စိတ်စွမ်းအင် ပင်လယ်
Vol. 6 Ch. 72
ဝူယွီရို့က လောထျန်း၏ အမေးအား အနည်းငယ် ရှက်နေဟန်ဖြင့် ပြန်ဖြေသည် ။
" သခင်လေး လောထျန်း ၊ ကျွန်မက သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်ကို လက်ခံရခဲ့တယ် ဆိုပေမယ့် ကျွန်မရဲ့ မိသားစုရော ၊ ကျိုးယွဲ့ ဂိုဏ်းရောက အစွမ်းနိမ့်ကြတယ် ။တကယ်လို့ အပြင်လူတွေသာ ဒီဓားကို လုယူဖို့ ကြိုးစားလာရင် ကျွန်မ ကာကွယ်နိုင်မှာမဟုတ်ဘူး ။ ဒါ့အပြင်ကို ကျွန်မကိုယ်တိုင်ရဲ့ ချီကိုပါ ဖျက်ဆီးခံရတာမျိုး ဖြစ်သွားနိုင်သေးတယ် "
ထို့နောက် သူမက ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ စကားဆက်၏။
" ဒီတော့ ကျွန်မ ဒီဓားကို သခင်လေးကို ပေးပါရစေ ။ အပြန်အလှန်အနေနဲ့ သခင်လေးဘက်ကလဲ ကျွန်မကို အကာကွယ်ပေးပါ "
လောထျန်း ထိုအချိန်မှသာ နားလည်သွားသည် ။
ဝူယွီရို့က သူမ၏ ကျောထောက်နောက်ခံကို ရှာနေခြင်းပင် ။
သူမသည် စဥ်းစားဆင်ခြင်ဥာဏ် ရှိသူတစ်ယောက်ဟု ပြောရပေမည် ။
သူသည် သခင်ကြီး ကျီဝေ့၏ အမွေအနှစ်ကို အထင်မကြီးလှသော်လည်း အခြားသူများက ထိုသို့ တွေးကြမည်မဟုတ်ချေ ။
ယွိလုံနိုင်ငံမှ ဝေ့မိသားစုနှင့် ထျန်းဟယ်ဂိုဏ်းက သက်သေပင် ။
ယဲ့ဖုန်းနိုင်ငံမှ ဒုတိယတန်းအဆင့်သာရှိသည့် အဖွဲ့တစ်ခုက သခင်ကြီး ကျီဝေ့ကို အမွေအနှစ်ကို ရသွားခဲ့သည်ဆိုသော သတင်းသာ အပြင်ရောက်သွားပါက ပြဿနာကို လက်ယပ်ခေါ်နေသကဲ့သို့ ဖြစ်သွားပေလိမ့်မည် ။
" ကောင်းပြီလေ ၊ မင်းကိုရော ကျိုးယွဲ့ဂိုဏ်းကိုရော ကျုပ် ကာကွယ်ပေးမယ် "
လောထျန်းက ပြောလိုက်သည်။
ထိုစကားကို ကြားသည်နှင့် ဝူယွီရို့ ချက်ချင်း ပျော်ရွှင်သွား၏။
အမွေအနှစ်ကို လက်ခံရလိုက်စဥ် အချိန်ကတည်းက သူမ ထိုပြဿနာကို စိုးရိမ်နေခဲ့ခြင်းပင် ။
ယခု လောထျန်းဆီမှ အကာကွယ်ပေးမည်ဆိုသည့် ကတိစကားကို ရလိုက်ပြီဖြစ်ရာ သူမ စိတ်အေးသွားသည်။
" ကျေးဇူးတင်ပါတယ် သခင်လေး လောထျန်း ။ ဒီဓားကို လက်ခံပေးပါ "
ဝူယွီရို့ ပြော၏။
လောထျန်းက သူမ ကမ်းပေးလာသည့် ဓားကိုကြည့်ကာ ခေါင်းယမ်းလိုက်သည်။
