← Chapters

အစွမ်းများ အလျှင်အမြန် တိုးလာခြင်း

Vol. 6 Ch. 80

အစွမ်းများ အလျှင်အမြန် တိုးလာခြင်း

Vol. 6 Ch. 80

အတူတူ သေကြရအောင် တဲ့လား ..

ထိုစကားကို ကြားသောအခါ အားလုံး ဆွံ့အသွားကြသည် ။

ထို ကောင်းကင်ဘုံ ပျက်စီးခြင်းက လောထျန်းကို သတ်နိုင်မည်ဟု သူ ထင်နေတာလား ...

လောထျန်းက သူ့လက်ကို  ကူကယ်ရာမဲ့စွာ ကိုင်ထားသည့် ဝေ့ပုဒေါက်အား ကြည့်လိုက်သည်။

" ဝေ့ပုဒေါက် ..ခင်ဗျားကြီး မသေချင် ကျုပ် ခင်ဗျား သိအောင် တစ်ခု လုပ်ပေးရဦးမယ် "

လောထျန်းက ပြောကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည် ။

ထို့နောက် သူက လက်တစ်ဖက်မြှောက်ကာ ပျက်စီးခြင်းတိမ်တိုက်များဆီသို့ လက်ညှိုးထိုးလိုက်၏။

ချက်ချင်းပင် လောထျန်းနောက်၌ သူ့နှင့် ဆင်တူ ဧရာမ အရိပ်တစ်ခု ပေါ်လာပြီး ၎င်းက ကောင်းကင်ယံသို့ တက်သွားသည် ။

ထို့နောက် ထိုလူရိပ်၏ လက်ဝါးအစွမ်းက ကောင်းကင်ယံသို့ တဟုန်ထိုးတက်သွားပြီး ပျက်စီးခြင်း တိမ်တိုက်များအား ရိုက်ချလိုက်သည် ။

ဘုန်း ..

လက်ဝါး တစ်ချက်တည်းဖြင့်ပင် ပျက်စီးခြင်း တိမ်တိုက်အလယ်၌ အပေါက်ကြီး ဖြစ်သွား၏။

ထို့နောက်တွင်မူ တိမ်တိုက်များ ကွဲကြေသွားပြီး မြူမှုန်များလည်း လွင့်ပါးသွားကာ ၎င်းတို့အထဲတွင် ရှိနေသည့် နတ်ဘုရားစွမ်းအင်များ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည် ။

" ဟင် .. "

ဝေ့ပုဒေါက်မှာ သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ မယုံကြည်နိုင် ဖြစ်နေ၏။

၎င်းမှာ သူ့ကြောင့် ဖြစ်လာသည့် ကောင်းကင်ဘုံ ပျက်စီးခြင်းဖြစ်ပြီး သူက ၎င်းကို အသုံးချကာ လောထျန်းနှင့် အတူတူ သေမည်ဟု စဥ်းစားထားခဲ့သော်လည်း ...

ဤမျှ အလွယ်တကာ ပျက်စီးသွားခဲ့သည်လား ..

အစောပိုင်းက သူမလာခင်က တွေ့ခဲ့ရသည့် ကောင်းကင်ဘုံ ပျက်စီးခြင်းအကြောင်းကို ဝေ့ပုဒေါက် ရုတ်တရက် တွေးမိသွား၏။ ဟန်ဝမ်ကျိုး ပြောခဲ့သည့် ရှေ့တွင် နဂါးတစ်ကောင် ရှိနေသည်ဆိုသော စကားကိုလည်း သူ ပြန် သတိရလိုက်သည် ။

သူ့ခေါင်းထဲတွင် သဲလွန်စ အပိုင်းလေးများစွာ စုစည်းသွားပြီး နောက်ဆုံးမှသာ အခြေအနေကို သူ နားလည်သွား၏။

" ပထမတစ်ခါက ကောင်းကင်ဘုံ ပျက်စီးခြင်းက သခင်ကြီး ကျီဝေ့ရဲ့ အမွေအနှစ်ကြောင့် ဖြစ်လာတာ မဟုတ်ဘဲ မင်းကြောင့် ဖြစ်လာတာမဟုတ်လား .. "

သူ လောထျန်းအား မယုံနိုင်စွာ ကြည့်လိုက်သည် ။

" အမှန်ပဲ .. ကဲ .. အခုတော့ ခင်ဗျားသေလို့ရပြီ "

လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် လက်ဝါးဖြင့် ရိုက်ချလိုက်သည် ။

ဘုန်း ..

