ကူကယ်ရာမဲ့ ဝေ့ပုဒေါက်
Vol. 6 Ch. 79
ထိုသို့ ဝေ့ပုဒေါက် ရူးသွပ်နေစဥ်အချိန်တွင် ..ယဲ့ဖုန်းနိုင်ငံ ၊ ရှန်းဝူနန်းတော်အတွင်းရှိ လျှို့ဝှက် လေ့ကျင့်ရေးခန်းမထဲ၌ ..
အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦး ခေါင်းမော့လာသည် ။
" စိတ်ဝိဥာဥ် မျိုးစေ့ ပါလား .. ဝေ့ပုဒေါက်က နောက်ဆုံးတော့ ဒီခြေလှမ်းကို လှမ်းလိုက်ပြီပေါ့ ။ သိပ်ကောင်းတယ် ၊ ငါတို့အတွက် နောက်ထပ် နယ်ရုပ်တစ်ရုပ် ရလိုက်ပြီပေါ့ကွာ "
သူတစ်ကိုယ်တည်း ကြားနိုင်ရုံ အသံတိုးဖြင့် ရေရွတ်လိုက်သည် ။
" သခင်ကြီး ဘာဖြစ်လို့လဲ "
အနက်ရောင်ဝတ် လူ၏ ရှေ့တွင် ရှိနေသော မင်းသား ရှန်းဝူက မေးလိုက်သည် ။
မင်းသားရှန်းဝူ၏ မျက်နှာတွင် ယခင်ကကဲ့သို့ မောက်မာဝင့်ကြွားခြင်းမျိုး ရှိမနေဘဲ သူ့ရှေ့မှ လူကို လေးစားအားကျဟန်သာရှိနေ၏။
" ဘာမှ မဟုတ်ပါဘူးကွာ ၊ ပျော်စရာ ကိစ္စတစ်ခုကို ငါ စဥ်းစားမိသွားလို့ပါ "
အနက်ရောင်ဝတ် လူက ပြောကာ သူ့ရှေ့ရှိ စစ်တုရင်ခုံပေါ်မှ အရုပ်တစ်ရုပ်ကို ကောက်ယူလိုက်သည် ။ ထို့နောက် သူက ၎င်းအရုပ်ကို သူ့မျက်စိရှေ့သို့ မြှောက်ကာ သေချာကြည့်လိုက်ပြီး မင်းသားရှန်းဝူ၏ နယ်ရုပ်တစ်ခုနှင့် ပေါင်းထားလိုက်သည် ။
ထိုအချိန် အခြားတစ်ဖက်တွင် ...
" လုပ်စမ်းပါ .. မင်းရဲ့ နောက်ဆုံးအစွမ်းနဲ့ ငါ့ကို နောက်တစ်ဆင့်တက်အောင် လုပ်လိုက်စမ်း "
ဝေ့ပုဒေါက်က ကျယ်လောင်စွာ အော်လိုက်သည် ။
ဝေ့မိသားစုဝင်များ၏ သွေးစွမ်းအင်နှင့် အသက်စွမ်းအင်များအားလုံးကို ဝေ့ပုဒေါက်၏ ခန္ဓာကိုယ်က စုပ်ယူနေ၏။
ဝုန်း ..
ချက်ချင်းပင် သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု ပေါက်ထွက်လာသည် ။
" ဒါ .. ကွေ့ရှအဆင့်ကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့် တက်သွားတာပဲ ..၊ သူ တကယ်ကြီး အောင်မြင်သွားတာလား "
အဘိုးအိုတစ်ယောက်ကအံ့သြတကြီး ပြောလိုက်သည် ။
" မဖြစ်နိုင်ဘူး ၊ တုကျဲ့အဆင့်ကို ရောက်ဖို့ဆိုရင် အရင်ဆုံး ကောင်းကင်ဘုံ ပျက်စီးခြင်းကို ဖြတ်ကျော်ရမှာ ။ သူ အဲ့အဆင့်ကို ရောက်ဖို့ နည်းနည်း လိုနေသေးတယ် ။ဒါပေမယ့် သူ့အစွမ်းကတော့ တုကျဲ့အဆင့်လောက်ကို ရှိနေပြီ "
အခြားတစ်ယောက်က ပြောလိုက်သည် ။
ထိုစဥ် လေထဲမှ ဝေ့ပုဒေါက်၏ ဆံပင်ဖြူများက ရုတ်တရက် အမည်းရောင်သို့ ပြောင်းသွား၏။
သူ့မိသားစုဝင်များစွာ၏ အသက်ကို စုပ်ယူထားသည့်အတွက် သူ့ခန္ဓာကိုယ်က လူငယ်တစ်ယောက်ကဲ့သို့ ပြန်လည်သန်စွမ်းလာခြင်းပင် ...
