အနောက်မှာ ရှိနေတဲ့ငှက်
Vol. 6 Ch. 76
" ပြီး .. ပြီးသွားပြီလား "
ခပ်လှမ်းလှမ်းရှိ အပျက်စီးများကြားမှ လူတစ်ယောက် တိုးထွက်လာ၏။ သူ့မျက်နှာမှာ အလွန်ကြောက်ရွံ့နေဟန်ပင် ..
" ဒါ ဒဏ္ဍာရီဝင် ကောင်းကင်ဘုံ ပျက်စီးခြင်းလား ..ကြောက်စရာကောင်းလိုက်တာ "
အခြားတစ်ယောက်ကလည်း တုန်ယင်နေသည့် အသံဖြင့် ပြောသည် ။
" ဟုတ်တယ် ၊ နောက်ဆုံးတစ်ခုက ပိုဆိုးတယ် ။ ဒါ ..ငါတို့ လူသားကမ္ဘာရဲ့ အစွမ်း တကယ် ဟုတ်နိုင်ပါ့မလား "
" ဒီအဖြစ်ပျက်က ငါ့မျက်လုံးတွေကို ဖွင့်ပေးလိုက်တာပဲ ။ အရင်ကသာ ကမ္ဘာကြီးမှာ ဒီလိုအစွမ်းထက်တဲ့ စွမ်းအားမျိုး ရှိတယ်လို့ ပြောလာရင် ယုံမှာမဟုတ်ဘူး "
" လောထျန်းရောဘယ်လိုလဲ ..သူ အသက်ရှင်နေသေးလား .. "
" မင်း ရူးနေပြီလားကွ ။ ဒီလိုအစွမ်းမျိုးနဲ့ တိုက်ခိုက်ခံရတာကို ဘယ်သူက အသက်ရှင်နိုင်မှာလဲ "
" နှမျောစရာပဲကွာ ။ ငါတို့ယဲ့ဖုန်းနိုင်ငံမှာ ပါရမီရှင်တစ်ယောက် ပေါ်လာတာမှ မကြာသေးဘူး ၊ အခုလို သေသွားခဲ့ရတယ် "
လူများ တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည် ။
လောမိသားစုဝင်များမှာ မျက်နှာအလွန်ပျက်နေကြ၏။
သူတို့သည် လောထျန်း၏ အစွမ်းကို ယုံသော်လည်း နောက်ဆုံးကျလာသည့် မိုးကြိုးကြောင့် အားလုံး စိတ်သောက ရောက်ခဲ့ကြရသည်။
" သခင်လေး .."
လောရုံက မြေကြီးပေါ်သို့ ဒူးထောက်ချကာ ငိုလိုက်သည်။
လောမိသားစုမှ အခြားသူများလည်း မျက်ရည်တစမ်းစမ်း ဖြစ်နေကြ၏။
အခြားအုပ်စုများက လောမိသားစုအား အကြည့်ပေါင်းစုံဖြင့် ကြည့်လိုက်ကြသည် ။
လူအချို့ဆိုလျှင် လောမိသားစုဝင်တချို့ကို ဖမ်းဆီးကာ သူတို့၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန်ပင် တိတ်တဆိတ် ပြင်ဆင်နေကြ၏။
သို့သော် .. ထိုအချိန်မှာပင် ..
