← Chapters

သနားစရာကောင်းသောကျူးဟန်ယွင်

Vol. 77 Ch. 1141

သနားစရာကောင်းသောကျူးဟန်ယွင်

Vol. 77 Ch. 1141

ထိန်းချုပ်၍မရနိုင်သည့် စိတ်ဖိစီးမှုအောက်တွင် တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းမှ လူငယ်လေး၏ မျက်လုံးများသည် ချက်ခြင်းပင် နီရဲလာခဲ့သည်။

မျက်ရည်များက ချက်ခြင်းပင် ထွက်ကျလာခဲ့ပြီး သူ့အနေဖြင့် မည်သို့မှ မရပ်တန့်နိုင်ခဲ့ပေ။

လူအများရှေ့တွင် ငိုကြွေးရသည်မှာ တကယ်ကို ရှက်စရာကောင်းမှန်း သိသော်လည်း သူ့ရှေ့မှ လူက အကြည့်တစ်ချက်ဖြင့် ငိုကြွေးအောင် မည်ကဲ့သို့ လုပ်ခဲ့မှန်း နားမလည်နိုင်ခဲ့ပေ။

လူငယ်က တဖြည်းဖြည်းစိတ်ငြိမ်သွားသော်လည်း လူအများရှေ့တွင် ငိုခဲ့မှန်းသတိရမိသောအခါ စိတ်ထဲတွင် ၀မ်းနည်းမှုများပြည့်နှက်လာပြီး ပို၍ဆိုးရွားစွာ ထပ်မံ ငိုကြွေးလိုက်သည်။

ကူရွှင်းကျစ်က သူအလွန်အကျွံ လုပ်မိသွားမှန်း သတိထားမိပြီး ချက်ခြင်းပင် သူကိုယ်တိုင် ဖန်တီးထားသည့် စိတ်တည်ငြိမ် မန္တန်ကို တိတ်တဆိတ် ရေရွတ်လိုက်ကာ လူငယ်လေး၏ စိတ်အခြေအနေကို ထိန်းချုပ်ပေးရန် ကြိုးစားခဲ့သည်။

ထိုစိတ်တည်ငြိမ်မန္တန်သည် ထူးဆန်းသော အကျိုး သက်ရောက်မှု ရှိသည်။

ယင်းမှာ စိတ်တည်ငြိမ်မန္တန် အသုံးပြုခြင်း ခံရသူ၏ ပတ်၀န်းကျင်မှ လူများကိုပါ သက်ရောက်မှုရှိခြင်း ဖြစ်၏။

ထို့ကြောင့် ထိုလူငယ်အနားမှ လူများသည် မန္တန်၏ သက်ရောက်မှုကို ခံခဲ့ရပြီး သူတို့၏ ဖုန်းထဲမှ ညစ်ညမ်းဗီဒီယိုများကိုပင် ချက်ချင်း ဖျက်ပစ်လိုက်ကြသည်။

"စိတ်တည်ငြိမ်အောင် ထားစမ်းပါ.. မင်းက သံသယရှိသူလို့ အတည်မပြုရသေးပါဘူး.. လူသတ်သမားကို ဖမ်းမိမှ ငါတို့တွေ နောက်တစ်ဆင့်ကို ဆက်သွားနိုင်လိမ့်မယ်.. အချိန်က သိပ်မကျန်တော့ဘူး.. မင်းက လူသတ်သမားမဟုတ်ဘူး ဆိုရင် ငါတို့နဲ့ပိုပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်"

ကူရွှင်းကျစ်က စိတ်မပါတပါဖြင့် နှစ်သိမ့်ပေးခဲ့သည်။

အမှတ် ၆၀ အထက်တန်းကျောင်းတွင် ကူရွှင်းကျစ် အနေဖြင့် အဓိက လေ့လာရမည်မှာ သည်းခံခြင်းအတတ် ဖြစ်သည်။

တကယ်တမ်းတွင် အမှတ် ၆၀ အထက်တန်းကျောင်း၌ ၀မ်လင်းနှင့်အတူ ပညာသင်ကြားခြင်းသည် သူ၏အနာဂတ်ပန်းတိုင်ဖြစ်သည့် ကျင့်ကြံခြင်းလောကထဲမှ တစ်ကောင်တည်းသော ငါးကြင်းမစ်ရှင်(အထူးချွန်ဆုံးပုဂ္ဂိုလ်ဖြစ်လာရန်) အတွက် အများကြီး အထောက်အကူ ဖြစ်စေခဲ့သည်။