ဝေ့ပုဒေါက်က သူ့လက်ဝါးနှစ်ဖက်ကို ငုံ့ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်မှ အစွမ်းကို သတိထားမိသွားပြီး ပြောမပြတတ်အောင် ပျော်ရွှင်သွားသည် ။
" ဟားဟား ..အနက်ရောင် ဝတ်စုံနဲ့လူက ငါ့ကို လိမ်ခဲ့တာ မဟုတ်ဘူးပဲကွ ။ အခု ငါ တကယ်ကြီးကို ကျင့်ကြံခြင်းနောက်တစ်ဆင့် တက်သွားပြီ ။ အရင်က ငါ စိတ်ပျော့ပြီး ဒီနည်းကို စောစောအသုံးမချမိတာ နှမျောစရာကောင်းလိုက်တာ "
သူက ထိုသို့ပြောကာ အလောင်းကောင်များ ဖြစ်သွားကြသည့် သူ့မိသားစုဝင်များကို ကြည့်လိုက်သည် ။ ထို့နောက် လောထျန်းဘက် လှည့်ကြည့်လိုက်ပြန်၏။
" ငါ့ကို အပြစ်မတင်ကြပါနဲ့ ၊ လောထျန်းကြောင့်သာ မဟုတ်ရင် အခုလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး ။ မင်းတို့အားလုံးကို လောထျန်းက သတ်ခဲ့တာပဲ ။ မင်းတို့အတွက် ငါ လက်တုန့်ပြန်ပေးပါ့မယ် "
သူက ပြောပြီးသည်နှင့် လောထျန်းရှေ့သို့ ပျံသွားလိုက်သည် ။
" လောထျန်း .. မင်းကို ငါ တကယ်ကျေးဇူးတင်ပါတယ် ။ မင်းကြောင့်သာ မဟုတ်ရင် ငါ ဒီကျင့်ကြံခြင်းအဆင့်ကို ရောက်မှာမဟုတ်ဘူးကွ ။ တုကျဲ့အဆင့်ရဲ့ အစွမ်းက အင်မတန် ကြောက်စရာကောင်းတာပဲ ။ လောလောဆယ် ငါ့ကို တားနိုင်တဲ့သူ ဘယ်သူမှ မရှိဘူးလို့တောင် ခံစားနေရတယ် "
လောထျန်းက ဝေ့ပုဒေါက်အား မျက်မှောင်ကြုံ့၍ ကြည့်လိုက်သည် ။
" ဟေ့လူကြီး ၊ ကိုယ့်ကိုကိုယ် တအားတွေ သဘောကျမနေနဲ့ ။ ခင်ဗျား နောက်ဆုံးအကြိမ် တိုက်စရာ ကျန်သေးတယ် ။ ဒါပြီးရင်တော့ ခင်ဗျား သေရမှာပါ "
လောထျန်းက ပြောလိုက်သည် ။
" မင်းက ငါ့ကို သေစေချင်တယ်ပေါ့ ..ဟုတ်လား "
ဝေ့ပုဒေါက်က လောထျန်းကို ကြည့်ကာ ကျယ်လောင်စွာ အော်ရယ်လိုက်သည် ။
" လောထျန်း .. မင်းက အင်မတန် အစွမ်းထက်တဲ့ ပါရမီရှင်တစ်ယောက်ဆိုတာ ငါ ဝန်ခံပါတယ် ။ငါ့ဘဝ တစ်လျှောက်မှာရော ၊ငါကြားဖူးတဲ့ ဒဏ္ဍာရီတွေထဲမှာရော မင်းလိုလူမျိုး တစ်ခါမှ မတွေ့ဖူးဘူး ။ ဒါပေမယ့် မင်းရဲ့ ဘဝကြီးက ဒီမှာပဲ အဆုံးသတ်ရတော့မှာပေါ့ကွာ ။ စိတ်တော့မပူပါနဲ့ ၊ မင်း အရင်က အစွမ်းထက်တဲ့ အကြောင်းတွေရယ် ၊ ဘယ်လိုပုံနဲ့ သေသွားတယ် ဆိုတာတွေရယ်ကို ငါ အားလုံးကို သတင်းဖြန့်ပေးပါ့မယ် ။ ဒါမှ ပါရမီရှင် လောထျန်းက ဝေ့ပုဒေါက်ရဲ့ လက်ချက်နဲ့ သေသွားတယ်ဆိုတာ အားလုံးက သိကြမှာ "
