← Chapters

ခတ်ဆေး (၄)

Vol. 2 Ch. 78

ခတ်ဆေး (၄)

Vol. 2 Ch. 78

နောက်တစ်နေ့မနက် မိုးလင်းချိန် ကျွန်မမျက်လုံးကို ဖွင့်လိုက်ပြီးပြီးချင်းပဲ ပြုံးလိုက်မိတယ်။ မနေ့က မိုနီကာ ဒုက္ခရောက်သွားတဲ့ကိစ္စကို ကျွန်မ မတွေးဘဲ မနေနိုင်လို့ပါ။ မိုနီကာက ပထမဆုံးတစ်ဇွန်းစားကြည့်ပြီး အခြေအနေ မဟန်မှန်းသတိထားမိတာနဲ့ ကျွန်မတို့ကို လက်စားချေတဲ့အနေနဲ့ ‘ကောင်းလို့မြည်းကြည့်ပါလား’ ဆိုပြီးတော့ ဟင်းရည်ခွက်ကို ကမ်းပေးခဲ့ပေမဲ့

ကျွန်မတို့က အလွယ်တကူပဲ အလိမ္မာသုံးပြီးတော့ ရှောင်ရှား နိုင်ခဲ့ပါတယ်။ “မဟုတ်တာ၊ မိုနီကာက ဒီလောက်ကြိုက်နေတာ ဆိုတော့ ကျွန်မတို့ ဘယ်စားရက်ပါ့မလဲ။ မိုနီကာပဲ အဝစားလိုက်တော့နော်။”

အဲဒီနောက်တော့ မိုနီကာက နက်ဆန်ကို အသနားခံတဲ့ရုပ်နဲ့ ကြည့်ခဲ့ပေမဲ့ ဟိုက အကြင်နာမဲ့စွာနဲ့ ဘာမှမပြောခဲ့ဘူးလေ။ နောက်ဆက်ဖြစ်တာတွေကို အကျဥ်းချုံးပြောရရင်တော့ မိုနီကာတစ်ယောက် ပါးစပ်ကနေ အန်ထွက်လုနီးပါးအထိ ဟင်းရည်အားလုံးကို ကုန်အောင်သောက်ခဲ့ရပြီး ယိမ်းယိုင်နေတဲ့ ခြေလှမ်းတွေနဲ့ အိမ်ကိုပြန်သွားခဲ့ရတယ်။

နာတာရှာက ကျွန်မတို့ကို နောက်ထပ်ဟင်းရည် ထပ်လုပ်ပေးရမလား မေးပေမဲ့ မိုနီကာစားတာကို ကြည့်ပြီးတော့ ဗိုက်ဝနေပြီလို့ဖြေခဲ့တယ်။ ညစာ မစားခဲ့ရပေမဲ့ စားပြီးငရဲခံရတာထက်တော့ ပိုပြီကောင်းသေးတယ်လို့ ကျွန်မတွေးမိတယ်လေ။

မနက် ခုနစ်နာရီထိုးနေပြီဖြစ်တဲ့အတွက်ကြောင့် ကျွန်မ အိပ်ရာပေါ်က ဆင်းလိုက်တယ်။ တစ်ယောက်ယောက်က ကျွန်မပေါင်ကို ဖက်ထားတဲ့အတွက် အခုလိုလှုပ်ရှားလိုက်တဲ့ အချိန်မှာ ကြမ်းပြင်ပေါ်ကို ဘုန်းခနဲပြုတ်ကျသွားတယ်။

မျက်လုံးကို ပွတ်သပ်ပြီး ကြည့်လိုက်တော့ အဲဒါက အိုလီရာနာ ဖြစ်နေတာတွေ့လိုက်ရတယ်။ ကလေးမက ကျွန်မပေါင်ကို ဖက်ခေါင်းအုံးလိုဖက်ထားဆဲဖြစ်ပြီး အလွတ်မပေးဘဲ ကြမ်းပြင်ပေါ်မှာ ဆက်အိပ်နေပါတယ်။ ဒါကြောင့် သူ့ကိုအတင်းဆွဲဖယ်ပြီး အိပ်ရာပေါ် ပြန်တင် ထားပေးလိုက်ရတာပေါ့။

ကျွန်မကိုယ်တိုင်ကတော့ ရေချိိုးခန်းထဲဝင်ပြီး သန့်စင် ရေမိုးချိုးတယ်။ အဝတ်အစားလဲပြီး အသင့်ဖြစ်တဲ့ အချိန်မှာတော့ နက်ဆန်ရဲ့အခန်းကိုကူးပြီး တံခါး ခေါက်ဖြစ်ခဲ့ပါတယ်။

ဒေါက်... ဒေါက်... ဒေါက်...

