....။
ရုတ်တရက်ခွန်လွင်အပျက်အစီးဒေသ၏ ကောင်းကင်ထက်ကနေ မနှိုင်းယှဥ်သာအောင်စွမ်းအားကြီးမားသော စွမ်းအင်အတက်အကျတစ်ခု ပေါ်ထွက်လာ၏။
ဘုန်း... ဘုန်း.... ဘုန်း....
ကျယ်လောင်သော မြည်သံများက တိမ်စိုင်များကြားထိကနေ ပဲ့တင်သံထွက်လာပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကို အနည်းငယ်တုန်ခါသွားစေ၏။
နယ်မြေဒေသလေးခုနှင့် ကုန်းမြေတိုက်တစ်တိုက်က လှုပ်ခါသွား၏။
သမုဒ္ဒရာလေးစင်းမှလည်း ဒေါသူပုန်ထနေသော ဒီရေလှိုင်းများဖြစ်ပေါ်လာ၏။
ဖန်းလိုင်ကျွန်းနှင့် နတ်ဖီးနစ်ကျွန်းမှ ပညာရှင်များက တံခါးပိတ်ကျင့်ကြံနေရာက တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြ၏။
ထျန်ဟွမ်ကုန်းမြေတိုက်ရှိ ပညာရှင်အများစုသည်လည်း တစ်ခုခုကို အာရုံခံမိသွားပြီး လူရိပ်များက လေထဲမှာတစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကာ အနောက်အရပ်ကို ကြည့်ရှုလိုက်ကြ၏။
ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျက ခွန်လွင်အပျက်အစီးဒေသ၏ ကောင်းကင်ထက်ကနေ ပစ်လွင့်ထွက်ပေါ်လာ၏။ ထို့နောက်ချက်ချင်းပင် တစ်စုံတစ်ရာကြေမွသွားသည့်အလား လောကထံကနေ အက်ကွဲသံတချို့ထွက်ပေါ်လာ၏။
နောက်ခဏ၌ ကျိန်းစပ်နေသော ရွှေရောင်အလင်းတန်းများက ခွန်လွင်အပျက်အစီးဒေသရရှိရာဘက်ကနေ ပစ်လွင့်ထွက်ပေါ်လာပြီး လောကကို ထိန်ထိန်လင်းသွားစေ၏။
အိုး....
ထျန်ဟွမ်ကုန်းမြေတိုက်မှပညာရှင်များ၏ အမူအရာများကပြောင်းလဲသွားပြီး ပင့်သက်ကိုရှိုက်လိုက်ကြရ၏။
သူတို့ထင်တာမမှားဘူးဆိုလျှင် ဤကဲ့သို့ရွှေရောင်အလင်းနှင့် စွမ်းအားကြီးမားသောအော်ရာကို မျိုးနွယ်စုတစ်စုတည်းကသာလျှင် ထုတ်ဖော်နိုင်၏။
နတ်ဘုရားမျိုးနွယ်...။
ဒါ့အပြင် နတ်ဘုရားကုန်းမြေတိုက်နှင့်ချိတ်ဆက်ထားသော ခွန်လွင်အပျက်အစီးဒေသမှာ အာကာသဆုံမှတ်တစ်ခုရှိလေသည်။
ထိုသို့ဆိုလျှင် စောစောကကြောက်စရာကောင်းသောအက်ကွဲသံသည် နတ်ဘုရားမျိုးနွယ်ကြောင့် ကြေမွသွားသော ထိုအာကာသဆုံမှတ်၏ ချိပ်စည်းထံမှဖြစ်ဖို့များလေသည်။
နတ်ဘုရားမျိုးနွယ်က နောက်တစ်ဖန်ကျူးကျော်ဝင်ရောက်လာပြီဖြစ်၏။
ထျန်ဟွမ်ကုန်းမြေတိုက်က လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကြ၏။
“အခြေအနေက သေရေးရှင်ရေးဖြစ်လာပြီ... လောဧကရာဇ်က ဘယ်မှာလဲ”
