လောဧကရာဇ်
Vol. 137 Ch. 2053
အလောင်းများက နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားတစ်ဝှမ်း ပြန့်ကျဲနေပြီး သွေးများက မြစ်များကဲ့သို့ စီးဆင်းနေ၏။ နတ်ဘုရားမျိုးနွယ်စစ်တပ်သည် နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားကို ထိုးဖောက်မည့်ဧရာမရွှေရောင်လှံတစ်လက်ကဲ့သို့ စုဖွဲ့သွားပုံရပြီး ခွန်လွင်မျိုးနွယ်က အသေအကြေတိုက်ခိုက်နေရ၏။
သူတို့သည် နောက်ဆုတ်လို့မရနိုင်သလို နောက်ဆုတ်ရဲခြင်းလည်းမရှိပေ။
ထျန်ဟွမ်ကုန်းမြေတိုက်က ခွန်လွင်အပျက်အစီးဒေသ၏ နောက်မှာရှိနေ၏။
ခွန်လွင်အပျက်အစီးဒေသက ရှုံးနိမ့်သွားသည်နှင့် နတ်ဘုရားမျိုးနွယ် စစ်တပ်သည် ချင်းနင်းဝင်ရောက်လာပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကို နင်းချေဖျက်ဆီးပေလိမ့်မည်။
နတ်ဘုရားမျိုးနွယ်၏ ဧရာမဓားများနှင့် လှံများအောက်မှာ အပြစ်မဲ့သက်ရှိများစွာက သေကြေပျက်သုဥ်းရပေလိမ့်မည်။
ဒါ့အပြင် ထျန်ဟွမ်ကုန်းမြေတိုက်မှ မျိုးနွယ်စုတစ်သောင်း၏ စစ်ကူများက သူတို့တိုက်ခိုက်နေစဥ်အတွင်း သေချာပေါက်ရောက်ရှိလာလိမ့်မည်ဟု ခွန်လွင်ကလန်သားများအားလုံးက ယုံကြည်ထား၏။
ကောင်းကင်ထက်မှာ ခွန်လွင်မျိုးနွယ်၏ ဧကရာဇ်သုံးပါးက နတ်ဘုရားမျိုးနွယ်၏ ဧကရာဇ်တစ်ပါးနှင့် ဆန့်ကျင်တိုက်ခိုက်နေ၏။
နတ်ဘုရားမျိုးနွယ်ဧကရာဇ်က အရမ်းကိုငယ်ရွယ်ပြီး စိတ်အားမာန်တက်ကြွနေ၏။ သူသည် အသက်၂၀ပင် မပြည့်သည့်ပုံရှိသော်လည်း သူ၏ သွေးချီက သန်မာပြီး တဖျတ်ဖျတ်တလက်လက် ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပနေ၏။ သူက ဧကရာဇ်သုံးပါးကို လက်ဗလာဖြင့် ဆန့်ကျင်တိုက်ခိုက်နေပြီး ပကတိအသာစီးပင်ရရှိနေ၏။
ခွန်လွင်ဘိုးဘေးအဆင့် ပညာရှင်များသည်လည်း အခြားတစ်ဘက်မှာ ဘိုးဘေးအဆင့် နတ်ဘုရားများစွာနှင့် အပြင်းအထန် ဆန့်ကျင်တိုက်ခိုက်နေ၏။
အဆင့်တူခြင်းမှာ လူသားကျင့်ကြံသူအများစုသည် နတ်ဘုရားမျိုးနွယ်၏ စွမ်းအားကို မခုခံနိုင်ပေ။
အဲ့ဒါသည် မျိုးဆက်သွေးနှင့်ကိုယ်ကာယမှာ သဘာဝအလျောက်ကွာခြားမှုဖြစ်၏။
သိုင်းဧကရာဇ်ခေတ်မှာတုန်းက မျိုးနွယ်စုတစ်သောင်းတိုက်ပွဲ၊ သွေးမိစ္ဆာကပ်ဘေးနှင့် အခြားသောသေခြင်းရှင်ခြင်းအတွေ့အကြုံများကို တွေ့ကြုံဖြတ်ကျော်ခဲ့သည့် ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားအများစုက အထက်ဘုံသို့ တက်လှမ်းသွားကြလေပြီ။