နောက်တော့ ကျွန်မ သက်ပြင်းချမိတယ်။ နက်ဆန်ရဲ့ ပြောင်းပြန်ဖြစ်နေတဲ့ အိပ်စက်ခြင်းစက်ဝန်းကို ပြင်ဆင်ဖို့ နေ့တိုင်းမနက်စောစော သူ့တံခါးကိုသွားခေါက်ပြီး နှိုးဖြစ်တယ်ဆိုပေမဲ့ အမြဲလိုလို နှိုးမရတာက များတယ်။

“ဝင်ခဲ့လေ... တံခါးသော့ခတ်မထားဘူး။”

ဒါပေမဲ့ ဒီနေ့တော့ ထူးထူးဆန်းဆန်း အခန်းထဲကနေပြီး ပြန်ထူးသံ ကြားလိုက်ရတဲ့အတွက် အံ့အားသင့်မိတယ်။ တံခါးကို ဖွင့်ကြည့်လိုက်တော့ မနေ့က နာတာရှာချန်ခဲ့တဲ့ ဂတ်စ်မီးဖိုကို ဝရန်တာအပြင်ထုတ်ပြီး တစ်ခုခုကြော်ဖို့ ကြိုးစားနေတဲ့ နက်ဆန်ကို တွေ့လိုက်ရတယ်။

“မနက်စာလုပ်နေတာလား... ဒီလိုပုံစံမျိုးနဲ့ ရှင့်ကိုတွေ့ရတာ ရှားသားပဲ။”

ကျွန်မ ပြောလိုက်မိတယ်။ နက်ဆန်က အေးစက်စက် နိုင်ပေမဲ့ သူက ခေါင်းကိုအသာအယာ ညိတ်ပြခဲ့တယ်။ မိန်းကလေးဖြစ်ချင်းမဖြစ်ချင်းက သူ့အတွက်တော့ သိပ်ပြီး မခြားနားပါဘူး။ ခါတိုင်းလိုပဲ ရေခဲတုံးဖြစ်နေတုန်းပဲ။

ကျွန်မသူ့အနားကို လျှောက်သွားကြည့်မိတယ်။ သူဘာလုပ်နေလဲဆိုတာ သိရအောင်လို့ပေါ့။ သူ့ရှေ့မှာ ပန်းကန်လုံးလေးတစ်လုံး ရှိနေပြီးတော့ အထဲမှာတော့ ရွှေရောင်အနှစ်ကလေးတွေအပြည့်ပါ။ ပါးပါးလှီးထားတဲ့ ခရမ်းချဥ်သီး၊ ငရုတ်သီးနဲ့ ကြက်သွန်နီတချို့ကိုလည်း တွေ့ရတယ်။

“ကြက်ဥမွှေကြော် လုပ်နေတာလား။”

ကျွန်မက မေးလိုက်တော့ သူက ခေါင်းညိတ်ပြပါတယ်။ နောက်တော့ သူက နှုတ်ခမ်းကို ဟတယ်ဆိုရုံလေးဟပြီး ​တည်ငြိမ်သာယာတဲ့အသံနဲ့ ပြောပြတယ်။

“နာတာရှာ မနေ့ကပြောတာကို ငါလည်းစဥ်းစားမိတယ်။ မော်လီ ငါတို့အတွက် ဟင်းချက်မပေးတော့ကတည်းက နှစ်​ယောက်လုံး အပြင်စာတွေချည်းစားနေတာ။ သူသာသိရင် ငါ့ကို သေအောင်ဆူလိမ့်မယ်။”

‘သခင်လေး၊ အပြင်စာတွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးနော်။ ရောဂါဖြစ်လိမ့်မယ်။' ကျွန်မလည်း မော်လီက ခါးထောက်ပြီးတော့ နက်ဆန်ကို ဆူနေတဲ့ မြင်ကွင်းကို သွားတွေးမိတယ်။ နက်ဆန်က မော်လီ မရှိတော့ဘူးလို့ မပြောခဲ့ဘူး။ ဆိုလိုတာက မော်လီဟာ သူ့ရင်ထဲမှာ ရှိနေသေးတယ်ဆိုတဲ့ သဘောပါပဲ။ ပြီးတော့ နာတာရှာပြောခဲ့တဲ့အတိုင်းဆိုရင် မော်လီရဲ့ဝိညာဥ်ကိုသာ ကျွန်မတို့ရှာတွေ့ခဲ့ရင် မျှော်လင့်ချက်ရှိနိုင်တယ် ဆိုတဲ့ သဘောမဟုတ်လား။

ဖောက်... ဖောက်... ဖောက်...

