← Chapters

သူ့အစွမ်းကို ကြည့်၍မရ

Vol. 6 Ch. 82

သူ့အစွမ်းကို ကြည့်၍မရ

Vol. 6 Ch. 82

နိလုံက လောတကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးမှ စားပွဲထိုးလေးဘက် လှည့်ကြည့်ကာ မယုံနိုင်ဟန်ဖြင့် မေး၏။

" မင်း ..သေချာရဲ့လား "

စားပွဲထိုးလေးက ယုံကြည်ချက်ရှိရှိ ပြန်ဖြေသည် ။

" ဒါပေါ့ဗျ ၊ ကျုပ် ကြွားနေတာ မဟုတ်ဘူး .. လောမိသားစုက လူငယ်တွေ အားလုံးနီးပါးကို ကျုပ် သိတယ် ။ သူတို့ကတော့ ကျုပ်ကို မသိကြဘူးပေါ့ဗျာ ။ အဲ့တစ်ယောက်က လောတဆိုတာ သေချာတယ် ၊ သူ့အစွမ်းကလဲ ပျောင်ပိုင်မြို့မှာ ထိပ်တန်းပဲဗျ ။ ဒါပေမယ့် သူက လောမိသားစုအတွင်းမှာတော့ အစွမ်းအထက်ဆုံးသူတွေထဲ မပါဘူး "

ထိုစကားကို ကြားသောအခါ နိလုံ တံတွေးမျိုချလိုက်သည် ။ သူ့မျက်လုံးများကမူ လောတ ထံတွင်သာ ရှိနေပြီး အသံတုန်တုန်ဖြင့် ပြော၏ ။

" အဆင့် ၁ ကနေ ၁၀ အတွင်းတောင် မဝင်ဘူးပေါ့ ..  ဒါဆို လောထျန်းရဲ့အစွမ်းက ဘယ်လောက်တောင် ရှိနေမလဲ "

သခင်ကြီးချူက အခြားသူများ မကြားစေရန် နိလုံထံသို့ အသံလွှင့်၍ မေးလိုက်သည် ။

" နိလုံ .. ဘာတွေ ဖြစ်နေတာလဲ "

နိလုံကလည်း အသံလွှင့်နည်းဖြင့် ပြန်ဖြေ၏။

" တကယ့် ပါရမီရှင်ပဲ .. လောထျန်း မပြောနဲ့ ၊ ဒီ လောတဆိုတဲ့ သူကတောင် တော်တော်လေး အံ့သြစရာ ကောင်းနေပြီ ။ ဒီကောင်လေးရဲ့ ကျင့်ကြံခြင်းအဆင့်က အလွန်ဆုံးမှ စိတ်စွမ်းအင် စုဆောင်းခြင်း အဆင့် ၅ လောက်ပဲ ရှိဦးမှာ ၊ ဒါပေမယ့် သူ့အစွမ်းက စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့်က သာမာန်ကျင့်ကြံသူထက် အများကြီး သာနေပြီ ။ ကောင်ကင်ထိန်းချုပ်အဆင့်က အစွမ်းနိမ့်တဲ့ ကျင့်ကြံသူတောင် သူ့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး "

သခင်ကြီးချူ အလွန်အံ့အားသင့်သွားသည်။

" မင်းပြောတာ သေချာရဲ့လား "

နိလုံက ချက်ချင်း မကျေမနပ်ဖြစ်သွားဟန်ဖြင့် ပြန်ပြော၏။

" ခင်ဗျားက ကျုပ်မျက်လုံးကို မယုံဘူးလား ၊ ကျုပ်ရဲ့ ကျောက်စိမ်းမျက်လုံးက ဘယ်တော့မှ မမှားဘူးဗျ "

သခင်ကြီူချူ ခေတ္တမျှ စကားမဆိုနိုင်ဘဲ ဖြစ်သွားသည် ။

နိလုံသည် အနည်းငယ် နှာဘူးကျသော်လည်း သူ၏ ကျောက်စိမ်းမျက်လုံးက လူကဲခတ်ရာတွင် အမြဲတမ်း မှန်ကန်တိကျမှုရှိ၏။

