ဒါလား ကောင်းကင်ဘုံ ပျက်စီးခြင်း ..
Vol. 6 Ch. 75
" ဘယ်ကောင်လဲကွ လျှောက်ပြောနေတာ ၊ ငါ့သခင်လေးကို မဟုတ်မမှန်တဲ့ စကားတွေနဲ့ လျှောက်ပြောနေတာ .. မင်း သေချင်လို့လား "
လောရုံက လူအုပ်အား ဒေါသတကြီး အော်လ်ုက်သည်။
အစောပိုင်းက ပြောနေခဲ့သည့် လူမှာ ရှူးရှူးရှားရှား ဖြစ်သွား၏။
" ငါပြောတဲ့အထဲမှာ အမှားတစ်ခုမှ မပါဘူးကွ ။ လောထျန်းက ပါရမီရှင်တစ်ဟောက်ဆိုတာ မှန်တယ် ။ သူက ဒီအရွယ်လေးနဲ့ ကွေ့ရှအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းမျိူး ရှိနေပြီ ။ ဒါပေမယ့် အခုဟာက တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် သတ်ပစ်နိုင်တဲ့ ကောင်းကင်ပျက်စီးခြင်းကွ ။ ကွေ့ရှအဆင့်နဲ့ တူကျဲ့အဆင့်ကြားက ကွာဟချက်က မင်းတောင် မခန့်မှန်းနိုင်လောက်အောင် ကြီးတယ်ဆိုတာ မင်း မသိဘူးလား "
အခြားသူများကလည်း တစ်ယောက်တစ်ခွန်း ဝင်ပြောလာကြသည် ။
" ဟုတ်တယ် ၊ လောထျန်းက ပါရမီရှင်ဆိုပေမယ့် ဒီတစ်ခါတော့ ဘာမှ တတ်နိုင်မှာမဟုတ်ဘူး "
" သမိုင်းတစ်လျှောက်မှာလဲ ပါရမီထူးချွန်လွန်းလို့ ကောင်းကင်ဘုံကတောင် မနာလိုဖြစ်ပြီး သေသွားရတဲ့ လူငယ်တွေ အများကြီးရှိတယ် "
" အင်း ..သမိုင်းကို ပြန်ကြည့်ရင်တောင် လောထျန်းက အံ့သြစရာအကောင်းဆုံး လူတွေထဲက တစ်ယောက်ပဲ ။ နှမျောစရာ ကောင်းလိုက်တာ "
လူအုပ်ထဲမှ သူများ သက်ပြင်းချလိုက်ကြသည်။
" မင်းတို့တွေ .. "
လောရုံမှာ ဒေါသထွက်လွန်း၍ မျက်နှာများပင် နီလာ၏။
" သူတို့ပြောတာတွေကို မေ့လိုက်ပါ အကိုလောရုံရာ ။ သခင်လေး လောထျန်းကိုပဲ ယုံထားလိုက်ပါ "
လောရုံအနောက်မှ လူတစ်ယောက်က နှစ်သိမ့်လိုက်သည်။
လောရုံမှာ မည်သို့မှ မတတ်နိုင်ဘဲ အခြားဘက်သို့သာ မျက်နှာ လှည့်ထားလိုက်သည်။
ထိုစဥ် လင်ရှ၏ အနောက်ဘက်တွင် ရပ်နေသည့် လောချန်က အသံတိုးတိုးဖြင့် ပြော၏။
" ဂိုဏ်းချုပ်ကြီး .. သခင်လေးလောထျန်းက ဒီတစ်ခုကို ဖြတ်ကျော်နိုင်မယ်လို့ ထင်လား "
လင်ရှ၏ မျက်နှာ ဖြူဖျော့သွားကာ ပြန်ဖြေသည်။
" ခက်မယ်ကွ "
လက်ရှိတွင် သူ အလွန် စိတ်ပျက်လက်ပျက် ဖြစ်နေ၏။
လောထျန်းက ကွေ့ယွမ်ဂိုဏ်းကို ငါးကြိမ် ကူညီပေးမည်ဟု အစောက ကတိပေးထားခဲ့သော်လည်း ...
ယခု လောထျန်းကိုယ်တိုင်က ကောင်းကင်ဘုံပျက်စီးခြင်းနှင့် ရင်ဆိုင်နေရလေပြီ ။
၎င်းမှာ သူတို့ဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးပင် ..