ကူရွှင်းကျစ်က စိတ်တည်ငြိမ်မန္တန်ကို တိတ်တဆိတ် အသုံးပြုလိုက်သောအခါ တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းရှိ လူငယ်လေးသည် အဆုံးသတ်တွင် စိတ်ငြိမ်သွားခဲ့သည်။

ကူရွှင်းကျစ်၏ ပြောစကားက အဓိပ္ပါယ်ရှိသည်ဟု သူခံစားမိခဲ့သည်။

သူအပါအ၀င် သံသယရှိသူ ၁၀ယောက် ကျန်ရှိနေပါသေးသည်။

စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် သူ့ကို သံသယကင်းစေပြီး တကယ့်လူသတ်သမားကို ဖော်ထုတ်နိုင်မည့် အမြန်ဆုံးနည်းလမ်းဖြစ်သည် မဟုတ်ပါလော။

လူငယ်လေးက မျက်ရည်များ သုတ်လိုက်သည်ကို မြင်လျှင် ကူရွှင်းကျစ်သည် နူးညံ့သောလေသံဖြင့် မေးခွန်းထုတ်လိုက်သည်။

"ငါ့ကိုပြောပြပါ.. လွန်ခဲ့တဲ့ မိနစ် ၃၀က မှော်အတတ်ကို ဘာအတွက် အသုံးပြုခဲ့တာလဲ"

ကူရွှင်းကျစ် အာရုံခံစားမှုကို အထူးပြုသည့် ကျောင်းသားများကို စုစည်းပြီး နောက်ဆုံးမိနစ် ၃၀အတွင်း မှော်အစွမ်း အသုံးပြုခဲ့သည့် လူများကို ရွေးထုတ်ခိုင်းခဲ့သည်။

ထိုအထဲတွင် မိတ်ဆွေများကို ကုသရန် မှော်စွမ်းအား အသုံးပြုခဲ့ခြင်းကို သက်သေပြနိုင်ခဲ့သည့် သူများအား ဖယ်ထုတ်ထားခဲ့သည်။

ထို့ကြောင့် ကျန်ရှိသည့် သံသယရှိသူ ဆယ်ယောက်အနေဖြင့် သူတို့ မည်သည့်အတွက်ကြောင့် မှော်အစွမ်း ထုတ်သုံးခဲ့သည်ကို ရှင်းလင်းစွာရှင်းပြရန် လိုအပ်နေသည်။

သို့မှသာ သံသယကင်းကင်းဖြင့် နေနိုင်မည် ဖြစ်၏။

ထိုအချိန်မှာပင် ကူရွှင်းကျစ်ကြောင့် ငိုကြွေးခဲ့ရသည့် လူငယ်လေးသည် စတင် ပြောဆိုလိုက်သည်။

"ငါ့နာမည်က နန်ယန်ရှို့ပါ.. တောင်ပင်လယ်အထက် တန်းကျောင်းက ပထမနှစ် ကျောင်းသားတစ်ယောက်ပါ.. ကျူးဟန်ယွင်ရဲ့ ခန္ဓာကိုယ်ကို မတွေ့ရှိခင်မှာ အာရုံခံ မှော်စွမ်းရည်ကို အသုံးပြုခဲ့ပါတယ်"

"အာရုံခံမှော်စွမ်းရည်ကို ဘာကြောင့် အသုံးပြုခဲ့တာလဲ ဆိုတာ နည်းနည်းလောက် ထပ်ပြီး ရှင်းပြပေးပါဦး"

ကူရွှင်းကျစ်က ခပ်ယဲ့ယဲ့ပြုံးကာ မေးလိုက်သည်။

သူ၏မေးခွန်းကိုကြားလျှင် လူငယ်လေး၏ မျက်နှာသည် နီရဲသွားခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ပြီး လူတိုင်းကလည်း နားလည်လိုက်ကြသည်။

ထိုကောင်လေးသည် သူ၏ အာရုံခံမှော်စွမ်းရည်ကို ရှက်စရာကောင်းသည့် ကိစ္စတစ်ခုခုတွင် အသုံးပြုခဲ့ခြင်း ဖြစ်ပုံရ၏။