ဝေ့ပုဒေါက်က အထင်သေးစွာ ပြောလိုက်သည် ။
ထိုအချိန် လောထျန်းမှာ စိတ်မရှည်နိုင် ဖြစ်လာ၏။
" ခင်ဗျား တိုက်မှာလား .. မတိုက်ဘူးလား ၊ မတိုက်ဘူးဆိုလဲ ကျုပ်ကပဲ လုပ်လိုက်တော့မယ် "
လောထျန်း ပြောလိုက်သည် ။
ဝေ့ပုဒေါက်က ပြုံးကာ လောထျန်းအား အသာအယာ လက်ဖြင့် ပုတ်လိုက်သည် ။
" ဟင် "
လောထျန်း အံ့အားသင့်သွား၏။
ဝေ့ပုဒေါက်က ပြုံး၍ ပြောသည် ။
" ငါ့ကို တိုက်ခိုက်ခိုင်းဖို့ မလိုပါဘူးကွာ ။ ငါက အရင်ထက် အများကြီး ပိုအစွမ်းထက်နေပြီကွ ။ ဒီတော့ မင်းနဲ့ မျက်နှာချင်းဆိုင်ပြီးပဲ တိုက်ခိုက်ကြတာပေါ့ကွာ ၊ လုပ်လေ "
လောထျန်းက ဝေ့ပုဒေါက်အား အထင်သေးရွံရှာသည့်အကြည့်ဖြင့် ကြည့်လိုက်သည် ။
ထိုလူကြီးက အပြောကြီးလွန်းလှ၏။
" ခင်ဗျား သေချာရဲ့လား "
လောထျန်း သူ့ကို ကြည့်ကာ မေးလိုက်သည် ။
" ဒါပေါ့ကွ "
ဝေ့ပုဒေါက်မှာ အပြုံးပင် မပျက်ချေ ။
လောထျန်း သက်ပြင်းချကာ ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်သည် ။
ဝေ့ပုဒေါက်က လောထျန်း တိုက်ခိုက်သည်ကို မြင်သည်နှင့် ချက်ချင်း အော်ရယ်လိုက်သည် ။
" အရင်ကဆို ငါ မင်းရဲ့ လက်သီးချက်တွေကို လုံးဝ နားမလည်နိုင်ခဲ့ဘူး ။ ခု ငါ့အစွမ်း တက်လာတော့ မင်း လက်သီးကို သေချာ မြင်နေရပြီကွ ။ မင်း လက်သီးဘယ်နှချက်ထိုးထိုး ငါ အားလုံးကို ထိန်းချုပ်နိုင်တယ် "
သူက ထိုသို့ ပြောပြီးသည်နှင့် လက်ကိုဆန့်ထုတ်ကာ လောထျန်း၏ လက်သီးကို ဖမ်းဆုပ်လိုက်သည် ။
သူ့စိတ်ထဲတွင် လောထျန်း၏ လက်သီးအား လက်တစ်ဖက်တည်းဖြင့် အေးအေးဆေးဆေး ဖမ်းဆုပ်နိုင်မည်ဟုသာ ထင်ထား၏။
သို့သော် ..
ဂျွတ်
သူ့လက်မှာ လောထျန်း၏ လက်ကို ထိလိုက်မိသည်နှင့် ချက်ချင်း လိမ်သွားပြီး မမြင်နိုင်သော အစွမ်းထက်သည့် အားတစ်ခုက ဖိချေလိုက်သကဲ့သို့ ခံစားလိုက်ရသည် ။
" ဟင် .."