မီးဖိုပေါ်တင်ထားတဲ့ အိုးထဲက ဆီက ဆူပွတ်လာပြီး ထပေါက်တယ်။ ဆီစင်မှာစိုးတဲ့အတွက် နက်ဆန်က နောက်ကို ခုန်ဆုတ်လိုက်တယ်။ မိန်းကလေးဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်လေးက ကျွန်မရင်ခွင်ထဲ ဝင်မိပြီးသား ညဖြစ်သွားပြီး သူ့ခေါင်းနဲ့ ကျွန်မမေးဆောင့်မိတော့တာပဲ။

“အောင်မလေး...”

ကျွန်မနှုတ်ခမ်းကနေ သွေးတွေစီးကျလာတယ်။ သူက သူ့အမှားကိုယ်သူ ချက်ချင်းသတိထားမိသွားပြီး...

“တောင်းပန်ပါတယ်... ကိုယ်မရည်ရွယ်ပါဘူး....”

သူက ကျွန်မအခြေအနေကိုတွေ့တော့ စိတ်မကောင်း ချက်ချင်းဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်မသူ့ကို ဘယ်လိုလုပ် အပြစ်မြင်ရက်ပါ့မလဲ။

“အခုမှ ပထမဆုံးအကြိမ် စကြိုးစားတာမဟုတ်လား။ မော်လီလုပ်တာကို မြင်ဖူးရုံနဲ့ တတ်သွားပြီလို့မှ ပြောလို့မရတာ။ လက်တွေ့နဲ့သီအိုရီနဲ့က ကွာခြားသေးတယ်လေ။”

ကျွန်မက ဝရန်တာအပြင်ကနေ အခန်းထဲကိုဝင်ပြီး ဟိုတယ်က ပေးတဲ့အထဲမှာပါတဲ့ သန့်ရှင်းတဲ့ ဝါဂွမ်းစ အထုပ်လေးတစ်ထုပ်ကို ဖောက်ပြီးနှုတ်ခမ်းမှာ ကပ်လိုက်ရင်း သူ့ကိုပြောလိုက်တယ်။

“ကိုယ်အရင်က မလုပ်ဖူးမှန်း မင်းဘယ်လိုလုပ်ပြီး သိတာလဲ။”

သူက ကျွန်မကို ပြန်မေးတယ်။ ဒါပေမဲ့ သူ့လက်ကတော့ အလုပ်လုပ်နေတာ ရပ်မသွားဘူး။ ဆီဆူပြီဖြစ်တဲ့အတွက် လှီးထားတဲ့ ခရမ်းချဥ်သီး၊ ကြက်သွန်နီအစရှိတာတွေကိူ အရင်ဆုံး အိုးထဲထည့်ပြီး ဆီသတ်လိုက်တယ်။

ကျွန်မကတော့ နှုတ်ခမ်းက သွေးတိတ်မတိတ်သေချာ စောင့်ကြည့်ရင်းနဲ့ ပြန်ဖြေလိုက်ပါတယ်။

“အသီးအရွက်တွေကိုလှီးထားတာ ညီတယ်ဆိုပေမဲ့ ရှင်က မှော်အစီအရင်တွေလုပ်ဖို့ ဆေးမြစ်လှီးနေကျလူလေ။ ဒါက ပုံမှန်ပဲ။ ဆီပူမှန်မှာကျတော့ သေလောက်အောင် ကြောက်နေတာဆိုတော့ အရင်က ဟင်းမချက်ဖူးမှန်း သိပ်သိတာပဲ။”

ကျွန်မက အကျိုးသင့်အကြောင်းသင့် ရှင်းပြလိုက်တော့ နက်ဆန်ရဲ့ပါးပြင်လေးတွေက နီရဲတွက်သွားတယ်။ မိန်းကလေး ဖြစ်နေတာကြောင့်လား မသိပေမဲ့ အခုဆိုရင် သူရှက်တဲ့အခါ ဖုံးကွယ်မရတော့ဘဲ သိပ်ကိုသိသာတာ တအား။ သူက ပြုံးတယ်ဆိုရုံလေး ပြုံးလိုက်ပြီး...