" ဘာလို့ ငိုနေကြတာလဲကွ ၊ ငါ မသေသေးပါဘူး "
လူအုပ်ဘေးမှ အသံတစ်သံ ထွက်လာ၏။
" ဟင် "
လောရုံနှင့် အခြားသူများ လှည့်ကြည့်လိုက်ရာ အပျက်အစီးများကြားမှ တဖြည်းဖြည်း လျှောက်လာသည့် လောထျန်းကို မြင်လိုက်ရသည် ။
" ဟင် .. လောထျန်းပါလား .. "
" နောက်နေတာများလား .. သူက အဲ့လိုတိုက်ခိုက်မှုမျိုးနဲ့ ကြုံခဲ့ရတာတောင် မသေသွားဘူးပေါ့ "
" ဒီလူက လူရောဟုတ်သေးရဲ့လားကွာ "
အားလုံးက လောထျန်းအား အံ့သြတုန်လှုပ်စွာ ကြည့်လိုက်ကြသည်။
" သခင်လေး ..သခင်လေး အသက်ရှိနေသေးတာလား "
လောရုံကလည်း မယုံနိုင်စွာ မေးလိုက်သည် ။
လောထျန်းက သူ့နဖူးကို ရိုက်ကာ ပြော၏။
" ဒါပေါ့ဟ ၊ မဟုတ်ရင် မင်းအခု မြင်နေတာ သရဲလို့ ထင်လို့လား "
လောရုံမှာ အရိုက်ခံလိုက်ရသော်လည်း သူ့မျက်နှာထက်တွင် အပြုုံးတစ်ခု ပေါ်လာသည် ။
" ဟီးဟီး ..မင်းတို့တွေကို ငါပြောသားပဲကွ ၊ သခင်လေး လောထျန်းရဲ့ အစွမ်းနဲ့သာဆို သေမှာမဟုတ်ဘူးလို့ "
လောရုံ ပြောလိုက်သည်။
အနားမှ တစ်ယောက်က အထွန့်တက်၏။
" အမလေး .. သူပဲခုနက စငိုနေပြီးတော့ "
လောရုံက ရှူးရှူးရှားရှားဖြင့်
" အဓိပ္ပါယ်မရှိတာ .. ငါ မငိုပါဘူး "
ဟု ပြန်ရန်တွေ့သည် ။
" ငိုပါတယ် "
သူတို့ တစ်ယောက်တစ်ပေါက် ငြင်းခုံလိုက်ကြသည်။
လောထျန်းက သူတို့အားလုံးကို လက်ပြ၍ တား၏။ ထို့နောက် သူက လူအုပ်ဘက်သို့ လှည့်ကြည့်လိုက်သည် ။ သူ့မျက်နှာအမူအရာချက်ချင်းပြောင်းသွားပြီး အေးစက်စက်အငွေ့အသက်များ ထွက်ပေါ်လာ၏။
လောထျန်း၏ အကြည့်ကြောင့် လူအုပ်ထဲမှ လူများစွာပင် ဇောချွေး ပြန်လာကြသည် ။ သူတို့အားလုံး၏ မျက်နှာထားများလည်း ပြောင်းသွားပြီး ထိုနေရာမှ ထွက်ခွာရန် နောက်လှည့်လိုက်ကြ၏။
သို့သော် ထိုအချိန်မှာပင် အစွမ်းထက်သော ကိုယ်အရောင်အဝါများ လူအုပ်ပေါ်သို့ လွှမ်းခြုံသွားကာ လူအုပ်ထဲမှ လူငါးယောက် ရှေ့ရောက်လာသည် ။
" အ ..သခင်လေး လောထျန်း .. အခု ဘာလုပ်နေတာလဲ "
ထိုငါးယောက်ထဲမှ တစ်ယောက်က ကြောက်ကြောက်လန့်လန့် မေးလိုက်သည်။
လောထျန်းက သူ့ကိုကြည့်ကာ အေးစက်စက် ပြန်ပြော၏။
" ကျုပ် ဘာလုပ်လိုက်တာလဲ ခင်ဗျား တကယ်မသိဘူးလား ။ အစောက ကျုပ် သေပြီလို့ ထင်တုန်းက ခင်ဗျား ကျုပ်တို့ လောမိသားစုက လူတွေကို တိုက်ခိုက်ချင်ခဲ့တယ် မဟုတ်လား "
မှန်ပါသည် ။ လောထျန်း သေပြီဟု ထင်လိုက်သည့်အချိန်တွင် လူများစွာပင် လောမိသားစုအား တိုက်ခိုက်ချင်ခဲ့ကြ၏။
ထို ငါးယောက်မှာ အဆိုးဆုံးပင် ။ သူတို့က ကိုယ်အရောင်အဝါများ ထုတ်လွှတ်၍ တိုက်ခိုက်ရန်ပင် အသင့်ဖြစ်နေခဲ့ကြသည် ။
သို့သော် လောထျန်း ပေါ်လာသည့်အတွက် သူတို့က စိတ်စွမ်းအင်ကို လျှင်မြန်စွာ ထိန်းချုပ်ကာ မသိဟန်ဆောင်နေခဲ့ကြ၏။ သူတို့ကံဆိုးသည်မှာ လောထျန်းက အစောကတည်းက ၎င်းကို သတိထားမိသွားခဲ့ခြင်းပင် ။
" သခင်လေး ..ကျုပ် တောင်းပန်ပါတယ် ။ ကျုပ် လောဘကြောင့် အကန်းဖြစ်သွားခဲ့တာပါဗျာ ။ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ ။ ကျုပ် နောက်ကို ဒါမျိုး ဘယ်တော့မှ မလုပ်တော့ပါဘူး "
သို့သော် သူပြောပြီးသည်နှင့် လောထျန်းက ဘယ်ဘက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည် ။
ဖုန်း ..