ထျန်ဟွမ်ကုန်းမြေတိုက်သည် စည်ပင်ထွန်းကား၍ ယခုအချိန်မှာအသက်ဓာတ်အားဖြင့် ပြည့်ဝနေသော်လည်း ကပ်ဘေးအလွန် အချိန်တစ်ခုသာအနားယူရသေးပြီး အဲ့ဒါက သိုင်းဧကရာဇ်ခေတ်နှင့်ယှဥ်လျှင် များစွာနိမ့်ကျနေသေး၏။
သို့သော်လည်း နတ်ဘုရားမျိုးနွယ်၏ အစစ်အမှန်ထိပ်သီးပညာရှင်များက အခုချိန်ထိ ပေါ်ထွက်မလာသေးပေ။
ယခုအချိန်မှာ နတ်ဘုရားမျိုးနွယ်၏ ငယ်ရွယ်သော ဧကရာဇ်တစ်ပါးကသာလျှင် ပေါ်ထွက်လာခဲ့၏။
ထိုသို့ဆိုလျှင်တောင် ခွန်လွင်မျိုးနွယ်သည် ဆက်လက်၍ မခုခံနိုင်တော့ဘဲ နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားမှာ အရေးနိမ့်စွာဖြင့် ဆုတ်ခွာလာရ၏။
သိပ်မကြာခင် သူတို့၏ ခံစစ်ကြောင်းက လဲပြိုကျသွားပေလိမ့်မည်။
ပညာရှင်များ၏ ဦးဆောင်မှုအောက်မှာ ထျန်ဟွမ်ကုန်းမြေတိုက်၏ အဖွဲ့အစည်းကြီးများမှ စစ်တပ်များသည် ခွန်လွင်အပျက်အစီးဒေသသို့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများနှင့်အတူ စတင်ချီတက်လာကြပြီဖြစ်၏။
မဟာကျိုးအင်ပါယာသည် သူတို့၏ စစ်တပ်ကို အလျင်အမြန်စုစည်းပြီး ခွန်လွင်အပျက်အစီးဒေသ၏ တိုက်ပွဲနယ်မြေဆီသို့ ချီတက်လာနေပြီဖြစ်၏။
ထိုစဥ်မှာပင် ခွန်လွင်အပျက်အစီးဒေသ၏ အထက်မှာ ပုံရိပ်တစ်ခုကပေါ်ထွက်လာ၏။
ထိုသူက အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး အသက်ကြီးသည့်ပုံမရှိပေ။ သို့သော်လည်း သူက အရပ်အမောင်းမြင့်မား၍ စွမ်ပကားကြီးမားပြီး တောင်တစ်လုံးကဲ့သို့ တည်ကြည်ခိုင်မာလေသည်။ သူက ဆန့်ကျင်၍မတတ်နိုင်သော နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ပြီး နယ်မြေဒေသရှစ်ခုကိုလွှမ်းခြုံနိုင်သည့် စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ဖြာထုတ်ကာ လူတိုင်းကိုရိုကျိုးခယစေနိုင်၏။
ထာဝရသိုင်းဧကရာဇ်၏ အလွန်မှာ ထျန်ဟွမ်ကုန်းမြေတိုက်တွင် အမြင့်မားဆုံး နာမည်ဂုဏ်သတင်းနှင့် တိုက်ခိုက်ရည်ခွန်အားရှိသောဧကရာဇ် လောအောင်။