"ငါက ဒီမှော်အစွမ်းကို သုံးပြီး မကောင်းတာတော့ မလုပ်ခဲ့ပါဘူး.. အချက်အလက်တွေ စုဆောင်းနေရင်း အနည်းငယ် စိတ်၀င်စားဖို့ ကောင်းတာကို ကြည့်မိရုံလေးပါ"

ကူရွှင်းကျစ်က ပြုံး၍ ပြောလိုက်သည်။

"မင်းအခုလုပ်နိုင်တာက မင်းလုပ်ခဲ့တဲ့ကိစ္စကို ရှင်းလင်းအောင် ပြောပြဖို့ပဲ"

နန်ယန်ရှို့အနေဖြင့်လည်း ဤကိစ္စက ရှောင်လွှဲ၍မရမှန်း ကောင်းစွာသိသည်။

"ဒီလိုပါ.. ပြိုင်ပွဲတစ်ပွဲမှာ ပြိုင်ဘက်ကျောင်းတွေရဲ့အချက် အလက်တွေကို စုဆောင်းတာက ပုံမှန်ပါပဲ.. ငါတို့ တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းရဲ့ အားသာချက်က အာရုံခံမှော်စွမ်းရည်ပဲ.. ဒါကြောင့် အားလုံး အနားယူနေတုန်းမှာ သတင်းအချက်အလက်တွေကို စုဆောင်းဖို့ စီစဥ်နေရင်း မိန်းကလေးကျောင်းသူ တချို့ကို မတော်တဆ မြင်မိလိုက်တယ်"

ထိုစကားကိုကြားလျှင် ပတ်၀န်းကျင်ရှိ လူတိုင်း၏ နှုတ် ဖျားကနေ"အိုး"ဟုသည့် အသံများ ထွက်ကျလာခဲ့သည်။

ယောကျ်ားလေးအများအပြားသည် အာရုံခံမှော်စွမ်းရည်၏ အသုံး၀င်မှုကို စိတ်ထဲတွင် သဘောကျနေခဲ့ကြသည်။

ဤမှော်အတတ်သည် အွန်လိုင်းတွင် ရှာဖွေရသည့် အချိန်ကို ချွေတာပေးနိုင်ပြီး တိုက်ရိုက် တစ်ချိန်တည်း ကြည့်ရှုနိုင်သည့် ရှိုးပွဲတစ်ခုလို ဖြစ်စေနိုင်မည် ဖြစ်၏။

သို့သော်လည်း ဟွာရှို့မဟာမိတ်အဖွဲ့အစည်းတွင် အာရုံခံ မှော်ပညာရှင်များနှင့် ပတ်သက်၍ မှော်စွမ်းအားများကို တားမြစ်ထားသည့် စည်းမျဥ်း အများအပြား ရှိသည်။

ထို့ကြောင် အိမ်များတွင် အာရုံခံ မှော်ပညာရှင်များ၏

ခိုး၀င်ခြင်းကို တားဆီးနိုင်သည့် စနစ်များကို တပ်ဆင်

ထားကြသည်။

တစ်နည်းပြောရလျှင် အာရုံခံမှော်ပညာရှင်က ခိုး၀င်ခဲ့သည်နှင့် အချက်ပေးစနစ်က သတိပေးလိမ့်မည် ဖြစ်၏။

စင်စစ် အခြားသူများကို အာရုံခံစွမ်းရည်ဖြင့် ကြည့်ရှုသည်မှာ တရားမ၀င်ပေ။

သို့သော် ပြိုင်ပွဲတစ်ခုအတွင်း၌မူ ထိုကိစ္စနှင့် ပတ်သက်ပြီး မည်သူမှ အရမ်းကြီး အပြစ်တင်နေမည် မဟုတ်ပေ။

အဆိုးဆုံးအနေဖြင့် ကာလတိုအတွင်း လူမှုရေးအရ အဝေဖန်ခံရမည် ဖြစ်၏။

ယောကျ်ားလေးအများစုက မနာလိုစိတ်ဖြင့် ဒေါသထွက်နေကြသည်။

"မေဘေး.. ဘာလို့ ငါတို့ကို လက်မတို့ရတာလဲ.. ငါတို့ကို မျှဝေမပေးဘဲ မင်းတစ်ယောက်တည်း ကြည့်နေတယ်ပေါ့လေ"

