အစွမ်းထက်လွန်းလို့ ချက်ချင်း သတ်လိုက်ရတာ
Vol. 6 Ch. 83
" ဘာ ..မင်းက လောထျန်းလား "
သခင်ကြီးချူ အံ့သြတုန်လှုပ်သွားသည် ။
သူ့ရှေ့မှ လူငယ်လေးက သူတို့ သတ်ရန် လာခဲ့သည့် ပစ်မှတ်ပင် ..
ထိုပစ်မှတ်က မကြိုးစားရပါဘဲ သူ့ရှေ့တည့်တည့်သို့ မဆိုင်းမတွ ရောက်လာသည်လား ...
ပုံမှန်အခြေအနေဆိုလျှင် ၎င်းက ကောင်းသောအရာတစ်ခုပင် ။
သို့သော်လက်ရှိတွင်မူ သူ အလွန် ထိတ်လန့်ကြောက်ရွံ့နေ၏။
" သခင်လေး . ကျုပ်တို့ကို ဘယ်လို သတိထားမိသွားတာလဲ "
သခင်ကြီးချူက နားမလည်နိုင်စွာ မေးလိုက်သည် ။
လောထျန်းက သူ့ကိုကြည့်ကာ ပြန်ဖြေ၏။
" ကွေ့ရှအဆင့်ရှိတဲ့ လူနှစ်ယောက် မြို့ထဲ ဝင်လာတာကို ကျုပ် သတိမထားမိဘဲ ဘယ်နေပါ့မလဲ ။ ခင်ဗျားတို့ မြို့ပြင်မှာ ရှိနေကတည်းက ကျုပ် သေချာစောင့်ကြည့်နေတာ "
" ဘယ်လို ..အစောကြီးကတည်းက သတိထားမိနေတာလား .. ဒါပေမယ့် ..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
သခင်ကြီးချူ တုန်လှုပ်သွားသည် ။
သူတို့နှစ်ယောက်သည် မြို့ပြင်ကတည်းကပင် လူများ မရိပ်မိစေရန် သူတို့၏ ကိုယ်အရောင်အဝါများကို တမင် ဖုံးကွယ်ထားခဲ့ကြ၏။
သို့တိုင် လောထျန်းက သတိထားမိနေသည်တဲ့လား ...
လောထျန်းက နောက်ပစ်ထားသည့် လက်နှစ်ဖက်ကို ဆန့်ကာ ပြောလိုက်သည် ။
" အမှန်တိုင်းပြောရင် ကျုပ်လဲ ခင်ဗျားတို့ကို သတိမထားမိချင်ဘူးဗျ။ ဒါပေမယ့်လက်ရှိမှာ ကျုပ်ရဲ့ စိတ်ဝိဥာဥ်အစွမ်းက အရမ်းအစွမ်းထက်နေတာ ။ ကျုပ် အကာင်းဆုံး ကြိုးစားပြီး စုစည်းထားတာတောင် စိတ်ဝိဥာဥ်အစွမ်းက ပျောင်ပိုင်မြို့ တစ်မြို့လုံးနဲ့ မြို့ပတ်ပတ်လည် မိုင် သုံး၊လေး ဆယ်လောက်ထိကို လွှမ်းခြုံထားနိုင်တုန်းပဲ "
" ဘယ်လို .. "
သခင်ကြီးချူ ထိတ်လန့်တကြား အော်မိသွားသည် ။
စိတ်ဝိဥာဥ်အစွမ်း က ပျောင်ပိုင်မြို့ တစ်မြို့လုံးသာမက မြို့ပြင် မိုင် သုံး၊လေးဆယ်အထိ လွှမ်းခြုံထားနိုင်သည်တဲ့လား ..
လူသားတစ်ယောက်က ထိုသို့ လုပ်နိုင်သည်လား ...