“ငါက မင်းကို ငတုံးမလေးလို့ ထင်ထားခဲ့တာ။”

အမယ်၊ ဒီကိုယ်တော်ချောက အလာကြီးပါလား။ ကျွန်မ သူ့အနားကို ပြေးသွားလိုက်ပြီး ခါးထောက်ကြည့်တယ်။

“ဒီမယ်၊ ကိုယ်တော်ချော။ ကျွန်မက ရှင်တို့အလုပ်ကိစ္စနဲ့ ပတ်သက်လာရင် ဘာမှနားမလည်လို့ တုံးတယ်ဆိုပြီး ပြောလို့ရရင်ရပေမဲ့ တခြားကိစ္စတွေကိုတော့ ကျွန်မ သိပါတယ်နော်။”

“....” နက်ဆန်က ကျွန်မကို ထပ်မပြောတော့ဘူး။ အဲဒီအစား သူ့ပါးစပ်ကို လက်ဝါးနဲ့ပိတ်ထားလိုက်ပြီး ကြက်ဥကြော်ကို ပြန်အာရုံစိုက်လိုက်တော့တယ်။

ထင်ထားတဲ့အတိုင်းပဲ အတွေ့အကြုံမရှိဘူး။ ကြက်သွန်က ကြွပ်တဲ့အဆင့်ကိုကြော်ပြီး တူးတော့မယ်။ သူက ​တူးခါနီး ကြက်သွန်တွေကို ထိုးမွှေလိုက်ပြီး ခေါက်ပြီးသား ကြက်ဥကို ထည့်လိုက်တယ်။ မကြာခင်မှာပဲ ရှဲဆိုတဲ့ မည်သံနဲ့အတူတူ မွှေးပျံတဲ့ ကြက်ဥအနံထွက်လာတယ်။

မိနစ်ဝက်လောက်အကြာမှာပဲ ကြက်ဥကြော်က ရွှေဝေါရောင် တောက်လာပြီး အသင့်ဖြစ်သွားပြီး နက်ဆန်က ဇွန်းပြားနဲ့ ကြက်ဥကိုထိုးခွာဖို့လုပ်ပေမဲ့ နည်းနည်းပဲ့သွားတာကြောင့် မျက်မှောင်ကြုတ်လိုက်လေရဲ့။ ကျွန်မလည်း သူအခက် တွေ့နေတာကို ကြည့်ရင်းနဲ့ သူ့လက်ထဲက ဇွန်းကို လှမ်းပြီး ယူလိုက်တယ်။

“နီကိုလာရေ၊ နင်ကြက်ဥတောင် ဖြောင့်အောင် မကြော်တတ်ရင် ယောက်ျားမရဘဲ နေလိမ့်မယ်နော်။”

ကျွန်မက သူ့ကိုနောက်လိုက်တော့ အခန်းအပူချိန်က ထက်ပြီး ကျဆင်းသွားပြန်တယ်။ ဒါကြောင့် ကျွန်မလည်း တခစ်ခစ်နဲ့ ရယ်မိတော့တာပဲ။ တစ်ခါတလေကျတော့ ဒီရေခဲတုံးက စလို့ကောင်းသားရယ်။

သိပ်မကြာခင်မှာပဲ ကျွန်မတို့တွေ ရွှေရောင်ကြက်ဥ ခေါက်ကြော်ကို ပန်းကန်ထဲ ထည့်လိုက်ပြီးပြီ။ ဒါပေမဲ့ တွဲစားစရာ ဘာမှမတွေ့ဘူးရယ်။

“နက်ဆန်ရေ၊ ရှင်ပေါင်မုန့်လေးဘာလေး ဝယ်မထားဘူးလား။”

နက်ဆန်က ကျွန်မကိုတိုက်ရိုက်ပြန်မဖြေဘဲ စားပွဲပေါ်မှာ နောက်ထပ်တင်ထားတဲ့ အထုပ်တစ်ထုပ်ကို ထောင်ပြတယ်။ ဂျာမန်လက်လုပ်ဝက်အူချောင်းကြော်လို့ ရေးထားတဲ့ ပလက်စတစ်ပါကင်အထုပ်လေးဖြစ်ပြီး စျေးကြီးမယ့် ပုံပေါ်တယ်။

