သိုင်းသမား သခင်ကြီးကျီဝေ့၏ ကျရှုံးခြင်း
Vol. 6 Ch. 71
ဤတစ်ကြိမ်တွင် လောထျန်း၏ စကားကို အားလုံး ပြတ်ပြတ်သားသား ကြားလိုက်ကြရသည်။
" လောထျန်းက သခင်ကြီးကျီဝေ့ရဲ့ အမွေအနှစ်ကို တကယ်ကြီး ငြင်းလိုက်တာပဲ "
" ဒီလူက ဘယ်လိုများ တွေးနေတာလဲ "
" အင်း ... နားလည်ဖို့တော့ မခက်ဘူး ။ လောထျန်း လက်ရှိကျင့်ကြံနေတဲ့ ကျင့်စဥ်က သခင်ကြီးကျီဝေ့ရဲ့ ကျင့်စဥ်တွေထက် ပိုအစွမ်းထက်လို့ ငြင်းလိုက်တာနဲ့တူတယ် "
အားလုံး တစ်ယောက်တပေါက် ထင်ကြေးပေးလိုက်ကြသည်။သူတို့ စိတ်လည်း လှုပ်ရှားသွားကြ၏။
လောထျန်းက ငြင်းလိုက်သည်ဖြစ်ရာ သူတို့အတွက် အခွင့် ရှိနိုင်သည် မဟုတ်ပါလား ..
သခင်ကြီး ကျီဝေ့လည်း အံ့အားသင့်သွားသည်မှာ ငြင်းဖွယ်မရှိချေ ။
ထို့နောက် သူက လောထျန်းအား အချိန်အတော်ကြာ စိုက်ကြည့်နေပြီး နောက်မှသာ ခေါင်းညိတ်၍ ပြောလိုက်သည်။
" ဒါဆို မင်းမှာ တခြား အမွေအနှစ်တစ်ခု ရှိထားပြီးသားပေါ့ ။ ဒါဆိုရင်တော့လဲ ငါ မင်းကို အတင်း မတိုက်တွန်းတော့ပါဘူး "
ထိုသို့ ပြောပြီးနောက် သူက ခေါင်းယမ်း၍ လောထျန်းအား တွန့်ဆုတ်စွာ လှမ်းကြည့်လိုက်သေးသည် ။ အချိန်အတန်ငယ် ကြာမှသာ သူ သက်ပြင်းချလိုက်၏။
" အခု ငါ့ရဲ့ အကြွင်းအကျန် ဝိဥာဥ်က အနှိုးခံလိုက်ရပြီဆိုတော့ ငါက အပြင်ကမ္ဘာမှာ အချိန်ကြာကြာ မနေနိုင်ဘူးကွ ။ဒီနေ့ပဲ အမွေဆက်ခံသူကို ရွေးရလိမ့်မယ် "
သခင်ကြီးကျီဝေ့က ပြောလိုက်သည်။
ထိုစကားကို ပြောလိုက်သည်နှင့် အနီးနားမှလူများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ခါးများ မတ်လိုက်ကြသည်။
၎င်းမှာ အားလုံးအတွက် ပျော်ရွှင်စရာ သတင်းကောင်း မဟုတ်ပါလား ..