သူသည် စိတ်ဝိဥာဥ်ကျင့်ကြံသူအချို့ကို သိသလို စိတ်ဝိဥာဥ်အစွမ်းကိုလည်း သိသဖြင့် ၎င်းကို အာရုံခံနိုင်၏။
သို့သော် သူသိသည့် အစွမ်းထက်ဆုံး စိတ်ဝိဥာဥ်ကျင့်ကြံသူသည်ပင် သူ့ဘေးပတ်ဝန်းကျင် ဆယ်မီတာ အကွာအဝေးအထိသာ စိတ်ဝိဥာဥ်စွမ်းအင်ကို ထုတ်လွှတ်နိုင်ပေသည် ။ ထို့အပြင် ၎င်းအစွမ်းက ကြာရှည်လည်း မခံချေ ။
ယခု သူ့ရှေ့မှ လူငယ်၏ စိတ်ဝိဥာဥ်အစွမ်းက ထိုအကွာအဝေးအထိ လွှမ်းခြုံနိုင်သည်တဲ့လား ။
သူ ထိုစကားကို မယုံချင်ပါ ။ သို့သော် ..မယုံ၍လည်း မဖြစ်ပေ ။ သို့မဟုတ်လျှင် လောထျန်းက သူနှင့် နိလုံတို့ကို မည်သိူ့ အာရုံခံနိုင်ပါမည်နည်း ။
ထိုစဥ် လောထျန်းက စကားဆက်၏။
" ခင်ဗျားတို့နှစ်ယောက်က ပျောင်ပိုင်မြို့ကို ပြဿနာရှာဖို့ လာတာ မဟုတ်ရင် ကျုပ်က ဂရုစိုက်ပါဘူး ။ ဒါပေမယ့် အစောကလေးတင် ခင်ဗျားတို့က ကျုပ်ရဲ့ မိသားစုဝင်တစ်ယောက်ကို သတ်ချင်တဲ့ ပုံစံ ဖြစ်နေတာ တွေ့လိုက်ရတယ် ။ ဒါမျိုးကိုတော့ ကျုပ် ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူး "
ထိုအချိန်တွင် လောထျန်း၏ မျက်နှာက အလွန်အေးစက်နေသည် ။
စားသောက်ဆိုင်တစ်ခုလုံးလည်း ရုတ်ချည်း အေးစက်သွား၏။
" ဟင် .. "
သခင်ကြီးချူ မျက်လုံးပြူးသွားကာ မည်သို့ ထွက်ပြေးရမည်ကို မြန်မြန်စဥ်းစားလိုက်သည် ။
သို့သော် သူ့ဘေးမှ နိလုံက ရုတ်တရက် တိုက်ခိုက်လိုက်၏။
" ဟမ့် ..မင်း အဲ့လောက်အစွမ်းထက်တယ်ဆိုတာ ငါတော့ မယုံဘူး ။ သေစမ်းကွာ "
နိလုံက ဒေါသတကြီး အော်လိုက်သည် ။ သူ့ကိုယ်မှ ကွေ့ရှအဆင့် ကိုယ်အရောင်အဝါကလည်း ပေါက်ကွဲထွက်လုဆဲဆဲမှာပင် ..
ဝုန်း ..
ရုတ်တရက် နိလုံ၏ ခေါင်း အဝေးသို့ လွင့်ထွက်သွားတော့သည် ။
" စိတ်မရှိပါနဲ့ဗျာ .. ခင်ဗျားက အစွမ်းထက်လွန်းတော့ ဒီနေရာမှာ တိုက်ခိုက်ခိုင်းလိုက်ရင် ပျောင်ပိုင်မြို့တစ်ဝက်လောက် ပျက်စီးသွားနိုင်တယ် ။ ဒါ့ကြောင့်မို့ ချက်ချင်း သတ်လိုက်ရတာပါ "
လောထျန်းက မထူးဆန်းဟန်ဖြင့် လက်ကို ခါ၍ ပြော၏။
" မင်း .."
ခဏအကြာတွင်မူ နိလုံ၏ ခေါင်း မြေကြီးပေါ်သို့ ကျသွားသည် ။ သို့သော် ထိုအချိန်ထိတိုင် ဖြစ်ပျက်သွားသည့် အဖြစ်ပျက်ကို သူ မယုံနိုင်သေးပါချေ ။
သူက တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ရသည်လား ။
ထို့ထက်ပိုဆိုးသည်မှာ တစ်ဖက်လူက မည်သည့်အချိန်တွင် မည်သို့ လှုပ်ရှားလိုက်သည်ကိုပင် သူ မမြင်လိုက်ရခြင်းဖြစ်သည် ။
ထိုတခဏတွင် နိလုံမှာ အလွန်ဒေါသထွက်နေ၏။သူ့အတွေးထဲတွင် လောထျန်းအား ဆဲရေးတိုင်းထွာရန် စကားလုံးများစွာ ပေါ်လာသော်လည်း သူ့ပါးစပ်မှ ထုတ်မပြောနိုင်တော့ပါချေ ။
ထို့နောက်တွင်မူ သူ့အမြင်များ မှုန်ဝါးလာပြီး သူ့အသိစိတ်က စတင်ပျောက်ကွယ်လာ၏။
သို့သော် သူ့အသိစိတ် ပျောက်ကွယ်လုဆဲဆဲအချိန်တွင် သူ ထူးဆန်းသော အတွေးတစ်ခု တွေးမိလိုက်သည် ။ ထိုသို့သော ပါရမီရှင်တစ်ယောက်၏ လက်ထဲတွင် သေရသည်မှာ မည်မျှ ကောင်းလိုက်သနည်း ...