“လတ်လတ်ဆတ်ဆတ် ဝက်အူချောင်းလိုက်ရှာပေမဲ့ ရောင်းတဲ့နေရာမတွေ့လို့ ရယ်ဒီမိတ်ပဲဝယ်လိုက်တာ။”

သူ့လေသံအရ ရယ်ဒီမိတ်ဝယ်လိုက်ရလို့ သိပ်ပြီးတော့ စိတ်မကျေမနပ်ဖြစ်နေတဲ့ပုံပဲ။ နောက်တော့ မနေ့က နာတာရှာ ဝယ်လာပြီးပိုတဲ့ မုန်လာဥနီနဲ့အာလူးတွေကို အရင်အတိုင်းပဲ အနေတော်လှီးတယ်။ အဲဒီနောက် အသီးအနှံတွေကို ဆီပူထဲအရင်ထည့်လှိမ့်လိုက်ပြီး လှီးပြီးသား ဝက်အူချောင်းတွေကို ထည့်လိုက်တယ်။

ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက်အကြာမှာပဲ ဒုတိယ ဟင်းပွဲလည်း အသင့်ဖြစ်သွားပြီး အနံတထောင်းထောင်နဲ့ စားပွဲပေါ်ကိုရောက်လာတယ်။ ဝက်အူချောင်းက နည်းနည်း တူးသွားပေမဲ့ အနံလေးမွှေးနေတာမလို့ ကျွန်မက အဲဒါကို လစ်လျူရှုထားလိုက်တယ်။

“တစ်ခါတလေတော့ ဘယ်သူ့အတွက်မှမဟုတ်ဘဲ ကိုယ့်အတွက်ကိုယ် ချက်ရတာလဲ ပျော်စရာကောင်းမယ့် ပုံပဲ။” ကျွန်မ ကောက်ချက်ချမိတယ်။

သူက ကျွန်မပန်းကန်ထဲကို ကြက်ဥကြော်တစ်ဝက်နဲ့ ဝက်အူချောင်းကြော် တစ်ဝက်တိတိထည့်​ပေးတယ်။ သူ့အတွက်လည်း အဲဒီအတိုင်းပဲထည့်လိုက်တယ်။ ကျွန်မက သူ့ကို ပိုပြီးစားစေချင်တာကြောင့် ကျွန်မဆီက စားစရာ နည်းနည်းကို ပြန်ယူပြီးထည့်ပေးဖို့ ကြိုးစားပေမဲ့ သူက လက်ကာပြလိုက်တယ်။

“ ရှေးရောမတွေရဲ့အယူအဆအရ ထမင်းဝိုင်းမှာ အိမ်ရှင်က ဧည့်သည်ထက် ပိုကောင်းကောင်းစားတာ မသင့်တော်ဘူး။”

“အဲဒါက ရှင်နဲ့ဘာဆိုင်လို့လဲ။ ရှင်က ပြင်သစ်တောင်ပိုင်းမှာ မွေးတာလေ။ ရောမအင်ပါယာက ရှင်မမွေးခင် နှစ်ခြောက်ရာလောက်ကတည်းက ပျက်သုန်းသွားပြီ။”

“ဒါပေမဲ့ အဖိုးက ကျောင်းခြောက်ကျောင်းက အဖွဲ့ဝင်တွေက ရောမဓလေ့ထုံးတမ်းတွေကို လိုက်နာရမယ်လို့ မှာထားတယ်။”

ကျွီ...

ကျွန်မနဲ့နက်ဆန်တို့ တစ်ယောက်နဲ့တစ်ယောက် အယူအဆ ပိုင်းဆိုင်ရာမှာ သတ်ပုတ်နေတုန်း ညအိပ်အင်္ကျီတောင် မလဲရသေးတဲ့ အိုလီရာနာက နက်ဆန်အခန်းထဲကို အိပ်ချင် မူးတူးနဲ့ဝင်လာတယ်။

“ မွှေးလိုက်တာ... ဘာတွေစားနေကြတာလဲဟင်။”

“နင်ရောက်လာတာနဲ့အတော်ပဲ။ လာထိုင်...” ကျွန်မက အိုလီရာနာအတွက် ထိုင်ခုံချပေးလိုက်ပြီး နောက်ထပ် ပန်းကန်တစ်ချပ်တည်း ကျွန်မတို့စားစရာတွေကို ခွဲထည့် ပေးလိုက်ပါတယ်။ စားစရာမြင်တာနဲ့ အိုလီရာနာ့မျက်နှာက ဝမ်းပသွားတာပဲ။

“ ဂျာမန်ဝက်အူချောင်းအစစ်ပဲ...”

