နေရာတိုင်း ပါရမီရှင်တွေပါလား ..
Vol. 6 Ch. 81
သခင်ကြီးချူက ထိုလူကို မော့ကြည့်ကာ ရှူးရှူးရှားရှား ဖြစ်သွားသည် ။
" နိလုံ ..မင်းက ဆုတော်ငွေကို တစ်ယောက်တည်း အပိုင်စီးချင်လို့လား "
နိလုံက မျက်ခုံးပင့်ကြည့်ကာ ပြန်ပြော၏။
" သခင်ကြီးချူ ..ကျုပ်ကို ဘယ်လိုကောင်လို့ ထင်လို့လဲ ။ကျုပ် ပိုက်ဆံပြတ်နေတာ မှန်ပေမယ့် ဆုတော်ငွေတွေအားလုံးကို တစ်ယောက်တည်း အပိုင်စီးဖို့ထိတော့ မဆိုးသေးပါဘူးဗျာ ။ ကျုပ်က ပါရမီရှင် လူငယ်လေးတွေကို အမဲလိုက်ရတာ ကြိုက်လို့ပါ ။ နောင်အဂါတ်မှာ ပြိုင်ဘက်ကင်း သိုင်းသမားတစ်ယောက် ဖြစ်လာမယ့်သူက အရွယ်အရောက်ခင် ခင်ဗျားရဲ့လက်ချက်နဲ့ ဒုက္ခခံနေရတယ်လို့ တွေးကြည့်ကြည့်ဗျာ .. ကိုယ့်လက်ထဲမှာ ငိုယိုတောင်းပန်နေရမှာ ... အဲ့ ခံစားချက်က ဘယ်လောက် ကောင်းလိုက်သလဲ "
သခင်ကြီးချူက သူ့ကို ကြည့်ကာ ပြောသည် ။
" မင်းက တကယ်ကို ယုတ်မာတဲ့ သူပဲကွ။ ဒီလောက်အစွမ်းထက်နေတာတောင် မင်းက လူငယ်လေးတွေကို အနိုင်ကျင့်ချင်တုန်း ။ မင်း နာမည်ဆိုးနဲ့ ကျော်ကြားနေတာ မဆန်းတော့ပါဘူးကွာ ။ ရွှယ်လန် တစ်နိုင်ငံလုံးကတောင် မင်းကို အသဲအသန် အမဲလိုက်သလို လိုက်ခဲ့ကြတာ မလား ။ ငါတို့ နတ်ဆိုးဝိဥာဥ်နန်းတော်က မင်းကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့တာ မင်း တော်တော်ကံကောင်းတာပဲ "
နိလုံက တဟားဟား အော်ရယ်လိုက်သည် ။
" နာမည်ကျော်တာ မကျော်တာက ဘာလုပ်လို့ ရမှာလဲဗျာ ။ ကျုပ်အတွက် အရေးကြီးဆုံးက ကျုပ်ပျော်ရွှင်ဖို့ပဲ ။ အခုလောလောဆယ် ကျုပ် စိုးရိမ်တာ တစ်ခုတော့ရှိတယ် ။ လောထျန်းဆိုတဲ့ကောင်လေးက လူတွေအများကြီးရဲ့ ချီးကျူးတာကို ခံထားရပြီးတော့ လက်တွေ့မှာ ပြောသလောက် အစွမ်းမထက်မှာကိုပဲ ။ အဲ့လိုဆို သူ့ကို သတ်ရတာ ကျုပ် ပျော်မှာမဟုတ်ဘူး "
သခင်ကြီး ချူက ခေတ္တမျှ စဥ်းစားပြီးမှ ပြန်ပြော၏။
" ယဲ့ဖုန်းနိုင်ငံက ရုံးခွဲက ပြောတာတော့ လောထျန်းရဲ့ တိုက်ရည်ခိုက်ရည်က ထုံရွှယ်အဆင့်လောက် ရှိတယ်တဲ့ ။ ဒါပေမယ့် ချဲ့ကားပြောတာ သိသာပါတယ် ။ ငါ့အထင်ပြောရရင်တော့ သူ့ဘေးမှာ ကာကွယ်ပေးတဲ့ အစောင့်အကြပ် တစ်ယောက်ယောက် ရှိမယ်ထင်တယ်ကွ ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ .. ယဲ့ဖုန်းနိုင်ငံက အစောင့်အကြပ်တွေက အများဆုံးမှ ထုံရွှယ်အဆင့်ပဲ ရှိကြမှာ ။ ငါတို့လို ကွေ့ရှ အဆင့် ၁ ကျင့်ကြံသူတွေနဲ့ ယှဥ်လိုက်ရင် ဒီလူတွေက ပမွှားလေးပါ "
နိလုံကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည် ။
