ပေါက်ကွဲထွက်ပေါ်လာတော့မည့်ဆဲဆဲ
Vol. 137 Ch. 2055
“အဓိပ္ပါယ်မရှိတာကွာ”
တိမ်စိုင်နဂါးဧကရာဇ်က လှောင်ရယ်လိုက်၏။
“အစကတည်းက မင်းက ထျန်ဟွမ်ကုန်းမြေတိုက်က ဧကရာဇ်တွေရဲ့ခေါင်းဆောင်ဖြစ်နေခဲ့ပြီးသားပဲ... မင်းရဲ့အင်မော်တယ်သိုင်းဂိုဏ်းက ဂိုဏ်းကြီးတွေနဲ့ အဖွဲ့အစည်းကြီးတွေကို ဦးဆောင်ထားတာ... ကောင်းကင်ဘုံလျှို့ဝှက်ချက်နန်းတော်ကတောင်မှ ဒုတိယနေရာမှာပဲရှိတယ်... ထျန်ဟွမ်ကုန်းမြေတိုက်က မင်းကိုဘယ်အချိန်ကလက်မခံခဲ့တာလဲ ငါတို့က မင်းကို ဘယ်လိုဖိအားပေးလိုက်လို့လဲ”
တိမ်စိုင်နဂါးဧကရာဇ်တစ်ယောက်တည်းသာလျှင် မဟုတ်ပေ။ အခြားသောဧကရာဇ်များနှင့် မျိုးနွယ်စုခေါင်းဆောင်များကလည်း တွေဝေရှုပ်ထွေးသွားပြီး လောအောင်က ထိုစကားကို ဘာကြောင့်ပြောလာသလဲ နားမလည်နိုင်ကြပေ။
ပုံပြောသူတစ်ယောက်ကသာလျှင် တစ်စုံတစ်ရာကိုနားလည်သဘောပေါက်သွားသည့်အလား မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“ဟားဟား...”
“မင်းတို့တွေက ဒီလောက်ထိမြန်မြန်ဆန်ဆန်မေ့ပျောက်သွားကြတာပဲ”
လောအောင်က တိမ်စိုင်နဂါးဧကရာဇ်နှင့်အခြားဧကရာဇ်များကိုကြည့်ကာ လှောင်ရယ်လိုက်၏။
ပုံပြောသူက ဖြည်းဖြည်းချင်း မေးလိုက်၏။
“မင်းက အရင်တုန်းက သိုင်းဧကရာဇ်ဘွဲ့ကိုခံယူချင်ခဲ့တဲ့ကိစ္စကို ပြောနေတာလား”
လောအောင်သည် ဧကရာဇ်အဖြစ်သို့ တက်လှမ်းခဲ့စဥ်က သူသည် သိုင်းဧကရာဇ်ဘွဲ့ကို ခံယူချင်ခဲ့၏။ သို့သော်လည်း သူ့ကိုပုံပြောသူ၊ တိမ်စိုင်နဂါးဧကရာဇ်နှင့် အခြားသူများက တားဆီးခဲ့ကြလေသည်။
လောအောင်သည် ထာဝရသိုင်းဧကရာဇ်ခေတ်အလွန်မှာ အတောက်ပဆုံး ပြန်ဝင်စားမွန်းစတားဖြစ်လာလာသော်လည်း သူသည် အတွေ့အကြုံနှင့် တိုက်ခိုက်ရည်ခွန်အားအရာမှာ သိုင်းဧကရာဇ်ထက် များစွာနိမ့်ကျနေသေး၏။
ထို့နောက် လောအောင်သည် သိုင်းတာအိုဆွေးနွေးဟောပြောပို့ချမှုများကိုပြုလုပ်ကာ ထျန်ဟွမ်ကုန်းမြေတိုက်မှ သိုင်းတာအိုကျင့်ကြံသူများစွာကို သူ့နောက်သို့လိုက်ပါလာစေရန် ဆွဲဆောင်ခဲ့လေသည်။ အင်မော်တယ်သိုင်းဂိုဏ်းက နေ့ချင်းညချင်း သန်အာကြီးထွားလာခဲ့၏။
လောအောင်ကတော့ သူသည် အင်မော်တယ်တာအိုနှင့် သိုင်းတာအိုနှစ်မျိုးစလုံးကို ကျင့်ကြံပြီး တဟုန်ထိုး တိုးတက်လာခဲ့၏။ သိပ်မကြာခင် သူသည် အန္တိမနတ်ဘုရားစွမ်းအား ၆ခုကို နားလည်ဆင်ခြင်နိုင်ခဲ့၏။