ဝေ့ပုဒေါက်၏ ရင်ဘတ် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး သွေးများ ပန်းထွက်လာ၏။

သေခါနီးဆဲဆဲတွင် ဝေ့ပုဒေါက်က လောထျန်းကို ကြည့်ကာ ပြောလိုက်သည် ။

" လောထျန်း ..ငါ မင်းလက်ချက်ကြောင့် သေသွားခဲ့ရတယ်ဆိုတာကို ယုံတယ် ။ ဒါပေမယ့် ငါ့ကို သတ်ပြီးရင်တော့ မင်း ကြာကြာ အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး "

လောထျန်းက သူ့အား မျက်မှောင်ကြုံ့၍ ကြည့်လိုက်သည် ။

" ခင်ဗျားကြီးက ခုထိ ခေါင်းမာနေတုန်းပဲလား "

ဝေ့ပုဒေါက်က ခေါင်းယမ်းကာ ပြော၏။

" မဟုတ်ဘူးကွ ၊ မင်းမသိတာတွေ ရှိသေးတယ် ။ ငါ သေသွားရင် သူတို့က မင်းကို သေချာပေါက် ပစ်မှတ်ထားကြလိမ့်မယ် ။ သူတို့ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ ငါတောင် မသိဘူး ။ သူတို့က ..သူက .. "

ထိုသို့ ပြောနေရင်းမှာပင် ဝေ့ပုဒေါက်၏ မျက်လုံးများ ငြိမ်သက်သွားကာ သေဆုံးသွားတော့သည် ။

လောထျန်းမှာ နေရာတွင် အံ့သြတကြီး ကျန်ရစ်ခဲ့၏။

" ဒီလူကြီးက မသေခင်တောင် ငါ့ကို စိတ်ညစ်အောင် လုပ်သွားသေးပဲ "

လောထျန်း အံကြိတ်ကာ ပြောလိုက်သည် ။

စကားဆုံးအောင် မပြောသည်မှာ သူ့အား နှိပ်စက်နေသည်နှင့် မခြားပေ ။

သို့သော်ယခုတွင်မူ ထိုအရာများက အရေးမပါတော့ပါ ...

လောထျန်းက ဝေ့ပုဒေါက်၏ ခန္ဓာကိုယ်အား အဝေးသို့ ပစ်လွင့်ကာ လူအုပ်ဆီသို့ လျှောက်လာလိုက်သည် ။

အားလုံးကလည်း လောထျန်း လာနေသည်ကို မြင်သည်နှင့် လမ်းဖယ်ပေးလိုက်ကြသည် ။ သူတို့၏ မျက်လုံးများတွင်မူ အနည်းငယ် နားမလည်နိုင်ဟန် ရှိနေကြ၏။

" သခင်လေး "

လောရုံနှင့် အခြားသူများက လောထျန်းကို မြင်သည်နှင့် ပျော်သွားကြသည် ။

သူတို့သခင်လေးက အလွန်စွမ်းထက်လှသည့်အတွက်လည်း သူတို့အားလုံး ဂုဏ်ယူနေကြ၏။

လောထျန်း ခေါင်းညိတ်ပြလိုက်သည် ။ ထို့နောက် မလှမ်းမကမ်းတွင် ရှိနေသည့် လင်ရှအား သူ တွေ့သွား၏။

" သခင်ကြီး လင်ရှ ၊ ဒီက ကိစ္စလေးတွေလဲ ပြီးသွားပြီဆိုတော့ ကျုပ် အရင်ဆုံး အိမ်ပြန်လိုက်ဦးမယ်ဗျာ ။ နောက် ရက်နည်းနည်းကြာမှ မြို့တော်မှာ တွေ့ကြတာပေါ့ "

လောထျန်းက ပြောလိုက်သည် ။

လင်ရှက ချက်ချင်း ဦးညွှတ်အရိုအသေပေးကာ ပြော၏။

" ကောင်းပါပြီ ၊ ဒါဆိုရင် ကျုပ် သခင်လေးကို မြို့တော်မှာ စောင့်နေပါ့မယ် "

