← Chapters

ငါက တည်သီးပျော့တစ်လုံး မို့လို့လား

Vol. 6 Ch. 84

ငါက တည်သီးပျော့တစ်လုံး မို့လို့လား

Vol. 6 Ch. 84

" သခင်လေးလောထျန်း ၊ ဘုရင်ရှန်းဝူက နိုင်ငံတော် သစ္စာဖောက်မှုကို ကျူးလွန်တော့မယ် ။ မြို့တော်ကို မြန်နိုင်သမျှ အမြန်ဆုံး လာခဲ့ပါ "

အသံလွှင့်အဆောင်၏ တစ်ဖက်မှ အသံပိုင်ရှင်မှာ ယဲ့ဖုန်းနိုင်ငံ တော်ဝင်မိသားစုမှ မင်းသမီးလေး ကူယွိနင် ပင် .. ။

" ဟုတ်လား ..ကျုပ် အဲ့ကိစ္စကို မေ့တောင် မေ့တောင်မလို့ ။ ကျုပ် ခုပဲ ထွက်လာခဲ့မယ် "

လောထျန်း ပြောလိုက်သည် ။

ယခုရက်ပိုင်းတွင် သူ အလွန်အလုပ်ရှုပ်နေခဲ့သဖြင့် ဘုရင်ရှန်းဝူအကြောင်း စဥ်းစားရန်ပင် အချိန်မရခဲ့ချေ ။

ကူယွိနင်မှာ အချိန်အတန်ကြာ စကားမပြောနိုင် ဖြစ်သွား၏။ ထို့နောက်မှသာ သူမက ပြောလိုက်သည် ။

" သခင်လေး လောထျန်း ၊ ကျွန်မ ကြိုပြောထားချင်တာ တစ်ခု ရှိသေးတယ် "

" ဘာများလဲ "

လောထျန်း မေးလိုက်သည် ။

ကူယွိနင်က အံကြိတ်ကာ ပြန်ဖြေ၏။

" ကျွန်မ ဘုရင်ရှန်းဝူကို တိတ်တဆိတ် စုံစမ်းနေတာကြာပြီ ။ သူ့နောက်မှာ ယွိလုံနိုင်ငံနဲ့ ယွမ်ဝူနိုင်ငံတို့က ကျောထောက်နောက်ခံအဖြစ် ရှိနေကြတာ သိခဲ့ရတယ် ။ အဲ့ဒီနှစ်နိုင်ငံရဲ့ အစွမ်းက ကျွန်မတို့ ယဲ့ဖုန်းနိုင်ငံထက်ကို အများကြီး ပိုပြီး အစွမ်းထက်တယ် ရှင့် ။ ပြီးတော့ ဒီတစ်ခေါက်မှာ သူတို့တွေက ကွေ့ရှအဆင့် ကျင့်ကြံသူတွေကိုပါ ကျွန်မတို့ဆီ လွှတ်လိုက်သေးတယ် ။ ဒီတော့ ရှင် လာကူညီဖို့ ငြင်းမယ်ဆိုရင်တောင် ကျွန်မ နားလည်ပါတယ် "

လောထျန်းက တအံ့တသြ ပြန်ပြောသည် ။

" ဘာလို့ ငြင်းရမှာလဲဗျ "

ကူယွိနင် ခေတ္တမျှ အံ့အားသင့်သွား၏။

" ရှင် ကျွန်မပြောတာ သေချာ ကြားလိုက်ရဲ့လားဟင် ၊ တစ်ဖက်မှာ ကွေ့ရှအဆင့်က အစွမ်းထက် ကျင့်ကြံသူ ပါတယ်ဆိုတာလေ "

လောထျန်းက ဂရုမစိုက်ဟန်ဖြင့် နှာခေါင်းနှိုက်ကာ ပြန်ပြောသည် ။

" ကွေ့ရှအဆင့်က ဘာမှမဟုတ်ပါဘူးဗျာ ။ အဲ့မှာပဲ စောင့်နေ .. ကျုပ်အခု ထွက်လာပြီ ။ ဘုရင်ရှန်းဝူ သေကို သေရမယ် ၊ သူ့ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး ။ ကျုပ် ပြောတာယုံလိုက်ပါ "