သူတို့ ၏ အကြီးဆုံး ပြိုင်ဘက်ဖြစ်သည့် လောထျန်းက အမွေအနှစ်ကို ငြင်းခဲ့သည်ဖြစ်ရာ သူတို့အတွက် အခွင့်အရေး ရှိနေလေပြီ ။
သခင်ကြီးကျီဝေ့က ဘေးပတ်လည်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
" လောရုံဆိုတာ ဘယ်သူလဲ "
" ဟင် .. "
ထိုစကားကို ကြားသည်နှင့် အားလုံး ဒေါသထွက်သွားကြပြန်၏။
သခင်ကြီး ကျီဝေ့က လောရုံအား အမှန်တကယ် ရွေးချယ်ခဲ့သည်လား ။
သို့သော် ပြန်စဥ်းစားကြည့်ပါက လောရုံသည် သူတို့ထဲတွင် အမှတ် အလွန်မြင့်သူတစ်ဦးဖြစ်ရာ သူ့ကို ရွေးလိုက်သည်မှာ သဘာဝ ကျပေသည် ။
" သခင်ကြီး ၊ ကျုပ်နာမည်က လောရုံပါ "
လောရုံက ပြောလိုက်သည်။
သခင်ကြီးကျီဝေ့က လောရုံကိုကြည့်ကာ မျက်လုံးများ အရောင်လက်သွား၏။
" ကောင်းတယ် ၊ သိပ်ကောင်းတယ် ။ လောထျန်းလောက် မဟုတ်ပေမယ့် ဒီအသက်အရွယ်နဲ့ ဒီအဆင့်ကို ရောက်နေတာ နည်းတဲ့အရည်အချင်း မဟုတ်ဘူးကွ ။ အစွမ်းကလဲ အံ့သြစရာပဲ ။ မင်းလဲ ရှားပါးတဲ့ ပါရမီရှင်စာရင်းထဲမှာ ပါတယ် ။ မင်းရဲ့ လက်ရှိ ကျင့်စဥ်တွေအားလုံးကို စွန့်လွတ်ပြီး ငါ့ရဲ့ အမွေအနှစ်ကိုပဲ ကျင့်ကြံမယ်လို့ ကတိပေးနိုင်မလား "
သခင်ကြီးကျီဝေ့က မေးလိုက်သည်။
အားလုံးကလည်း လောရုံအား မနာလိုခြင်းနှင့် အမုန်းများ ရောပြွန်းနေသည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည် ။
သို့သော် ထင်မှတ်မထားစွာပင် လောရုံက ခေါင်းယမ်း၍ ပြောလာ၏။
" ကျုပ် မလိုချင်ဘူးဗျ "
သခင်ကြီးကျီဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
" ကောင်းပြီ ၊ ဒီနေ့ကစပြီးတော့ မင်းက ငါ့ရဲ့ ကျီဝေ့ ... ဟင် ..ဘယ်လို .. "
သခင်ကြီး ကျီဝေ့က လောရုံအား စိုက်ကြည့်လိုက်သည် ။
လောရုံက ကိုးရို့ကားရားပြုံး၍ ပြော၏။
" ကျုပ် တောင်းပန်ပါတယ် သခင်ကြီး ။ ကျုပ် လက်ရှိကျင့်ကြံနေတဲ့ သိုင်းပညာတွေက ကျုပ်တို့ သခင်လေး လောထျန်း သင်ပေးထတဲ့ ပညာတွေပါ ။ ကျုပ် ..သခင်လေးပေးထားတဲ့ ပညာတွေကို မစွန့်လွှတ်ချင်လို့ပါ "
သခင်ကြီးကျီဝေ့၏ မျက်နှာအနည်းငယ်ပျက်သွားကာ လောထျန်းအား မကျေမနပ် လှမ်းကြည့်လိုက်သည် ။ သို့သော် အခြားတစ်ယောက်ကို ရွေးရန်မှတပါး သူ မည်သို့မှ မတတ်နိုင်ပါချေ ။
လောထျန်း၏ သိုင်းပညာရပ်များက အမှန်တကယ်လည်း သူ့သိုင်းပညာထက် ပိုကောင်းသည်ကို သူ တွေ့ခဲ့ရပြီးဖြစ်သည်။
ထို့ကြောင့် လောရုံက ငြင်းလိုက်ခြင်းကို သူ နားလည်၍ ရပါသည် ။
" ကောင်းပြီလေ ၊ မင်းနဲ့ ငါနဲ့ အတူတူ ဆုံကြဖို့ ကံကြမ္မာ မပါဘူးနဲ့ တူပါတယ် ။ နောက်တစ်ယောက်က .. လောယွီ "