လောထျန ခေါင်းညိတ်ပြလိုက်ပြီး ဘုရင်ကျင်းဖန်အား သူတို့အားလုံးကို တင်၍ အိမ်ပြန်ပို့ပေးရန် ပြောလိုက်သည် ။ ထို့နောက်တွင်မူ သူတို့အားလုံး လေထဲသို့ ပျံသန်းသွားကြ၏ ။

လာထျန်းတို့ လူစု ထွက်ခွာသွားပြီးသည်နှင့် ကျန်နေခဲ့သော လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည် ။

" ငါတို့ ယဲ့ဖုန်းနိုင်ငံတော့ ပြောင်းလဲတော့မယ် "

ထိုအချိန်တွင် ရှန်းဝူနန်းတော်အတွင်း၌ ...

အနက်ရောင် ဝတ်စုံနှင့် လူကြီး စစ်တုရင် ကစားနေစဥ်မှာပင် သူ့လက်ထဲမှ အရုပ်က ရုတ်တရက် တစ်စီ ကျိုးကြေသွား၏။

အနက်ရောင်ဝတ် လူကြီးက ချက်ချင်း ခေါင်းမော့လိုက်ရာ အမည်းရောင် ဦးထုပ်နောက်မှ အေးစက်စက် မျက်လုံးတစ်စုံ ပေါ်လာသည် ။ သူ့မျက်လုံးများမှာ အခြေအနေကို လုံးဝ မယုံကြည်ဟန် ဖြစ်နေ၏။

" စိတ်ဝိဥာဥ်မျိုးစေ့ ပျက်စီးသွားတာလား ..ဒါ လယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

သူ အံ့သြတကြီး ပြောလိုက်သည် ။

" သခင်ကြီး ဘာဖြစ်လို့လဲ "

မင်းသားရှန်းဝူက အနက်ရောင်ဝတ် လူကိုကြည့်ကာ မေး၏။

ထိုလူ၏ ဝတ်ရုံ လှုပ်သွားပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်သည် ။

" ဘယ်ကောင်လဲ .. ငါ့ နယ်ရုပ်ကို ဘယ်ကောင် လာထိရဲတာလဲ ၊ သေချင်နေပြီနဲ့တူတယ် "

သူက အံကြိတ်ကာ ဒေါသတကြီး ပြောသည် ။

" သခင်ကြီး .."

မင်းသား ရှန်းဝူ နားမလည်နိုင် ဖြစ်သွား၏။

ခေတ္တကြာသွားပြီးမှသာ အနက်ရောင်ဝတ်လူ ပြန်တည်ငြိမ်သွားပြီး သက်ပြင်းချလိုက်သည် ။ ထို့နောက် သူက မင်းသားရှန်းဝူအား ပြော၏။

" တပည့်လေး ..ငါ လုပ်စရာ တစ်ခုရှိလို့ ယွိလုံနိုင်ငံကို သွားလိုက်ဦးမယ် "

ထိုစကားကြောင့် မင်းသားရှန်းဝူ အံ့အားသင့်သွားသည် ။

" ဒါပေမယ့် သခင်ကြီး .. ပွဲက နောက်ရက်နည်းနည်းဆိုရင်တောင် စတော့မှာလေ "

အနက်ရောင်ဝတ်လူက အေးစက်စက် ပြန်ပြော၏။

" ငါ အားလုံး စီစဥ်ပြီးသွားပြီ ။ မင်းရဲ့ အစွမ်းနဲ့ဆို ဒီမှာ ငါမရှိလဲ သိပ်ကိစ္စမရှိဘူး ။ ငါ့ကိစ္စလေးတွေ ရှင်းပြီးတာနဲ့ ပြန်လာခဲ့မယ် "

မင်းသားရှန်းဝူ မည်သို့မှ မတတ်နိုင်ဘဲ ခေါင်းသာ ညိတ်လိုက်သည် ။

" ဟုတ်ကဲ့ ၊ ဒါဆို သခင်ကြီးရဲ့ လမ်းခရီးမှာ ဘေးကင်းလုံခြုံပါစေလို့ ဆုတောင်းပေးပါတယ် "

အနက်ရောင်ဝတ် လူ ခေါင်းညိတ်လိုက်သည် ။ ထို့နောက် သူ့ခန္ဓာကိုယ်က အမည်းရောင် မြူမှုန်များအဖြစ် ရုတ်တရက် ပြောင်းသွားပြီး နေရာမှ ပျောက်ကွယ်သွား၏။

ထိုအချိန် ပျောင်ပိုင် မြို့တွင် .....