ထိုအချိန် ကောင်းကင်ဘုံ ပျက်စီးခြင်းအောက်တွင် ရောက်နေသည့် လောထျန်းမှာ ကောင်းကင်ယံတွင် စုစည်းနေသည့် ပျက်စီးခြင်းမိုးကြိုးကို ကြည့်ကာ မျက်နှာတည်သွားသည်။
" စာအုပ်တွေထဲမှာ ရေးထားတာတော့ ကောင်းကင်ဘုံပျက်စီးခြင်းက အင်မတန် အန္တရာယ်ကြီးတယ်တဲ့ ။ ဒီတော့ သတိထားပြီး အစွမ်းကုန် ထုတ်သုံးမှရမယ် "
သူ ထိုသို့ တွေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပေါ်၌ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။
ထိုအချိန်တွင် ကောင်းကင်ယံမှ ပျက်စီးခြင်းမိုးကြိုးက ပိုဆိုးလာပြီး ပထမဆုံးမိုးကြိုး ကျရောက်လာသည် ။
ဘုန်း ...
လျှပ်စီးကြောင်းက ကောင်းကင်ယံမှ တစ်ဆင့် လောထျန်းဆီသို့ တိုးဝင်သွားသည်။
ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီး တုန်ခါသွားပြီး လောထျန်း၏ အဝေးမှ လူများပင် တုန်သွား၏။
" ဒါ ..ဒါ ကောင်းကင်ဘုံ ပျက်စီးခြင်းပဲ ..ဒီလို တိုက်ခိုက်မှုမျိုးကို ဘယ်လိုလုပ်ပြီး ခံနိုင်မှာလဲ "
ထုံရွှယ်အဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်က တုန်တုန်ယင်ယင် ပြောလိုက်သည်။
" ကျင့်ကြံခြင်း နောက်တစ်ဆင့် မတက်တာပဲ ကောင်းမယ်ထင်တယ် ၊ အနည်းဆုံးတော့ အသက်ဆက်ရှင်နိုင်တာပေါ့ "
အခြားတစ်ယောက်ကလဲ အသံတုန်တုန်ဖြင့် ပြော၏။
ထိုလူနှစ်ယောက်မှာ ကောင်းကင်ဘုံ ပျက်စီးခြင်းကို ခဏတာ ကြည့်လိုက်ရုံဖြင့်ပင် အလွန်ကြောက်ရွံ့သွားကြသညါ။
လင်ရှမှာလည်း အလွန်အံ့သြမှင်သက်နေ၏။
ယခုဖြစ်ပျက်နေသည့် အဖြစ်အပျက်၏ ဖျက်ဆီးနိုင်စွမ်းက သူထင်ထားသည်ထက် များစွာ ပိုဆိုးနေပေသည် ။
ထိုအချိန်တွင် မိုင် သုံး ၊ လေးဆယ် အကွာအဝေး၌ လူတစ်စုရှိနေပြီး လေထဲ၌ ရပ်လိုက်ကြသည် ။
ထိုလူအုပ်မှာ ယွိလုံနိုင်ငံ ဝေ့မိသားစုမှ လူများပင် ။
ဝေ့ပုဒေါက်သည် သူ၏ ကိုယ်ပွားပုံရိပ် ဖျက်ဆီးခံလိုက်ရသည်နှင့် ချက်ချင်း လူစုကာ ယဲ့ဖုန်းနိုင်ငံသို့ ထွက်လာခဲ့၏။
သူ၏ ကွေ့ရှအဆင့် ကျင့်ကြံခြင်းအပြင် သူနှင့်အတူ ပါလာသူများကလည်း အစွမ်းထက်ကြသူများဖြစ်ရာ တစ်ရက်တည်းဖြင့် သူတို့ လူအုပ် ကျီဝေ့လျှို့ဝှက်ဒေသသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
" ကောင်းကင်ဘုံ ပျက်စီးခြင်းပါလား "
အဝေးမှ ပျက်စီးခြင်းတိမ်တိုက်များကို ကြည့်နေသည့် ဝေ့ပုဒေါက်တစ်ယောက် အလွန်အံ့သြတုန်လှုပ်သွား၏။