သူက ထိုသို့ ပြောပြီးသည်နှင့် အသံလွှင့်အဆောင်အား ပိတ်ပြီး ပြန်သိမ်းထားလိုက်သည် ။

ထို့နောက် သူက ချက်ချင်း အခန်းထဲမှ ထွက်ကာ လောမိသားစု အိမ်တော်ခန်းမဆီသို့ သွားပြီး အကြီးအကဲများအား ကိစ္စအချို့ကို ရှင်းပြ၍ နျိုဝူဖုန်းကိုလည်း မိသားစုအား ကာကွယ်ပေးရန် ပြောလိုက်သည် ။ ထို့နောက်တွင်မူ လောထျန်းသည် ဘုရင်ကျင်းဖန်နှင့်အတူ မြို့တော်သို့ ထွက်ခွာသွား၏။

ကွေ့ရှအဆင့်သို့ ရောက်ပြီးသွားသည့် ဘုရင်ကျင်းဖန်၏ အမြန်နှုန်းက  ယခင်ထက် များစွာ တိုးတက်လာခဲ့သည့်အတွက် ..

ယခင်က သုံး၊လေး ရက် သွားရသည့်ခရီးကို နေ့တစ်ဝက်ဖြင့်ပင် ရောက်သွားကြသည် ။

သူတို့မြင်ကွင်းထဲတွင် ရှိနေသော ယဲ့ဖုန်းနိုင်ငံ၏ မြို့တော်မှာ အပေါ်စီးမှ ကြည့်လျှင် ပျောင်ပိုင်မြို့ထက် အဆများစွာ ပိုကြီးနေ၏။

မြို့တော်၏ အပေါ်ဘက် ကောင်းကင်ယံတွင် အစွမ်းထက်သည့် အကာအကွယ် အစီအမံတစ်ခုလည်း ရှိနေသည် ။

" သခင်လေး ..အားနဲ့ပဲ တိုက်လိုက်ကြမလား "

ဘုရင်ကျင်းဖန်က မေးလိုက်သည် ။

သူတို့နှစ်ယောက်လုံး၏ အစွမ်းဖြင့် ဆိုပါက ထိုအစီအရင်မှာ သူတို့ကို တားနိုင်မည်မဟုတ်ချေ ။

သို့သော် လောထျန်းက ခေါင်းယမ်းကာ ပြန်ပြော၏။

" မလုပ်နဲ့ ၊ ကျုပ်တို့က မြို့ကို ဖျက်ဆီးဖို့အတွက် လာခဲ့တာမဟုတ်ဘူးလေ ။ ပုံမှန်အတိုင်းပဲ သွားလိုက်ပါ "

" ဟုတ်ကဲ့ "

ဘုရင်ကျင်းဖန်က ပြောပြီး မြေပြင်သို့ ဆင်းသက်လိုက်သည် ။ ထို့နောက် လူသားတစ်ယောက်အသွင် ပြောင်းကာ လောထျန်းနှင့်အတူ မြို့အဝင်ဂိတ်တံခါးဆီသို့ လျှောက်သွား၏။

" အားလုံးပဲ .. စစ်ဆေးတာကို ကြည်ကြည်ဖြူဖြူ လက်ခံကြပါ ။ ခုခံတဲ့ ဘယ်သူ့ကို မဆို ချက်ချင်း သတ်ပစ်ရလိမ့်မယ် "

တံခါးဝတွင် ရှိနေသော ရှန်းဝူ အစောင့်တပ်သားတစ်ယောက်က လှံရှည်တစ်ခုကိုကိုင်လျှက် ကျယ်လောင်စွာ အော်ပြောလိုက်သည် ။ ထိုအသံကြောင့် မြို့ထဲသို့ ဝင်ရန် ကြိုးစားနေသူများအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြ၏။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "

လောထျန်းက သူ့ရှေ့မှ မြင်ကွင်းကို အံ့သြတကြီး ကြည့်လိုက်သည် ။

သူ့ရှေ့တွင် ရှိနေသည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က နောက်လှည့်၍ ပြောလာ၏။

" လူငယ်လေးက ဒီမြို့က မဟုတ်ဘူး မလား "

လောထျန်း ခေါင်းညိတ်ပြလိုက်တယ် ။

" မဟုတ်ဘူးဗျ ၊ ဘာတွေ ဖြစ်နေတာလဲ "

အဘိုးအိုက ပြောသည် ။

" မင်း မသိတာ မထူးဆန်းပါဘူးကွာ ။ အကြံပေးရရင်တော့ ဒီမှာ တန်းမစီနဲ့ကွ ၊ မင်း မြို့ထဲကို ဝင်လို့ရမှာ မဟုတ်ဘူး "

" ဘာဖြစ်လို့လဲဗျ "