သူ၏ တိုက်ခိုက်ရည်ခွန်အားက လူသားဧကရာဇ်နှင့် ယှဥ်နိုင်လာခဲ့၏။
လောအောင်သည် သိုင်းဧကရာဇ်ဘွဲ့ကို ခံယူလိုသည့်ကိစ္စကို နောက်တစ်ဖန်စတင်၍ ပြောဆိုလာခဲ့၏။
ထိုအချိန်မှာ တိုက်ခိုက်ရည်ခွန်အားအရာတွင် ထျန်ဟွမ်ကုန်းမြေတိုက်မှာ မည်သူကမှ သူ့ကိုမယှဥ်နိုင်တော့ပေ။ သို့သော်လည်း ဧကရာဇ်များကို စုဝေးလိုက်သည့်အခါ ဤကိစ္စကို သဘောတူထောက်ခံသည့်လူက မရှိသလောက်နီးပါးပင်။
သိုင်းဧကရာဇ်နှင့် ရန်ငြိုးရန်စရှိခဲ့သော ကမ္ဘာဦးမျိုးနွယ်များပင်လျှင် ဤကိစ္စကို သဘောမတူဘဲ သိုင်းဧကရာဇ်ဘွဲ့ခံယူမည့်ကိစ္စကို လက်လျှော့ဖို့ လောအောင်ကို ဖျောင်းဖျခဲ့ကြ၏။
လူတိုင်း၏ နှလုံးသားထဲမှာ ထျန်ဟွမ်ကုန်းမြေတိုက်တွင် သိုင်းဧကရာဇ်က တစ်ဦးတည်းသာလျှင်ရှိလေသည်။
ဆူဇီမို...။
လောအောင်၏ နောက်ပိုင်းအောင်မြင်ထွန်းပေါက်မှုများက ကြီးမားသော်လည်း သူ့အနေဖြင့် သိုင်းဧကရာဇ်ဘွဲ့ကို ခံယူဖို့က ခက်ခဲနေခဲ့၏။
ထိုအချိန်တုန်းက လောအောင်နှင့် အခြားသောဧကရာဇ်များက သဘောထားမတိုက်ဆိုင်မှုရှိခဲ့လေသည်။
ယခု ပုံပြောသူက အတိတ်ကာလကို ပြန်ဖော်ထုတ်ပေးလိုက်ပြီး ဧကရာဇ်များက အနည်းငယ်မှင်တက်သွားကြ၏။ လောအောင်သည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ကျူးကျော်သူများကို ခေါ်ဆောင်လာပြီး အစုလိုင်အပြုံလိုက်သတ်ဖြတ်မှုများကို စတင်ခဲ့သည်မှာ ဤကိစ္စကြောင့် ဟုတ်နိုင်ပါ့မလား။
“ငါက... သိုင်းဧကရာဇ်ဘွဲ့ကိုတောင် မရယူနိုင်ခဲ့ဘဲနဲ့... ငါကခေါင်းဆောင်ပါလို့ မင်းတို့ကပြောနေတာလား”
လောအောင်က လှောင်ရယ်လိုက်၏။
အပြာရောင်နဂါးဧကရာဇ်က ကျိန်ဆဲလိုက်၏။
“ဘယ်လိုသောက်ရူးနားကန်းလဲ... မင်းက သိုင်းဧကရာဇ်ဘွဲ့ကိုမခံယူနိုင်တာကြောင့်နဲ့ ထျန်ဟွမ်ကုန်းမြေတိုက်နဲ့ လူသားမျိုးနွယ်ကို သစ္စာဖောက်လိုက်တာလား”
“ငါက... အစကတည်းက လူသားတစ်ယောက်မဟုတ်ဘူး... ငါကမင်းတို့ကို ဘာလို့သစ္စာမဖောက်နိုင်ရမှာလဲ”
လောအောင်က မှင်သေသေဖြင့် ပြောလိုက်၏။
“ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတစ်ဝက်က နတ်ဘုရားမျိုးနွယ်ရဲ့သွေးပဲ... ဒါပေမဲ့ မင်းတို့တွေဘယ်သူမှအဲ့ဒါကို မသိကြဘူးမလား”
