ကောင်းကင်ဘုံ ပျက်စီးခြင်း
Vol. 6 Ch. 74
" ဟင် .."
လင်ရှသည် ပြိုကျသွားသော ဝင်ပေါက်ကိုကြည့်ကာ တစ်စုံတစ်ခုကို စဥ်းစာမိသွား၏။
" နောက်ဆုတ်ကြဟေ့ .. အားလုံး မြန်မြန်နောက်ဆုတ်ကြ "
သူ အော်လိုက်သည်။
အစွမ်းထက် ကျင့်ကြံသူများကလည်း ချက်ချင်းပင် သူတို့၏ တပည့်များကို ကာကွယ်ကာ နောက်ဆုတ်လိုက်ကြသည်။
သို့သော် သူတို့ သေချာမရပ်နိုင်ခင်မှာပင် ကျီဝေ့လျှို့ဝှက်ဒေသ ဝင်ပေါက်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ကြရ၏။
ဘေးပတ်ဝန်းကျင်မှ လေထုလည်း ရုတ်ချည်းပြောင်းသွားကာ မြေက်များစွာသော တောင်များ နှင့် သစ်ပင်များ ပြိုလဲကျသွားသည်။
" သခင်ကြီး ..ဘာတွေ ဖြစ်သွားတာလဲ "
လောချန်က မြင်ကွင်းကို မယုံနိုင်စွာကြည့်ကာ မေးလိုက်သည်။
လင်ရှ မျက်နှာအနည်းငယ် ပျက်သွားပြီး ပြန်ဖြေ၏။
" ကျီဝေ့လျှို့ဝှက်ဒေသက လုံးဝ ပျက်စီးသွားပြီကွ "
" ဟင် .. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "
လောချန်မှာ မယုံကြည်နိုင်စွာ အံ့သြမှင်သက်သွား၏။
လင်ရှ သက်ပြင်းချလိုက်သည်။
" ကျီဝေ့လျှို့ဝှက်ဒေသဆိုတာ သိုင်းသမားသခင်ကြီး ကျီဝေ့ ဖန်တီးဖွင့်လှစ်ခဲ့တဲ့ ကမ္ဘာငယ်လေးတစ်ခုပဲကွ ။ ဒီကမ္ဘာကြီးထဲမှာ တည်ငြိမ်တဲ့ ကမ္ဘာငယ်တစ်ခု ဖန်တီးဖို့ဆိုရင် အစွမ်းထက်တဲ့ စိတ်စွမ်းအင်တွေ လုံလောက်အောင် ရှိထားဖို့လိုတယ် ။ ဒါမှ အပြင်ဘက်ကမ္ဘာရဲ့ စည်းမျဥ်းတွေကို ခံနိုင်ရည်ရှိပြီး အဖျက်ဆီး မခံရမှာ "
" အခု ကျီဝေ့လျှို့ဝှက်ဒေသက ပျက်စီးသွားပြီဆိုတော့ ဖြစ်နိုင်ချေက တစ်ခုပဲရှိတယ် ။ ဒါ .. အထဲက စိတ်စွမ်းအင်တွေ အားလုံး မရှိတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ "
လောချန် ချက်ချင်း မျက်နှာပျက်သွားသည်။
" သခင်လေးလောထျန်းက သူ့တစ်ယောက်တည်းအစွမ်းနဲ့ လျှို့ဝှက်ဒေသထဲက စိတ်စွမ်းအင်တွေအားလုံးကို စုပ်ယူလိုက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ "
လင်ရှက နဖူးမှ ချွေးကို သုတ်ကာ ပြန်ပြော၏။
" တကယ်လို့ တခြားတစ်ယောက်ကသာ ပြောလာရင် ငါလဲ လုံးဝ ယုံမှာမဟုတ်ဘူး ။ ဒါပေမယ့် .. မင်း ပြောထားတဲ့အတိုင်းဆိုရင်တော့ .. "
လောထျန်း၏ ယခင်တိုက်ပွဲများအကြောင်းကို ပြန်တွေးမိသွားသည့် လူနှစ်ယောက်မှာ စကားပင် ဆက်မပြောနိုင်တော့ဘဲ တိတ်သွားကြသည်။
ဤသို့ဖြင့် နောက်ထပ် နာရီဝက်ခန့်အကြာတွင်မူ လျှို့ဝှက်ဒေသ၏ ဝင်ပေါက် ပြန်တည်ငြိမ်သွားသည်။
သို့သော် ဝင်ပေါက်၏ ဘေးပတ်လည် ဆယ်မိုင်အတွင်းရှိ အရာအားလုံးကမူ ဝရုန်းသုန်းကား ဖြစ်နေတော့၏။
ထိုအပျက်အစီးများ အလယ်တွင် လူတစ်ယောက်က ကိုးရို့ကားယား ရပ်နေသည်ကိုလည်း တွေ့လိုက်ရသည် ။
ထိုလူမှာ လောထျန်းပင် ..
