← Chapters

ကြယ်တွေပြည့်နေတဲ့ ပင်လယ်တစ်ခုက ပင်လယ်စစ်မှန်ရဲ့လား 

Vol. 6 Ch. 73

ကြယ်တွေပြည့်နေတဲ့ ပင်လယ်တစ်ခုက ပင်လယ်စစ်မှန်ရဲ့လား 

Vol. 6 Ch. 73

" ဝူယွီရို့ ပြောတာတော့ စိတ်စွမ်းအင်ပင်လယ်က သုံးပေကနေ ဆယ်ပေအထိကျယ်တဲ့ ရေကန်ရယ် ၊ ပေတစ်ရာထိကျယ်တဲ့ တစ်ထောင်အထိ ကျယ်တဲ့ ရေကန်ကြီးရယ် ၊ ပေသုံးထောင်နဲ့အထက် ကျယ်တဲ့ ပင်လယ်ရယ် ဖြစ်နိုင်တယ်လို့ ပြောခဲ့တာ မဟုတ်လား "

" ဘယ်ဟာပဲဖြစ်ဖြစ် အထဲမှာ ရေတော့ ရှိသင့်တယ် မဟုတ်ဘူးလား ။ ဒါပေမယ့် ငါ့ရဲ့ စိတ်စွမ်းအင် ပင်လယ်က  .. "

လောထျန်းက သူ့စိတ်စွမ်းအင်ပုံရိပ်ပေါ်တွင် ဖြည်းညင်းစွာ မျောလွင့်နေသည့် ဧရာမ ကြယ်ကြီးကို မော့ကြည့်လိုက်သည် ။

ထိုယြယ်ကြီး၏ ဘေးပတ်လည်တွင် မရေမတွက်နိုင်သော ကြယ်လေးများက ဝန်းရံနေကြ၏။

ဆက်ကြည့်လိုက်သောအခါ ထိုဧရာမကြယ်ကြီးက ၎င်းထက်ပိုကြီးသည့်ကြယ်ကြီးကို ဝန်းရံနေကာ ကြီးမားသော ကြယ်အစုအဝေးကြီးတစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရသည် ။

ထိုကြယ်များမှာ များလွန်းလှသဖြင့် ရေတွက်ရန်ပင် မဖြစ်နိုင်ပေ ။

" ကြယ်ပင်လယ်ကိုရော ပင်လယ်တစ်ခုအဖြစ် သတ်မှတ်လို့ ရလား "

လောထျန်းက မေးစေ့ကိုပွတ်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည် ။

" ဒါပေမယ့် ငါ့ရဲ့ စိတ်စွမ်းအင်ပင်လယ်မှာ ထူးခြားတဲ့ ဖြစ်စဥ်တွေ ဘာလို့ ရှိမနေတာပါလိမ့် ။ ရေပြင်ထနေ ထွက်လာတဲ့ လ လဲ မရှိ ၊ ရေလှိုင်းကြားကနေ ထွက်လာတဲ့ ကြာပွင့်လဲ မရှိ "

လောထျန်း ခေါင်းယမ်းကာ ကြယ်တစ်စင်းကို ခေါ်ယူလိုက်သည် ။

၎င်းက အလွန်ကြီးမားပြီး သူ့လက်ထဲတွင် တဖျတ်ဖျတ်လက်နေ၏။

ထိုကြယ်ထဲတွင် ကြောက်မက်ဖွယ် စွမ်းအင်များ စုစည်းနေသည်ကို သူခံစားမိသော်လည်း ၎င်းက သူနှင့် တစ်သားတည်း ပေါင်းစပ်နေသည့်အလား သူ့ကို မည်သည့်အန္တရာယ်မှ မပေးချေ ။

" ဘာဖြစ်လို့ ထူးခြားတဲ့ ဖြစ်စဥ်တွေရှိ မနေတာလဲ ၊ ဘာဆို ဘာမှကို ဖြစ်မလာဘူး "