ဧကရာဇ်များကတုန်လှုပ်သွားကြ၏။ လောအောင်သည် ဤကိစ္စကို လူတိုင်းထံကနေ ကောင်းကောင်း ဖုံးကွယ်ထားခဲ့လေသည်။
ထိုသို့ဖြင့် လောအောင်သည် ထျန်းဟွမ်ကုန်းမြေတိုက်မှာ အချိန်တိုအတွင်း မြင့်မားတိုးတက်လာပြီး ဧကရာဇ်တစ်ပါးဖြစ်လာခဲ့သည်ကို နားလည်ဖို့လွယ်ကူသွားလေသည်။
“ငါက... အစတုန်းက လူသားမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်အပေါ် ဘယ်ဘက်ကိုမှ ဘက်မလိုက်ခဲ့ဘူး... ငါက ထျန်ဟွမ်ကုန်းမြေတိုက်မှာ ကြီးပြင်းလာပြီး ငါ့ရဲ့နှလုံးသားအနက်ပိုင်းထဲမှာ ထျန်ဟွမ်ကုန်းမြေတိုက်အပေါ် ငါ့ရဲ့ခံစားချက်တွေက ပိုပြီးတော့တောင်နက်ရှိုင်းခဲ့သေးတယ်”
လောအောင်က ခေါင်းခါလိုက်၏။
“ဒါပေမဲ့... ဧကရာဇ်ဘွဲ့ခံယူမဲ့ကိစ္စကို မင်းတို့တွေက နှစ်ကြိမ်ဆက်တိုက်တားဆီးခဲ့တာ ငါမင်းတို့ကိုအတော်လေးစိတ်ပျက်သွားတယ်... ငါ့ကို နတ်ဘုရားမျိုးနွယ်ဘက်ရောက်အောင်တွန်းပို့ခဲ့တာ မင်းတို့တွေပဲ... ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ ဒီနေ့ကပ်ဘေးကလည်း မင်းတို့တွေအားလုံးကြောင့်ဖြစ်လာတာပဲ”
“ဟားဟား”
ဖက်တီးလေးက လှောင်ရယ်လိုက်၏။
“တကယ့်ဟာသပဲ... မင်းက ဘွဲ့တစ်ခုအတွက်နဲ့ ထျန်ဟွမ်ကုန်းမြေတိုက်ကိုဆန့်ကျင်ပြီး ဒီမြေပေါ်က သက်ရှိအားလုံးကို စွန့်ပယ်လိုက်တယ်ပေါ့... အရင်တုန်းက ငါတို့ရဲ့ ဆုံးဖြတ်ချက်က မမှားခဲ့ဘူးဆိုတာ အဲ့ဒါက သက်သေပြပေးနေတာပဲ”
“မင်းက... သိုင်းဧကရာဇ်ရဲ့ ဘွဲ့ကိုခံယူဖို့လုံးဝမထိုက်တန်ဘူး”
လောအောင်က ဖက်တီးလေးကိုစိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်၏။
“ငါက... ထိုက်တန်လား မထိုက်တန်ဘူးလားဆိုတာ မင်းဆုံးဖြတ်ရမှာမဟုတ်ဘူး... ထျန်ဟွမ်ကုန်းမြေတိုက်မှာ သိုင်းတာအိုပညာရှင်တစ်ဝက်က ငါ့ရဲ့ဦးဆောင်မှုအောက်မှာပဲ မင်းတို့တွေသေသွားတာနဲ့ ငါကသိုင်းဧကရာဇ်အသစ်ဖြစ်လာလိမ့်မယ်”
“အင်မော်တယ်သိုင်းဂိုဏ်းက တခြားသူတွေက ဘယ်ရောက်ကုန်တာလဲ”
ပုံပြောသူက အဲ့ဒါကိုခန့်မှန်းမိပြီးသားဖြစ်သော်လည်း သူကမေးလိုက်လေသည်။
“တမလွန်ဧကရာဇ်... နဂါးသိုင်းဧကရာဇ်... ကျူးရှာဧကရာဇ်နဲ့ တခြားသူတွေကဘယ်ရောက်ကုန်တာလဲ”
လောအောင်အပါအဝင် အင်မော်တယ်သိုင်းဂိုဏ်းမှာ စုစုပေါင်း ဧကရာဇ် ဆယ်ပါးရှိခဲ့လေသည်။
သို့သော်ယခု... လောအောင်၏ နောက်ဘက်မှာ ဧကရာဇ် ၆ပါးသာလျှင်ကျန်ရှိနေသည်။