သခင်ကြီး ကျီဝေ့က ကျီဝေ့စာရင်းမှ လူများကို ကြည့်ကာ ရွေးနေခြင်းဖြစ်သည်။
သို့သော် သူ့စကား မဆုံးခင်မှာပင် လူအုပ်ထဲမှ လူငယ်တစ်ယောက်က မတ်တပ်ရပ်၍ ပြောလာ၏။
" သခင်ကြီးရဲ့ ကြင်နာတဲ့စိတ်ထားအတွက် ကျေးဇူးတင်ပါတယ် ။ ဒါပေမယ့် ကျုပ်လဲ သခင်လေးပေးထားတဲ့ သိုင်းပညာကို မစွန့်လွှတ်နိုင်လို့ပါ "
ထိုစကားကို ပြောလိုက်သူမှာ လောယွီပင် ။
" ဟင် .. "
သခင်ကြီး ကျီဝေ့ ခေတ္တမျှ စကားမဆိုနိုင်ဘဲ ဖြစ်သွား၏။
သူသည် အားလုံးက လေးစားအားကျရသည့် သိုင်းသမား သခင်ကြီးတစ်ယောက် ဖြစ်ခဲ့သော်လည်း ယခု ဘာတွေ ဖြစ်နေပါသနည်း ။
အမွေဆက်ခံသူကို ရှာရန် ကြိုးစားနေသည့် သူ့ကို သုံးယောက်ဆက်တိုက်ပင် ငြင်းခဲ့ကြသည် ။
သခင်ကြီး ကျီဝေ့သာမက ထိုနေရာတွင် ရှိနေကြသည့် အခြားသူများလည်း နားမလည်နိုင် ဖြစ်သွားကြသည် ။
သိုင်းသမား သခင်ကြီးကျီဝေ့၏ အမွေအနှစ်မှာ ရတောင့်ရခဲ အခွင့်ရေးကောင်းကြီးတစ်ခုဖြစ်သည်။
သို့သော် ယနေ့တွင် လူသုံးယောက်က ၎င်းကို လက်ခံရန် ငြင်းခဲ့ကြ၏။
" လောနင် .. "
သခင်ကြီး ကျီဝေ့က မည်သို့မှ မပြောဘဲ အမွေဆက်ခံသူကို ဆက်ရှာလိုက်သည် ။
" သခင်ကြီး ကျွန်မလဲ ငြင်းပါတယ် "
လောမိသားစုမှ မိန်းမပျိုတစ်ဦးက ထပြောလိုက်ပြန်သည် ။
....
သခင်ကြီးကျီဝေ့မှာ မျက်နှာပျက်နေပြီး ဒေါသထွက်လွန်းသဖြင့် မေ့လဲကျလုမတတ်ပင် ဖြစ်နေသည် ။
" ဒါဆို လောမိသားစုက တခြားအဖွဲ့ဝင်တွေကလဲ ငါ့ရဲ့ အမွေအနှစ်ကို လက်မခံဘူးပေါ့ "
သခင်ကြီး ကျီဝေ့က လူအုပ်ကို ကြည့်ကာ မေးလိုက်သည် ။
လောမိသားစုမှ လူများအားလုံး ခေါင်းညိတ်လိုက်ကြ၏။
" ဟင် .. "
သခင်ကြီး ကျီဝေ့၏ အကြွင်းအကျန် ဝိဥာဥ်မှာ ဒေါသကြောင့် ကောင်းကင်ဘုံသို့ တက်သွားတော့မလိုပင် .. ။
" ကောင်းပြီ .. ငါးနားလည်ပြီ ။ နောက် ဝူယွီရို့ ဆိုတာဘယ်သူလဲ "
သခင်ကြီး ကျီဝေ့က မေးလိုက်သည်။
လူအုပ်ထဲမှ ဝူယွီရို့က ဖြည်းညင်းစွာ လျှောက်လာ၏။
သခင်ကြီး ကျီဝေ့က မျက်နှာသုန်မှုန်စွာ မေးလိုက်သည် ။
" မင်းကရော ငါ့ရဲ့ အမွေအနှစ်ကို လက်ခံချင်တဲ့ ဆန္ဒရှိလား "
ဝူယွိရို့က ဘေးပတ်လည်သို့ တစ်ချက်ဝေ့ဝဲကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
" တပည့် လိုလိုလားလား လက်ခံပါတယ် "
နောက်ဆုံးတွင် သူ့အမွေအနှစ်ကို လက်ခံမည့်သူအား တွေ့ခဲ့လေပြီ ။
သို့သော် သခင်ကြီး ကျီဝေ့မှာ စိတ်လှုပ်ရှားပျော်ရွှင်ဟန် လုံးဝ ရှိမနေပေ ။
သူက စိတ်မရှည်ဟန်ဖြင့် ပြော၏။
" ကောင်းပြီ ၊ ဒါဆို မင်းအလှည့်ပေါ့ "
သူက ထိုသို့ ပြောပြီးသည်နှင့် ဝူယွီရို့အား လက်ညိုးဖြင့် ညွှန်လိုက်သည်။
ဝီ ..