" ကျုပ်က သခင်ကြီးကျီဝေ့ရဲ့ နန်းတော်ထဲက သဘာဝစိတ်စွမ်းအင် သလင်းကျောက်ကို ယူခဲ့တာဆိုတော့ ကျုပ် သူ့အပေါ် တစ်ခုအကြွေးတင်နေပြီ ။ ဒီတော့ သူ့ရဲ့ အမွေဆက်ခံသူကိုလဲ ကာကွယ်ပေးရမှာပေါ့ဗျာ ။ ကျုပ်အတွက် ဓားပဲဖြစ်ဖြစ် တုတ်ချောင်းတစ်ချောင်းပဲ ဖြစ်ဖြစ် ဘာမှ သိပ်မထူးဘူး "
" ဟင် .. "
ထိုစကားကို ကြားသောအခါ ဝုယွီရို့၏ ရင်ထဲတွင် နွေးထွေးသွား၏။
ထိုစဥ် လောထျန်းက ကျင့်ကြံခြင်း နောက်တစ်ဆင့်တက်ရန် သူပြင်ဆင်ထားသည့် ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ကြည့်လိုက်သည်။
" သခင်လေး လောထျန်း ၊ ဘာတွေ လုပ်နေတာလဲ "
ဝူယွီရို့က မေးလိုက်သည်။
လောထျန်းက အေးအေးဆေးဆေးပင် ပြန်ဖြေ၏။
" ကျုပ် ကျင့်ကြံခြင်း နောက်တစ်ဆင့် တက်ချင်လို့ "
ဝူယွီရို့ အံ့အားသင့်သွားဟန်ဖြင့် ပြောသည် ။
" ကျွန်မ စာအုပ်အဟောင်းတွေထဲမှာ ဖတ်ဖူးတာတော့ အမြင့်ပိုင်းက ကျင့်ကြံသူတွေက ကျင့်ကြံခြင်း နောက်တစ်ဆင့်တက်ဖို့ဆိုရင် ထူးခြားတဲ့ ကျင့်စဥ်တွေ ၊ သိုင်းပညာတွေ ၊ ပစ္စည်းတွေ လိုအပ်တယ်လို့ ဖတ်ဖူးတယ် ။ ဒါပေမယ့် အပြင်မှာ မြင်ဖူးတာတော့ ဒါ ပထမဆုံးပဲ ။ သခင်လေးက ဘယ်အဆင့်ကို တက်ချင်တာလဲ "
" စိတ်စွမ်းအင် စုဆောင်းခြင်းအဆင့်ကို သွားချင်တာ "
လောထျန်းက သာမာန်အကြောင်းရာတစ်ခုကို ပြောနေသည့်အလား ပြန်ဖြေ၏။
" စိတ်စွမ်းအင် စုဆောင်းခြင်းအဆင့် ..ဟုတ်လား .. သခင်လေးက အခု တကယ်ကြီးကို ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှာလား "
ဝုယွီရို့က လောထျန်းအား တအံ့တသြ ကြည့်လိုက်သည်။
လောမိသားစုဝင်များက လောထျန်း၏ ကျင့်ကြံခြင်းအဆင့်အကြောင်း ပြောနေသည်ကို သူမ ကြားခဲ့ရသော်လည်း ထိုစကားများကို မယုံခဲ့မိပါ ။
လောမိသားစုက ထူးဆန်းသည်ဟုသာ သူမ တွေးခဲ့မိ၏။
သို့သော် ယခု လောထျန်းကိုယ်တိုင်က ဝန်ခံနေလေပြီ ။
ထို့အပြင် လောထျန်းအနေဖြင့် သူမကို လိမ်နေစရာအကြောင်းလဲ မရှိပေ ။
ထိုအချိန်တွင် လောထျန်းက တစ်ခုခုကို ရုတ်တရက် စဥ်းစားမိသွားဟန်ဖြင့် ဝူယွီရို့ဘက် လှည့်ကြည့်ကာ ပြောလာ၏။
" ဒါနဲ့ .. မင်းက စိတ်စွမ်းအင် အသွင်ပြောင်းအဆင့်မှာ မဟုတ်လား "