သို့ဖြစ်ရာ သူပြောသည့် စကားက အမှန်ပင် ဖြစ်ရပေမည် ။

ယဲ့ဖုန်းနိုင်ငံတွင် ထိုသို့သော မိသားစုမျိုး ဘယ်အချိန်က ပေါ်လာခဲ့သနည်း ။

သူတို့မိသားစုတွင် ပါရမီရှင်များစွာ ထပ်ရှိနေသေးသည်လား ။

သူ ထိုသို့ တွေးနေစဥ်မှာပင် လမ်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည် ။

" ဟင် ..ဘာတွေ ဖြစ်နေတာလဲ "

သူတို့ နှစ်ဦးလုံး အံ့အားသင့်သွား၏။

ထိုစဥ် စားပွဲထိုးလေးက လမ်းမဘက်သို့ လှမ်းကြည့်ကာ စိတ်လှုပ်ရှားသွားသည် ။

" ဧည့်သည်ကြီးတို့ နှစ်ယောက်လုံး ကံကောင်းတာပဲ ၊ ပျောင်ပိုင်မြို့ကို ပထမဆုံး ရောက်တဲ့အချိန်မှာ ဒီလူနှစ်ယောက်နဲ့ တွေ့ရတော့မယ် "

စားပွဲထိုးက ပြောလိုက်သည် ။

" ဘယ်နှစ်ယောက်လဲ ၊ သူတို့က ဘယ်သူတွေမို့လို့လဲ "

သခင်ကြီးချူ နားမလည်နိုင် ဖြစ်သွား၏ ။

စားပွဲထိုးက ပြတင်းပေါက်သို့ ညွှန်ပြကာ ပြောလိုက်သည် ။

" အဲ့နှစ်ယောက်က လောမိသားစုရဲ့ အစောင့်အကြပ်တွေပေါ့ဗျာ ၊ ဘုရင်ကျင်းဖန်နဲ့ နျိုဝူဖုန်းလို့ ခေါ်တယ် ။ သူတို့နှစ်ယောက်လုံးက နတ်ဘုရားသားရဲတွေပဲ ၊ ဒီနောက်ပိုင်းမှ လောမိသားစုကို ရောက်လာကြတာ ။ ဟိုတလောကလေးတင် သူတို့ နှစ်ယောက်လုံး ကွေ့ရှအဆင့်ကို ရောက်သွားခဲ့ကြတာဗျ ။ ကျုပ်တို့ ယဲ့ဖုန်းနိုင်ငံမှာ ကွေ့ရှအဆင့် ကျင့်ကြံသူ မရှိတာ တော်တော်ကြာခဲ့ပြီ ။ ပြီးတော့ သူတို့နှစ်ယောက်ကို တွေ့ဖို့က လွယ်တာမဟုတ်ဘူး "

" ဘယ်လို "

သခင်ကြီးချူ အံ့အားသင့်သွားရပြန်သည် ။

သူတို့ ရထားသည့် သတင်းတွင် လောမိသားစု၌ ကွေ့ရှအဆင့် ကျင့်ကြံသူ ရှိသည်ဟု မပြောထားချေ ။

ယခုတွင်မူ ကွေ့ရှအဆင့် ကျင့်ကြံသူ နှစ်ယောက် ရှိနေသည့်အပြင် နှစ်ယောက်လုံးကလည်း နတ်ဘုရား သားရဲများ ဖြစ်နေကြသည်လား .. ။

ထိုအကြောင်းကိုသာ သူ စောစောသိခဲ့ပါက ဤနေရာသို့ လာခဲ့မည်မဟုတ်ပေ ။

နတ်ဘုရားသားရဲများသည် အစွမ်းအရာ၌ အခြားသားရဲများထက် ပိုသာလွန်ကြ၏။

ကျင့်ကြံခြင်းအဆင့်တူသော ပုံမှန်သားရဲများကို တိုက်ခိုက်ရန်ပင် လူသားများအတွက် မလွယ်ကူလှရာ နတ်ဘုရားသားရဲဆိုလျှင် ပိုဆိုးပေသည် ။