ထျန်ဟွမ်ကုန်းမြေတိုက်၏အထက် လေထဲကနေ အော်ဟစ်သံတစ်သံထွက်ပေါ်လာ၏။
မည်သူကမှပြန်မဖြေကြပေ။
“အင်မော်တယ်သိုင်းဂိုဏ်းက တခြားဧကရာဇ်တွေကရော ဘယ်မှာလဲ”
“ငါလည်းမပြောတတ်ဘူး”
အမျိုးမျိုးသောမျိုးနွယ်စုများမှ ဧကရာဇ်များနှင့် မျိုးနွယ်စုခေါင်းဆောင်များက အိုးတိုးအမ်းတမ်းအမူအရာများနှင့်အတူ လေထဲမှာပေါ်ထွက်လာကြ၏။
သူတို့ကြားမှာ လမ့်ရို၊ ဖက်တီးလေး၊ ရှစ်ကျန့်နှင့် ကျိချန်းရှန်တို့ကလည်း တံခါးပိတ်ကျင့်ကြံရာကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာပြီး လေထဲသို့ရောက်ရှိလာကြ၏။
လမ့်ရိုနှင့် အခြားသုံယောက်သည် ဧကရာဇ်အဆင့်သို့ မရောက်ရှိသေးသော်လည်း သူတို့သည် ဘိုးဘေးအဆင့်များသို့ ဝင်ရောက်နိုင်ခဲ့ပြီဖြစ်၏။
အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ ဧကရာဇ်များကလည်း ပေါ်ထွက်လာကြ၏။
ကမ္ဘာဦးမျိုးနွယ်များကြားမှာ စုန်းမျိုးနွယ်သည် မျိုးနွယ်စုတစ်သောင်း တိုက်ပွဲမှာ ဖျက်ဆီးချေမှုန်းခံခဲ့ရပြီး သွေးနွယ်ပင်မျိုးနွယ်ကလည်း တာအိုအရှင် သွေးမိစ္ဆာ၏ ဖျက်ဆီးချေမှုန်းခြင်းကိုခံခဲ့ရ၏။
ယခုအချိန်မှာ နဂါး၊ လူရိုင်း၊ ခွန်၊ ကောင်းကင်ဘုံမျက်လုံး၊ ယက္ခနှင့် ရွှေကျီးကန်းမျိုးနွယ်များဟူသော ကမ္ဘာဦးမျိုးနွယ် ၆စုသာလျှင် ကျန်ရစ်တော့လေသည်။
ကမ္ဘာဦးမျိုးနွယ် ၆စုမှ ဧကရာဇ်များကလည်း ပေါ်ထွက်လာကြပြီဖြစ်၏။
နဂါးမျိုးနွယ်၏ ဧကရာဇ်များ အပြာရောင်နဂါးဧကရာဇ်နှင့် တိမ်စိုင်နဂါးဧကရာဇ်တို့သည် အတိတ်ကာလတုန်းက သိုင်းဧကရာဇ်၏ မိတ်ဆွေဟောင်းများဖြစ်ခဲ့ကြ၏။
အပြာရောင်နဂါးဧကရာဇ်က လက်သည်းငါးဖက်နတ်နဂါးလုံစန်းဖြစ်၏။
တိမ်စိုင်နဂါးဧကရာဇ်သည် တစ်ခါက သိုင်းဧကရာဇ်၏ အစီးအနင်းတောကောင်ဖြစ်ခဲ့သော တစ်ကိုယ်တော်တိမ်စိုင်ဖြစ်၏။
လုံရန်က တက်လှမ်းသွားခဲ့ပြီဖြစ်ပြီး လက်ရှိနဂါးမျိုးနွယ်ကို အပြာရောင်နဂါးဧကရာဇ်နှင့် တိမ်စိုင်နဂါးဧကရာဇ်က ဦးဆောင်ထား၏။
“လူတိုင်းပဲ... အရင်ဆုံးစုဝေးပွဲတစ်ခုလုပ်ရအောင် ကောင်းကင်ဘုံ လျှို့ဝှက်ချက်နန်းတော်ကို ကြွလှမ်းခဲ့ကြပါ”
ထိုစဥ်မှာပင် လူတိုင်း၏ နားထဲသို့ အသံတစ်သံကဝင်ရောက်လာ၏။
ထိုအသံသည် ဒီဘက်မျိုးဆက်၏ ပုံပြောသူထံမှလာခြင်းဖြစ်၏။
ဒီဘက်မျိုးဆက်၏ ပုံပြောသူသည် တစ်ခါက လင်းရွှမ်ကျီ၏ တပည့်ဖြစ်ခဲ့ပြီး သူက ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်နေခဲ့ပြီဖြစ်၏။