ဝေ့ပုဒေါက်သည် တွန့်လိမ်ကောက်နေသည့် သူ့လက်ချောင်းများကို ကြည့်ကာ အလွန်အံ့အားသင့်သွား၏။
ထို့နောက် သူမည်သို့မှ တုန့်ပြန်ချိန် မရလိုက်ခင်မှာပင် ...
ဘုန်း ...
အစွမ်းထက်သော အားတစ်ခူက သူ့ကိုယ်အား အဝေးသို့ လွင့်စင်သွားစေလိုက်သည်။
ဝေ့ပုဒေါက်၏ ခန္ဓာကိုယ်မှာ အဝေးမှ တောင်ပေါ်သို့ ဥက္ကာခဲတစ်ခုအလား အရှိန်ပြင်းပြင်း ကျသွားပြီး ဖုန်မှုန့်များ လိမ့်တက်လာ၏။
" ခင်ဗျားကြီးက ကျုပ်ရှေ့လာပြီး မိုးကြီးလေကြီး လာပြောနေမှတော့ ကျုပ်က ဘယ်သည်းခံနိုင်တော့မှာလဲ "
လောထျန်းက လက်သီးဆုပ်ကာ ဒေါသတကြီး ပြောလိုက်သည် ။
ဝေ့ပုဒေါက်၏ သိုင်းပညာနှင့် ကျင့်စဥ်များက အစွမ်းထက်သည့်တိုင် လောထျန်းနှင့်မူ မယှဥ်နိုင်ပါချေ ။
ထိုစဥ် ဝေ့ပုဒေါက်က အပျက်အစီးများကြားမှ ထွက်လာ၏။
သူ့လက်တစ်ဖက်မှာ သွေးများရွှဲနေပြီး သုံးမရတော့သည့်ပုံ ဖြစ်နေသည် ။
" မဖြစ်နိုင်ဘူး ..လုံးဝ မဖြစ်နိုင်ဘူး .. ငါက တုကျဲ့အဆင့်ကိုတောင် ရောက်နေပြီလေ ။ မင်းကို ဘာလို့ သတ်လို့ မရ ရမှာလဲ "
ဝေ့ပုဒေါက်မှာ သူ့မျက်စိကိုပင် သူ မယုံနိုင် ဖြစ်နေ၏။
အစောကပင် သူ့အစွမ်း တိုးလာသည့်အတွက် သူ အလွန်ပျော်ရွှင်နေခဲ့သေးသည် ။
ယခု ... အမှန်တရားက ခါးလွန်းလှပေသည် ။
" နောက်ထပ် မောက်မာလိုက်ဦးလေ အဘိုးကြီး "
ထိုစဥ် လောထျန်းက သူ့ရှေ့သို့ တည်နေရာရွှေ့ပြောင်းကာ ရောက်လာပြီး အားဖြင့် ကန်လိုက်သည် ။
ဤတစ်ကြိမ်တွင်လည်း ဝေ့ပုဒေါက် အဝေးသို့ လွင့်ထွက်သွားရပြန်၏။
လေထဲတွင် လွင့်သွားစဥ်တစ်လျှောက် သူ့ပါးစပ်မှ သွေးများ စီးကျလာပြီး တောင်တစ်လုံးပေါ်သို့ ကျသွားမှသာ သွေးပြန်တိတ်သွားတော့သည် ။
" သေစမ်းကွာ ၊ ကြယ်ခုနစ်စင်း လူသတ်အစီအရင် .. "
ဝေ့ပုဒေါက်က အကောင်းတိုင်း ကျန်နေသေးသည့် လက်တစ်ဖက်ကိုသုံးကာ လူသတ်အစီအရင်ကို အသက်သွင်းလိုက်သည် ။
ကောင်းကင်တွင် ရှိနေသည့် အမည်းရောင် နေ ခုနစ်စင်းထံမှ ပစ်လွှတ်လိုက်သော အလင်းတန်းများ လောထျန်းဆီသို့ တိုးဝင်သွားကြပြန်၏။
သို့သော် လောထျန်းက တည်နေရာရွှေ့ပြောင်းကာ ထိုနေရာမှ ပျောက်ကွယ်သွားပြီး ..