သူတို့နှစ်ယောက်လုံး အပြင်သို့ လှည့်ကြည့်လိုက်ရာ အရပ်ရှည်ရှည် လူနှစ်ယောက်က သူတို့ရှိရာဘက်သို့ တဖြည်းဖြည်း လျှောက်လာနေသည်ကို မြင်လိုက်ရသည် ။

ထိုနှစ်ဦးသည် ကွေ့ရှအဆင့်ကို ရောက်သွားပြီးသည့်နောက် အသွင်ပြောင်းရာတွင် ပို၍တိုးတက်လာပြီး သူတို့အသွင်က လူသားများနှင့် ပိုတူလာကြ၏။

သို့သော် သူတို့၏ အရပ်ကမူ သာမာန်လူများထက် နှစ်ဆခန့် ပိုရှည်ပြီး နျိုဝူဖုန်း၏ ခေါင်းတွင် ချိုတစ်ခု ရှိနေဆဲဖြစ်သည် ။ ဘုရင်ကျင်းဖန်၏ နောက်ကျောတွင်လည်း တောင်ပံတစ်စုံ ရှိနေ၏။

လမ်းတစ်လျှောက်တွင် ရှိနေသည့် လူများမှာ ထိုနှစ်ယောက်ကိုကြည့်ကာ အံ့သြတကြီး ဖြစ်နေကြပြီး ဘေးသို့ အလိုလို ဖယ်ပေးလိုက်ကြသည် ။

" နိလုံ ..ဒီနှစ်ယောက်က ဘယ်လောက် အစွမ်းထက်ကြလဲ "

သခင်ကြီးချူက မေးလိုက်သည် ။

နိလုံက အာရုံစူးစိုက်ကြည့်လိုက်ရာ သူ့မျက်လုံးများ ကျောက်စိမ်းရောင် ပြောင်းသွား၏။

သို့သော် ခဏအကြာတွင်မူ သူက အလွန်အံ့သြမှင်သက်သွားဟန်ဖြင့် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်သည် ။

" ဒါ ..ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "

နိလုံ အလွန်အံ့သြတုန်လှုပ်နေ၏။

" ဘာဖြစ်လို့လဲ "

သခင်ကြီးချူ မေးလိုက်သည် ။

နိလုံက သက်ပြင်းချ၍ ပြတင်းပေါက်ကိုသာ ညွှန်ပြလိုက်သည် ။

သူသည် အစောက ထိုနှစ်ယောက် မည်မျှအစွမ်းထက်သည်ကို သိရန် ကျောက်စိမ်းမျက်လုံးကို အသုံးပြု၍ ကြည့်ခဲ့၏။

ထိုအချိန်တွင် သူ မြင်လိုက်ရသည်မှာ ငါးရောင်ခြယ် အလင်းတန်းများဖြင့် လွှမ်းခြုံထားသောဧရာမ နွားကြီးတစ်ကောင်နှင့် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးထားနိုင်သည့် ဧရာမ ရွှေရောင်ငှက်ကြီးတစ်ကောင် ဖြစ်သည် ။

ထိုနှစ်ယောက်၏ ခန္ဓာကိုယ်များက အလွန်ကြီးမားသလို သူတို့၏ ကိုယ်အရောင်အဝါကလည်း ရှေးဟောင်းသားရဲနှစ်ကောင်အလား အလွန်ကြောက်မက်ဖွယ် ကောင်းနေ၏။

" အစွမ်းထက်တယ် ..တော်တော်ကြီးကို အစွမ်းထက်တယ် "

နိလုံက တုန်ယင်စွာ ပြောလိုက်သည် ။

" ဘယ်လောက် အစွမ်းထက်တာလဲ "

သခင်ကြီးချူ ထပ်မေး၏။

နိလုံက ခေတ္တမျှ စကားမပြောနိုင် ဖြစ်နေပြီးမှ ပြန်ဖြေသည် ။

" ကျင့်ကြံခြင်းအဆင့်ကတော့ နှစ်ယောက်လုံး ကွေ့ရှအဆင့်ကို ရောက်ထားတာ မကြာသေးဘူး ။ ဒါပေမယ့် သူတို့ရဲ့ ကိုယ်အရောင်အဝါက တော်တော်လေး ထူးဆန်းတယ် ။ နတ်ဘုရားသားရဲ ဖြစ်နေရင်တောင် သူတို့ ဒီလောက် အစွမ်းထက်မနေသင့်ဘူး ။ အင်း .. ကျုပ်အထင် ပြောရရင်တော့ သူတို့အစွမ်းက ကွေ့ရှ အဆင့် ၉ ကျင့်ကြံသူနဲ့ ယှဥ်ပြီး တိုက်ဖို့တောင် လုံလောက်တယ် "