ချက်ချင်းပင် လူငါးယောက်၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့၏။
" ဟင် .. "
၎င်းကို မြင်လိုက်ရသည့် လူအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည် ။
လောထျန်း၏ သိုင်းကွက်က တိကျလွန်းလှပေသည် ။
ထိုလူငါးယောက်ကို သတ်ပြီးသည်နှင့် လောထျန်းက လူအုပ်တစ်ခုလုံးကို ဝေ့ဝဲကြည့်ကာ အေးစက်စက် ပြောလိုက်သည် ။
" ဒီ ငါးယောက်က ဘယ်အဖွဲ့ကမှန်း ကျုပ် မသိဘူး ။ ဒါပေမယ့် သူတို့ကို သတ်ခဲ့တာ ကျုပ်ပဲ ။ သူတို့အတွက် လက်တုန့်ပြန်ချင်တဲ့ ဘယ်သူမဆို ကျုပ်ဆီ လာနိုင်တယ် ။ပြီးတော့ ကျုပ် ကြိုပြီး အသိပေးထားမယ် ။ ကျုပ်တို့ လောမိသားစုကို တိုက်ခိုက်ချင်တဲ့ ဘယ်သူမဆို အခုလိုပဲ အသတ်ခံရမယ် ။ ဘယ်လို သနားညှာတာမျိုးမှ လုပ်နေမှာမဟုတ်ဘူး "
ထိုစကား တစ်ခွန်းတည်းဖြင့် လူအုပ်ကြီး တစ်ခုလုံး ငြိမ်ကျသွား၏ ။ မည်သူကမှ လောထျန်းနှင့် အကြည့်ချင်းပင် မဆုံရဲကြချေ ။
လောထျန်းက အစွမ်းထက်လွန်းလှသည်ဖြစ်ရာ မည်သူက လက်တုန့်ပြန်ရဲပါမည်နည်း ။
ထိုစဥ် လူအုပ်ထဲမှ လင်ရှမှာ တစ်ကိုယ်လုံး တုန်ယင်နေဆဲပင် ။
" သခင်ကြီး ..ဘာဖြစ်လို့လဲ"
ထိုအခြင်းအရာကို မြင်သွားသော လောချန်က သူတို့ ဂိုဏ်းချုပ် နေမကောင်းဟု ထင်ကာ စိုးရိမ်တကြီး မေးလိုက်သည် ။
သို့သော် လင်ရှက စိတ်လှုပ်ရှားစွာ ပြန်ပြော၏။
" ငါ အမြတ်အများကြီးရလိုက်ပြီကွ ။ ငါ ..အမြတ်အများကြီး ရလိုက်ပြီ "
" ဟင် ..သခင်ကြီး ဘာကို ဆိုလိုတာလဲ "
လောချန် နားမလည်နိုင် ဖြစ်သွားသည် ။
လင်ရှသည် သူ့ကို လှည့်ကြည့်ကာ စိတ်လှုပ်ရှားမှုကို ဟန်ဆောင်ပင် မဖုံးထားနိုင်ဘဲ ပြုံး၍ ပြော၏။
" အစက ..ကျီဝေ့လျှို့ဝှက်ဒေသကို ကွေ့ရှအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အကူအညီ ငါးကြိမ်နဲ့ လဲလိုက်ရတယ်လို့ ငါက ထင်နေတာ။ ပြောရမယ်ဆို ဒါက ငါတို့အတွက် ရှုံးတယ် "
" ဒါပေမယ့် သူ့ရဲ့ တိုက်ရည်ခိုက်ရည်က တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်လောက် ရှိနေမယ်လို့ ငါ မထင်ထားခဲ့ဘူး ။ မဟုတ်သေးဘူး ..တုကျဲ့ထက်တောင် ပိုမြင့်ရင် မြင့်နေမှာ "
လောချန်က အံ့သြတကြီး ဖြစ်သွားသည်။