အမည်းရောင် နေ တစ်စင်းဘေးတွင် ပြန်ပေါ်လာသည် ။
" ဘေးဖယ်စမ်းကွာ "
သူက ထိုသို့ပြောကာ အမည်းရောင် နေလုံးကြီးအား လက်သီးဖြင့် ထိုးလိုက်သည် ။
ဘုန်း ..
နေလုံးကြီး လွင့်စင်သွားပြီး အစီအမံအောက်ခြေမှ ကျောက်တိုင်လုံးနှင့် တိုက်မိကာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည် ။
" ဟာ ..မဖြစ်ဘူး "
ဝေ့ပုဒေါက် အလွန်ကြောက်ရွံ့ တုန်လှုပ်သွား၏။
ဝုန်း ..
ထို့နောက်တွင်မူ လူသတ်အစီအမံ လေထု ပျက်စီးသွားပြီး ကြယ်ခုနစ်စင်း လူသတ်အစီအမံ ပြိုကွဲပျက်စီးသွားတော့သည် ။
" ဘာ .. ဘာလို့ ခုလိုတွေ ဖြစ်နေရတာလဲ ၊ ကြယ်ခုနစ်စင်း လူသတ်အစီအမံရော ငါရော ဒီကောင့်ကို ဘယ်လိုမှ မသတ်နိုင်ပါလား ။ ဒီကာင်က လူမှ ဟုတ်သေးရဲ့လား "
ဝေ့ပုဒေါက် မျက်နှာ အလွန်ပျက်နေ၏။
ဘုန်း ..
ထိုအချိန်တွင် ကောင်းကင်ယံတစ်ခုလုံး တိမ်မည်းများ ဖုံးအုပ်လာပြီး ပျက်စီးခြင်း တိမ်တိုက်များ ထပ်မံထွက်ပေါ်လာပြန်သည် ။
" ဟင် .. ကောင်းကင်ဘုံ ပျက်စီးခြင်း . ကောင်းကင်ဘုံ ပျက်စီးခြင်း နောက်တစ်ခုပါလား "
" ဒါက ဝေ့ပုဒေါက်ရဲ့ ကောင်းကင်ဘုံ ပျက်စီးခြင်းပဲ ။ သူက တုကျဲ့အဆင့်ကို ရောက်ပြီးတော့ အစီအမံလေထုထဲကလဲ ထွက်လာပြီဆိုတော့ ကောင်းကင်ဘုံက သူ့အစွမ်းကို ခံစားမိသွားပြီး ကောင်းကင်ဘုံ ပျက်စီးခြင်းကို စေလွှတ်လိုက်တာပဲ "
" ဒါပေမယ့် ဒီကာင်းကင်ဘုံ ပျက်စီးခြင်းရဲ့ ဖိအားက လောထျန်းကြုံခဲ့ရတဲ့ဟာရဲ့ ဆယ်ပုံမှာ တစ်ပုံ တောင် မရှိဘူး "
" လောထျန်းကိုတော့ ဘယ်သူမှ ယှဥ်နိုင်မှာ မဟုတ်ဘူး "
လူများ တစ်ယောက်တစ်ခွန်း ပြောလိုက်ကြသည် ။
ထိုအချိန်တွင် ကောင်းကင်ယံမှ ပျက်စီးခြင်း တိမ်တိုက်များကို ကြည့်နေသော ဝေ့ပုဒေါက်၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များ ဖြတ်ပြေးသွား၏။
သူက လောထျန်းရှေ့သို့ ချက်ချင်း ပျံသွားကာ လောထျန်း၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည် ။
" လောထျန်း .. ငါ ရှုံးသွားပြီဆိုတာ ဝန်ခံပါတယ် ။ ဒါပေမယ့် ငါ သေရမယ်ဆိုရင် မင်းကိုပါ ငါနဲ့အတူ ခေါ်သွားမှာကွ ။ ငါတို့ နှစ်ယောက် ကောင်းကင်ဘုံ ပျက်စီးခြင်းအောက်မှာ အတူတူ သေကြတာပေါ့ကွာ "
သူက အရူးတစ်ယောက်အလား ပြောလိုက်သည် ။