“ဟေးဟေး၊ တို့ကိုလည်း မေ့ထားဦးမလို့လား။” အရာရှိ ဝတ်စုံနဲ့ စကပ်တိုကို စတော့ကင်ခံပြီးဝတ်ထားတဲ့ နာတာရှာ လည်းဝင်လာတယ်။ ဒီတစ်ခါတော့ ကျွန်မတို့ကြော်ထားတာ မလောက်တော့မှန်း သိသာသွားပြီဖြစ်တဲ့အတွက်ကြောင့် ကျွန်မက ထိုင်ခုံကနေထပြီး ကျန်နေသေးတဲ့ ကြက်ဥတွေကို ဖောက်ပြီး လျင်လျင်​မြန်မြန်ကြော်လိုက်တယ်။ ခရမ်းချဥ်သီးတို့ဘာတို့ကတော့ မရှိတော့ဘူးမလို့ ပလိန်းကြက်ဥခေါက်ကြော်ပဲဖြစ်သွားတယ်။

ဒါပေမဲ့ နာတာရှာက သိပ်ပြီးပြဿနာမရှာဘူးရယ်။ သူ့စိတ်ထဲ ဒါမျိုးကိုတောင် အစားကောင်းလို့ မှတ်နေရှာတာကိုး။

အဖွဲ့သားလေးယောက်လုံး စုံသွားတဲ့အချိန်မှာတော့ နာတာရှာက နက်ဆန့်ကြက်ဥကြော်နဲ့ကျွန်မကြက်ဥကြော် နှစ်ခုကိုကြည့်လိုက်ပြီး မေးလာတယ်။

“မဟုတ်မှလွဲရော ဒီနေ့မနက် နင်တို့နှစ်ယောက်က အတူ ချက်ပြုတ်နေကြတာလား။ ရိုမန့်တစ်ဆန်တဲ့ အချိန်လေးကို ဖျက်ဆီးမိလို့ စိတ်မရှိပါနဲ့နော်။”

နာတာရှာမှာ စုံထောက်မျက်လုံးရှိတာ သိသာတယ်။ ကြက်ဥမွှေကြော်ရဲ့ပုံစံကို ကြည့်ရုံနဲ့တင် မတူညီတဲ့ လူနှစ်ယောက်ကြော်ထားမှန်း တန်းသိသွားပါတယ်။

ကျွန်မတို့တွေ ရောက်တတ်ရာရာပြောရင်းဆိုရင်းနဲ့ စားလိုက်သောက်လိုက်ကြတာ ပြင်ဆင်ထားသမျှ အားလုံး ခဏလေးနဲ့ကုန်သွားတယ်။ အိုလီရာနာကတော့ စားပြီးတာနဲ့ ငြိမ်ငြိမ်မနေဘဲ ခြေထောက်ကလေးနှံလို့ သီချင်းလေးကို ညည်းနေလေရဲ့။

“အိုလီရာနာ၊ ထမင်းစားပြီးတာတောင် မျက်နှာသစ် သွားတိုက်ဖို့ အစီအစဥ်မရှိသေးဘူးလား။ ငါတို့ ရေဝိုင်းလောင်းပေးမှ ချိုးမှာလား။”

ကျွန်မက အဲဒီလိုပြောလိုက်မှ အိုလီရာနာလည်း ချက်ချင်း ထိုင်ခုံကနေ ငေါက်ခနဲထထိုင်လိုက်ရင်း “အာ... အခုခေတ်က လူတွေနေ့တိုင်းရေချိုးတာ မေ့သွားတာပဲ။” အခန်းထဲကနေ ပြေးထွက်သွားလေရဲ့။

နာတာရှာကတော့ ခေတ်နောက်ကျနေတဲ့ အိုလီရာနာလေးကို ကြည့်ရင်း ပြုံးနေရင်းကနေ ကျွန်မတို့ကိုလှည့်ပြီး လာရင်းကိစ္စပြောပါတယ်။