" ဘယ်လို ..ယဲ့ဖုန်းနိုင်ငံက တစ်ယောက်ယောက်က ကောင်းကင်ဘုံ ပျက်စီးခြင်းနဲ့ ကြုံနေရတာလား "
သူ့စကားကို ကြားလိုက်သော ဝေ့မိသားစုဝင်များ ချက်ချင်း မျက်နှာပြောင်းသွားကြသည်။
ဝေ့ပုဒေါက်က ထိုလူများ မျက်စောင်းဖြင့် ကြည့်လိုက်သည်။
" ဦးနှောက်လေးလဲ သုံးစမ်းပါဦးကွ ။ ယဲ့ဖုန်းနိုင်ငံမှာ အဲ့လိုအစွမ်းထက် ကျင့်ကြံသူမျိုး ရှိတာ ဖြစ်နိုင်ပါ့မလား "
" ဒါဆိုရင် .. ဒါက .. "
ဝေ့မိသားစုဝင်မှာ နားမလည်နိုင် ဖြစ်သွား၏။
ဝေ့ပုဒေါက်က အပြုံးဖြင့် ပြောလိုက်သည်။
" ဒါ သိုင်းသမား သခင်ကြီးကျီဝေ့ရဲ့ အမွေအနှစ်ကြောင့်ဆိုတာ သံသယ ဝင်နေစရာတောင် မလိုဘူး ။ သူ့လို ကျင့်ကြံခြင်းအဆင့်မျိုးနဲ့ အစွမ်းထက်တဲ့ သူတစ်ယောက် ချန်ထားခဲ့တဲ့ ပစ္စည်းကပဲ ကောင်းကင်ဘုံ ပျက်စီးခြင်ကို ဖြစ်စေနိုင်မှာ "
ထိုစကားကြောင့် အားလုံး သဘောပေါက်သွားကြသည်။
" သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ် ...ဒါဆို . ကျုပ်တို့တွေ .. "
လူတစ်ယောက်က တစ်စုံတစ်ခုကို စဥ်းစားမိသွားဟန်ဖြင့် မျက်လုံးများ အရောင်လက်သွား၏။
ဝေ့ပုဒေါက် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
" သိပ်ကောင်းတယ်ကွာ .. ငါက ထျန်းယီအတွက် လက်တုန့်ပြန်ဖို့ပဲ စဥ်းစားခဲ့တာ ။ ခုလိုမျိုး အခွင့်ရေးကောင်းနဲ့ ကြုံရမယ်လို့ ထင်တောင် မထင်ထားမိဘူး ။ အခု ငါကိုယ်တိုင် ရောက်နေမှတော့ ယဲ့ဖုန်းနိုင်ငံက ဘယ်သူက ငါ့ကို တားရဲမှာလဲ ။ လောမိသားစုရဲ့ အမွေအနှစ်ရော ၊ သခင်ကြီးကျီဝေ့ရဲ့ အမွေအနှစ်ရော ငါ့အိပ်ကပ်ထဲ ရောက်ပြီပေါ့ကွာ ။ကြည့်ရတာ ငါတို့ ဝေ့မိသားစုရဲ့ ကံကြမ္မာက ပိုကောင်းလာတော့မယ်နဲ့ တူတယ် "
ဝေ့မိသားစုမှ လူအားလုံးက ပြိုင်တူ အော်လိုက်ကြသည် ။
" ဂုဏ်ယူပါတယ်ဘိုးဘေး ၊ ဂုဏ်ယူပါတယ် ဘိုးဘေး "
ဝေ့ပုဒေါက်က လက်ယမ်းပြကာ ပြော၏။
" လောလောဆယ်တော့ ဒီကိစ္စကို ခဏထားလိုက်ပါ ။ အခု ငါတို့ လုပ်ရမှာက ကောင်းကင်ဘုံ ပျက်စီးခြင်းနဲ့ မကြုံရအောင် အနားကို သိပ်မကပ်ဖို့ပဲ ။ ဒီကောင်းကင်ဘုံ ပျက်စီးခြင်းရဲ့ အစွမ်းက နောက်စရာ မဟုတ်ဘူးကွ ။ ဒါတွေ ပြီးသွားမှပဲ ငါတို့ လုပ်စရာရှိတာ ဆက်လုပ်ကြမယ် "
" ဟုတ်ကဲ့ "
ဝေ့မိသားစုမှ လူတိုင်း သံပြိုင်ဖြေလိုက်ကြသည်။ ထို့နောက် သူတို့အားလုံး ကျီဝေ့လျှို့ဝှက်ဒေသဘက်သို့ တဖြည်းဖြည်း တိုးသွားကြသည်။
ထိုအချိန်တွင် ကောင်းကင်ဘုံ ပျက်စီးခြင်းအောက် ရောက်နေသည့် လောထျန်း အလွန်အံ့အားသင့်သွား၏။