" ဟုတ်တယ် ၊ ကျုပ်တို့ နှစ်ယောက်လုံးက ကွေ့ရှအဆင့်က ကျင့်ကြံသူတွေပဲ ။ ပြီးတော့ ကျုပ်တို့က ယဲ့ဖုန်းနိုင်ငံကို ခရီးအဝေးကြီးကနေ လာခဲ့ရတာဆိုတော့ လက်ချည်းဗလာ ပြန်သွားလို့တော့ မရဘူး "
သူက ထိုသို့ ပြောပြီးသည်နှင့် ပျောင်ပိုင်မြို့၏ မြို့ရိုးကိုကြည့်ကာ စကားဆက်၏။
" ဒါဆို အခု မြို့ကို ဖျက်ဆီးပြီးတော့ သူ့ကို မျှားထုတ်ကြမလား "
သခင်ကြီးချူက ခေါင်းယမ်းလိုက်တယ် ။
" အဲ့လိုကြီး ကိစ္စကြီးအောင် မလုပ်ရဘူးကွ ၊ငါတို့က လျှို့ဝှက်လူသတ်သမားတွေ ဆိုတာလဲ မမေ့နဲ့ဦးလေ ။ ဒီတော့ သတိထားမှ ရမယ် ။ အရင်ဆုံး မြို့ထဲအရင်ဝင်ပြီး သတင်းလေးဘာလေး စုံစမ်းကြတာပေါ့ ။ ကျန်တာတော့ ပြီးမှ ဆက်ဆွေးနွေးကြမယ် "
နိလုံက မကျေမနပ်ဖြင့် အထွန့်တက်၏။
" သခင်ကြီး ချူက သတိထားလွန်းနေပြီ မဟုတ်ဘူးလား ။ ဒီမြို့က ယဲ့ဖုန်းနိုင်ငံမှာတောင် မြို့ငယ်လေးတစ်မြို့ အဆင့်ပဲရှိတာ ။ ဘာတွေ သတင်းယူစရာလိုဦးမှာလဲဗျာ "
သခင်ကြီးချူက ပြန်မာန်သည် ။
" ခြင်္သေ့တစ်ကောင်တောင် ယုန်လေးတစ်ကောင်ကို သတ်ဖို့ အစွမ်းကုန် ထုတ်သုံးရတယ်ကွ ။ ငါ့အကျင့်တစ်ခုက ဘာသတင်းမှ မသိရမချင်း ဘာမှ မလုပ်ဘူး ။ အေး . လုပ်ပြီဆိုရင်လဲ ငါ့လက်က မလွတ်အောင် သေချာလုပ်တယ် ။ ဒီအကျင့်ကြောင့်မို့လဲ ငါ သတ်ဖို့ကြိုးစာတဲ့ သူတိုင်း သေကြရတာပဲ ။ မင်း ငါပြောတာကို သဘောမတူဘူးဆိုရင် ဒီအလုပ်ကို ဆက်မလုပ်ဘဲ နေကြတာပေါ့ကွာ "
ထိုစကားကို ကြားသောအခါ နိလုံ ချက်ချင်းလက်ယမ်း၍ ပြောလိုက်သည် ။
" မဟုတ်ပါဘူးဗျာ ..ကျုပ် ခင်ဗျားစကားကို နားထောင်ပါ့မယ် ။ ဒါပေမယ့် လောထျန်းကိုတော့ ကျုပ်ကိုယ်တိုင် သတ်ရမှ ဖြစ်မယ် "
သခင်ကြီးချူက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြော၏။
" ကိစ္စမရှိပါဘူး ၊ ငါက ငါ့တာဝန်ပြီးရင် ရပြီ ။ သူ့ကို ဘယ်သူသတ်တယ်ဆိုတာ ငါ့အတွက် အရေးမကြီးဘူး "
သူက ထိုသို့ ပြောပြီးသည်နှင့် ပျောင်ပိုင်မြို့ထဲသို့ အရင်ဆုံး လမ်းလျှောက်ဝင်သွားလိုက်သည် ။
ထို့နောက် သူတို့နှစ်ဦးသည် မြို့ထဲရှိ အကြီးဆုံး စားသောက်ဆိုင်တစ်ခုအတွင်းမှ ပြတင်းပေါက်ဘေးဝိုင်းတွင် ထိုင်၍ စားစရာများ မှာလိုက်ကြသည် ။
" ဟေ့ ..စားပွဲထိုးလေး .. ဒီကို ခနလာပါဦး ၊ ငါ မေးစရာ တစ်ခုရှိလို့ "
သခင်ကြီး ချူက စားပွဲထိုးအား လှမ်းခေါ်ကာ စိတ်စွမ်းအင် ကျောက်တုံးအချို့ ပေးလိုက်သည် ။
စားပွဲထိုးလေး၏ မျက်လုံးများ အရောင်လက်သွားပြီး စိတ်စွမ်းအင်ကျောက်တုံးကို ယူကာ အပြုံးဖြင့် ပြော၏။