" တုကျဲ့အဆင့်ထက်တောင် ပိုအစွမ်းထက်တယ် .. မဖြစ်နိုင်တာဗျာ "
လင်ရှက သူ့ကို ကြည့်ကာ ပြော၏ ။
" မင်းခုနက နောက်ဆုံး အကွက်ကို မတွေ့လိုက်ရဘူးလား "
လောချန်က ခေတ္တမျှ စဥ်းစားကာ ပြန်ဖြေသည် ။
" နောက်ဆုံးမိုးကြိုးချက်ရဲ့ အစွမ်းက တကယ်ကြောက်စရာကောင်းတယ် ။ လောထျန်း ဒါကို ခံနိုင်တာ တော်တော် အံ့သြစရာကောင်းတာပဲ "
သို့သော် လင်ရှက ခေါင်းယမ်းကာ ပြော၏။
" မဟုတ်ဘူးကွ "
" မဟုတ်ဘူး .. ဘာဖြစ်လို့လဲဟင် "
လောချန် နားမလည်နိုင် ဖြစ်သွားသည် ။
လင်ရှက သက်ပြင်းချကာ ပြောသည် ။
" နောက်ဆုံးမိုးကြိုးက အစွမ်းထက်တာ မှန်ပေမယ့် မင်းထင်သလောက် ကြောက်စရာမကောင်းဘူးကွ "
လောချန် မျက်မှောင်ကြုံ့သွားသည် ။
" ဟင် ..မဖြစ်နိုင်တာ ။ အဲ့ကလာတဲ့ ဖိအားကို ကျုပ် သေချာခံစားမိလိုက်တာပဲ ၊ အဲ့ဖိအားက ကျုပ်ကို ဖိချေပစ်တော့မလိုတောင် ဖြစ်သွားတာလေ ။ ဒါ အစွမ်းထက်တာ မဟုတ်ဘူးလား "
လင်ရှက ပြောပြသည် ။
" အဲ့ဖိအားက တကယ်လဲ အစွမ်းထက်တယ် ။ ဒါပေမယ့် အဲ့ဒါ မိုးကြိုးကနေ လာတာ မဟုတ်ဘူးကွ "
" သခင်ကြီးပြောတာကို ကျုပ် နားမလည်ဘူး "
လောချန် အလွန်စိတ်ရှုပ်သွားသည် ။
လင်ရှက ထိုတိုက်ခိုက်မှုကို ပြန်မြင်ယောင်ဟန်ဖြင့် ပြောပြ၏။
" မိုးကြိုးက တစ်ဝက်လောက်ထိပဲ ကျလာတာ ။ ဒါကို လောထျန်းက လက်ဝါးနဲ့ ရိုက်ချပစ်လိုက်တာကွ ။ လောထျန်းရဲ့အနောက်မှာ အရိပ်တစ်ခု ပေါ်လာတာကို ငါ သေချာမြင်လိုက်ရတယ် ။ အဲ့နောက်မှ မိုးကြိုးနဲ့ ပျက်စီးခြင်းတိမ်တိုက်တွေ ပြိုကွဲသွားကြတာပဲ "
ထိုအချိန်မှသာ လောချန် နားလည်သွား၏။ သူက လင်ရှအား တအံ့တသြ ကြည့်ကာ ပြောလိုက်သည် ။
" ဂိုဏ်းချုပ်ကြီး .. ဒါဆို ဖိအားက မိုးကြိုးကနေ လာခဲ့တာမဟုတ်ဘဲ လောထျန်းဆီကနေ လာခဲ့တာပေါ့ "
လင်ရှ ခေါင်းညိတ်ပြလိုက်သည် ။
" ဟုတ်တယ် .. ယုံဖို့ ခက်တယ်ဆိုပေမယ့် ဒါ အမှန်ပဲကွ "
ထိုစကားကို ကြားပြီးနောက် လောချန်က လောထျန်းဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည် ။
သူသည် လောထျန်း၏ အစွမ်းကို လျှော့တွက်မိခဲ့လေပြီ ။
လောထျန်းက သူ ထင်ထားသည်ထက် များစွာ ပိုအစွမ်းထက်လှ၏။
လောချန် သက်ပြင်းချလိုက်စဥ်မှာပင် ...