ထိုအချိန်တွင် လောထျန်းကိုယ်တိုင်လည်း အခြေအနေကို နားမလည်နိုင် ဖြစ်နေ၏။
ဘာတွေ ဖြစ်နေပါသနည်း ..
သူသည် ယွိလင်နန်းတော်ရှေ့၌ ကောင်းကင်ဘုံမန္တန်ကို လေ့ကျင့်နေစဥ် ရုတ်တရက် သူ့ဘေးပတ်လည်က ယခုကဲ့သို့ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။
အပေါ်တွင်လည်း ကျီဝေ့လျှို့ဝှက်ဒေသကို အုပ်မိုးထားခဲ့သည့် ကြယ်စုံသော ကောင်းကင်ယံက ပျောက်ကွယ်သွားပြီး ကြည်လင်သော ကောင်းကင်ပြာကိုသာ တွေ့လိုက်ရသည်။
သူ လျှို့ဝှက်ဒေသ၏ အပြင်ဘက်သို့ ရောက်လာသည်မှာ သိသာပေသည်။
" သခင်လေးလောထျန်း ..ကျင့်ကြံခြင်းအဆင့် တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် "
ထိုစဥ် ခပ်လှမ်းလှမ်းမှ လင်ရှက အနားသို့ လျှောက်၏။ သူက ဘေးပတ်လည်မှ အပျက်စီးများကိုကြည့်ကာ ဝမ်းနည်းနေသည့် ခံစားချက်ကို ဖုံးဖိ၍ ပြောလိုက်သည်။
" ဟင် ..ခင်ဗျားက ကွေ့ယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်လား ..ကျုပ်ကို လျှို့ဝှက်ဒေသထဲကနေ ဆွဲထုတ်လိုက်တာ ခင်ဗျားလား "
လောထျန်းက တစ်ဖက်လူကိုကြည့်ကာ အနည်းငယ် မကျေနပ်ဟန်ဖြင့် မေးလိုက်သည်။
ကျီဝေ့လျှို့ဝှက်ဒေသထဲတွင် စိတ်စွမ်းအင်များ သိပ်သိပ်သည်းသည်း ရှိသဖြင့် ထိုအထဲတွင် လေ့ကျင့်ရသည်က အပြင်မှာ လေ့ကျင့်ရသည်ထက် များစွာပိုကောင်း၏။
သူ စိတ်စွမ်းအင်အချို့ စုပ်ယူနေစဥ်တွင် ထိုလူက သူ့အား အပြင်သို့ ဆွဲထုတ်ခဲ့သဖြင့် လောထျန်း မကျေမနပ် ဖြစ်နေသည် ။
လင်ရှမှာ လောထျန်းကို ကြည့်ကာ ရင်ထဲမှပင် တုန်ယင်သွား၏။
" ကျီဝေ့ လျှို့ဝှက်ဒေသ ..မရှိတော့ဘူးဗျ "
လင်ရှက ပြောလိုက်သည်။
" ဟင် ..ဘာဖြစ်လို့လဲ "
လောထျန်းက အံ့သြတကြီး ပြန်မေး၏။
လင်ရှက သက်ပြင်းချကာ ဖြစ်ပျက်သွားသည့် အခြေအနေကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။
စကားဆုံးသွားသောအခါ လောထျန်း အလွန်ရှက်သွား၏။
" ဂိုဏ်းချုပ်ကြီး .. ကျုပ် တောင်းပန်ပါတယ်ဗျာ ။ ကျုပ် တကယ်ကို မရည်ရွယ်ပါဘူး ။ ကျုပ် အစောလေးကမှ ကျင့်ကြံခြင်းနောက်တစ်ဆင့် တက်သွားတာ .. လျှို့ဝှက်ဒေသက ခုလို ပျက်စီးလွယ်လိမ့်မယ်လို့ ဘယ်ထင်မလဲဗျာ "
လောထျန်းက ခေါင်းကုတ်ကာ အယောင်ယောင်အမှားမှား ပြုံး၍ ပြောလိုက်သည်။
" ပျက်စီးလွယ် ..."