သူမ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ဟုတ်ပါတယ် "
လောထျန်းက ဆက်ပြော၏။
" စိတ်စွမ်းအင်စုဆောင်းခြင်းအဆင့်ကို ရောက်ဖို့ တခြား ဘာတွေ သတိထားသင့်သေးလဲ "
အမှန်တွင်မူ လောထျန်းသည် ထိုအချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားနေ၏။
ယခုက သူ့အတွက် ကျင့်ကြံခြင်းနောက်တစ်ဆင့်သို့ ပထမဆုံးအကြိမ် တက်လှမ်းရမည် မဟုတ်ပါလား ။
လောထျန်း၏ မေးခွန်းကို ကြားပြီးနောက် ဝူယွီရို့က မြန်မြန်ပင် ပြန်ဖြေသည် ။
" စိတ်စွမ်းအင် စုဆောင်းဖို့ဆိုရင် အရင်ဆုံး ချီစိတ်စွမ်းအင် ပင်လယ်ကို ဖွင့်ဖို့လိုတယ် ။ အကြမ်းဖျင်း ပြောရရင်တော့ စိတ်စွမ်းအင်ပင်လယ် များများပွင့်လာလေလေ စိတ်စွမ်းအင်တွေ ပိုပေါများလေပဲ ။ ပြီးတော့ တိုက်ခိုက်တဲ့နေရာမှာလဲ အချိန်ကြာကြာ ပိုတိုက်ခိုက်နိုင်တယ် ။ စိတ်စွမ်းအင်ပင်လယ်က ပိုပြီး အစွမ်းထက်လာတာနဲ့အမျှ စိတ်စွမ်းအင် စုစည်းမှုကလဲ ပိုအားကောင်းလာပြီးတော့ သိုင်းပညာတွေကလည်း ပိုအစွမ်းထက်လာလိမ့်မယ် "
လောထျန်း ခေါင်းညိတ်ကာ ပြာသည်။
" ဒါဆို စိတ်စွမ်းအင်ပင်လယ်က ကျယ်ပြီး ကြီးဖို့ လိုတာပေါ့ "
ဝူယွီရို့ ခေါင်းညိတ်လိုက်၏။
" အမှန်ပဲ ၊ ချုံပြီး ပြောရရင်တော့ စိတ်စွမ်းအင်ပင်လယ်က ပိုကြီးလေလေ အဲ့လူက ပိုအစွမ်းထက်လာလေပဲ ။ လူတစ်ယောက်ရဲ့ ပါရမီအစွမ်းက ဘယ်လောက်ရှိတယ်ဆိုတာကို အဲ့လူရဲ့ စိတ်စွမ်းအင်ပင်လယ်ကို ကြည့်ပြီး အကဲဖြတ်နိုင်တယ် "
" ဥပမာ ပေးရရင်တော့ .. သာမာန်လူတွေ စိတ်စွမ်းအင် စုဆောင်းခြင်းအဆင့်ကို ရောက်သွားရင် သူတို့ရဲ့ စိတ်စွမ်းအင်ပင်လယ်က သုံး ပေကျော် ရေကန်တစ်ခုစာလောက်ပဲ အရွယ်အစားရှိကြတယ် ။ ဒါ ဖြစ်လေ့ဖြစ်ထ ရှိတာပေါ့နော် "
" ဒါပေမယ့် အစွမ်းထက်တဲ့ ဂိုဏ်းခုက တပည့်တွေကို ကြည့်လိုက်ရင်တော့ သူတို့ရဲ့ စိတ်စွမ်းအင် ပင်လယ်က ဆယ်ပေကျော်လောက် အရွယ်အစား ရှိနေတတ်တယ် "
" နောက် ဂိုဏ်းက ထိပ်သီးတပည့်တွေနဲ့ အင်အားကြီး မိသားစုက သိုင်းပညာရှင် ၊ ပါရမီရှင်တွေကျတော့ စိတ်စွမ်းအင်ပင်လယ်ကို ပေတစ်ရာကျော်လောက် အကျယ်အဝန်းရှိတဲ့အထိ ဖန်တီးနိုင်ကြတယ် ။ လောချန်တို့ လောမင်တို့လို ပါရမီရှင်တွေကတော့ စိတ်စွမ်းအင်ပင်လယ်ကို ပေတစ်ထောင်အထိ ကျယ်အောင် ဖန်တီးနိုင်ကြတယ် "