“ဒါနဲ့ နက်ဆန်ကိစ္စက အဆင်ပြေလောက်တယ်သိလား။ ဆေးကိုဓာတ်ခွဲတဲ့အဖြေ ထွက်လာပြီ။ မနေ့က မိုနီကာ သုံးတဲ့ဆေးအမျိုးအစားကို သိလိုက်ရလို့ ပိုမြန်သွားတာလဲ ပါတာပေါ့။”

မနေ့က တကယ်ပဲ မိုနီကာက ကျွန်မတို့ကို သူသုံးခဲ့တဲ့ မှော်ဆေးရည်အကြောင်း ပြောပြခဲ့တယ်။ ဒါကလည်း နက်ဆန့်အတွက် အကူအညီဖြစ်တယ်ပေါ့လေ။ ဒါပေမဲ့ တစ်ခုရှိတာက...

“မိုနီကာ ဖော်လိုက်တာက ပီယဆေးမဟုတ်လား။ ဘယ်လိုလုပ်ပြီး လိင်ပြောင်းဆေးဖြစ်သွားတာလဲ။”

ကျွန်မက မေးလိုက်တော့ နာတာရှာက တခိခိနဲ့ရယ်ရင်း... “အဲဒါက ငိုအားထက် ရယ်အားသန်တဲ့ကိစ္စပဲ။ အဲဒီ မှော်စာအုပ်က လူသားတွေအတွက်ထုတ်ထားတာလေ၊ စကူးဘတ်တွေအတွက်မဟုတ်ဘူး။”

“....” ထုံးစံအတိုင်း ကျွန်မ မကျွမ်းကျင်တဲ့ကိစ္စဖြစ်လို့ နားမလည်ပြန်ဘူး။ နာတာရှာက ဗလာဖြစ်နေတဲ့ သူ့ပန်းကန်ကို ဝမ်းနည်းစွာ တစ်ချက်စိုက်ကြည့်လိုက်ရင်း အားလုံးရဲ့ပန်းကန်တွေကို သိမ်းလိုက်တယ်။ အဲဒီနောက် ဘေစင်ဆီသွားရင်းနဲ့ ကျွန်မတို့ကိုရှင်းပြပါတယ်။

“အဲဒါက ဒီလိုလေ။ မိုနီကာတို့လိုမျိုး သာမန်လူသား မဟုတ်တဲ့ စကူးဘတ်တွေ၊ ဗန်ပိုင်းယားတွေနဲ့ တခြား မကောင်းဆိုးဝါးနဲ့မှော်သားရဲမျိုးနွယ်တွေရဲ့သွေးတွေက ထူးခြားတဲ့ မှော်စွမ်းအားအမျိုးမျိုး ပါဝင်နေတတ်တယ်။”

နာတာရှာက ပန်းကန်ဆေးနေရင်း ကျွန်မနားလည်စေဖို့ ဥပမာတချို့ပေးပါတယ်။ “ ဥပမာအနေနဲ့ ဒဏ္ဍာရီလာ ယူနီကွန်းသွေးစက်က ရောဂါနဲ့ဒဏ်ရာ မှန်သမျှကိုပျောက်စေပြီး အသက်ရှည်စေတာမျိုးပေါ့။”

“အဲဒီတော့ စကူးဘတ်တွေရဲ့သွေးက ပီယဆေးကို ပြောင်းလဲမှုကြီးကြီးမားမား ဖြစ်သွားစေတာမျိုးလား။” အခုတော့ နည်းနည်းချင်းသဘောပေါက်လာပါပြီ။ ပြောရရင် မိုနီကာထည့်လိုက်တဲ့ ပါဝင်ပစ္စည်းဖြစ်တဲ့ သူ့ရဲ့သွေးက ပြဿနာတစ်ခုဖြစ်နေတာလား။

“အေး၊ အဲဒီလိုပဲ။ စကူးဘတ်သွေးက လူသားတွေရဲ့ရုပ်အသွင်ကို ကြီးကြီးမားမား ပြောင်းလဲစေတဲ့ စွမ်းအားမျိုးရှိတယ်။ ဘယ်လောက် ရုပ်ဆိုးရုပ်ဆိုး လှသွားစေတာမျိုးပေါ့။ စကူးဘတ်တွေ ကိုယ်တိုင်ကကို အလှအပနဲ့ပတ်သက်ရင် သိပ်ထူးခြားတဲ့ မျိုးနွယ်လေ။ လူတိုင်းတော့ သူတို့သွေးကို သောက်နိုင်တဲ့ ခံနိုင်ရည်မျိုး မရှိကြပေမဲ့ပေါ့။”