မျိုးနွယ်စုတစ်သောင်းမှဧကရာဇ်များက လေဟာနယ်ကိုဆုတ်ဖြဲပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်နန်းတော်သို့ ဆင်းသက်လာကြ၏။
“ဘာတွေဖြစ်နေတာလဲ”
လူရိုင်းဧကရာဇ်က မျက်မှောင်ကြုတ်လိုက်၏။
“နတ်ဘုရားမျိုးနွယ်ရဲ့ နတ်ဘုရားဧကရီက ထာဝရသိုင်းဧကရာဇ်နဲ့ အရမ်းကိုကောင်းမွန်တဲ့ဆက်ဆံရေးရှိတာပဲ... သူက ဘာလို့ရုတ်တရက်ချိပ်စည်းကိုချိုးဖျက်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကို ဝင်ရောက်လာရတာလဲ”
လူရိုင်းဧကရာဇ်ရည်ညွှန်းပြောဆိုနေသည့် နတ်ဘုရားဧကရီက နန်းကြည်ဖြစ်လေသည်။
ဖက်တီးလေးက ခေါင်းခါပြလိုက်၏။
“နန်းကြည်ရဲ့ ပါရမီအရည်အချင်းနဲ့ ကျင့်ကြံမှုအရဆို သူကအထက်ဘုံကိုတက်လှမ်းသွားတာ ကြာနေလောက်ပြီ... အခုချိန်မှာ နတ်ဘုရားကုန်းမြေတိုက်ရဲ့ နတ်ဘုရားဧကရီက တခြားတစ်ယောက်ဖြစ်နေလောက်ပြီ”
“ဒါဆို... အခုငါတို့ဘာလုပ်ရမလဲ... လောဧကရာဇ်ရဲ့အရိပ်အယောင်ကိုမတွေ့ရဘူး... ကျုပ်က အခုပဲ အင်မော်တယ်သိုင်းဂိုဏ်းကိုသွားပြီးစစ်ဆေးကြည့်တာ အဲ့ဒီမှာလည်း တစ်ယောက်မှ မရှိကြဘူး”
ပုံပြောသူက လူတိုင်းကိုကြည့်ပြီး လေးနက်သောအသံဖြင့် မေးလိုက်၏။
လောဧကရာဇ်သည် ပြီးခဲ့သည့်နှစ်တစ်ထောင်အတွင်း မြင့်မားပေါ်ထွက်လာသော ပညာရှင်တစ်ဦးဖြစ်၏။ သူ၏ အမည်က လောအောင်ဖြစ်ပြီး သူက စိတ်ဝိညာဥ်အရင်းမြစ်တစ်ခုကို ပိုင်ဆိုင်ထားသော်လည်း အင်မော်တယ်တာအိုနှင့် သိုင်းတာအိုနှစ်ခုစလုံးကို ကျင့်ကြံခြင်းဖြင့် စံသတ်မှတ်ချက်တစ်ခုကိုချိုးဖျက်ခဲ့လေသည်။ သူ၏ ကျင့်ကြံမှုက တကယ့်ကိုအံ့မခန်းဖြစ်ပြီး သူကနောက်ဆုံးမှာ ဧကရာဇ်တစ်ပါးဖြစ်လာခဲ့၏။
သိုင်းဧကရာဇ်ခေတ်အလွန်မှာ လောဧကရာဇ်သည် အတောက်ပဆုံးပြန်ဝင်စားမွန်းစတားဖြစ်သည်ဟု ဆိုနိုင်လေသည်။
အင်မော်တယ်သိုင်းဂိုဏ်းကို လောဧကရာဇ်က တည်ထောင်ခဲ့ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ရှိ သိုင်းတာအိုကျင့်ကြံသူထက်ဝက်ကျော်ကို စုဆောင်းကာ ထျန်ဟွမ်ကုန်းမြေတိုက်မှာ အကြီးမားဆုံး ဂိုဏ်းအဖွဲ့အစည်းဖြစ်လာခဲ့၏။