လောထျန်း ခေါင်းညိတ်လိုက်သည် ။
" ဒါဆို မင်းကရော"
သူက ဆက်မေး၏။
ဝူယွီရို့က ခပ်ရှက်ရှက် ပြုံးလိုက်သည်။
" ကျွန်မ စိတ်စွမ်းအင်ပင်ဘယ်ကို စပြီး စုစည်းတုန်းကတော့ ပေ သုံးထောင်လောက် ကျယ်တယ် ။ အခု ကျွန်မ စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်ကို ရောက်ပြီးတဲ့ နောက်ပိုင်းတော့ စိတ်စွမ်းအင်ပင်လယ်က ပေ ရှစ်ထောင်လောက်အထိ ကျယ်သွားပြီ "
ထိုစကားကို ကြားသောအခါ လောထျန်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
ဝူယွီရို့က အသက်ငယ်ငယ်ဖြင့် ယခုအဆင့်သို့ ရောက်နေသည်မှာ မဆန်းတော့ပေ ။
သူမက ပါရမီရှင်တစ်ယောက်ပင် ။
ဝူယွီရို့က စကားဆက်၏။
" အရွယ်အစားအပြင်ကို ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်တချို့လဲ ရှိသေးတယ် "
" ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ် .. "
လောထျန်း အံ့အားသင့်သွားသည်။
ဝူယွီရို့က ပြော၏။
" ဟုတ်တယ် သခင်လေးရဲ့ ။ စာအုပ်ထဲမှာ ပြောထားတာတော့ တချို့လူတွေက စိတ်စွမ်းအင် စုဆောင်းပြီးတာနဲ့ ထူးခြားတဲ့ အဖြစ်ပျက်မျိုးတွေ ကြုံတွေ့ရတတ်တယ်တဲ့ ။ဥပမာပြောရရင် စိတ်စွမ်းအင်ပင်လယ်ကနေ တောက်ပတဲ့ လတစ်စင်း ထွက်လာတာမျိုး ၊ ရေလှိုင်းတွေကနေ အပြာရောင် ကြာပန်းအဖြစ် ပြောင်းသွားတာမျိုး ၊ ကောင်းကင်ပြာမှာ ရုတ်တရက် နေရောင် တောက်လာတာမျိုး .. အဲ့လိုမျိုးတွေပေါ့ရှင် "
" ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ စိတ်စွမ်းအင်ပင်လယ်တွေက အင်မတန်ကြောက်စရာကောင်းတယ် ။ အဲ့လူတွေက ကမ္ဘာကြီးရဲ့ ပါရမီရှင် အစစ်မှန်တွေပဲ ။ သူတို့သာ ဘာအန္တရာယ်မှမကြုံဘဲ ဆက်ကြီးထွားလာရင် အနာဂါတ်မှာ ကြောက်စရာကောင်းလောင်အောင် အစွမ်းထက်တဲ့ သူတွေ ဖြစ်လာတတ်ကြတယ် "
" ပြီးတော့ အဲ့လူတွေက စိတ်ဝိဥာဥ် အသွင်ပြောင်းအဆင့်ကို ရောက်သွားတာနဲ့ စိတ်စွမ်းအင်ပင်လယ်ကို အပြင်လောကကိုပါ ယူထုတ်လာပြီးတော့ ထူးခြားတဲ့ သိုင်းကွက်တွေ ထုတ်သုံးနိုင်တယ်လို့လဲ ပြောတယ် ။ သူတို့နဲ့ အဆင့်တူ ကျင့်ကြံသူတွေတောင် သူတို့ကို လုံးဝ မယှဥ်နိုင်ကြဘူးတဲ့ "