သူ့ခန္ဓာကိုယ်ကိုမီးဆေးပြီး သူ၏ ဓမ္မတာအိုကို ကျင့်ကြံဖို့အတွက် သူသည် တစ်ခါက ကမ္ဘာဦးမျိုးနွယ်များ၏ ပိုင်နက်နယ်မြေများသို့ တစ်ယောက်တည်းဝင်ရောက်ခဲ့ပြီး သူတို့ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကာ မထိမခိုက်ရုန်းထွက်လာနိုင်ခဲ့၏။
သူသည် အင်မော်တယ်တာအိုနှင့် သိုင်းတာအိုနှစ်မျိုးစလုံးကို ကျင့်ကြံပြီး နှစ်တစ်ထောင်မပြည့်ခင်မှာ ဧကရာဇ်တစ်ပါးဖြစ်လာခဲ့၏။ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ စိုးမိုးခြယ်လှယ်နိုင်ခဲ့ပြီး အဆင့်တူများကြားမှာ ရှုံးနိမ့်မှုကိုတစ်ခါမှမတွေ့ကြုံခဲ့ဖူးပေ။
သူသည် အင်မော်တယ်သိုင်းဂိုဏ်းကို တည်ထောင်ပြီး လောကရှိပါရမီရှင်များအားလုံးကိုစုဆောင်းကာ အမျိုးမျိုးသော မျိုးနွယ်စုများမှ ပညာရှင်များကိုဖိတ်ခေါ်ခဲ့၏။ နှစ်ငါးရာမျှနှင့် ထိုဂိုဏ်းသည် ထျန်ဟွမ်ကုန်းမြေတိုက်ရှိဂိုဏ်းကြီးများကြားမှာ အသန်မာဆုံး ဖြစ်လာခဲ့၏။
ထာဝရသိုင်းဧကရာဇ်ခေတ်ကုန်ဆုံးပြီးနောက် လောဧကရာဇ်က အတောက်ပဆုံးဒဏ္ဍာရီတစ်ခုဖြစ်လာသည်ဟု ဆိုရပေမည်။
ထာဝရသိုင်းဧကရာဇ်သည် ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ခဲ့ခြင်းမရှိဘဲ တပည့်နှစ်ယောက်ကိုသာ လက်ခံခဲ့၏။
ပေမင်ရွှယ်နှင့် ရှောင်းယောင်သည် တာအိုကိုသာလိုက်စားခဲ့ပြီး ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းကို တည်ထောင်ခြင်းမရှိဘဲ အထက်ဘုံသို့တက်လှမ်းသွားခဲ့၏။
လောဧကရာဇ်ကတော့ သူသည် နှစ်ငါးဆယ်တိုင်းမှာ သိုင်းတာအိုကို ဟောပြောပို့ချပြီး ထျန်ဟွမ်ကုန်းမြေတိုက်ရှိ သိုင်းတာအိုကျင့်ကြံသူများကို သူ့နောက်သို့လိုက်ပါစေရန် ဆွဲဆောင်နိုင်ခဲ့၏။ ထိုသို့ဖြင့် အင်မော်တယ်သိုင်းဂိုဏ်းက ပို၍သန်မာလာခဲ့၏။
တကယ်ဆို... ထာဝရသိုင်းဧကရာဇ်သည် သိုင်းတာအိုကို တည်ထောင်ခဲ့သည့်သူဖြစ်သော်လည်း လောဧကရာဇ်က အဲ့ဒါကို အမွေဆက်ခံပြီး ရှင်းလင်းဟောပြောကာ သိုင်းတာအိုကိုပို၍မြင့်မားအောင် ပို၍ဂုဏ်ကျက်သရေ ထွန်းတောက်လာအောင် မြှင့်တင်နိုင်ခဲ့သည်ဟု ဆိုသောသူများပင်ရှိလာခဲ့၏။
“အဲ့ဒါ လောဧကရာဇ်ပဲ”
“လောဧကရာဇ်က ဒီကိုရောက်လာပြီဟေ့”
ခွန်လွင်ကလန်သားများနှင့် မျိုးနွယ်စုတစ်သောင်း၏ ကျင့်ကြံသူများသည် လေထဲမှပုဂ္ဂိုလ်ကိုတွေ့မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြ၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက်နန်းတော်မှာ လေထုက တင်းကျပ်လေးလံနေခဲ့၏။