လင်ရှ ခေတ္တမျှ စကားမပြောနိုင်ဘဲ ဖြစ်သွားသည်။
" ကျုပ် ခင်ဗျားရဲ့ လျှို့ဝှက်ဒေသကို ဖျက်ဆီးမိသွားတဲ့အတွက် ပြန်ပြီး လျော်ကြေးပေးပါ့မယ် ။ ဒါပေမယ့် လောလောဆယ် ကျုပ်ဆီမှာ ပိုက်ဆံအများကြီး ရှိမနေဘူး ။ ဒီလိုလုပ်ပါလား ..နောင် အနာဂါတ်မှာ ကွေ့ယွမ်ဂိုဏ်း ပြဿနာတစ်ခုခုနဲ့ ကြုံရင် ကျုပ် အလကားလာကူညီပါ့မယ် "
လောထျန်းက ပြောလိုက်သည်။
လင်ရှက မျက်နှာသုန်မှုန်စွာ ပြန်ပြော၏။
" သခင်လေး လောထျန်း ..ဒါက လျှို့ဝှက်ဒေသတစ်ခုဗျ ၊ ဒီလျှို့ဝှက်ဒေသ တစ်ခါဖွင့်တိုင်း ကျုပ်တို့ ကွေ့ယွမ်ဂိုဏ်းအတွက် အကျိုးကျေးဇူးတွေ အများကြီး ရတယ် ။ ဒီတော့ တစ်ခါတည်း ကူညီရုံနဲ့ မလုံလောက်ဘူး ။ ကိုးကြိမ်တော့ ကူညီဗျာ "
" ကိုးကြိမ်က နည်းနည်း မများဘူးလား ..သုံးကြိမ်တော့ လုပ်ဗျာ "
လောထျန်း စျေးဆစ်လိုက်သည်။
" ခုနစ်ကြိမ် ဗျာ "
လင်ရှ ပြန်ပြော၏။
" ငါးကြိမ်ဗျာ ..ဒါ နောက်ဆုံးစကားပဲ "
လောထျန်းက ပြောလိုက်သည်။
" ကောင်းပြီဗျာ ၊ ဒါဆို ငါးကြိမ်နဲ့ သဘောတူလိုက်ပြီ "
သူတို့နှစ်ယောက် စျေးတည့်သွားသည် ။
အမှန်တွင်မူ ကျီဝေ့လျှို့ဝှက်ဒေသတွင် သခင်ကြီးကျီဝေ့၏ အမွေအနှစ်လဲ မရှိတော့ရာ လျှို့ဝှက်ဒေသ၏ တန်ဖိုးက ယခင်ကထက် များစွာ လျော့သွားပြီဖြစ်သည်။
သို့ဖြစ်ရာ ၎င်းကို လောထျန်းဆီမှ အကူအညီ ငါးကြိမ်နှင့် လဲလှယ်လိုက်ခြင်းက တရားမျှတပါသည် ။
လောချန်၏ စကားအရဆိုလျှင် လောထျန်းက ကွေ့ရှအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ကိုပင် သတ်နိုင်ခဲ့သည် မဟုတ်ပါလား .. ။
သို့ဖြစ်ရာ ကွေ့ရှအဆင့်နှင့် တန်းတူအစွမ်းရှိသည့် လူတစ်ယောက်ဆီမှ အကူအညီ ငါးကြိမ် ရလိုက်ခြင်းက သူတို့အတွက် အရှုံးဟု မဆိုသာပေ ။
ထိုအချိန်မှာပင် ကောင်းကင်ကြီးက ရုတ်ရက် မည်းမှောင်သွား၏။
အားလုံး ခေါင်းမော့ကြည့်လိုက်ရာ သူတို့ မသိလိုက်သည့် အချိန်အတွင်း ကောင်းကင်တစ်ခုလုံး တိမ်မည်းများ ဖုံးအုပ်နေသည်ကို တွေ့လိုက်ရသည် ။ထို့နောက် မရေမတွက်နိုင်သော တိမ်တိုက်မည်းများကြားမှ လေဝဲကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက လေထဲတွင် လှည့်နေကာ တဖြည်းဖြည်း ကြီးထွားလာသည်။
တိမ်တိုက်မည်းများ၏ အလယ်တွင် လျှပ်စီးများလည်း ဆက်တိုက်ဆိုသလို တဖျတ်ဖျတ်လက်နေပြီး ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု ဖြစ်ပေါ်လာ၏။
" ဟင်..မိုးရွာတော့မှာလား "
လောထျန်းက မှောင်မည်းနေသည့် ကောင်းကင်ကို ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
သို့သော် လင်ရှကမူ အခြေအနေကို မြင်သည်နှင့် မျက်နှာဖြူဖျော့သွားပြီး ခြေယိုင်ကာ လဲကျမတတ် ဖြစ်သွား၏။
ထို့နောက် သူက ကောင်းကင်ကို မော့ကြည့်ကာ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