ချက်ချင်းပင် စိတ်စွမ်းအင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝူယွီရို့၏ အသိစိတ်ပင်လယ်ကြီးထဲသို့ နစ်ဝင်သွားတော့သည် ။
" ဒီနေ့က စပြီးတော့ .. မင်းက ငါ့ရဲ့ အမွေဆက်ခံသူ ၊ ကျီဝေ့သိုင်းသမား တစ်ယောက် ဖြစ်သွားပြီ ။ ငါ့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေ ၊ ကျင့်စဥ်ပညာရပ်တွေနဲ့ အတွေ့အကြုံတွေအားလုံးကို မင်းရဲ့ အသိစိတ်ထဲမှာ ထည့်ထားတယ် ။ ဒါတွေကို ဖြည်းဖြည်းချင်းစီပဲ ယူပြီး ကောင်းကောင်း လေ့ကျင့်ပါ ။ ငါ့အမွေအနှစ်ကိုတော့ မဖျက်ဆီးနဲ့နော် "
" ယွိလင်နန်းတော်နဲ့ ပတ်သက်လို့တော့ အထဲမှာ ငါ စုဆောင်းထားတဲ့ ရတနာတချို့ရှိတယ် ။ငါ့တပည့်တွေကို ပေးချင်တဲ့ အမွေအနှစ်ပစ္စည်းတချို့ကလွဲပြီး ကျန်တဲ့ဟာတွေကို စိတ်တိုင်းကျ ယူနိုင်တယ် ။ ဒါ မင်းရဲ့ ကျင့်ကြံခြင်းအတွက်လဲ ကောင်းလိမ့်မယ် ။ တစ်ခုပဲ .. ငါ ဒုက္ခရောက်ရင်တော့ မင်းဘက်က ကူညီပေးဖို့ မျှော်လင့်ပါတယ်၊ မကူညီပေးရင်တော့ အမွေဆက်ခံသူအဖြစ်ကနေ ဖယ်ထုတ်ရလိမ့်မယ် "
" ကဲ .. အခုတော့ ငါ့ရဲ့ ဝိဥာဥ်အစွမ်းကလဲ အားနည်းနေပြီမို့ နှုတ်ဆက်ခဲ့ပါတယ် "
သခင်ကြီး ကျီဝေ့၏ စကားဆုံးသည်နှင့် အကြွင်းအကျန် ဝိဥာဥ်က မှေးမှိန်လာပြီး တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားတော့သည် ။
" ကျေးဇူးတင်ပါတယ် သခင်ကြီး "
ဝူယွီရို့က ဒူးထောက်ကာ အကြွင်းအကျန်ဝိဥာဥ်အား အရိုအသေပြု နှုတ်ဆက်လိုက်သည်။
သို့သော် တစ်ခုထူးဆန်းသည်မှာ သခင်ကြီး ကျီဝေ့၏ အမွေအနှစ်ကို ရခဲ့သည့်တိုင် ဝူယွီရို့မှာ မပျော်နေခြင်းပင် ။
ကောင်းသော အရာတစ်ခုကို လက်ခံရခဲ့သည့်အတွက် ပျော်နေသင့်သော်လည်း သူမက ဒေါသပင် ထွက်နေဟန်တူ၏။
ထိုအချိန်မှာပင် ယခင်က တစ်ကြိမ်မှ မဖွင့်ခဲ့ဖူးသည့် ယွိလင်နန်းတော်၏ တံခါးမကြီးက တဖြည်းဖြည်း ပွင့်လာသည်။
ခန်းမကြီးထဲမှ အဆုံးအစမဲ့ စိတ်စွမ်းအင်များ တိုးထွက်လာ၏။
ခန်းမထဲတွင် အဖိုးတန်ရတနာများ ရှိနေသည်မှာ ယုံမှားဖွယ်မရှိချေ ။
" ဘာလို့ ရပ်နေတာလဲ ၊ သွားယူလေ "