ဧကရာဇ်များနှင့် မျိုးနွယ်စုခေါင်းဆောင်များစွာသည် တိုက်ပွဲကိုဘယ်လိုတိုက်ခိုက်ရမလဲ ဆွေးနွေးနေစဥ်မှာပင် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး လေထဲသို့တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကာ အနောက်အရပ်သို့ကြည့်ရှုလိုက်၏။
ခွန်လွင်အပျက်အစီးဒေသ၏ အထက်ကောင်းကင်မှာ တောက်ပနေသောပုံရိပ်တစ်ခုက မတ်တတ်ရပ်နေပြီး သူ့ကိုမည်သူကမှ လျစ်လျူမရှုနိုင်ပေ။
“လောဧကရာဇ်က ပေါ်လာပြီပဲ”
ပုံပြောသူက စိတ်သက်သာစွာသက်ပြင်းချလိုက်၏။
ကျိချန်းရှန်ကလည်း ခေါင်းညိတ်လိုက်၏။
“လောဧကရာဇ်ရောက်လာပြီဆိုရင် ထျန်ဟွမ်ကုန်းမြေတိုက်က တိုက်ခိုက်ဖို့အခွင့်အရေး တစ်ခုရှိလာပြီ... လောဧကရာဇ်ဦးဆောင်ထားနဲ့ အင်မော်တယ်သိုင်းဂိုဏ်းကတင် နတ်ဘုရားမျိုးနွယ်ကိုကြီးကြီးမားမား ထိခိုက်ပျက်စီးစေလိမ့်မယ်”
ထိုစဥ်မှာပင် ခွန်လွင်အပျက်အစီးဒေသ၏ အထက်မှာ လောဧကရာဇ်သည် သူ၏ အင်္ကျီလက်စကို ညင်သာစွာ ဝေ့ယမ်းလိုက်ပြီး အလွန်တရာလက်ရာမြောက်သော နန်းတော်တစ်ခုကပေါ်ထွက်လာ၏။
၎င်းက အဆက်မပြတ်ပြန့်ကားသွားပြီး လေထဲမှာလွင့်မျောကာ မနှိုင်းယှဥ်သာအောင် စီးပိုးခြယ်လှယ်သော အော်ရာတစ်ခုကိုဖြာထုတ်ပေးနေ၏။
“အဲ့ဒါက လောဧကရာဇ်ရဲ့ အင်မော်တယ်သိုင်းနန်းတော်ပဲ”
တိမ်စိုင်နဂါးဧကရာဇ်က ပြောလိုက်၏။
“ကြည့်ရတာတော့ အင်မော်တယ်သိုင်းဂိုဏ်းကကျင့်ကြံသူတွေက အင်မော်တယ်သိုင်းနန်းတော်ထဲမှာရှိနေလိမ့်မယ်... ဒါပေမဲ့ လောဧကရာဇ်က ဘာလို့အဲ့လိုပြုမူလှုပ်ရှားနေတာလဲ ငါသိချင်မိတယ်”
လူတိုင်းက ဆွေးနွေးပြောဆိုနေစဥ်မှာပင် အင်မော်တယ်သိုင်းနန်းတော်ထဲကနေ ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းထွက်လာ၏။
သို့သော်လည်း သူတို့ထဲမှများစွာက အမူအရာပျက်ယွင်းနေပြီး သူတို့က စိတ်ပျက်လက်ပျက်ဖြင့် ငေးငိုင်နေကြ၏။
“ထူးဆန်းတယ်”
ရုတ်တရက် ဖက်တီးလေးက အလိုမကျဟန်ဖြင့် ပြောဆိုလိုက်၏။
“အင်မော်တယ်သိုင်းဂိုဏ်းက ပညာရှင်တွေက အများကြီးလျော့နဲသွားတဲ့ပုံပဲ”
အခြားသူများကလည်း အဲ့ဒါကိုသတိထားမိကြ၏။
အင်မော်တယ်သိုင်းဂိုဏ်းမှ မျိုးနွယ်စုခေါင်းဆောင်များနှင့် ဧကရာဇ်အချို့သည် ပေါ်ထွက်မလာခဲ့ပေ။ သူတို့သည် ဘယ်နေရာကိုရောက်ရှိနေသလဲ မသိရပေ။