" ကောင်းကင် ... ကောင်းကင်ဘုံ ပျက်စီးခြင်း .. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
" ကောင်းကင်ဘုံ ပျက်စီးခြင်း ..ဟုတ်လား ..ဒါ .. ကောင်းကင်ဘုံ ပျက်စီးခြင်းလား "
လောထျန်း အံ့သြတကြီး မေးလိုက်သည်။
လင်ရှက တံတွေးကို ခက်ခက်ခဲခဲ မြိုချ၍ ပြော၏။
" ဒီလို ဖြစ်မနေသင့်ဘူး ...ပုံမှန်ဆိုရင် ကောင်းကင်ပျက်စီးခြင်းက တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက် ကျင့်ကြံခြင်းနောက်တစ်ဆင့်ကို တက်ရင် ၊ ဒါမှမဟုတ် ကောင်းကင်ဘုံနဲ့ မြေကြီးက လက်မခံနိုင်တဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ရင်ပဲ ဖြစ်တာ ..ဒါပေမယ့် အခုက .. "
ထိုအချိန်တွင် မျက်စိဖြင့် မမြင်နိုင်သော ကိုယ်အရောင်အဝါတစ်ခုက လောထျန်းပေါ်သို့ ကျရောက်လာ၏။ ထိုအရောင်အဝါမှာ တိမ်တိုက်မည်းများဆီမှ လာခဲ့ခြင်း ဖြစ်သည်။
" ဒါ ... "
လင်ရှ အခြေအနေကို ရုတ်တရက် နားလည်သွားသည်။
ကောင်းကင်ဘုံ ပျက်စီးခြင်းက လောထျန်းကြောင့် ဖြစ်သွားခဲ့ရခြင်းပင် ..
လောထျန်း၏ ကျင့်ကြံခြင်းအဆင့်က ကွေ့ရှအဆင့်သို့ မရောက်သေးသည်မှာ သိသာပေသည်။
ကြည့်ရသည်မှာ လောထျန်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လွန်းနေ၍ နတ်ဘုရားများက မနာလိုသဖြင့် သူ့ကို သတ်ပစ်ချင်နေခြင်း ဖြစ်ရပေမည် ။
ထိုသို့ တွေးမိလိုက်သည်နှင့် လင်ရှက သူ၏ ခန့်မှန်းချက်ကို လောထျန်းအား ပြောပြလိုက်သည်။
ထိုစကားကို ကြားပြီးနောက် လောထျန်း အနည်းငယ် စိတ်လှုပ်ရှားသွား၏။
" အော် ..အဲ့လိုမျိုးလဲ ရှိတယ်ပေါ့ ..စိတ်ဝင်စားစရာပဲ "
သူက အပြုံးဖြင့် ပြောလိုက်သည်။
လင်ရှက သူ့ကိုကြည့်ကာ မျက်နှာပျက်စွာ ပြော၏။
" သခင်လေးလောထျန်း ... သတိလွတ်လို့ မဖြစ်ဘူးနော် ။ ကျုပ် ကောင်းကင်ဘုံ ပျက်စီးခြင်းကို တစ်ခါမှ မတွေ့ဖူးပေမယ့် ဒါနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေ အများကြီး ကြားဖူးတယ် ။ ကောင်းကင်ဘုံ ပျက်စီးခြင်းရဲ့ အစွမ်းက အင်မတန် ကြောက်စရာကောင်းတယ်ဗျ ။ တုကျဲ့အဆင့်ရှိတဲ့ အစွမ်းထက် ကျင့်ကြံသူတွေတောင် ဒီအစွမ်းအောက်မှာ သေခဲ့ကြတယ်တဲ့ ။ ဒီကောင်းကင်ဘုံ ပျက်စီးခြင်းရဲ့ အစွမ်းက တုကျဲ့အဆင့် ရှိတဲ့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ထက်တောင် ပိုကြောက်စရာကောင်းတယ် "
ထိုစကားကို ကြားသောအခါ လောထျန်းက ပို၍ စိတ်လှုပ်ရှားသွားဟန်ဖြင့် ပြောသည်။
" တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းနဲ့ ယှဥ်လို့ရတယ် .. ဟုတ်လား ။ ကောင်းတာပေါ့ဗျာ .. ကျုပ်ရဲ့ လက်ရှိအစွမ်း ဘယ်လောက်ရှိတယ်ဆိုတာ စမ်းသပ်ဖို့ အခွင့်ကောင်းတစ်ခုပဲ "
" ဟင် .. "
လင်ရှ စကားဆက်မပြောနိုင် ဖြစ်သွားရသည်။
လောထျန်းက ကောင်းကင်ဘုံ ပျက်စီးခြင်းကို အလေးနက် မထားဟန်ပင် ..