" နောက်နေတာလားဟ .. ဒါလား ပျက်စီးခြင်း "
သူက စုစည်းနေသော ပျက်စီးခြင်း တိမ်တိုက်များကို မယုံနိုင်စွာ ကြည့်လိုက်သည်။
" သေစမ်းပါကွာ .. ငါက အရိုးတွေ ကျိုးသွားမယ်ထင်နေတာ .. ခုတော့ ငါ့ကို ကလိထိုးနေတဲ့အတိုင်းပဲ "
သူ မကျေမနပ် ပြော၏။
အစောက ကောင်းကင်ဘုံမိုးကြိုး သူ့အပေါ်သို့ ကျလာစဥ်တွင် သူ အစွမ်းကုန် ခုခံရန် ပြင်ဆင်ထားခဲ့၏။ သို့သော် ၎င်းက သူ့ကိုယ်ပေါ်မှ ရွှေရောင်အကာအကွယ်ကိုပင် မဖျက်ဆီးနိုင်ဘဲ ပျောက်ကွယ်သွားခဲ့သည် ။
" ဒီဟာက တုကျဲ့အဆင့်က သခင်ကြီးတစ်ယောက်ရဲ့ အစွမ်းနဲ့ တူတူပဲ မဟုတ်လား ။ ဒီလိုဆိုရင်တော့ ငါ့ကိုယ်က အကာအကွယ်ကို နည်းနည်းလျှော့မှနဲ့တူတယ် "
လောထျန်း ထိုသို့တွေးကာ သူ၏ အကာအကွယ် ရွှေရောင်အလင်းတန်း တစ်ဝက်ကို လျှော့ချလိုက်သည်။
ထိုအချိန်တွင် ဒုတိယမိုးကြိုး ကျလာပြန်၏။
ဘုန်း ...
အသံကျယ်တစ်ခု မြည်သွားသည် ။သို့သော် လောထျန်းက အထိမခိုက်မရှိ နေရာ၌ ရပ်နေဆဲပင် .. ။
" တစ်ဝက်ကိုတောင် မချိုးဖျက်နိုင်ဘူးလားဟ။ ဒါဆိုရင် အကာအကွယ် ရွှေရောင်အလင်းတန်းတွေ အားလုံးကို ဖယ်လိုက်ရင်ရော .. "
လောထျန်း တွေးအာ ရွှေရောင် အကာအကွယ်အလင်းတန်းများအားလုံးကို ဖယ်ရှားလိုက်သည်။
တစ်ချိန်တည်းမှာပင် တတိယမြောက် ပျက်စီးခြင်းမိုးကြိုး ကျလာ၏။
ဘုန်း ..
ဤတစ်ကြိမ်တွင် ကျခဲ့သည့် ကောင်းကင်ဘုံပျက်စီးခြင်းမှာ ယခင်အကြိမ်များထက် များစွာ ပိုပြင်းထန်ပေသည် ။
လောထျန်းမှာ မိုးကြိုးပစ်ခံလိုက်ရသည့် နေရာကိုကြည့်ကာ ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွား၏ ။
" ဒါပဲလား ..ဒါပဲလားဟ ... ဟေ ငါလခွေး.. အရာလေးတောင် ထင်မသွားဘူး ။ ဒါနဲ့များ ကောင်းကင်ဘုံ ပျက်စီးခြင်းလို့ ခေါ်နေသေးတယ် မရှက်ဘူးလား "
လောထျန်းက သူ့ လက်ကောက်ဝတ်ကို ဆွဲဆိတ်ကာ အပါ်သို့ မော့ကြည့်လိုက်သည်။
ထိုအချိန် လောထျန်း၏ စော်ကားမှုကို ခံစားမိသည့်အလား ကောင်းကင်ယံမှ ပျက်စီးခြင်း တိမ်တိုက်များက လျှင်မြန်စွာ ကြုံ့ဝင်သွား၏ ။
တစ်ချိန်တည်းမှာပင် တိမ်တိုက်အလည်မှ ဖိအားက ပိုကြီးလာကာ ပိုလည်း အစွမ်းထက်လာသည် ။
ခပ်လှမ်းလှမ်းတွင် ရှိနေကြသည့် လင်ရှနှင့် အခြားသူများမှာ မြင်ကွင်းကိုကြည့်ကာ အံ့သြတုန်လှုပ်သွား၏။
" ဘာတွေ ဖြစ်နေတာလဲ ..ပျက်စီးခြင်းတိမ်တိုက်တွေက ဘာလို့ ပြောင်းသွားတာလဲ "