“လောဧကရာဇ်မှာ အကြံအစည်တစ်ခုခုရှိနေလို့များလား”
ရှစ်ကျန့်က ကောက်ချက်ချလိုက်၏။
သူတို့သည် ဝေးကွာလွန်းနေသောကြောင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်နန်းတော်မှပညာရှင်များသည် အင်မော်တယ်သိုင်းနန်းတော်မှ ကျင့်ကြံသူများ၏ အမူအရာများကိုတွေ့မြင်နိုင်ခြင်းမရှိပေ။
“ငါတို့ရဲ့ဂိုဏ်းတွေက ပညာရှင်တွေကိုစုစည်းဖို့ အမိန့်ထုတ်လိုက်... ငါတို့က ခွန်လွင်အပျက်အစီးဒေသကို တတ်နိုင်သမျှ မြန်မြန်သွားပြီး နတ်ဘုရားမျိုးနွယ်နဲ့တိုက်ခိုက်ရမယ်”
ပုံပြောသူက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ကောင်းပြီလေ”
ပညာရှင်များစွာက လေဟာနယ်ကိုဆုတ်ဖြဲပြီး သူတို့၏ ဂိုဏ်းများသို့ ပြန်လည်ရောက်ရှိလာကာ သူတို့၏ ပညာရှင်များကို စုစည်းပြီး ခွန်လွင်အပျက်အစီးဒေသသို့ ချီတက်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် ခွန်လွင်အပျက်အစီးဒေသ၏ အထက်မှာ...။
လောဧကရာဇ်သည် လျှောက်လှမ်းထွက်လာသော အင်မော်တယ်သိုင်းဂိုဏ်းကျင့်ကြံသူများစွာကို ကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“တိုက်ခိုက်ကြရအောင်”
သိပ်မကြာခင် လူအုပ်ကြားထဲမှ ကျင့်ကြံသူတစ်အုပ်စုက ရှေ့သို့တက်လာပြီး တိုက်ပွဲနယ်မြေသို့ ရန်လိုခက်ထန်စွာဖြင့် ပြေးဝင်သွားကြ၏။
ထိုသည်ကိုတွေ့မြင်သောအခါ ခွန်လွင်ကလန်သားများက ပို၍ပင်စိတ်အားမာန်တက်ကြွလာကြ၏။
လောဧကရာဇ်က ကျန်ရှိနေသော အင်မော်တယ်သိုင်းဂိုဏ်းကျင့်ကြံသူများကိုကြည့်ပြီး ခေါင်းခါလိုက်၏။
“ဒီနေ့ကိစ္စက ရှောင်လွှဲလို့မရဘူး မင်းတို့တွေမှာ ထွက်လမ်းမရှိတော့ဘူး... မင်းတို့တွေက ငါ့ရဲ့အမိန့်ကိုနာခံမှပဲ ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခုရလိမ့်မယ်”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် လောဧကရာဇ်က ကောင်းကင်ထက်ရှိ ဧကရာဇ်တိုက်ပွဲနယ်မြေသို့ ဖျတ်ခနဲရောက်ရှိလာ၏။
ခွန်လွင်ဧကရာဇ်သုံးယောက်က ငယ်ရွယ်သော နတ်ဘုရားမျိုးနွယ် ဧကရာဇ်၏ တိုက်ခိုက်မှုမှာ ဆက်လက်၍တောင့်မခံနိုင်တော့ပေ။
ယခု... လောဧကရာဇ်က ရောက်ရှိလာပြီး သူတို့က နောက်ဆုံး စိတ်သက်သာရာရသွားကြ၏။
“လောဧကရာဇ်... သတိထား ဒီလူက...”