လောထျန်း လက်ဝေ့ယမ်းလိုက်သည်နှင့် ကြယ်ကြီးက မူလနေရာသို့ ပြန်ရောက်သွားသည် ။

အကယ်၍ ထိုကြယ်တွင်သာ အသိစိတ် ရှိနေခဲ့ပါက လောထျန်း၏ တုန့်ပြန်ပုံကြောင့် ဝမ်းနည်းကာ ငိုယိုညည်းညူနေမလားပင် မသိချေ ။

တောက်ပသော လတစ်စင်းကို ထူးခြားဖြစ်စဥ်အဖြစ် သတ်မှတ်သည့်တိုင် ထိုသို့သောကြယ်ကို မည်သညိ့အတွက် ထူးခြားဖြစ်စဥ်အဖြစ် မသတ်မှတ်ရပါသနည်း ။

မည်သို့ပင်ဆိုစေ လောထျန်းက ထိုအရာများကို ဂရုစိုက်လှပါ ။ ထို့နောက် သူ့အသိစိတ်က စိတ်ပင်လယ်ထဲသို့ လျင်မြန်စွာ တိုးဝင်သွား၏။

ထိုနေရာတွင် သူ ဂရုစိုက်ရသည့် အရာတစ်ခု ရှိနေပေသည် ။

၎င်းမှာ ကောင်းကင်ဘုံသိုင်းကျမ်း ကိုးအုပ်ပင် ...

" အရင်က ဖွင့်မရတဲ့ အပိုင်းက အခု ကျင့်ကြံခြင်းနောက်တစ်ဆင့် တက်သွားပြီဆိုတော့ ဖွင့်လို့ ရလောက်ပြီထင်တယ် "

လောထျန်း၏ အသိစိတ်လှုပ်ရှားသွားကာ ကောင်းကင်ဘုံလမ်းစဥ်ကျမ်းစာကို ခေါ်ယူလိုက်သည် ။

စာအုပ်ကို လှန်လိုက်သည်နှင့် ကောင်းကင်ဘုံမန္တန် က ပွင့်နေသည်ကို သူ မြင်လိုက်ရ၏။

" ကောင်းကင်ဘုံ အသက်ရှူခြင်းနည်း ၊ စိတ်စွမ်းအင် စုဆောင်းခြင်း အခန်း .. "

ထို့နောက်တွင်မူ စာအုပ်ထဲမှ အကြောင်းအရာများက ယခင်ကကဲ့သို့ပင်  မရေမတွက်နိုင်သော အလင်းတန်းလေးများအဖြစ် ပြောင်းသွားပြီး လောထျန်း၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားကြသည် ။ လာထျန်း အကြောင်းအရာများကို ချက်ချင်း နားလည်သွား၏။

ထို့နောက် သူက ယခင်နည်းအတိုင်း အခြားစာအုပ်ရှစ်အုပ်ကို ဖွင့်ကာ  အကြောင်းအရာများကို မှတ်သားလိုက်သည်။

လောထျန်းသည် နောက်အကြောင်းအရာများကို ဆက်ဖတ်ချင်သေးသော်လည်း ယခင်ကကဲ့သို့ပင် ကောင်းကင်ဘုံသိုင်းကျမ်းက စိတ်စွမ်းအင်စုဆောင်းခြင်းအခန်း၌ ရပ်တန့်သွား၏။

နောက်အခန်းကို ဖတ်ရန် စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့်သို့ ရောက်ရန် လိုသည်မှာ သိသာပေသည် ။

" ထားလိုက်ပါ ..ဖြည်းဖြည်းချင်းပဲ သွားတာပေါ့ "

လောထျန်း သက်ပြင်းချကာ သူ့သိစိတ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်ပို့လွှတ်လိုက်သည်။

သို့သော် .. သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သည်နှင့် ဘေးပတ်ဝန်းကျင်တွင် ကြီးမားသော အ​ပြောင်းလဲများ ဖြစ်သွားခဲ့သည်ကို  လောထျန်းသိလိုက်ရ၏။