အင်မော်တယ်သိုင်းဂိုဏ်းမှ ဧကရာဇ် ၆ပါးက ထိုစကားကိုကြားသောအခါ သူတို့၏ အမူအရာများက ပျက်ယွင်းသွားပြီး သူတို့၏ ခေါင်းများကို ငုံ့လိုက်ကြ၏။
လောအောင်က ပြုံး၍ သာမန်ကာလျှံကာ ပြောလိုက်၏။
“ငါက အင်မော်တယ်သိုင်းနန်းတော်ထဲမှာ အင်မော်တယ်သိုင်းဂိုဏ်းက ကျင့်ကြံသူတွေအားလုံးကို စုစည်းစေခဲ့တယ်”
“အင်မော်တယ်သိုင်းနန်းတော်က ငါ့ရဲ့မူပိုင်ဓမ္မရတနာပဲ... အဲ့ဒီထဲမှာဆိုရင် ငါကလူတိုင်းကို အတွေးတစ်ချက်နဲ့ သတ်ဖြတ်နိုင်တယ်”
“ငါ့ကိုအတိုက်အခံပြုလုပ်ခဲ့တဲ့လူတိုင်းကို ငါက... အင်မော်တယ်သိုင်းနန်းတော်ထဲမှာ သတ်ဖြတ်ခဲ့ပြီးပြီ”
ထျန်ဟွမ်ကုန်းမြေတိုက်၏ သိုင်းတာအိုကျင့်ကြံသူများစွာက ထိုစကားကိုကြားသောအခါ ဒေါသချောင်းချောင်းထွက်သွားကြ၏။
“လောအောင်... မင်းက သိုင်းဧကရာဇ်ရဲ့အမွေအနှစ်ကို ကျင့်ကြံခဲ့တယ်... ဒါပေမဲ့ မင်းကထျန်ဟွမ်ကုန်းမြေတိုက်ကိုတော့ စွန့်ပယ်လိုက်တယ်... မင်းက မင်းရဲ့အရင်းအမြစ်ကို မေ့ပျောက်သွားပြီ... မင်းက သိုင်းတာအိုကျင့်ကြံတဲ့သူတွေကိုတောင်မှ ထင်တိုင်းကျဲ သတ်ဖြတ်ခဲ့တယ်... မင်းက ခွေးလောက်ဝက်လောက်တောင် အဆင့်မရှိတဲ့ကောင်ပဲ”
သိုင်းတာအိုမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က သည်းမခံနိုင်တော့ဘဲ ရှေ့သို့ထွက်လာပြီး ကျိန်ဆဲလိုက်၏။
“ဟမ့်...”
လောအောင်၏ အကြည့်က သိုင်းတာအိုမျိုးနွယ်စုခေါင်းဆောင်ထံသို့ ရောက်ရှိသွား၏။
“သတိထား..”
တိမ်စိုင်နဂါးဧကရာဇ်နှင့် အခြားသူများက ခပ်မြန်မြန်သတိပေးလိုက်သော်လည်း အဲ့ဒါက နောက်ကျသွားခဲ့လေပြီ။
သိုင်းတာအိုမျိုးနွယ်စုခေါင်းဆောင်၏ နှာရောင်က လောအောင်၏ အကြည့်ဖြင့် ထိုးဖောက်ခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရကာ နေရာမှာပင် သေဆုံးသွား၏။
လောအောင်၏ တိုက်ခိုက်မှုက ရုတ်တရက်ဆန်လွန်းပြီး အပြာရောင်နဂါးဧကရာဇ်နှင့်အခြားသူများက သူ့ကိုအချိန်မီမကယ်တင်နိုင်ခဲ့ကြပေ။
“လောအောင်... ထျန်ဟွမ်ကုန်းမြေတိုက်မှာ သိုင်းတာအိုကျင့်ကြံသူတွေ သန်းနဲ့ချီပြီရှိတယ် မင်းသူတို့အားလုံးကို သတ်ဖြတ်နိုင်မှာလား”
“လောအောင်... မင်းက မင်းရဲ့အရင်းအမြစ်ကိုမေ့ပျောက်သွားပြီ... မင်းက ခွေးလောက်ဝက်လောက်တောင်အဆင့်မရှိတော့ဘူး... မင်းက သိုင်းဧကရာဇ်ရဲ့ဖိနပ်ကိုသယ်ဖို့တောင် မထိုက်တန်ဘူး”