ထိုအချိန်တွင် ကောင်းကင်ယံမှ တိမ်တိုက်မည်းကြီးများ စုဝေးသွားကာ တိုက်ခိုက်တော့မည့်ဟန် ဖြစ်သွား၏။
လင်ရှမှာလည်း တစ်စုံတစ်ခု ဖြစ်ပွားတော့မည်ကို ချက်ချင်း သိကာ လောထျန်းအား ဦးညွှတ်အရိုအသေပေးလိုက်သည်။
" သခင်လေး လောထျန်း ..ဒီကိစ္စကို သခင်လေးကိုယ်တိုင်ပဲ ကိုင်တွယ်ရလိမ့်မယ်နော် ။ ကျုပ်တို့ ဝင်မပါနိုင်တာ စိတ်မရှိပါနဲ့ဗျာ "
ထိုသို့ ပြောပြီးသည်နှင့် သူက ချက်ချင်းနောက်လှည့်ကာ မိုင်ပေါင်း သုံးလေးဆယ် အကွာအဝေးသို့ ပြေးသွားလိုက်သည်။
" သခင်ကြီး ..ဘာတွေ ဖြစ်နေတာလဲ "
လောချန်မှာ နားမလည်နိုင် ဖြစ်နေ၏။
" ကောင်းကင်ဘုံ ပျက်စီးခြင်းကွ ..ကောင်းကင်ဘုံ ပျက်စီးခြင်း "
လင်ရှက နောက်လှည့်မကြည့်နိုင် ၊ အသက်မရှူနိုင်ဘဲ ပြောကာ ဆက်ပြေးသွားသည်။
" ဘယ်လို ..ကောင်းကင်ဘုံ ပျက်စီးခြင်းဟုတ်လား ..တုကျဲ့အဆင့်က ကောင်းကင်ဘုံပျက်စီးခြင်းလား .. "
လူတစ်ယောက်က မေးလိုက်သည်။
လင်ရှ၏ အဖြေကို ကြားပြီးနောက် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
" သေစမ်းကွာ .. တကယ်ကြီးလား ..ဒါမျိုးက တုကျဲ့အဆင့်က အစွမ်းထက်ကျင့်ကြံသူတွေပဲ ကြုံနိုင်တာ မဟုတ်ဘူးလား "
" လူတစ်ယောက်က ဒီလိုအခြေအနေနဲ့ ကြုံတာကို မြင်ရတာ ငါ့ဘဝမှာ ဒါ ပထမဆုံးပဲ "
" ဟားဟား ..လောထျန်းက ယုတ်မာရက်စက်လွန်းလို့ နတ်ဘုရားတွေကတောင် မနေနိုင်ဘဲ သူ့ကို သတ်ပစ်ဖို့ လာကြတာကွ "
" လောထျန်းက အစွမ်းထက်တဲ့သူ ဖြစ်နေရင်တောင် သူ့အဆင့်နဲ့ ဒီလို ကောင်းကင်ဘုံ ပျက်စီးခြင်းကို ကြုံရတာဆိုတော့ .. ဒီတစ်ခါတော့ သူ့ရဲ့ အဆုံးသတ်ပဲနဲ့ တူပါတယ်ကွာ "