ယခင်က ကြီးကျယ်ခမ်းနားလှသည့် ယွိလင်နန်းတော်မှာ ယခုလက်ရှိတွင် အပျက်အစီးများ ၊ အက်ကွဲနေသော နံရံများနှင့် ပြိုကျလုနီးနီး ဖြစ်နေလေပြီ ။

" ဒီမှာ ဘာတွေ ဖြစ်သွားခဲ့တာလဲ ၊ ရန်သူတစ်ယောက်ယောက်ကများ တိုက်ခိုက်သွားတာလား "

လောထျန်း ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည် ။

ထိုစဥ် မလှမ်းမကမ်းရှိ အပျက်အစီးများကြားမှ လူတစ်ယောက် ခက်ခက်ခဲခဲ တိုးထွက်လာ၏။

" ပြီးသွားပြီလား ..တော်သေးတာပေါ့ကွာ .. ငါက သေပြီတောင် ထင်နေတာ "

သူက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

သူ့ဘေးမှ လူတစ်ယောက်ကလည်း ရှက်ရှက်ဖြင့် မတ်တပ်ရပ်လိုက်သည် ။

" ကျုပ်က သူ ကျင့်ကြံခြင်း နောက်တစ်ဆင့်တက်တာဟုတ်ရဲ့လားဆိုတာ သေချာအောင် အနီးကပ်ကြည့်ချင်လို့ပါ ။ ခုလို သေလုမျောပါး ဖြစ်သွားရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲဗျာ ။ ဒီအကြောင်းတွေကိုသာ တခြားသူကို ပြောပြရင် ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူး "

ထိုနှစ်ယောက်မှာ ထန်တျောင်လုံနှင့် ဟန်ဝမ်ကျိုးတို့ပင် ။

သူတို့သည် ကိုယ့်အစွမ်းကို ယုံကြည်လွန်းသဖြင့် အခြားသူများက လောထျန်းနှင့် ဝေးရာသို့ ထွက်ပြေးနေကြစဥ်တွင် မပြေးဘဲ အနီး၌ ကျန်နေခဲ့ကြခြင်းဖြစ်သည်။

သို့သော် ရလဒ်အနေဖြင့် သူတို့ အသက်ဆုံးလုနီးပင် ဖြစ်ခဲ့ရ၏။

" ဟေ့ ..ဒီလိုတွေဖြစ်အောင် ဘယ်သူလုပ်သွားတာလဲ "

သူက ထိုနှစ်ယောက်ကို ကြည့်ကာ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

ကျန်နှစ်ယောက်မှာ မည်သို့ ပြန်ပြောရမည်မသိ ဖြစ်သွား၏။

သူ့ကြောင့် ယခုကဲ့သို့ ဖြစ်သွားရသည်ကို သူ မသိလေရော့သလား ...

အစောပိုင်းက လောထျန်းစိတ်စွမ်းအင်များကို စုပ်ယူနေစဥ် ထွက်လာသည့်အသံမှာ ကျယ်လောင်လွန်းလှသဖြင့် ကျီဝေ့လျှို့ဝှက်ဒေသတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် အကာအကွယ်ပင် အက်ကွဲရာများ ဖြစ်သွားခဲ့ရသည် ။

လျှို့ဝှက်ဒေသမှာ ပျက်စီးလုနီးပါးပင် ဖြစ်သွားခဲ့၏။

သို့သော် လောထျန်းကို ထိုသို့ ရန်မတွေ့ဝံ့သဖြင့် ထိုနှစ်ယောက်က ပြုံး၍သာ ပြောလိုက်သည်။

" သခင်လေး လောထျန်းက တကယ်ကို စစ်မှန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ ..ကျင့်ကြံခြင်းအဆင့် နောက်တစ်ဆင့် တက်သွားရုံနဲ့ ခုလိုတွေ ဖြစ်လာအောင် လုပ်လိုက်နိုင်တယ် "

" ဟင် .. ဒါတွေက .. ကျုပ် လုပ်ခဲ့တာလား "