" ဘယ်လို .. အဲ့လောက်တောင် အစွမ်းထက်တာလား "

ဤတစ်ကြိမ်တွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားရသူမှာ သခင်ကြီးချူပင် ။

လောမိသားစုတွင် ထိုသို့သော လူမျိုး ရှိနေသည်လား ..

၎င်းမှာ ဒေါသထွက်စရာ ကောင်းလှပေသည် ။

သူတို့၏ အလုပ် ပြီးမြောက်ရန် လမ်းစပင် မရှိနိုင်တော့ပေ ။

" ထားလိုက်ပါတော့ကွာ .. ငါတို့ ဒီကနေ ထွက်သွားရအောင် "

သခင်ကြီးချူက ဆုံးဖြတ်ချက် ချပြီးသွားဟန်ဖြင့် ပြောလိုက်သည် ။

သူတို့၏ ပြိုင်ဘက်က မည်မျှ အစွမ်းထက်သည်ကို သိနေပြီဖြစ်ရာ ဤနေရာတွင် ဆက်နေ၍လည်း အကျိုးမရှိတော့ချေ ။

သို့သော် နိလုံက အံကြိတ်လိုက်၏။

" ထွက်သွားရမှာလား .. နှမျောစရာကောင်းလိုက်တာ ။ ဒီမှာ သားကောင်တွေ အဲ့လောက် များတာကို "

သူ တီးတိုးရေရွတ်လိုက်သည် ။

သခင်ကြီးချူက သူ့ကို ကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းယမ်း၏။

" မင်းအတွက် ဘယ်ဟာက ပိုအရေးကြီးသလဲ ၊ မင်းအသက်လား ..သားကောင် လိုက်ရဖို့လား "

နိလုံက မည်သိူ့မှ ပြန်မပြောဘဲ အချိန်အတန်ကြာ စဥ်းစားနေလိုက်သည်။

နောက်ဆုံးမှ သူက မျက်ခုံးပင့်၍ ပြော၏ ။

" အင်း .. ဒီတစ်ခါ လောထျန်းကို မသတ်နိုင်ပေမယ့် ..လောတကို ဖမ်းခေါ်သွားလို့တော့ ရတာပဲလေ ။ အဲ့လိုလုပ်လို့ ရတယ်မလား "

လောတသည်ပင် အလွန် ပါရမီထူးချွန်နေပြီဖြစ်ရာ နိလုံ လက်မလွတ်နိုင်ဘဲ ဖြစ်နေ၏။

" နိလုံ .. မလုပ်နဲ့ .. "

သခင်ကြီးချူ တားရန် ပြင်လိုက်စဥ်မှာပင် ...

နိလုံက နေရာရွှေ့သွားပြီး လျှပ်စီးကဲ့သို့ အရှိန်ဖြင့် လောတကို ဖမ်းခေါ်ရန် ကြိုးစားလိုက်သည် ။

သို့သော် .. ထိုအချိန်တွင် ပြောပြ၍မရသည့် ကြောက်မက်ဖွယ် အစွမ်းတစ်ခုက သူ့အား ရစ်ပတ်လာသည်ကို နိလုံ ခံစားလိုက်ရ၏။

၎င်းက သူ့အား နေရာတွင်ပင် မလှုပ်နိုင်အောင် ဖိနှိပ်ထားလိုက်သည် ။

" ဧည့်သည်ကြီးက စားပြီးတော့ မရှင်းဘဲ ထွက်ပြေးချင်လို့လား ..အဲ့လို မရဘူးလေဗျာ "