နိလုံကား အမှန်တကယ်ပင် နှာဘူးကျလှပေသည် ။
ထိုအချ်န်တွင် သူနှင့်ပါလာသူ သေသွားသည်ကို မြင်လိုက်ရသော သခင်ကြီးချူ၏ နဖူးမှ ဇောချွေးများ ပြန်လာ၏။
သူသည် အမြဲတစေ သတိဖြင့် သွားလာနေထိုင်တတ်သူ ဖြစ်သော်လည်း ဤတစ်ကြိမ်၌ ယခုကဲ့သို့ ဆုံးရှုံးမှုမျိုးနှင့် ကြုံရလိမ့်မည်ဟု ထင်မထားခဲ့ပေ ။
" သခင်လေးလောထျန်း ..ကျုပ်က အစောထဲက သခင်လေးကို ဘာမှ အန္တရာယ်ပြုဖို့ မရည်ရွယ်ပါဘူး ။ သခင်လေးသာ ကျုပ်ကို သွားခွင့်ပြုရင် ကျုပ် ပျောင်ပိုင်မြို့ကို နောက် ဘယ်တော့မှ မလာတော့ဘူးလို့ ကတိပေးပါတယ် ။ လောမိသားစုကို တွေ့ရင်လဲ ကျုပ် အေးအေးဆေးဆေး နောက်ဆုတ်နေမှာပါ "
သခင်ကြီးချူက ပြောလိုက်သည် ။
သို့သော် လောထျန်းက သူ့စကားကို ဂရုစိုက်ဟန် မပြချေ ။
ထို့နောက်တွင်မူ လောထျန်းက သခင်ကြီးချူနောက်သို့ တည်နေရာရွှေ့ပြောင်းသွား၏။
" ကျုပ် .. "
သခင်ကြီးချူ အံ့သြမှင်သက်သွားပြီး တစ်ခုခုပြောရန် ပြင်လိုက်စဥ်မှာပင် .. သူ့ရင်ဘတ်၌ အပေါက်ကြီးတစ်ခု ရှိနေသည်ကို မြင်လိုက်ရတော့သည် ။
" အခုမှ နောင်တရနေလို့လဲ မထူးတော့ဘူး ။ ခင်ဗျားကြီးက ကျုပ်တို့ လောမိသားစုကို အသီးအရွက် စျေးတန်းလို့ ထင်နေတာလား ။ လာချင်သလိုလာပြီး သတ်ချင်သလို သတ်လို့ရမယ်လို့ ထင်နေပြီးတော့ သတ်မရတော့မှ အေးအေးဆေးဆေး နောက်ဆုတ်လို့ ရမယ် ထင်နေတယ်ပေါ့ "
လောထျန်း အေးစက်စက် ပြောလိုက်သည် ။
ဝုန်း ..
သခင်ကြီးချူ၏ ခန္ဓာကိုယ် မြေကြီးပေါ်သို့ လဲကျသွား၏။
လောထျန်းက အလောင်းနှစ်လောင်းကို ကြည့်ကာ လက်ဖျောက်တစ်ချက် တီးလိုက်သည် ။ ချက်ချင်းပင် သခင်ကြီးချူ လက်မောင်းမှ အသံလွှင့်အဆောင်က သူ့လက်ထဲသို့ ရောက်လာ၏။
သူက မည်သို့မှ မပြောဘဲ အသံလွှင့်အဆောင်ကို အသက်သွင်းလိုက်သည် ။
" သခင်ကြီးချူ ..ခဏလေးနဲ့ အောင်မြင်သွားပြီလား ။ ဟား ဟား .. ကျုပ် ပြောခဲ့သားပဲဗျာ ၊ လောထျန်းက အစွမ်းထက်တယ်ဆိုပေမယ့် ကွေ့ရှအဆင့်က ခင်ဗျားတို့နှစ်ယောက်နဲ့ ယှဥ်ရင်တော့ ဘာမှ မဟုတ်ပါဘူးလို့ "
အသံလွှင့်အဆောင်မှ အဘိုးအိုတစ်ယောက်အသံ ထွက်ပေါ်လာ၏။
လောထျန်းက အဆောင်ကို လက်ထဲတွင်ကိုင်ကာ အေးစက်စက် ပြန်ပြောလိုက်သည်။
" စိတ်မကောင်းပါဘူးဗျာ ၊ ကျုပ်က သခင်ကြီးချူ မဟုတ်ဘူး "
" ဟမ် .. မင်းက ဘယ်သူလဲ "
တစ်ဖက်မှ အဘိုးအိုက အံ့သြတကြီး မေး၏။
" ကျုပ်က လောထျန်းပဲ ၊ ခင်ဗျားရဲ့ နတ်ဆိုးဝိဥာဥ်နန်းတော်က လူသတ်သမား နှစ်ယောက်လုံး သေသွားကြပြီ ။ ကျုပ် ခင်ဗျားကို ထပ်ပြီး သတိပေးလိုက်ဦးမယ် ၊ ကျုပ်ကို သတ်ချင်ရင် အဲ့ထက်ပို အစွမ်းထက်တဲ့သူတွေ လွှတ်မှရမယ် "
လောထျန်းက ပြောပြီးသည်နှင့် လက်ထဲမှ အသံလွှင့်အဆောင်အား ဖိချေပစ်လိုက်သည် ။
ထိုအချိန်တွင် မိုင်ထောင်ချီဝေးသော နတ်ဆိုးဝိဥာဥ်နန်းတော်၌ ....