" ဧည့်သည်ကြီး သိချင်တာရှိရင် စိတ်ကြိုက်မေးပါ။ ကျုပ်က ဒီ ပျောင်ပိုင်မြို့အကြောင်းကို အူမချေးခါးမကျန် အကုန်သိတယ်ဗျ ။ ဒီမြို့မှာ ကျုပ်မသိတာ ဘာမှ မရှိဘူး "
သခင်ကြီးချူ ခေါင်းညိတ်လိုက်သည် ။
" ငါ မင်းကို လောမိသားစုအကြောင်း မေးချင်လို့ "
ထိုစကားကို ကြားသောအခါ စားပွဲထိုးလေး၏ မျက်လုံးများ ပို၍ပင် အရောင်လက်သွားပြီး ပြော၏။
" ဒါဆို သခင်ကြီး ဒီမေးခွန်းကိုမေးဖို့ လူရွေးတာ မှန်သွားပြီ ။ ကျုပ် အမျိုးထဲက တစ်ယာက်က လောမိသားစုကပဲဗျ ။ အခုဆို လောမိသားစုက ပျောင်ပိုင်မြို့မှာ အကြီးဆုံး မိသားစုတစ်ခု ဖြစ်နေပြီ ။ မဟုတ်သေးဘူး .. ယဲ့ဖုန်းနိုင်ငံ တစ်ခုလုံးမှာ အကြီးဆုံးလို့ ပြောရမယ် "
နိလုံ က အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်သည် ။
" ဒီမိသားစုက တကယ်ကို အဲ့လောက် ထူးဆန်းတာလား "
စားပွဲထိုးလေးက ချက်ချင်း ပြန်ဖြေ၏။
" ဒါပေါ့ဗျ ၊ လောမိသားစု ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ ဧည့်သည်ကြီးတို့ မသိသေးဘူးနဲ့တူတယ် ။ အထူးသဖြင့် သူတို့မိသားစုက သခင်လေး လောထျန်းဆိုရင် မယုံနိုင်လောင်အောင်ကို အစွမ်းထက်တယ် "
နိလုံ အသံတိတ်သွားသည် ။
ထိုအချိန်၌ လက်တွင် ဓားကိုယ်စီ ကိုင်ထားကြသည့် လူငယ်များ စားသောက်ဆိုင်အတွင်းသို့ ဝင်လာ၏။ သူတို့အသွင်မှာ ဂုဏ်ယူဝင့်ကြွားဟန် ရှိသည့ သူရဲကောင်းများနှင့်ပင် တူနေသည် ။
နိလုံက ထိုလူငယ်များကို ခေါင်းလှည့်ကြည့်လိုက်သည် ။ သူ့မျက်လုံးများက ချက်ချင်း ကျောက်စိမ်းရောင် ပြောင်းသွား၏။
သခင်ကြီးချူက သူ့မျက်လုံးကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည် ။
" ဘယ်လိုလဲ "
ထို့နောက်တွင်မူ နိလုံ၏ မျက်လုံးများ ပုံမှန်ပြန်ဖြစ်သွားပြီး ပြုံး၍ ပြန်ဖြေ၏။
" ဒီအသက်အရွယ်နဲ့ဆို တော်တော်လေး အစွမ်းနိမ့်သေးတယ် ။ ပျောင်ပိုင်မြို့က လူငယ်တွေအားလုံးသာ ဒီလိုဆိုရင်တော့ ကျုပ် စိတ်ပျက်ရမှာပဲ "
သခင်ကြီးချူ ခေါင်းအသာအယာ ညိတ်လိုက်သည် ။
နိလုံ၏ မျက်လုံးများကို ကျောက်စိမ်းမျက်လုံး ဟု ခေါ်ပြီး ထိုမျက်လုံးဖြင့် လူတစ်ယောက်၏ တိုက်ရည်ခိုက်ရည်နှင့် ပါရမီအရည်အချင်းကို ထွင်းဖောက်ကြည့်နိုင်၏။
နိလုံသည် ထိုမျက်လုံးများကို အသုံးပြု၍ ပါရမီရှင်များစွာကို ရှာပြီး သတ်ပစ်ခဲ့ဖူးသည် ။
သို့ဖြစ်ရာ သူပြောသည့်စကားကို မယုံစရာ မအကြောင်းမရှိပေ ။
သို့သော် ..ထိုအချိန်မှာပင် ..