ကျွန်မ နက်ဆန်ကိုကြည့်လိုက်တယ်။ နက်ဆန်က မိုနီကာရဲ့ သွေးကိုသောက်လိုက်ပြီး တအားလှသွားတာလား။ အခု နီကိုလာပုံစံနဲ့နက်ဆန်က မြင်သူတိုင်းငေးရအောင် လှတယ် ဆိုပေမဲ့ ​ယောက်ျားလေးဖြစ်သွားတဲ့အချက်ကိုတော့ ရှင်းလို့မရသေးဘူး။

“ဒါပေမဲ့ အဲဒီလိုဆိုရင်လည်း နက်ဆန်က ​ယောက်ျားလေး ဖြစ်တဲ့အတွက် ချောမောခန့်ညားသွားတာမျိုးပဲ ဖြစ်ရမှာ မဟုတ်လား။”

ကျွန်မက ထပ်မေးတော့ နာတာရှာက ခေါင်းညိတ်ပြီး “အဲဒါကတော့ဒီလို။ ​ယောက်ျားလေးတစ်ယောက်က ခန့်ညားလာဖို့ဆိုရင် စကူးဘတ်မျိုးနွယ်ဝင် အမျိုးသားဖြစ်တဲ့ အင်ကူးဘတ်တစ်ယောက်ရဲ့သွေးကို သောက်ဖို့လိုတယ်။ ဒါပေမဲ့ နက်ဆန်သောက်လိုက်တာက မိန်းကလေးတစ်ယောက်ရဲ့ဟာလေ။ ဒီတော့ မှန်းဆလို့ မရနိုင်တဲ့ ဆိုးကျိုးတွေဖြစ်လာတော့တာပဲ။”

ကျွန်မ မျက်ခုံးပင့်လိုက်တယ်။ ဒါပေမဲ့ ဒီလိုပြဿနာမျိုးက တကယ်ရောပြန်လည်ပြီး ပြုပြင်လို့ ရပါ့မလား။ “ဖြေဆေးကရော ဖော်လို့အဆင်ပြေပါ့မလား။”

ကျွန်မမေးလိုက်တော့ နာတာရှာက ကောက်ကျစ်တော့မယ့် ပုံစံနဲ့ပြုံးလိုက်ပြီး “ဟီးဟီး... ငါက ဖြစ်နိုင်ရင် နက်ဆန်ကို နီကိုလာအဖြစ် ဆက်ပြီးနေစေချင်သေးတာ။”

ဂျိန်း... ဂျလိန်း...

ရုတ်တရက်အခန်းအပူချိန်က ထိုးကျသွားပြီး လေထုက အေးစက်သွားတယ်။ ဒီတော့မှ နာတာရှာက မျက်နှာပိုး သတ်လိုက်ရင်း...

“ဖြေဆေးအတွက်​တော့ မပူပါနဲ့။ အခက်ကြီး မဟုတ်ပါဘူး။ မိုနီကာရဲ့သွေးနောက်တစ်ပေါက်ကို ထပ်ယူပြီးတော့ ဖက်ယားရွက်သတ္တုရည်ထဲ စိမ်လိုက်ဖို့ပဲလိုတာ။ ပြီးရင် နည်းနည်းပါးပါး ထပ်ဖြည့်ရတာလေးတွေတော့ ရှိမှာပေါ့။”

“ဆေးနည်းကတော့ လွယ်မယ့်ပုံရှိပေမဲ့ မိုနီကာက သူ့ရဲ့သွေးကို ပေးပါ့မလား။” ကျွန်မက ခေါင်းကို စောင်းပြီး စဥ်းစားကြည့်တယ်။ ဒါပေမဲ့ နက်ဆန်ဆီကနေပြီး ကြည်လည်တဲ့ စကားသံထွက်ပေါ်လာတယ်။ သူက ဆုံးဖြတ်ချက် ချထားပြီးပုံပဲ။

“ငါတို့အတင်းယူလို့ ရတာပဲဥစ္စာ။”

All Chapters