ထိုစကားကို ကြားသောအခါ လောထျန်း အလွန်အံ့အားသင့်သွား၏။

" တခြားသူတွေရောဘယ်ရောက်သွားပြီလဲ "

သူက မေးလိုက်သည်။

" စိတ်မပူပါနဲ့ သခင်လေးလောထျန်း ၊ သခင်လေးက နာရီဝက်လောက်အတွင်းမှာ နောက်တစ်ဆင့်ကို တက်သွားခဲ့တာ ။ ဒီကြားထဲမှာ ကွေ့ယွမ်ဂိုဏ်းက အထဲမှာရှိနေတဲ့ သူအားလုံးကို အပြင်ဘက်ကို ခေါ်ထုတ်သွားပြီ ။ ဒဏ်ရာရတဲ့သူ နည်းနည်း ရှိပေမယ့် ဘယ်သူမှတော့ မသေသွားဘူး "

ဟန်ဝမ်ကျိုးက ပြောလိုက်သည်။

ထိုအချိန်မှသာ လောထျန်း သက်ပြင်းချနိုင်တော့၏။

တစ်ယောက်မှ အသက်မဆုံးသွားခဲ့သည်မှာ တော်ပါသေးသည် ။

" ကောင်းပါတယ်လေ ၊ အခု ဒီမှာဘယ်သူမှ သိပ်မရှိတော့ဘူးဆိုတော့ ကျုပ် ဒီမှာပဲ ဆက်လေ့ကျင့်လိုက်ဦးမယ် ။ ဆူဆူညံညံ အသံတွေထွက်လာလဲ တခြားသူတွေကို အနှောင့်ယှက် မဖြစ်တော့ဘူးပေါ့ "

လောထျန်းက ပြောလိုက်သည်။

" သခင်လေး ဆက်ပြီး လေ့ကျင့်ဦးမှာလား "

ထိုစကားကို ကြားသည်နှင့် ဟန်ဝမ်ကျိုးနှင့် ထန်တျောင်လုံတို့ ဆံပင်မွေးများ ထောင်သွားကြသည်။

" ဟုတ်တယ် ..ဘာဖြစ်လို့လဲ "

လောထျန်းက ထိုနှစ်ယောက်ကိုကြည့်ကာ မေးလိုက်သည်။

" ဘာ..ဘာမှ မဖြစ်ပါဘူးဗျာ ၊ သခင်လေး လောထျန်း မကျင့်ကြံခင် ခဏလောက် စောင့်ပေးလို့ ရမလား ။ ကျုပ်တို့ အခုပဲ ထွက်သွားတော့မလို့ "

အမှန်တွင်မူ သူတို့နှစ်ယောက်သည် လောထျန်း မည်သို့ကျင့်ကြံသည်ကို မြင်ချင်ကြ၏။

သို့သော် အခြားသူတစ်ယောက် ကျင့်ကြံနေစဥ် ခိုးကြည့်ခြင်းမှာ သိုင်းလောကတွင် တားမြစ်ထားသည့် အရာတစ်ခု ဖြစ်သည်။ အကယ်၍ လောထျန်းက သူတို့ ခိုးကြည့်သည်ကို မြင်ကာ ဒေါသထွက်သွားပါက ဖြစ်လာမည့် အကျိုးဆက်ကို သူတို့ ခံနိုင်မည်မဟုတ်ပေ ။

ထို့ထက်ပို၍ အရေးကြီးသည်မှာ လောထျန်း ကျင့်ကြံနေစဥ် အနီးတွင် ရှိနေခြင်းက အန္တရာယ်ကြီးလွန်းသောကြောင့်ပင် ။

ယခု သူတို့ အသက်ရှင်နေသည်ကပင် ကံကောင်းလွန်း၍ ဖြစ်သည်။

သို့ဖြစ်ရာ ထိုသို့ နောက်တစ်ကြိမ် ထပ်မလုပ်ရဲပါချေ ။

ထို့နောက် သူတို့က နေရာမှ အသည်းအသန် ပြေးထွက်ကာ ကွေ့ယွမ်ဂိုဏ်း၏ အဆောင်ကိုသုံး၍ လျှို့ဝှက်ဒေသ အပြင်ဘက်သို့ ထွက်သွားလိုက်ကြသည် ။