" ဟမ့် "
စွမ်းအင်တစ်ခု တိုးထွက်လာသည်ကို ခံစားလိုက်ရသဖြင့် နိလုံတစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားသွား၏။
ထို့နောက် သူက ကျောက်စိမ်းမျက်လုံးများကို ချက်ချင်းဖွင့်၍ စွမ်းအင် ပေါ်လာသည့်ဘက်သို့ ကြည့်လိုက်သည် ။
လူငယ်အုပ်စု၏ နောက်ဆုံးနားတွင် ရှိနေသည့် လူငယ်လေးတစ်ယောက် ....
သူ့ရှေ့မှ လူငယ်များနှင့် ယှဥ်လိုက်ပါက ထိုလူငယ်၏ ကိုယ်အရောင်အဝါမှာ အလွန်အစွမ်းထက်နေ၏။
နိလုံ၏ မျက်လုံးထဲတွင် သာမာန်လူငယ်များ၏ ကိုယ်အရောင်အဝါက ကြွက်တစ်ကောင်ကဲ့သို့ ဖြစ်နေသော်လည်း ထိုလူငယ်ကမူ ကျားတစ်ကောင်ကဲ့သို့ဖြစ်နေသည်ကို သူ ခံစားလိုက်ရသည်။
" အကောင်းဆုံးပဲ .. လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက မြင်ခဲ့ဖူးသမျှထဲမှာတော့ အကောင်းဆုံးပဲ ။ သူက လောထျန်းများ ဖြစ်နေမလား။ တကယ်သာ လောထျန်းဆိုလို့ကတော့ ပါရမီရှင်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်တယ်လို့ ပြောရမယ် "
နိလုံမှာ စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသည် ။
ထိုသို့သော ပါရမီရှင်တစ်ယောက်ကို အမဲလိုက်ရပါက သူ့အတွက် ပျော်စရာတစ်ခု ဖြစ်မည်မှာ သံသယဖြစ်စရာပင် မလိုပေ ။
" ဟေ့ ..စားပွဲထိုးလေး ..ဟိုလူငယ်က နာမည်ကျော် လောထျန်းဆိုတဲ့ သူ မဟုတ်လား "
နိလုံက နှတ်ခမ်းကို လျှာဖြင့်သပ်ကာ စားချင်ဝါးချင်နေဟန်ဖြင့် မေးလိုက်သည် ။
စားပွဲထိုးဘက်မှ ဟုတ်သည်ဟု ပြောလိုက်သည်နှင့် သူ ထိုနေရာသို့ အပြေးသွားကာ သတ်ပစ်ရန်လည်း တွေးထား၏။
သို့သော် ..
" ဟင် ..ဘယ်ဟုတ်မလဲဗျ ။ အဝတ်အစားကို ကြည့်လိုက်ရင်တောင် သိသာတယ်။ သူက လောမိသားစုက သာမာန်တပည့်တစ်ယောက်ပဲ "
စားပွဲထိုးလေးက သူ ညွှန်ပြသည့် နေရာသို့ ကြည့်ကာ ဖြေလိုက်သည် ။
" ဘာ .."