ဘုန်း ..ဘုန်း ... ဘုန်း ..ဘုန်း .. ဘုန်း .. ဘုန်း ... ဘုန်း ...
အသံကျယ် ခုနစ်သံက နေရာစုံမှ ထွက်လာ၏။
အားလုံး အသံလာရာဘက် လှည့်ကြည့်လိုက်သောအခါ ဧရာမ အမည်းရောင် ကျောက်တိုင်ကြီး ခုနစ်တိုင်က သူတို့ကို အုပ်မိုးလာသည်ကို မြင်လိုက်ရသည် ။
ကျောက်တိုင်၏ ဘေးပတ်လည်တွင် အမည်းရောင် လေထုကလည်း ရစ်ပတ်နေ၏။
" ဟားဟား ..ယဲ့ဖုန်းနိုင်ငံလူတွေ .. မင်းတို့ တစ်ခု မေ့နေတာရှိတယ်ကွ "
ကျောက်တုံးပေါ်၌ လူရိပ်တစ်ခု လွင့်ပျံလာသည် ။
ထိုလူထံမှ ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့လည်း ထွက်ပေါ်နေ၏။ ထိုလူမှာ အခြားသူ မဟုတ်ပေ .. ဝေ့ပုဒေါက်ပင် ...
သူက ဝေ့ထျန်းယီနှင့် သူ့ကိုယ်ပွားအတွက် လက်တုန့်ပြန်ရန် လာခဲ့သည်မှာ ယုံမှားဖွယ် မရှိပါ ။
ဝေ့ပုဒေါက်က အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာ မြေကြီးပေါ်မှ လူတစ်ယောက်ကို ဖမ်းဆုပ်လိုက်သည် ။ ထို့နောက် သူက ထိုလူအား သူ့ရှေ့သို့ ဆွဲခေါ်လာ၏။
" ငါ မင်းကို တစ်ခုမေးမယ် ။ စောနက ကောင်းကင်ဘုံ ပျက်စီးခြင်းကို ဘယ်သူ လုပ်လိုက်တာလဲ "
ဝေ့ပုဒေါက် မေးလိုက်သည် ။
ထိုလူက လောထျန်းကို ညွှန်ပြကာ ပြော၏။
" သခင်လေး လောထျန်းပါ .. "
ထိုစကားကို ကြားသောအခါ ဝေ့ပုဒေါက် ရှူးရှူးရှားရှား ဖြစ်သွားသည် ။
" ငါ ထင်ထားတဲ့အတိုင်းပဲ ။ သူက သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်ကို ရလိုက်ပြီပေါ့ . "
ထိုသို့ ပြောပြီးသည်နှင့် ဝေ့ပုဒေါက်က သူ့လက်ထဲမှ လူအား အောက်သို့ ပစ်ချကာ လောထျန်းကို ကြည့်လိုက်သည် ။
" ငါကြိုးကြိုးစားစား လုပ်ထားတဲ့ဟာတွေက တခြားသူတွေအတွက် ဖြစ်သွားရင် သိပ်မုန်းတာကွ ။ လောထျန်း မင်းရော အခု ဒေါသထွက်နေပြီလား ..မင်း သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်ကို ရဖို့ ပင်ပင်ပန်းပန်း ကြိုးစားထားရသမျှ အခု အားလုံးက ငါ့အပိုင် ဖြစ်တော့မှာလေ "
" ဟို စကားပုံလိုပေါ့ကွာ .. ဓားခုတ်ကောင်က သူ့ရှေ့က အစာကို ငမ်းနေတာနဲ့ သူ့ကို စားဖို့ သူ့နောက်မှာ ရောက်နေတဲ့ ငှက်ကို သတိမထားလိုက်မိဘူးတဲ့ ။ အခု ဓားခုတ်ကောင်ဖြစ်တဲ့ မင်းကလဲ အစာကို ရလိုက်ပေမယ့် မင်းအနောက်မှာ ငှက်တစ်ကောင် ရောက်နေတာကို မသိလိုက်ဘူးပေါ့ကွာ "