" ကဲ ..အခု အာရုံစိုက်ပြီး လေ့ကျင့်လို့ရပြီ "

လောထျန်းက ပြုံးကာ စိတ်စွမ်းအင် စုဆောင်းခြင်း ပညာရပ်များအား စတင်လေ့ကျင့်လိုက်သည်။

ဤတစ်ကြိမ်တွင် သူ ပထမဆုံး လေ့ကျင့်သည့် ပညာရပ်မှာ ကိုယ်ခန္ဓာသန့်စင်ခြင်း ပညာရပ်ဖြစ်သည်။

စိတ်စွမ်းအင်စုဆောင်းခြင်းအဆင့်မှ ကိုယ်ခန္ဓာသန့်စင်ခြင်း ပညာရပ်မှာ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်ထက် များစွာပို၍ ရှုပ်ထွေး၏။

သို့သော် သူ ကျင့်ကြံရာတွင်မူ အခက်အခဲ လုံးဝ မရှိခဲ့ချေ ။

သိုင်းကွက်အချို့ ပြီးသွားသည်နှင့် သူ့အစွမ်းက ယခင်ကထက် များစွာ တိုးတက်လာသည်ကို သူ သတိထားမိလိုက်၏။

" စိတ်စွမ်းအင် စုဆောင်းခြင်းပညာရပ်က ကိုယ်ခန္ဓာသန့်စင်ခြင်း ပညာရပ်ထက် အများကြီးပိုပြီး အကျိုးသက်ရောက်မှု ရှိတာပဲ "

လောထျန်း ပြုံးကာ ဆက်လေ့ကျင့်လိုက်သည်။

သူ လေ့ကျင့်လိုက်တိုင်း ယခင်ကထက် များစွာ ပိုအစွမ်းထက်လာသည်ကိုလည်း ခံစားလိုက်ရ၏။

သို့သော် ကိုးကြိမ်မျှ လေ့ကျင့်ပြီးနောက်တွင်မူ သူ့တိုးတက်မှုက ရပ်တန့်သွားသည်။

သူ့အစွမ်းက ထိပ်ဆုံးရောက်ပြီကို လောထျန်း နားလည်လိုက်၏။

" ဟင် ..ဘာတွေဖြစ်နေတာလဲ "

ထိုအချိန်မှာပင် သူ့ခန္ဓာကိုယ်၌ ဖြစ်သွားသည့် အပြောင်းအလဲများကို လောထျန်း သတိထားမိလိုက်သည်။

သူ့ခန္ဓာကိုယ် အပါ်ပိုင်းတွင် မှိန်ဖျော့သော ရွှေရောင် အလင်းတန်းတစ်ခု လင်းလက်နေ၏။ ယခင်ရှိထားသည့် အလင်းတန်းနှင့် မတူသည်မှာ ယခုအလင်းတန်းက ပို၍ သိပ်သိပ်သည်းသည်းရှိပြီး အစွမ်းလည်း ပိုထက်ဟန် တူနေခြင်းပင် ။

ထို့အပြင် သူ့ခန္ဓာကိုယ်မှ သွေးများကလည်း နဂိုမူလ အနီရောင်မှ တောက်ပသောရွှေရောင်အဖြစ်သို့ ပြောင်းသွားခဲ့သည်။

လောထျန်းက သွေးကြောလေးတစ်ခုကို ကိုက်ဖောက်ကာ ထွက်လာသည့် သွေးစက်တစ်စက်ကို ယူကြည့်လိုက်သည်။

ထိုရွှေရောင် သွေးစက် တစ်စက်အထဲတွင် ပါဝင်နေသည့် ကြောက်မက်ဖွယ် အသက်စွမ်းအင်က ယခင် နတ်ဘုရသားရဲထံမှ ရခဲ့သည့် နတ်သွေးထက်ပင် များစွာပို၍ အစွမ်းထက်နေ၏။