ခွန်လွင်ဧကရာဇ်တစ်ပါးက စကားဆုံးအောင်မပြောရသေးခင်မှာပင် လောဧကရာဇ်က သူ၏ နောက်ကျောကို လက်သီးဖြင့် ပစ်ထိုးလိုက်၏။
ဘန်း
ခွန်လွင်ဧကရာဇ်၏ မျက်လုံးက ပြူးကျယ်သွားပြီး သူက ငေးငိုင်မှင်တက်သွား၏။
သူ၏ မျက်လုံးများက တွေဝေရှုပ်ထွေးမှု၊ သံသဝင်မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေ၏။
နောက်ခဏ၌ ခွန်လွင်ဧကရာဇ်၏ ခန္ဓာကိုယ်က သွေးမြူတစ်ခုအဖြစ်ပေါက်ကွဲထွက်သွား၏။
သူ၏ အမြုတေစိတ်ဝိညာဥ်က လောဧကရာဇ်၏ ထိုးချက်မှစွမ်းအားဖြင့် ကြေမွပျက်စီးသွားလေသည်။
အခြားသောခွန်လွင်ဧကရာဇ်နှစ်ပါးကလည်း မှင်တက်နေကြ၏။
လောဧကရာဇ်က ရပ်တန့်လိုက်ခြင်းမရှိဘဲ ဒုတိယမြောက်ခွန်လွင်ဧကရာဇ်၏ မျက်နှာကို ပြင်းထန်စွာ ပစ်ရိုက်ချလိုက်၏။
ထိုဧကရာဇ်၏ ဦးခေါင်းက ပေါက်ကွဲထွက်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံလိုက်ရ၏။
အသက်တစ်ရှိုက်စာမပြည့်ခင်မှာပင် ခွန်လွင်ဧကရာဇ်နှစ်ပါးက လောဧကရာဇ်၏ လက်ထဲမှာ သေဆုံးသွားရလေသည်။
“လောဧကရာဇ်... ခင်ဗျား...”
နောက်ဆုံးခွန်လွင်ဧကရာဇ်က ဒေါသချောင်းချောင်းထွက်နေသောအမူအရာဖြင့် တုံ့ပြန်လာစဥ်မှာပင် သူ၏ရင်ဘတ်မှာ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
ဧရာမရွှေရောင်လက်သီးတစ်လုံးက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူ၏ နှလုံးကို ခြေမွှဖျက်ဆီးပစ်လိုက်၏။
လူငယ်နတ်ဘုရားမျိုးနွယ်ဧကရာဇ်ကလှောင်ရယ်၍ သူ၏လက်နှစ်ဖက်စီသို့ ခွန်အားကိုပို့လွှတ်ကာ ခွန်လွင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဆွဲဖြဲလိုက်၏။
ထိုဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာထွက်ပြေးချင်လေသည်။
လောဧကရာဇ်၏ အကြည့်က ခွန်လွင်ဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်ထံသို့ ရွေ့လျားသွား၏။
ထိုသူ၏ အမြုတေစိတ်ဝိညာဥ်က ချက်ချင်းပင် ရပ်တန့်သွားလေသည်။
ဖျောက်.... ဖျောက်.... ဖျောက်...
နောက်ခဏ၌ ခွန်လွင်ဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က ကြေမွကာ သေဆုံးသွားရ၏။