ပုံမှန်အခြေအနေမှာဆိုလျှင် ထျန်ဟွမ်ကုန်းမြေတိုက်မှ ဤကဲ့သို့သောကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်လာသည့်အခါ လောဧကရာဇ်က ရှေ့သို့ထွက်ရပ်ပြီး ပြင်ပကျူးကျော်ရန်သူများကိုခုခံရန် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ မျိုးနွယ်စုတစ်သောင်းကို ဦးဆောင်သင့်လေသည်။ သူတစ်ယောက်တည်းကသာလျှင် ထိုကဲ့သို့သော ဩဇာတိက္ကမနှင့် ခွန်အားရှိလေသည်။
သို့သော်ယခု... လောဧကရာဇ်ကပျောက်ဆုံးနေပြီး အင်မော်တယ်သိုင်းဂိုဏ်းကလည်း ဗလာကျင်းနေကာ လူတိုင်းက ဘာလုပ်လို့ဘာကိုင်ရမည်မသိ ဖြစ်နေကြ၏။
တိမ်စိုင်နဂါးဧကရာဇ်၏ အမူအရာက သုန်မှုန်နေ၏။
“နတ်ဘုရားမျိုးနွယ်က ဒီတစ်ခေါက်ရောက်လာတာ ခြိမ်းခြောက်နိုင်စွမ်းအရမ်းကိုကြီးမားနေတယ်... သူတို့က ဘာကိုမှမငဲ့ကွက်လောက်တော့ဘူး”
ကမ္ဘာဦးခေတ်မှာတုန်းက နတ်ဘုရားမျိုးနွယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ကျူးကျော်ခဲ့ပြီး ခွန်လွင်အပျက်အစီးဒေသမှာ ဂမ္ဘီရဟို့မျိုးနွယ်၏ တိုက်ခိုက်ခြင်းကိုခံရကာ ကြီးမားစွာထိခိုက်ဆုံးရှူံးခဲ့ရ၏။
ဤကုန်းမြေတိုက်နှစ်ခုကြားမှာ ညှိနှိုင်းဆွေးနွေး၍ မရသောသွေးကြွေးတစ်ခုက ဖြစ်ခဲ့ပြီးလေပြီ။
ထာဝရသိုင်းဧကရာဇ်ခေတ်မှာ နန်းကြည်ကြောင့်သာလျှင် ဤကုန်းမြေတိုက်နှစ်ခုကြား ဆက်ဆံရေးက တင်းမာမှုပြေလျော့သွားခဲ့၏။
“အခုနန်းကြည်က တက်လှမ်းသွားပြီး နတ်ဘုရားကုန်းမြေတိုက်မှာ ဧကရာဇ်အသစ်တစ်ပါးပေါ်ထွက်လာပြီဆိုတော့... ဘယ်လိုညှိနှိုင်းဆွေးနွေးမှုမှ မရှိလောက်တော့ဘူး”
ကျိရှန်းချန်က လေးနက်သောအသံဖြင့်ပြောလိုက်၏။
အပြာရောင်နဂါးဧကရာဇ်က တည်တံ့စွာပြောလိုက်လေသည်။
“ငါတို့မှာ ထွက်လမ်းမရှိတော့ဘူး... တိုက်ခိုက်ဖို့ပဲရှိတော့တာပေါ့”
“ထျန်ဟွမ်ကုန်းမြေတိုက်မှာ နောက်ထပ်မကြုံစဖူးအံ့မခန်းတိုက်ပွဲတစ်ခုဖြစ်လာတော့မယ်... အဲ့ဒီအချိန်ကျရင် သွေးမြစ်တွေစီးပြီး မရေမတွက်နိုင်တဲ့သက်ရှိတွေက သေကြေပျက်စီးရလိမ့်မယ်... အာ... နောက်ပြီး ဒီတိုက်ပွဲရဲ့ရလဒ်ကိုလည်း ခန့်မှန်းလို့မရတော့ဘူး”
ထျန်ဟွမ်ကုန်းမြေတိုက်သည် မျိုးနွယ်စုတစ်သောင်းတိုက်ပွဲနှင့် သွေးမိစ္ဆာကပ်ဘေးကနေ အပြည့်အဝ နာလန်မထူနိုင်သေးပေ။ ယခု... သူတို့က ဤကဲ့သို့ကပ်ဘေးတစ်ခုနှင့် ထပ်မံကြုံတွေရပေတော့မည်။
“အဲ့ဒါက မဖြစ်နိုင်တာတော့မဟုတ်ဘူး”
ရှစ်ကျန့်က ပြောလိုက်၏။