အဘိုးအိုတစ်ယာက်၏ မျက်နှာ ဖြူဖျော့သွား၏။
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. သခင်ကြီးချူနဲ့ နိလုံတို့ နှစ်ယောက်လုံး သေသွားပြီတဲ့လား .. နောက်နေတာများလားကွာ ။ ဒီလူတွေက တခြားတိုင်းပြည်ကနေတောင် ငှားထားတဲ့ ကွေ့ရှအဆင့် ကျင့်ကြံသူတွေလေ .. သူတို့က ဘယ်လိုလုပ်ပြီး .. "
အဘိုးအို အလွန် မျက်နှာပျက်နေသည် ။
ထိုအချိန်တွင် အခန်းထောင့်မှ အမည်းရောင် အရိပ်တစ်ခု ရုတ်တရက် ပေါ်လာ၏။
" သခင်ကြီး .. နိလုံနဲ့ သခင်ကြီးချူတို့ကို ချက်ချင်း ပြန်လာခိုင်းလိုက်ပါ ။ လောထျန်းက ပုံမှန်မဟုတ်ဘူး "
အမည်းရောင် အရိပ်က ပြောလိုက်သည် ။
" မင်း ဘာကို ဆိုလိုတာလဲကွ "
အဘိုးအိုက အရိပ်ကိုကြည့်ကာ ပြန်မေး၏။
အရိပ်က အသက်ဝအောင် ရှူပြီးမှ ပြန်ဖြေသည် ။
" ကျုပ် အခုလေးတင် သတင်းရလိုက်တာ ။ လွန်ခဲ့တဲ့ လေး ၊ ငါးရက်လောက်က ကျီဝေ့လျှို့ဝှက်ဒေသမှာ လောထျန်းက ယွိလုံနိုင်ငံက ဝေ့ပုဒေါက်ကို သတ်ပစ်ခဲ့တယ်တဲ့ ။ ဝေ့ပုဒေါက်က တုကျဲ့အဆင့်ရှိတဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ပဲ "
" ဘာ..တုကျဲ့အဆင့် .. မင်း ငါ့ကို လာနောက်နေတာလားဟ"
အဘိုးအို လုံးဝ နားမလည်နိုင် ဖြစ်သွားရသည် ။
အမည်းရောင်အရိပ်က စိတ်ပျက်လက်ပျက် ဖြစ်နေဟန်ဖြင့် ပြောပြ၏။
" ကျုပ် မျက်လုံးနဲ့ ကိုယ်တိုင် မမြင်ခဲ့ရပေမယ့် ရထားတဲ့ သတင်းအရ ဆိုရင်တော့ ဖြစ်နိုင်တယ်ဗျ .. ။အခုလောလောဆယ် အဲ့ဒါကို မပြောပါသေးနဲ့ဦးဗျာ ..ဟိုနှစ်ယောက်ကိုပဲ ချက်ချင်း ပြန်လာခိုင်းလိုက်ပါ "
အဘိုးအိုက သူ့ကိုကြည့်ကာ မျက်နှာပျက်စွာ ပြောလိုက်သည် ။
" ပြန်လာလို့ မရတော့ဘူးကွ ၊ နောက်ကျသွားပြီ .. သူတို့နှစ်ယောက်လုံး သေသွားကြပြီ "
" ဘယ်လို .. "
အမည်းရောင်အရိပ် အလွန်တုန်လှုပ်သွား၏။
" ဒါဆို .. ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ သခင်ကြီး ။ သူ့ကိုသတ်မယ့် အစီအစဥ်ကို ဖျက်လိုက်ကြမလား ။ တုကျဲ့အဆင့်ရှိတယ်လို့ ခန့်မှန်းရတဲ့ လူတစ်ယောက်ကို သတ်ဖို့က အရမ်း အန္တရာယ်များလွန်းတယ် "
အရိပ်က ပြောလိုက်သည် ။