နိလုံ ပြတင်းပေါက်မှ ခုန်ထွက်ရန် ကြိုးစားနေသည်ကို မြင်လိုက်သည့် စားပွဲထိုးက ခပ်မြန်မြန်ရောက်လာပြီး ပြော၏။

သို့သော် နိလုံမှာ သူ့အား ဂရုမစိုက်နိုင်ဘဲ နေရာတွင်သာ ရပ်လျက် သူ့ကို ဖိနှိပ်ထားသည့် အရောင်အဝါကို ကြိုးစားတွန်းလှန်နေသည် ။

" နိလုံ .. "

သခင်ကြီးချူသည်လည်း ထိုအချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားပြီး ရှေ့တိုးလာ၏။

ထိုအချိန်မှာပင် ...

" ခင်ဗျားတို့နှစ်ယောက် .. ပျောင်ပိုင်မြို့ကို ဧည့်သည်အဖြစ် လာတာ လက်ခံလို့ရပါတယ် ။ ဒါပေမယ့် ကျုပ်တို့ လောမိသားစုကို တိုက်ခိုက်တာကတော့ အဆင်မပြေဘူးလေ "

သူတို့အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည် ။

ထိုစဥ် သူ့ကိုယ်ကို ချုပ်နှောင်ထားသည့် အရောင်အဝါ ပျောက်ကွယ်သွားသည်ကို နိလုံ သတိထားမိလိုက်၏။

" ဘယ်သူလဲ "

သူတို့နှစ်ဦး တစ်ပြိုင်တည်းလိုပင် လှည့်ကြည့်လိုက်ကြသည် ။

စားသောက်ဆိုင်ထဲတွင် လူငယ်လေးတစ်ယောက်က လက်ကိုနောက်ပစ်လျှက် ရပ်နေပြီး သူတို့နှစ်ယောက်ကို ကြည့်နေ၏။

" ဟင် .. မင်း .. ဘယ်တုန်းက .. "

သခင်ကြီးချူ အံ့အားသင့်သွားသည် ။

အစောပိုင်းကပင် ထိုနေရာ၌ မည်သူမှ ရှိမနေသည်ကို သူ သေချာ သိ၏။

ထိုလူငယ်က မည်သည့်အချိန်က ရောက်နေပါသနည်း ။

သူတို့ အဘယ့်ကြောင့် သတိမထားမိလိုက်ရသနည်း ။

" ကျောက်စိမ်းမျက်လုံး "

နိလုံက ကျောက်စိမ်းမျက်လုံးကို ချက်ချင်း အသုံးပြုကာ တစ်ဖက်လူ၏ အစွမ်း မည်မျှရှိသည်ကို ကြည့်လိုက်သည် ။

သို့သော် သူ အံ့သြမှင်သက်သွားရပြန်၏။

" နိလုံ .. သူ့အစွမ်းက ဘယ်လိုလဲ "

သခင်ကြီးချူ မေးလိုက်သည် ။

" ကျုပ် ..ကျုပ် မမြင်ရဘူး "

နိလုံ အံ့သြတကြီး ရေရွတ်လိုက်သည် ။

သူ၏ ကျောက်စိမ်းမျက်လုံးများဖြင့်ပင် သူ့ရှေ့မှ လူငယ်က လုံးဝ အသွင်ပြောင်းသွားခြင်း မရှိဘဲ နဂိုမူလ ပုံစံသာ ရှိနေ၏။

သူ ကျောက်စိမ်းမျက်လုံးကို စပြီး သုံးနိုင်သည့် အချိန်မှစ၍ ထိုသို့ ကြုံရသည်မှာ ယခုက ပထမဆုံးအကြိမ်ပင် ..။

" ဘယ်လို .. "

ဤတစ်ကြိမ်တွင် သခင်ကြီးချူ အံ့သြတုန်လှုပ်သွား၏။

ထို့နောက် သူက လူငယ်အား မျက်မှောင်ကြုံ့၍ ကြည့်ကာ မေးလိုက်သည် ။

" သခင်လေးက ဘယ်သူလဲ "

လူငယ်က အပြုံးဖြင့် ပြန်ဖြေ၏။

" ကျုပ်နာမည်က လောထျန်း လို့ခေါ်တယ် "

All Chapters