ဘုရင်ကျင်းဖန်နှင့် လောမိသားစုဝင်များ ပြန်ရောက်လာကြပြီး လောမိသားစု၏ ဘိုးဘေးခန်းမဆောင်တွင် ဆင်းသက်လိုက်ကြသည် ။

ဤတစ်ကြိမ်ခရီးမှာ လောမိသားစုအတွက် အလွန်အကျိုးအမြတ် များပေသည် ။

လောထျန်းက ကျင့်ကြံခြင်း နောက်တစ်ဆင့် တက်သွားခဲ့သည့်အပြင် လောရုံနှင့် အခြားသူများကလည်း လျှို့ဝှက်ဒေသမှ အဖိုးတန် ပစ္စည်းများစွာကို ပြန်ယူလာနိုင်ခဲ့ကြ၏။

အားလုံး တွက်ချက်ပြီးသွားသောအခါ ယူလာသည့် ပစ္စည်းများက လောမိသားစုတွင် ရှိပြီးသား ပစ္စည်းများ အားလုံးပေါင်းထက်ပင် ပိုများနေသည်ကို တွေ့လိုက်ရသည် ။

ထိုပစ္စည်းများကို အားကိုး၍ လောမိသားစု၏ အစွမ်း တိုးတက်လာအောင် လုပ်ဆောင်နိုင်ပေတော့မည် ။

သို့သော် ၎င်းက အရေးအကြီးဆုံး မဟုတ်သေးပါချေ ။

လောထျန်း၏ ကျင့်ကြံခြင်းအပြင် ဤတစ်ကြိမ် ရခဲ့သည့် အရေးကြီးဆုံး ပစ္စည်းမှာ နဂါးအရိုးများဟု ဆိုရမည်ဖြစ်သည် ။

လောထျန်းက လောမိသားစု အဖွဲ့ဝင်အားလုံးကို စုပြီး နဂါးအရိုးအကြောင်းရှင်းပြလိုက်သည် ။ ထို့နောက် အရိုးထဲမှ မူလနဂါစွမ်းအင်ကို ထုတ်ကာ  အားလုံးကို နည်းနည်းစီ မျှပေးလိုက်သည် ။

ထိုမူလနဂါးအစွမ်းသည် လောထျန်းအပေါ် ကြီးစွာသော အကျိုးသက်ရောက်မှု မရှိလှသော်လည်း အခြားသူများအတွက်မူ ထိုသို့ မဟုတ်ချေ ။

မူလနဂါးအစွမ်းကို သုံးကာ သူတို့၏ ခန္ဓာကိုယ်ကို သန့်စင်ပြီးသွားသည်နှင့် လောမိသားစုဝင်အားလုံး ၏ အစွမ်းများ ချက်ချင်းတိုးတက်လာကြ၏။

ဥပမာ ပြောရသော် လောဖုန်းဆိုလျှင် စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့် ကိုး သို့ ရောက်ထားသည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်သည် ။

သို့သော် နဂါးအစွမ်းကို လက်ခံပြီးသည်နှင့် သူ့ကျင့်ကြံခြင်းအဆင့်က ချက်ချင်းတက်သွားပြီး ကောင်းကင်ထိန်းချုပ်အဆင့် ၉ သို့ တခဏအတွင်း ရောက်သွား၏။

ထို့အပြင် ထိုအချိန်၌ သူ နဂါးအစွမ်း အားလုံးကိုပင် မစုပ်ယူရသေးချေ ။

သူသာ အစွမ်းအားလုံးကို စုပ်ယူ၍ ပြီးသွားပါက ထုံရွှယ်အဆင့်သို့ အလွယ်တကူ ရောက်သွားနိုင်မည်ဖြစ်သည် ။

အထူးသဖြင့် လူငယ်များ၏ တိုးတက်မှုက ပို၍ပင် ကြောက်စရာကောင်းသေး၏။ နဂါးအစွမ်းကို စုပ်ယူပြီးသည်နှင့် လူငယ်များထဲမှ တစ်ဝက်နီးပါးပင် စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်သို့ ရောက်သွားခဲ့ကြသည် ။