ထို့နောက် သူမက လောထျန်းကိုကြည့်ကာ စကားဆက်၏။
" သခင်လေးလောထျန်းရဲ့ ပါရမီနဲ့သာဆိုရင် အဲ့လို ထူးခြားတဲ့ စိတ်စွမ်းအင်ကို ဖွင့်နိုင်မယ်လို့ ကျွန်မထင်တယ် "
လောထျန်းက ထိုကိစ္စနဲ့ ပတ်သက်၍ မည်သို့မှ မတုန့်ပြန်ဘဲ ခေါင်းသာ ညိတ်လိုက်သည်။
" ခုလို ပြောပြပေးတာ ကျေးဇူးတင်ပါတယ် ။ ခုဆို စိတ်စွမ်းအင်စုဆောင်းခြင်းနဲ့ ပတ်သက်လို့ ကျုပ် နည်းနည်း နားလည်သွားပြီ "
လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် သူထုတ်ထားသည့် ပစ္စည်းများကို စနစ်တကျ စီလိုက်သည်။
" ကဲ .. အခု ကျုပ် စိတ်စွမ်းအင် စုဆောင်းတော့မှာမို့ ဘေးကို ဖယ်ပေးလို့ ရမလား "
လောထျန်းက ပြောလိုက်သည် ။
" ဟုတ်ကဲ့ "
ဝူယွီရို့က ချက်ချင်း ဘေးသို့ ဖယ်ကာ လောထျန်းအား မလှမ်းမကမ်းမှ စူးစိုက်ကြည့်နေလိုက်သည်။
လောထျန်း စိတ်စွမ်းအင် စုဆောင်းလျှင် မည်သို့သော စိတ်စွမ်းအင်ပင်လယ်မျိုး ပေါ်လာမည်ကို သူမ အလွန်သိချင်နေ၏။
ထိုအချိန်တွင် လောထျန်းက ကောင်းကင်ဘုံကျင့်စဥ်မှ ညွှန်ကြားချက်အတိုင်း ပစ္စည်းများကို နေရာချ၍ ပြီးသွားသည်။ သူက ထိုပစ္စည်း တစ်ခုချင်းစီကို စိတ်စွမ်းအင်ဖြင့် ရစ်ပတ်လိုက်ပြီးနောက် ရုတ်တရက် ထုချေလိုက်၏။
ထိုပစ္စည်းများက မရေမတွက်နိုင်သော အဖြူရောင် အမှုန်များအဖြစ် ပြောင်းသွားကာ လောထျန်း၏ ဘေးပတ်လည်တွင် လွင့်မျောလာသည် ။
ထို့နောက် လောထျန်းက ကောင်းကင်ဘုံ အသက်ရှုကျင့်စဥ်ကို သုံး၍ ထိုအမှုန်များကို ဖြည်းဖြည်းချင်း စုပ်ယူလိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံနှင့် မြေကြီးကို ဝန်းရံထားသည့် စိတ်စွမ်းအင်များက သူ့ဆီသို့ တဟုန်ထိုး တိုးဝင်လာ၏။ ကောင်းကင်က ပြိုကျလာတော့မည်ကဲ့သို့ ဖြစ်နေသလို မြေပြင်မှာလည်း ပြိုကျသွားတော့မည့်အလားပင် .. ။
" ဟင် ..ဘာတွေ ဖြစ်နေတာလဲ "
ထိုစဥ် ရတနာများကို ရှာဖွေနေကြသည့် သူများမှာလည်း ပုံမှန်မဟုတ်သည့် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ကို သတိထားမိသွားပြီး အားလုံး ရောက်လာကြသည် ။