“ပြီးခဲ့တဲ့နှစ်နှစ်ထောင်အတွင်းမှာ သိုင်းတာအိုက စည်ပင်ထွန်းကားခဲ့ပြီးတော့ ထျန်ဟွမ်ကုန်းမြေတိုက်မှာရှိတဲ့... သက်ရှိအားလုံးနီးပါးက ကျင့်ကြံနိုင်ကြပြီ... ငါတို့ရဲ့ထိပ်သီးတိုက်ခိုက်ရည်ခွန်အားမှာဆိုရင် ငါတို့မှာ လူတိုင်းကို ဦးဆောင်မဲ့ လောဧကရာဇ်ရှိတယ်”
လူတိုင်းက ခေါင်းညိတ်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် ခွန်လွင်အပျက်အစီးဒေသမှာ သွေးသံရဲရဲ တိုက်ပွဲတစ်ခုကပေါ်ထွက်လာခဲ့လေပြီ။
နတ်ဘုရားမျိုးနွယ်စစ်တပ်သည် ခွန်လွင်အပျက်အစီးဒေသ၏ သက်တံလိုဏ်ဂူထဲကနေ အဆက်မပြတ်လုနီးပါး တိုးထွက်လာကြပြီး သူတို့တစ်ယောက်ချင်းစီက စွမ်းအားကြီးမားသော အော်ရာများရှိနေကြ၏။
နတ်ဘုရားမျိုးနွယ်သည် ကမ္ဘာခြားသက်ရှိများကဲ့သို့ မွေးရာပါသန်မာကြလေသည်။
အမျိုးသားများက ရုပ်ဖြောင့်ပြီး အမျိုးသမီးများက မနှိုင်းယှဥ်သာအောင် ချောမောလှပကြ၏။
နတ်ဘုရားမျိုးနွယ်စစ်တပ်မှ တစ်ယောက်ချင်းစီသည် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး သူတို့၏ ခါးများမှာ ဓားရှည်များကိုချိတ်ဆွဲထားကြ၏။ သူတို့၏ လက်ထဲမှာ လှံများကိုကိုင်ဆွဲပြီး ခွန်လွင်အပျက်အစီးဒေသ၏ ခံစစ်ကြောင်းကို အဆက်မပြတ် ထိုးဖောက်နေ၏။
နတ်ဘုရားမျိုးနွယ်စစ်တပ်မှာ ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များကြီးပင် အယောက်သောင်းချီရှိလေသည်။
သူတို့ကြားမှာ နတ်ဘုရားမျိုးနွယ် မျိူးနွယ်စုခေါင်းဆောင်များက အယောက်တစ်ထောင်ကျော်ရှိလေသည်။ အရေအတွက်က ဆက်လက်၍တိုးလာနေဆဲဖြစ်၏။
ခွန်လွင်အပျက်အစီးဒေသကို ပြီးခဲ့သည့်နှစ်များအားလုံးမှာ ခွန်လွင်မျိုးနွယ်က စောင့်ကြည့်နေခဲ့၏။
သို့သော်လည်း သူတို့သည် နတ်ဘုရားမျိုးနွယ်၏ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကို ခံနိုင်ရည်မရှိတော့ပေ။
ကမ္ဘာဦးခေတ်မှာ ခွန်လွင်အပျက်အစီးဒေသသည် နတ်ဘုရားမျိုးနွယ်စစ်တပ်ကို တားဆီးနိုင်ခဲ့သည်မှာ ဂမ္ဘရီဟို့နှစ်ကောင်ကြောင့်ဖြစ်၏။
လွန်ခဲ့သည့်နှစ်နှစ်ထောင်ကျော်က နတ်ဘုရားမျိုးနွယ်ကို တားဆီးနိုင်ခဲ့သည်မှာ သိုင်းဧကရာဇ်နှင့် ညဝိညာဥ်တို့ကြောင့် ဖြစ်၏။
သို့သော်ယခု... ခွန်လွင်ကလန်သားတစ်အုပ်စုကသာလျှင် ခွန်လွင်အပျက်အစီးဒေသကို စောင့်ကြပ်နေကြ၏။
ခွန်လွင်အပျက်အစီးဒေသ၏ ခံစစ်ကြောင်းက သိပ်ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။