သို့သော် သူတို့သည် ကောင်းကင်ဘုံ ကျင့်စဥ်များကို လေ့ကျင့်ကြသော်လည်း အနည်းငယ်သာ လေ့ကျင့်နိုင်ကြသည့်အတွက် ကျင့်ကြံခြင်းအဆင့်တက်ရာ၌ လောထျန်းကဲ့သို့ မကြီးကျယ်လှချေ ။ ထို့အပြင် သူတို့၏ အစွမ်းကလည်း လောထျန်းထက် များစွာ အားနည်း၏။

သို့တိုင် သူတို့နှင့် အဆင့်တူ အခြားသူများကြားတွင်မူ သူတို့၏ အစွမ်းက အားကျလောက်စရာဖြစ်သည် ။

လောမိသားစုမှ မျိုးဆက်သစ် လူငယ်များအားလုံးသည် ယဲ့ဖုန်းနိုင်ငံမှ သူတို့နှင့် တန်းတူ ကျင့်ကြံသူများအား အလွယ်တကူ အနိုင်ယူနိုင်သည်ဟု ဆိုလျှင်ပင် လွန်ရာကျမည် မထင်ပေ ။

မည်သို့ပင်ဖြစ်စေ သူတို့ထဲတွင် အကျိုးအမြတ် အရလိုက်ဆုံးမှာ နျိုဝူဖုန်းနှင့် ဘုရင်ကျင်းဖန်တို့ နှစ်ဦးဖြစ်သည် ။

သားရဲများ၏ မူလနဂါးအစွမ်းကို လိုချင်တပ်မက်မှုက လူသားများထက် များစွာ ပိုဆိုးသည်ဟု ပြောရပေမည် ။

နဂါးအစွမ်းကို လက်ခံပြီးသည်နှင့် သူတို့နှစ်ဦးလုံး ရက်အနည်းငယ်အတွင်း ကွေ့ရှအဆင့်သို့ ရောက်သွားခဲ့ကြ၏။

ထိုအဖြစ်အပျက်ကြောင့် ပျောင်ပိုင်မြို့တွင် လှုပ်လှုပ်ရှားရှားပင် ဖြစ်သွားခဲ့ရသည် ။

ယဲ့ဖုန်းနိုင်ငံတွင် ကွေ့ရှအဆင့်သို့ မည်သူမှ မရောက်သည်မှာ နှစ်ပေါင်း ၅ ရာနီးပါး ရှိသွားခဲ့ပြီ မဟုတ်ပါလား ။

ထိုဖြစ်ရပ်က သားရဲနှစ်ကောင်တွင် ဖြစ်သွားသည့်တိုင် ကြီးမားသော အောင်မြင်မှုဟု ဆိုရမည်ဖြစ်သည် ။

ထိုအချိန်တွင် လောမိသားစုမှာ ယဲ့ဖုန်းနိုင်ငံတွင် ပထမတန်းအဆင့် အဖွဲ့တစ်ခု ဖြစ်လာခဲ့လေပြီ ။

ထိုနေ့တွင် လောမိသားစုသို့ မဖိတ်ခေါ်ထားသည့် ဧည့်သည်နှစ်ဦး ရောက်လာ၏။

မြို့အပြင်ဘက်တွင် အရပ်ရှည်ရှည် လူ တစ်ဦးနှင့် အရပ်ပုပု လူ တစ်ဦးက မလှမ်းမကမ်းမှ မြို့အဝင်ဂိတ်ပေါက်ဘက်သို့ ကြည့်နေကြသည်။

" သခင်ကြီး ချူ ၊ ဘာမှ မလုပ်သေးနဲ့ဦးနော် ။ ကျုပ် လုပ်ချင်တာ တစ်ခု ရှိလို့ ။ လောထျန်းရဲ့ ခေါင်းကို ကျုပ်ကိုယ်တိုင် ဖြတ်ချင်တယ် "

အရပ်ရှည်ရှည်နှင့် လူက အံကြိတ်၍ ပြောလိုက်သည် ။ သူ့ပါးစပ်ထဲတွင် အစွယ်များ အပြည့်ရှိနေ၏။

All Chapters