လောအောင်၏ သတ်ဖြတ်ခြင်းစွမ်းအားက ထျန်ဟွမ်ကုန်းမြေတိုက်ရှိကျင့်ကြံသူများကို မခြိမ်းခြောက်နိုင်ရုံသာမက ရှေ့သို့ထွက်ပြီး အော်ပြောလာသည့် သိုင်းတာအိုကျင့်ကြံသူများက ပို၍ပို၍များပြားလာ၏။
ချက်ချင်းပင် ထျန်ဟွမ်ကုန်းမြေတိုက်စစ်တပ်က ပို၍စိတ်လှုပ်ရှားဒေါသထွက်လာပြီး သူတို့၏ အော်ဟစ်သံများက ကောင်းကင်တစ်ခွင်ကို လှုပ်ခတ်သွားစေကာ ထျန်ဟွမ်ကုန်းမြေတိုက်မှ ဧကရာဇ်များအမိန့်ပေးလာမည်ကို သူတို့က စောင့်ဆိုင်းနေကြ၏။
“မင်းတို့မှာရွေးချယ်စရာနှစ်ခုပဲရှိတယ်... အညံ့ခံမလား အသေခံမလား”
လောအောင်က ထျန်ဟွမ်ကုန်းမြေတိုက်မှ ဧကရာဇ်များကိုကြည့်ပြီး သူ၏ခေါင်းကို ညင်သာစွာခါကာ အထင်အမြင်သေးသောအမူအရာဖြင့်ပြောလိုက်၏။
“မင်းတို့တွေထဲ ဘယ်သူက ငါ့ကိုယှဥ်နိုင်မှာလဲ... နောက်ပြီး ငါ့ရဲ့နောက်မှာ နတ်ဘုရားမျိုးနွယ်စစ်တပ်ရှိတယ်”
ထျန်ဟွမ်ကုန်းမြေတိုက်က ဤတိုက်ပွဲမှာ ပျက်သုဥ်းရတော့မည်ဆိုတာကို ဧကရာဇ်များက သိရှိလိုက်ကြ၏။
သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းသည် တိုက်ခိုက်ရခြင်းမရှိဘဲ ဘယ်လိုလုပ်အညံ့ခံနိုင်မှာလဲ။
ဧကရာဇ်များက လောအောင်၏ နောက်မှ အင်မော်တယ်သိုင်းဂိုဏ်းကို ကြည့်လိုက်ကြ၏။
သူတို့က အင်မော်တယ်သိုင်းဂိုဏ်းမှ ကျင့်ကြံသူများကို ထျန်ဟွမ်ကုန်းမြေတိုက်ဘက်မှာရပ်တည်အောင် ပြုလုပ်နိုင်မည်ဆိုလျှင် သူတို့မှာ အခွင့်အရေးတစ်ခုရှိကောင်းရှိနိုင်လေသည်။
သို့သော်လည်း အင်မော်တယ်သိုင်းဂိုဏ်းမှ ကျန်ရှိနေသော သိုင်းတာအိုကျင့်ကြံသူများက လောအောင်ပေါ် အကြွေးတင်နေသလို သူ၏ နည်းလမ်းများကိုလည်း ကြောက်ရွံ့ထိတ်လန့်နေကြ၏။ ဘယ်သူကရှေ့ကိုထွက်ရဲပါ့မလဲ။
သေရမည်ကိုမကြောက်ရွံ့သော အမှန်တကယ်သတ္တိရှိသည့် အင်မော်တယ်သိုင်းဂိုဏ်းမှ သိုင်းတာအိုကျင့်ကြံသူများကို လောအောင်က သတ်ဖြတ်ခဲ့ပြီးလေပြီ။
လမ့်ရိုသည် လောအောင်၏ နောက်ဘက်မှ ဧကရာဇ် ၆ပါးနှင့် အင်မော်တယ်သိုင်းဂိုဏ်းမှ သိုင်းတာအိုပညာရှင်များစွာကို ကြည့်လိုက်လေသည်။
“ရှင်တို့တွေထဲ ဘယ်နှစ်ယောက်များ စိတ်ဝိညာဥ်ရင်းမြစ်ရှိခဲ့လို့လဲ... ရှင်တို့တွေက သိုင်းဧကရာဇ်ရဲ့ သိုင်းတာအိုကြောင့်သာ ကျင့်ကြံနိုင်ပြီးတော့ ရှင်တို့ရဲ့လက်ရှိအောင်မြင်မှုတွေကို ရရှိနိုင်ခဲ့ကြတာမဟုတ်ဘူးလား”