လောထျန်း အံ့အားသင့်သွား၏။

သက်လတ်ပိုင်းအရွယ် လူကြီးက ခပ်လှမ်းလှမ်းမှ ရှန်းဝူအစောင့်တပ်သားများကို ကြည့်ကာ တီးတိုးပြောလိုက်သည် ။

" အခုလက်ရှိက မြို့တော်ထဲမှာ ပြဿနာတွေ ဖြစ်နေတာကွ ။ သဘက်ခါကျရင် တော်ဝင်မိသားစုက ဆယ်နှစ်မှ တစ်ကြိမ် ကျင်းပတဲ့ ကောင်းကင်ဘုံယဇ်ပူဇော်ပွဲ ရှိတယ် ။ ဒါပေမယ့် လောလဟာလတွေ ထွက်နေတာတော့ အဲ့နေ့ကျရင် ယဲ့ဖုန်းနိုင်ငံရဲ့ မင်းမျိုးမင်းနွယ် အပြောင်းအလဲ ဖြစ်မယ်တဲ့ ။ အဲ့ဒါကြောင့်မို့ မြို့ထဲက အစောင့်တပ်တွေက သေချာစစ်ဆေးနေကြတာ ။ ရှန်းဝူနန်းတော်က ထုတ်ပေးထားတဲ့ လက်မှတ်မပါရင် မြို့ထဲကို ဝင်လို့ရမှာ မဟုတ်ဘူး "

လောထျန်း မျက်မှောင်ကြုံ့သွား၏။

" ရှန်းဝူနန်းတော်က ထုတ်ပေးတဲ့ လက်မှတ် ..ဟုတ်လား ။ တော်ဝင်ရုံးတော်က ထုတ်ပေးတဲ့ လက်မှတ် ဖြစ်သင့်တာ မဟုတ်ဘူးလား "

သက်လတ်ပိုင်းအရွယ်လူကြီး အနည်းငယ် ပြုံးသွားသည် ။

" တော်ဝင်ရုံးတော် ..ဟုတ်လား  .. ဟား ဟား .. အခုက တော်ဝင်ရုံးတော်ကို ဘယ်သူမှ ဂရုမစိုက်တော့ဘူး လူငယ်လေးရဲ့ ။ ငါတို့ ယဲ့ဖုန်းနိုင်ငံက မကြာခင် ရှန်းဝူနိုင်ငံတော် ဖြစ်လာတော့မှာ ။ ထားလိုက်ပါကွာ ..ဒါတွေပြောနေလို့လဲ မထူးပါဘူး ။ မင်း ဒီကနေ ထွက်သွားသင့်တယ်နော် "

လောထျန်း ခေါင်းညိတ်လိုက်သည် ။

" ကျေးဇူးတင်ပါတယ် ၊ ဒါဆို ကျုပ်တို့ မတန်းစီတော့ဘူး "

ထိုသို့ ပြောပြီးသည်နှင့် လောထျန်းက ဘုရင်ကျင်းဖန်၏ လက်ကိုဆွဲကာ ထိုနေရာမှ ပျောက်ကွယ်သွား၏။

" ဟင် .. လူငယ်လေးက ဘယ်ရောက်သွားတာလဲ ၊ ငါ သရဲများ မြင်လိုက်ရတာလား "

လက်သတ်ပိုင်းအရွယ် လူကြီးမှာ သူ့မျက်စိရှေ့မှ ပျောက်သွားသည့် လောထျန်းကြောင့် အံ့သြမှင်သက်သွားသည် ။

ထိုအချိန် မြို့တော် တံခါးဝ၏ အခြားတစ်ဖက်ခြမ်းတွင် ရှိသော လမ်းထောင့်တစ်ခု၌ လောထျန်းနှင့် ဘုရင်ကျင်းဖန်တို့ ရုတ်တရက် ပေါ်လာ၏။

လောထျန်းက ဘုရင်ကျင်းဖန်ကို ခေါ်ကာ မြို့ထဲသို့ တည်နေရာရွှေ့ပြောင်းလာခြင်းပင် ...