" ကောင်းကင်ဘုံ ပျက်စီးခြင်းက ..နောက်တစ်ဆင့် တက်သွားတာများ ဖြစ်နေမလား "
" နောက်တစ်ဆင့် တက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ "
" အဲ့ဒါက ပုံမှန် ကောင်းကင်ဘုံ ပျက်စီးခြင်းနဲ့ ကွာတယ်ကွ ၊ ခု ဖြစ်နေသလိုပေါ့ကွာ .. ။ ကြည့်ရတာ မိုးကြိုးတွေ အများကြီးက တစ်ပြိုင်တည်း ကျလာတော့မယ်နဲ့တူတယ် "
" ဘာ ..တစ်ပြိုင်တည်း ကျလာမှာ ..ဒါဆို အစွမ်းက အရင်ထက် နှစ်ဆ ဖြစ်သွားမှာပေါ့ "
" အင်း ..စာအုပ်ထဲမှာ ရေးထားတာတော့ ဒီလို ကောင်းကင်ဘုံပျက်စီးခြင်း နောက်တစ်ဆင့်ကို ခံနိုင်တဲ့သူ နည်းနည်းလေးပဲ ရှိတယ်တဲ့ ။ လောထျန်းတော့ သေရတော့မယ်နဲ့ တူတယ် "
" ကောင်းကင်ဘုံက နတ်ဘုရားတွေက ပါရမီရှင်တွေကို တော်တော်မနာလိုတာပဲ "
အားလုံး သက်ပြင်းချလိုက်ကြသည်။
" သခင်လေး .."
ထိုစကားကြောင့် လောမိသားစုမှ လူများ ကြာက်ရွံ့သွား၏။
ကြောက်လွန်း၍ သူတို့ကိုယ်များပင် တုန်နေကြသည် ။
ဘုန်း ...
ထိုအချိန်တွင် ကောင်းကင်ယံမှ တိမ်တိုက်များ စုသွားကာ လျှပ်စီးကြောင်းများ အားလုံး ပေါင်းစည်းသွားပြီး ဧရာမှ လျှပ်စီးမိုးကြိုးတစ်ခု ကျလာ၏။
ယခင်မိုးကြိုးများနှင့် မတူသည်မှာ ဤတစ်ကြိမ်တွင် မိုးကြိုးက လေထဲ၌ စုသွားပြီး ခပ်ဝါးဝါး လူရိပ်တစ်ခုအဖြစ် ပြောင်းကာ လောထျန်းပေါ်သို့ ကျလာခြင်းဖြစ်သည် ။
" ဟင် .. "
လောထျန်းက လူရိပ်အား တအံ့တသြ ကြည့်လိုက်သည်။
" ဘာတွေ ဖြစ်နေတာလဲ ..ကောင်းကင်ဘုံ ပျက်စီးခြင်းကို လူတစ်ယောက်က ထိန်းချုပ်နေတာများ ဖြစ်နေမလား "
သူ့စိတ်ထဲတွင် သံသယ ဝင်နေသော်လည်း သူ များများ စဥ်းစားချိန် မရလိုက်ချေ ။
ကောင်းကင်ယံမှ ပျက်စီးခြင်းမိုးကြိုးက သူ့ပေါ်သို့ ရောက်လာသည့်အတွက် သူ့လက်ဖြင့် နောက်ပြန်ရိုက်ချလိုက်သည်။
ဖုန်း ..
ချက်ချင်းပင် အစွမ်းထက်သော လက်ဝါးစွမ်းအင်တစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွား၏။
လောထျန်း၏ လက်ဝါးအစွမ်းဖြင့် အနည်းငယ် ထိလိုက်ရုံဖြင့်ပင် လေထဲမှ ပျက်စီးခြင်း မိုးကြိုးမှာ ချက်ချင်း ပြိုကွဲ ပျက်စီးသွားတော့သည် ။
လောထျန်း၏ လက်ဝါးက မိုးကြိးကို ဖျက်ဆီးပစ်ပြီးသည်နှင့် ကောင်းကင်ယံသို့ ဆက်တက်ကာ ပျက်စီးခြင်း တိမ်တိုက်များကြားသို့ ထိုးဖောက်ဝင်သွားသည်။
" ကောင်းကင်ဘုံ ပျက်စီးခြင်းတဲ့ ..ဘာမှလဲ သိပ်မထူးပါဘူး "
လောထျန်းက လက်ဝါးနှစ်ဖက်ကို ရိုက်၍ ဖုန်ခါကာ အထင်သေးဟန်ဖြင့် ပြောလိုက်သည်။