အင်မော်တယ်သိုင်းဂိုဏ်းမှ လူတိုင်းက အသံတိတ်နေကြ၏။
ဧကရာဇ် ၆ပါးက သူတို့၏ အကြည့်များကိုလွှဲပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှ ထိုသူများနှင့် အကြည့်ချင်းမဆုံရဲပေ။
လမ့်ရိုက ဆက်ပြောလိုက်၏။
“ထျန်ဟွမ်ကုန်းမြေတိုက်ကလူတွေနဲ့ သိုင်းတာအိုကိုကျင့်ကြံထားတဲ့သူတွေအနေနဲ့ ရှင်တို့တွေက အမှားအမှန်ကိုမခွဲခြားဘဲ ကျူးကျော်သူမိစ္ဆာတွေနဲ့ ဘယ်လိုတောင်ပူးပေါင်းနိုင်ရတာလဲ”
အင်မော်တယ်သိုင်းဂိုဏ်းမှာ လှုပ်ခတ်မှုတချို့ရှိသွားသော်လည်း အဲ့ဒါကသိပ်ပြီး သိသာထင်ရှားမှုမရှိပေ။
သိုင်းတာအိုကျင့်ကြံသူများစွာက လှုပ်ခတ်သွားသော်လည်း မည်သူကမှ လောအောင်၏ စွမ်းပကားကို ဆန့်ကျင်ပြီး ရှေ့သို့ထွက်မလာရဲပေ။
အင်မော်တယ်သိုင်းဂိုဏ်း၏ အထွတ်အထိပ်ဧကရာဇ်က သက်ပြင်းချလိုက်၏။
“မင်းပြောတာမှန်တယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ ငါကလက်ရှိအောင်မြင်မှုတွေကိုရရှိလာခဲ့တာ လောဧကရာဇ်ရဲ့ လမ်းညွှန်ပြသမှုတွေကြောင့်ပဲ... ငါက....”
အထွတ်အထိပ်ဧကရာဇ်က သူ၏ခေါင်းကို ငုံ့ပြီး ဆက်လက်၍မပြောဆိုနိုင်တော့ပေ။
သူ၏ နှလုံးသားက ပြင်းထန်စွာနာကျင်နေ၏။
နောက်ထပ်ကြက်သွေးရောင်ဧကရာဇ်ကလည်း မှေးမှိန်နေသောအမူအရာဖြင့်ပြောလိုက်၏။
“ငါတို့က... အမှားအမှန်ကို မသိတာတော့မဟုတ်ဘူး... ဒါပေမဲ့လောဧကရာဇ်က အရင်တုန်းက ငါ့အသက်ကို ကယ်ခဲ့ဖူးတယ် အဲ့ဒါကြောင့်...”
“လောအောင် မင်းဘာတွေကိုစောင့်နေတာလဲ”
ထိုစဥ်မှာပင် လူငယ်နတ်ဘုရားမျိုးနွယ်ဧကရာဇ်က နတ်ဘုရားမျိုးနွယ်စစ်တပ်ကိုဦးဆောင်ပြီး သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ လျှောက်လှမ်းလာလေသည်။
ထိုအခိုက်အတန့်မှာ နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ်ရှစ်ပါးကလည်း ထျန်ဟွမ်ကုန်းမြေတိုက်သို့ ရောက်ရှိလာခဲ့ကြပြီဖြစ်၏။
လောအောင်က ထျန်ဟွမ်ကုန်းမြေတိုက်မှလူများကို အေးစက်စက်အမူအရာတစ်ခုဖြင့် ကြည့်လိုက်၏။
သူက လက်ကိုဖြည်းဖြည်းချင်းမြှောက်ပြီး အမိန့်ပေးဖို့အတွက်ပြင်လိုက်လေသည်။
တိုက်ပွဲက ပေါက်ကွဲထွက်ပေါ်လာတော့မည့်ဆဲဆဲပင်။