" ကြည့်ရတာ တော်တော်အစွမ်းထက်တဲ့ပုံပဲ "

လောထျန်းက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

" အဲ့ဒါကို ခဏထားလိုက်ပါဦးမယ်လေ ၊ ကျန်တဲ့ဟာကိုပဲ ဆက်လေ့ကျင့်လိုက်မယ် "

ထို့နောက် လောထျန်းက ကောင်းကင်ဘုံဓားသိုင်းနှင့် ကောင်းကင်ဘုံ ခန္ဒာကိုယ်ကျင့်စဥ်အပါအဝင် အခြားသိုင်းကျင့်စဥ်များကို ဆက်လေ့ကျင့်လိုက်သည်။

သူ လေ့ကျင့်ပြီးသွားသည့် နောက်တွင်မူ သူ၏ သိုင်းပညာက များစွာ တိုးတက်လာသည်မှာ ပြောနေစရာပင် မလိုပါချေ ။ သို့သော် ထိုအထဲတွင် အသိသာဆုံးမှာ သူ၏ ခန္ဓာကိုယ်လှုပ်ရှားမှုများပင် ...

ကောင်းကင်ဘုံခန္ဓာကိုယ်ကျင့်စဥ်ဖြစ်သော ခန္ဓာကိုယ် နေရာရွှေ့ နိုင်သည့် အကွာအဝေးက ယခင်ကထက် များစွာပင် တိုးတက်လာ၏။

သူ ယခင်က တစ်ခါလျှင် ဆယ်မီတာမျှသာ နေရာရွှေ့နိုင်ခဲ့ရာမှ ယခုဆိုလျှင် မီတာတစ်ထောင်အထိ အကန့်အသန်မရှိ နေရာရွှေ့နိုင်နေလေပြီ ။

" သိပ်ကောင်းတယ် ..နောက်ထပ် ကျင့်ကြံခြင်းအဆင့် တိုးတက်လာအောင် လုပ်ကြတာပေါ့ "

လောထျန်းက ပြောကာ ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်အား စလေ့ကျင့်လိုက်သည်။

ထိုအချိန်တွင် ကျီဝေ့လျှို့ဝှက်ဒေသ အပြင်ဘက်၌ .......

ကွေ့ယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး လင်ရှက ဂိုဏ်းမှ အပြေးရောက်လာ၏။

လောချန်ထံမှ သတင်းအစုံကို ကြားပြီးနောက်တွင်မူ သူ ပါးစပ်အဟောင်းသား ဖြစ်သွားရသည် ။

" အစတုန်းကတော့ အရင်နှစ်တွေကလို သာမာန် လျှို့ဝှက်ဒေသ ဖွင့်ပွဲလို့ပဲ ထင်နေတာ ။ခုလိုကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မယ်လို့ ထင်မထားမိတာ အမှန်ပဲ ။ လျှို့ဝှက်ဒေသထဲမှာ သိုင်းသမားသခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်တောင် ပေါ်လာတယ်တဲ့လား .."

ထို့နောက် သူက အက်ရာများ ထင်နေသည့် လျှို့ဝှက်ဒေသ ဝင်ပေါက်ကိုကြည့်ကာ ပြောလိုက်သည်။

" ကျီဝေ့လျှို့ဝှက်ဒေသက အက်ရာတွေနဲ့ ဖြစ်သွားပေမယ့် လုံးဝ ပျက်စမသွားတာပဲ ကံကောင်းတယ် ပြောရမှာပေါ့ကွာ "

သို့သော် သူ့စကားဆုံးသည့် အချိန်မှာပင် ....

ဂျွတ် ...

ဘုန်း ...

ကျီဝေ့လျှို့ဝှက်ဒေသသို့ ဝင်သည့် တံခါးပေါက်က ရုတ်ချည်း ပြိုကျသွားတော့၏။

All Chapters