" သိုင်းသမားသခင်ကြီး ကျီဝေ့ ထားခဲ့တဲ့ ရတနာတွေကို အရင်တွေ့တဲ့သူ ယူဟေ့ "
အားလုံးမှာ ခေတ္တမျှ တုန့်ဆိုင်းနေပြီးနောက် ခန်းမထဲသို့ အသည်းအသန် တိုးဝင်သွားကြသည် ။
လောထျန်းမှာလည်း နောက်ကျ မကျန်ခဲ့ချင်သည့်အတွက် ခန်းမထဲ တိုးဝင်သွားလိုက်သည် ။
" သဘာဝ စိတ်စွမ်းအင်သလင်းကျောက်ပဲ "
လောထျန်းက ခန်းမထဲတွင် လှည့်ပတ်ကြည့်လိုက်ရာ စိတ်စွမ်းအင်များ ကြွယ်ဝလွန်းသည့်အတွက် သဘာဝစိတ်စွမ်းအင် သလင်းကျောက် များစွာ စုစည်းနေသည်ကို တွေ့လိုက်ရသည်။ သူ ချက်ချင်းပင် ထိုနေရာသို့ သွားကာ သလင်းကျောက်တစ်ခုကို ချိုးယူလိုက်သည်။
အခြားသူများကလည်း အခန်းပတ်လည်အား လှည့်ပတ်ကြည့်လိုက်၏။
" ကောင်းကင်ဘုံ အံ့ဖွယ်လက်ဝါးသိုင်း ပညာပါလား .. ဒီ လက်ဝါးသိုင်းက ပျောက်နေတာ ကြာလှပြီ ၊ ခုမှပဲ တွေ့တော့တယ် "
" အဆင့်ငါး မှော်လက်နက်ပါလား .. ဘုရားရေ .. ဟားဟား .. ဒီလက်နက်နဲ့ဆို ငါ့ကို ဘယ်သူမှ လာရှုပ်ရဲတော့မှာ မဟုတ်ဘူး "
" ဒါ အဆင့်ခြောက် မှော်ဆေးရည် မဟုတ်လား .. စိတ်စွမ်းအင် စုသည်းမှုက ကြောက်စရာ ကောင်းလိုက်တာ ။ ဒါကိုသာ ငါ့ဘိုးဘေးကို ပေးလိုက်ရင် သူ ကွေ့ရှအဆင့်ကို ရောက်သွားနိုင်မှာပဲ "
...
ယွိလင်နန်းတော်ထဲတွင် အဖိုးတန်ပစ္စည်းများ မရလိုက်သူ တစ်ယောက်မှ မရှိပါချေ ။ အားလုံး အလွန်စိတ်လှုပ်ရှား ပျော်ရွှင်နေကြ၏။
ယခုနှစ် ကျီဝေ့လျှို့ဝှက်ဒေသ ဖွင့်လိုက်ခြင်းက ယခင်နှစ်များထက် များစွာ ပိုကောင်းပေသည် ။
" သခင်လေး လောထျန်း "
ထိုအချိန် လောထျန်းအနောက်ဘက်တွင် ရှိနေသည့် ဝူယွီရို့က မဝံ့မရဲ ပြောလာ၏။
" ဟင် .. ဘာဖြစ်လို့လဲ "
လောထျန်းက နောက်လှည့်ကာ ဝူယွီရို့အား ကြည့်လိုက်သည်။
ထိုစဥ် ဝူယွီရို့မှာ ဓားရှည်တစ်လက်ကို လက်ထဲတွင်ကိုင်လျက် စိုးရိမ်သည့်အကြည့်ဖြင့် ကြည့်နေဓ။
" သခင်လေး လောထျန်း ၊ ဒီဓားက သခင်ကြီး ကျီဝေ့က လက်ဆင့်ကမ်းပေးလိုက်တဲ့ ဓားပါ ။ ကျွန်မ ဒီဓားကို သခင်လေး လောထျန်းကို ပေးချင်တယ် "
ဝူယွီရို့က ပြောလိုက်သည်။
" ဟင် .. ဘာဖြစ်လို့ ပေးမှာလဲ "
လောထျန်း နားမလည်နိုင် ဖြစ်သွား၏။