နိလုံ အလွန်အံ့အားသင့်သွား၏။
သာမာန် တပည့်တစ်ယောက်က အဘယ့်ကြောင့် ဤမျှ အစွမ်းထက်နေရပါသနည်း ။
ထိုလူငယ်က ပါရမီရှင်တစ်ယောက်ပင် ။
သူ ထိုသို့ စဥ်းစားနေစဥ်မှာပင် ထူးဆန်းသည့် ခံစားချက်တစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။
သူချက်ချင်း ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်လိုက်၏။
သူ့ ကျောက်စိမ်းမျက်လုံးထဲတွင် လမ်းတစ်ဖက်ခြမ်းမှ လမ်းလျှောက်လာနေသော အစောကထက် ပိုကြီးသည့် ကျားလေးကောင်ကို မြင်လိုက်ရသည် ။
" ဟားဟား .. တစ်ပြိုင်တည်း လေးယောက်တောင်ပါလား "
နိလုံ၏ အသက်ရှူသံများ မြန်လာသည် ။
သူ့မျက်လုံးထဲတွင် ထိုလူငယ်များအား သူ့အတွက်အကောင်းဆုံး သားကောင်များအဖြစ်သာ မြင်နေ၏။
ပုံမှန်ဆိုပါက သူ နှစ်နှင့်ချီ၍ ရှာလျှင်ပင် ထိုသို့သော သားကောင်တစ်ကောင် တွေ့ရန် ခဲယဥ်းလှပေသည် ။ ယခုတွင်မူ သူ့ရှေ့တွင် တစ်ပြိုင်တည်း လေးယောက် ပေါ်လာကြ၏။
ဤ ပျောင်ပိုင်မြို့က ကောင်းကင်ဘုံ တစ်ခုပေလား ...
ထိုအချိန်မှာပင် ...
ဘုန်း ...ဘုန်း..ဘုန်း ...
နိလုံ၏ ကျောက်စိမ်းမျက်လုံးများ တုန်ခါသွား၏။
သူလှည့်ကြည့်လိုက်ရာ လမ်းတစ်ဖက်မှ သူရှိရာဘက်သို့ တဖြည်းဖြည်း လျှောက်လာနေသည့် ဧရာမ ဒိုင်နိုဆောကြီးတစ်ကောင်ကဲ့သို့ အရှိန်အဝါနှင့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည် ။
" ဒါ .."
နိလုံ အံ့သြမှင်သက်သွား၏ ။
သူ မယုံနိုင်စွာဖြင့် မျက်လုံးကို လက်ဖြင့် ပွတ်ကာ ထပ်ကြည့်လိုက်သည် ။ ဒိုင်နိုဆော ပုံရိပ်က ထိုလူငယ်ထံမှ လာသည်မှာ မှန်ပေသည် ။
" နောက်နေတာများလားဟ"
နိလုံ တစ်ကိုယ်တည်း ရေရွတ်လိုက်သည် ။
" ဘာဖြစ်လို့လဲ "
သခင်ကြီးချူက မေးလိုက်သည် ။
နိလုံမှာ တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ့မျက်နှာလည်း အလွန်ပျက်နေ၏။
" သခင်ကြီးလုံ ..ကျုပ်ကို ဒီနေရာကို ခေါ်လာတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ။ ကျုပ်ဘဝမှာ ဒီလိုအဆင့်ရှိတဲ့ ပါရမီရှင်မျိုး တွေ့ရလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဖူးဘူး ။ ဒီကောင့်ကိုသာ ကျုပ် အပိုင်သိမ်းလိုက်နိုင်ရင် ကျုပ်ဘဝကြီးက နေပျော်ပါပြီဗျာ ။ ဒီကောင်က ယဲ့ဖုန်းနိုင်ငံရဲ့ နံပါတ်၁ ပါရမီရှင် ၊ လောထျန်း ဖြစ်ဖို့ ထိုက်တန်တဲ့သူပဲ"
နိလုံက စိတ်လှုပ်ရှားစွာ ပြောလိုက်သည် ။
သခင်ကြီးချူက သူ့ကိုကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းယမ်း၏ ။
ထိုလူက အလွန်နှာဘူးကျပေသည် ။
ထိုအချိန် သူတို့အနီးတွင် ရှိနေသည့် စားပွဲထိုးလေးကလည်း ပြတင်းပေါက်ကိုကြည့်ကာ ပြော၏။
" အော် ..သခင်လေး လောထျန်းလား .. ဧည့်သည်ကြီးတို့ မှားနေပြီဗျ ။ အဲ့လူနာမည်က လောတ လို့ခေါ်တယ်။ သူက လောမိသားစုက လူငယ်တစ်ယောက်ပဲဗျ ။သူ့အဆင့်က တစ်ကနေ တစ်ဆယ်အတွင်းတောင် မဝင်ဘူး "