လောထျန်းသည် ခန်းမအပြင်ဘက်တွင် ရှိနေပြီး သူ့ခန္ဓာကိုယ်က တွင်းနက်ကြီး တစ်ခုအလား ကောင်းကင်ဘုံနှင့် မြေကြီးကို ဝန်းရံထားသည့် စိတ်စွမ်းအင်များကို ဆက်တိုက် စုပ်ယူနေ၏။
" ဘာတွေဖြစ်နေတာလဲ .. ငါ့ကိုယ်ထဲက စိတ်စွမ်းအင်တွေ ထွက်လာနေပါလား "
" ငါရောပဲကွ ..ဟာ မဖြစ်ဘူး ..သူနဲ့ ဝေးဝေးနေမှရမယ် ၊ မဟုတ်ရင် ငါတို့ကိုယ်ထဲက စိတ်စွမ်းအင်တွေအားလုံး ခြောက်ကပ်သွားလိမ့်မယ်ကွ "
အားလုံးမှာ စက္ကန့်ပိုင်းမျှသာ ရပ်ကြည့်နိုင်ပြီး လောထျန်းနှင့် ဝေးရာသို့ အသည်းအသန် ထွက်ပြေးလိုက်ကြရသည် ။
" ဒီလူက ဘာလုပ်နေတာလဲ .. "
" ကြည့်ရတာ ကျင့်ကြံခြင်း နောက်တစ်ဆင့်ကို တက်နေတာနဲ့တူတယ် "
" ဟင် .. ကျင့်ကြံခြင်းအဆင့် တက်ရုံနဲ့ အဲ့လောက်ကြီး ဝရုန်းသုန်းကား ဖြစ်သွားအောင် ဘယ်သူ လုပ်နိုင်လို့လဲကွ "
" ဟင် .. ငါတို့နားလေးက စိတ်စွမ်းအင် သိပ်သည်းဆက လျော့သွားပါလား "
" ဟတ်တယ်ကွ .. ဒီ ကျီဝေ့လျှို့ဝှက်ဒေသမှာ စိတ်စွမ်းအင်က အဆုံးအစမဲ့ ဖြစ်နေသင့်တယ် မဟုတ်ဘူးလားကွ ။ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ .. "
" ဟိုမှာ ကြည့်လိုက်ဦး ..ကောင်းကင်ကြီး ပြိုကျလာတဲ့ ပုံနဲ့ တူနေတယ် .. "
" ကောင်းကင်ပြိုတာ မဟုတ်ဘူးကွ ..ကျီဝေ့လျှို့ဝှက်ဒေသက ပြိုကျနေတာ "
" ဘာ ..တကယ်ကြီးလား .ကျင့်ကြံခြင်း နောက်တစ်ဆင့် တက်ရုံနဲ့ လျှို့ဝှက်ဒေသတစ်ခုလုံးရဲ့ စိတ်စွမ်းအင်တွေ အကုန်ပြောင်သွားတော့မယ်နဲ့တူတယ် .. "
" တကယ်ကြောက်စရာကောင်းတဲ့ လူပဲ "
အားလုံး အံ့သြတုန်လှုပ်သွားကြသည်။
သူတို့ ထိုသို့ ဖြစ်ပျက်နေကြစဥ်တွင် စိတ်နှစ်ကာ ကျင့်ကြံနေသည့် လောထျန်းကမူ ပတ်ဝန်းကျင်၌ မည်သို့ ဖြစ်နေသည်ကို လုံးဝပင် သတိမထားမိပါချေ ။
" စိတ်ဝိဥာဥ် အသိစိတ်နဲ့ ကြည့်တာတောင် ငါ့ရဲ့ စိတ်စွမ်းအင်ပင်လယ်က ဘယ်လောက်ကျယ်ကျယ် ပွင့်လာမယ်ဆိုတာ မမြင်နိုင်ဘူးပဲ "
လောထျန်းက ထိုသို့တွေးကာ စိတ်ဝိဥာဥ် အသိစိတ်ကို စိတ်စွမ်းအင်ပင်လယ်ထဲသို့ လွတ်ချလိုက်သည်။
ထိုသို့ ချလိုက်ပြီး နောက်တွင်မူ လောထျန်းတစ်ယောက် နားမလည်နိုင် ဖြစ်သွား၏။