" သခင်လေး ..အခြေအနေကတော့ ရှုပ်ထွေးတဲ့ပုံပဲ ။ ကျုပ်တို့တွေ ဘာဆက်လုပ်ကြမလဲ "

ဘုရင်ကျင်းဖန်က မေးလိုက်သည် ။

လောထျန်း မျက်မှောင်ကြု့ကာ ​ပြန်ပြော၏။

" အရင်ဆုံး ကူယွိနင်နဲ့ တွေ့ကြတာပေါ့ "

ထို့နောက် သူက အသံလွှင့်အဆောင်ကို ထုတ်လိုက်သည် ။

" မင်းသမီးလေး .. ကျုပ် မြို့တော်ကို ရောက်နေပြီ "

လောထျန်း ပြောလိုက်သည် ။

တစ်ဖက်မှ ကူယွိနင်မှာ အလွန်အံ့အားသင့်သွား၏။

" မြန်လိုက်တာ .. ရှင် အခု ဘယ်မှာလဲ "

လောထျန်းက သူရောက်နေသည့် နေရာကို တစ်ချက် ဝေ့ဝဲကြည့်ကာ ပြန်ဖြေသည် ။

" ကျုပ် တောင်ဘက်ခြမ်းက တံခါးဝဘက်မှာ ။ ခုနလေးတင် ဝင်လာတာ "

" ကောင်းပြီလေ ၊ ခနနေကျရင် နန်းတော်ရဲ့ အနောက်ဘက် တံခါးဆီ သွားလိုက်ပါ ။ ကျွန်မ ရှင့်ကို အဲ့မှာ လာခေါ်မယ် "

ကူယွိနင် ပြန်​ပြော၏။

လောထျန်း ခေါင်းညိတ်လိုက်သည် ။

" ကောင်းပြီ ၊ ဒါဆို ခနနေ တွေ့ကြတာပေါ့ "

ထို့နောက် လောထျန်းက အသံလွှင့်အဆောင်ကို ပြန်သိမ်း၍ ဘုရင်ကျင်းဖန်အား ပြောလိုက်သည် ။

" နန်းတော်ကို သွားကြစို့ "

ယဲ့ဖုန်းနိုင်ငံ၏ မြို့တော်သည် ကြီးမားသော်လည်း တော်ဝင်နန်းတော်ကို ရှာရန် ဤမျှ မခက်ခဲလှပေ ။

မကြာမီတွင် သူတို့နှစ်ဦး နန်းတော် အနောက်ဘက် တံခါးဝသို့ ရောက်သွား၏။

သူတို့ အပြင်တွင် ခေတ္တမျှ စောင့်ဆိုင်းပြီး နောက်တွင်မူ နန်းတော်တံခါး ပွင့်လာပြီး သာမာန်အဝတ်စားများကိုသာ ဝတ်ဆင်ထားသည့် မင်းသမီး ကူယွိနင်က အလျင်စလို ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။

" သခင်လေးလောထျန်း ၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့ "

သူမအသွင်မှာ အလွန်စိတ်လှုပ်ရှားဟန်ရှိနေသည်။

လောထျန်းနှင့် မင်းသမီးတို့ မတွေဖြစ်သည်မှာ လဝက်ခန့်သာ ရှိသေးသော်လည်း ကူယွိနင်သည် ထိုအတောအတွင်း ကိုယ်အလေးချိန် များစွာကျသွားပြီး အရိုးနဲ့ အရေသာ ကျန်တော့၏။

လောထျန်းက သူမကို အံ့သြတကြီး ကြည့်ကာ မေးလိုက်သည် ။

" မင်းသမီး တစ်ခုခုများ နေမကောင်းတာ ရှိလို့လား "

ကူယွိနင်က နောက်သို့ ဖျတ်ခနဲ ကြည့်ကာ ပြောသည် ။

" အဲ့ဒါကို ခန ထားလိုက်ပါ ။ ကျွန်မနဲ့ မြန်မြန်လိုက်လာခဲ့ "

ထို့နောက် သူမက လောထျန်းကို ဆွဲခေါ်ကာ နန်းတော်ဆီသို့ လျှောက်သွားလိုက်သည် ။

သို့သော် ထိုအချိန်တွင် ....

ဝုန်း ...

သံချပ်ဝတ် အသံအချို့ ကြားလိုက်ရပြီး အစောက အလွတ်ဖြစ်နေခဲ့သော တံခါးဘေး၌ တော်ဝင် အစောင့်တပ်သား သုံး၊ လေး ဆယ်ခန့် ရုတ်တရက် ပေါ်လာ၏။

" မင်းသမီးလေး ..ဘာလုပ်နေတာလဲ "

ထိုအဖွဲ့၏ ခေါင်းဆောင် တပ်မှူးက ဓားကိုင်ကာ အေးစက်စက်မျက်နှာဖြင့် မေးလိုက်သည် ။

" တပ်မှူး မု ... ကျွန်မ အဖေက ဒီ လူနှစ်ယောက်ကို နန်းတော်ထဲခေါ်ခဲ့ဖို့ အမိန့်ပေးထားလို့ရှင့် "