ထိုစကားကို ကြားသောအခါ အဘိုးအို အောင့်သက်သက်သာ ပြုံးလိုက်၏။
" မနေ့ကသာဆိုရင် သတ်ဖို့အစီစဥ်ကို ဖျက်လိုက်လဲ ကိစ္စမရှိပေမယ့် အခုတော့ မရတော့ဘူးကွ ။ နိလုံက သိပ်အရေးမပါပေမယ့် သခင်ကြီးချူက ဟို သခင်ကြီးရဲ့ တပည့်ပဲ ။ အဲ့သခင်ကြီးက သူ့တပည့် သေသွားတာကို ဒီတိုင်း ထိုင်ကြည့်နေမယ် ထင်လို့လား ။လောထျန်းမပြောနဲ့ ၊ မင်းနဲ့ ငါတောင် ဒီကိစ္စထဲ ဝင်ပြီးတာဝန်မခံရရင် ကံကောင်းပဲ "
အမည်းရောင်အရိပ်မှာ ချက်ချင်း ကြောက်လန့်တကြား ဖြစ်သွားသည် ။
" ဒါဆို ကျုပ်တို့ ဘာလုပ်ကြမလဲ ၊ ဒီသတင်းကို ဖုံးထားကြမလား "
အဘိုးအို ခေါင်းယမ်းလိုက်သည် ။
" ဘယ်လိုလုပ် ဖုံးထားလို့ ရမှာလဲဟ .. ထားလိုက်ပါကွာ .. သခင်ကြီးကို အခုပဲ သတင်းပို့လိုက်မယ် ။သူက ငါတို့ကို အပြင်တင်လာရင်လဲ ငါတို့ရဲ့ ကံကြမ္မာကို လက်ခံလိုက်ရုံပေါ့ကွာ ၊ ဘယ်တတ်နိုင်မလဲ "
" ဟုတ်ကဲ့ "
အမည်းရောင်အရိပ် ကူကယ်ရာမဲ့စွာ ခေါင်းငုံ့ထားလိုက်သည် ။
အဘိုးအိုသည်လည်း သက်ပြင်းချကာ အသံလွှင့်အဆောင်ကို တုန်တုန်ယင်ယင် ကောက်ယူလိုက်သည်။
ထိုအချိန် ပျောင်ပိုင်မြို့တွင် ...
လောထျန်းသည် ထိုလူနှစ်ယာက်ကို သတ်ပြီးနောက် အိမ်သို့ ပြန်ရောက်လာ၏။
" အင်း .. တည်နေရာရွှေ့ပြောင်းနိုင်တဲ့ အကွာအဝေးက နည်းနေသေးတာပဲ ။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြင့်အောင် လုပ်ရမယ်နဲ့တူတယ် "
လောထျန်းက မေးစေ့ကိုပွတ်ကာ သူ့လက်မှ စာရင်းစာရွက်အား မျက်မှောင်ကြုံ့၍ ကြည့်လိုက်သည် ။
သူ ကျီဝေ့လျှို့ဝှက်ဒေသမှ ပြန်လာပြီးနောက် စိတ်ဝိဥာဥ် အသွင်ပြောင်းအဆင့်သို့ တက်ရန်အတွက် လိုအပ်သည့် ပစ္စည်းများကို သူ့မိသားစုဝင်များအား ရှာခိုင်းထားခဲ့သည် ။
သိုသော် ဤတစ်ကြိမ်တွင် လိုသည့် ပစ္စည်းများက ယခင်အကြိမ်ကထက်ပင် ပို၍ ရှားပါးနေ၏။
ယခုထိပင် စာရင်းထဲ၌ မရသေးသည့် ပစ္စည်းအမျိုးအစား ၂၀ ကျော် ကျန်နေသေးပေသည် ။
ထိုအထဲမှ အချို့ဆိုလျှင် လောမိသားစုမှလူများ ကြားပင် မကြားဖူးကြချေ ။
ခက်တော့ ခက်နေပြီ ...
လောထျန်း စိုးရိမ်နေစဥ်မှာပင် သူ၏ အသံလွှင့်အဆောင်က တုန်ခါလာ၏။