ထိုအချိန်တွင် ကူယွိနင်မှာ မိမိကိုယ်ကို ယုံကြည်မှု ပျောက်နေဟန်တူပြီး မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူမလက်များက အင်္ကျီစကို ဆွဲလိမ်နေ၏။ သူမ ကြောက်နေသည်မှာ သိသာပေသည် ။

သူမရှေ့တွင် ရပ်နေသည့် တပ်မှူး မု ဆိုသူက မာရေကြောရေဖြင့် ခက်ထန်စွာ ပြောလိုက်သည် ။

" စိတ်မကောင်းပါဘူး ၊ ကျုပ်က ဘုရင်ရှန်းဝူရဲ့ အမိန့်ကိုပဲ လိုက်နာရမှာ ။ ဘုရင်ရှန်းဝူရဲ့ အမိန့်မပါဘဲနဲ့ နန်းတော်ထဲကို ဘယ်သူမှ ဝင်လို့မရသလို ဘယ်သူကမှလဲ  ထွက်လို့မရဘူး ။အမိန့်လွန်ဆန်တဲ့ ဘယ်သူမဆို အသတ်ခံရမယ် "

ကူယွိနင်တစ်ယောက် မျက်နှာရဲသွားကာ ပြော၏။

" တပ်မှူး မု ..ကျွန်မ အဖေရဲ့ အမိန့်က ဘုရင်ရှန်းဝူလောက် အရေးမကြီးဘူးပေါ့ ဟုတ်လား "

တပ်မှူး မုက ဒေါသထွက်သွားဟန်ဖြင့် ကူယွိနင်အား ကြည့်လိုက်ပြီးနောက် လောထျန်းနှင့် ဘုရင်ကျင်းဖန်ဘက်သို့ တစ်လှည့်ကြည့်လိုက်သည် ။ ထို့နောက် သူက အေးစက်စက်ပြော၏။

" မင်းတို့ ခွေးနှစ်ကောင်ကို ငါ အချိန် သုံးစက္ကန့်ပေးမယ် ။ ဒီ သုံးစက္ကန့်အတွင်း မထွက်သွားလို့ကတော့ သေရမယ်သာမှတ် "

လောထျန်း မျက်မှောင်ကြုံ့သွားကာ အေးစက်စက် ပြန်ပြော၏။

" မင်း ဘာတွေ လာပြောနေတာလဲ "

တပ်မှူးမုက လောထျန်း၏ အမေးကို ဂရုမစိုက်ဘဲ အေးစက်စက် ဆက်ပြောသည် ။

" အခု သုံးစက္ကန့် ပြည့်သွားပြီဆိုတော့ သေဖို့သာပြင်တော့ "

ထိုသို့ ပြောပြီးသည်နှင့် သူ့ဓားကို ဆွဲထုတ်လိုက်သည် ။

သို့သော် ထိုအချိန်မှာပင် သူ့မျက်လုံးများ ရုတ်တရက် ဝါးသွားပြီး လက်တစ်ဖက်ဖြင့် မေးစေ့ပွတ်နေသည့် လောထျန်းက သူ့ရှေ့သို့ ရောက်လာ၏။

ထို့နောက် ..

ဘုန်း ...

လောထျန်းက လက်ဖြင့် စွမ်းအင်များ ထုတ်လွှတ်လိုက်ရာ တပ်မှူးမု ၏ မေးစေ့က အမှုန့်ဖြစ်သွားပြီး သွေးစက်များ ပြန့်ကျဲသွားသည် ။

" အား "

တပ်မှူးမု ထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာ၏။ သို့သော် သူ မည်သို့မှ မတုန့်ပြန်နိုင်ခင်မှာပင် လောထျန်းက လက်ဖြင့် သူ့ခေါင်းကို လိမ်ချိုးလိုက်သည် ။

" ဘုရင်ကျင်းဖန် ၊ ကျုပ်မျက်နှာက တည်သီးပျော့ တစ်လုံးနဲ့ တူနေလို့လား ..။ အားလုံးက ကျုပ်ကို နင်းချင်သလို နင်းလို့ရမယ် ထင်နေကြတာ "

လောထျန်းက သူ့လက်ထဲမှ ခေါင်းပြတ်ကို ကြည့်ကာ ပြောလိုက်သည် ။ ထို့နောက် သူက ခေါင်းပြတ်ကို အောက်သိူ့ ပစ်ချကာ ခြေထောက်ဖြင့် တက်နင်းလိုက်၏ ။

စာစဉ်ပြီး၏

All Chapters