ထိုစကားများကို ကြားလျှင် နန်ယန်ရှို့သည် မျက်နှာနီရဲသွားခဲ့သည်။

"ငါက တကယ်ပဲ အချက်အလက်တွေ စုဆောင်းဖို့ လုပ်ခဲ့တာပါ.. ဒါပေမဲ့ ဘေးအခန်းမှာ အမှတ် ၈ ကျောက်စိမ်း မိန်းကလေးအထက်တန်းကျောင်းက ကျောင်းသူတွေ ရှိနေမယ်လို့ တကယ် မထင်ခဲ့မိဘူး"

ကူရွှင်းကျစ် "အမှတ် ၈ ကျောက်စိမ်းမိန်းကလေးအထက်တန်းကျောင်းလား"

ထိုအချိန်တွင် ဖြစ်ရပ်တစ်ခုလုံးကို စောင့်ကြည့်နေသည့် ကောင်းထျန်းမင်သည် ရုတ်တရက် ၀င်ပြောလိုက်သည်။

"ဒီကျောင်းက ကျောက်စိမ်းမိန်းကလေးကျင့်စဥ်ကို ကျင့်ကြံတဲ့ မိန်းကလေးကျောင်း တစ်ကျောင်းပဲ.. သူတို့တွေရဲ့ စုံတွဲလေ့ကျင့်မှုက အပြင်းအထန် ထိခိုက်ထားတဲ့ ခန္ဓာကိုယ်ကိုတောင် ပြန်လည်ကောင်းမွန်စေနိုင်တဲ့ အာနိသင်ရှိတယ်.. ဒါက အမှတ် ၈ ကျောက်စိမ်းမိန်းကလေး အထက်တန်းကျောင်းရဲ့ အားသာချက်ပဲ"

"ကျောက်စိမ်းမိန်းကလေးကျင့်စဥ် ဟုတ်လား.. ဒါက အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးတွဲ လေ့ကျင့်ရတဲ့ နည်းစနစ်မျိုး မဟုတ်ဘူးလား"

"မဟုတ်ဘူး.. ဒီကျင့်စဥ်က ရှေးတုန်းက ကျင့်စဥ်တွေကို ပြင်ဆင်မွမ်းမံထားတဲ့ ကျင့်စဥ်ပဲ.. ဒါကြောင့် အမျိုးသားတစ်ဦးရဲ့ အကူအညီမပါဘဲ မိန်းကလေးနှစ်ယောက်ထဲလဲ လေ့ကျင့်နိုင်တယ်.. လေ့ကျင့်ပုံကတော့ ရှေးတုန်းကနဲ့ အတူတူပဲ.. နှစ်ယောက်လုံးက အ၀တ်အစားချွတ်ရပြီး တစ်ယောက်ပေါ်တစ်ယောက် ထပ်ပြီး နေရတယ်"

လူတိုင်း"........"

ထိုစကားကို ကောင်းထျန်းမင် ပြောလိုက်သည့်အခါတွင် နန်ယန်ရှို့၏ မျက်နှာသည် ပို၍ပင် နီရဲသွားခဲ့သည်။

သူ၏ပထမဆုံး ထောက်လှမ်းရေးလုပ်ငန်းစဥ်က ဤကဲ့သို့ စိတ်လှုပ်ရှားစရာ မြင်ကွင်းမျိုးကို မြင်ရလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

"အဲဒီအချိန်တုန်းက ငါအမှတ်မထင် မြင်ခဲ့ရပေမဲ့ ချက်ခြင်းပဲ ပြန်ထွက်လာခဲ့တယ်.. ငါက သူတပါးရဲ့အတွင်းရေးကို ခိုးကြည့်တတ်တဲ့သူ မဟုတ်ပါဘူး.. ငါ့အနေနဲ့ သူတို့အခန်းကိုသွားပြီး တောင်းပန်သင့်တယ်လို့ တွေးမိခဲ့တယ်"

နန်ယန်ရှို့က ရှက်ရှက်ဖြင့် သူ့ခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"ဆက်ပြောပါ"

ကူရွှင်းကျစ်က ပြောလိုက်၏။

"ငါအခန်းထဲကနေ ထွက်လာတဲ့အခါ ကျူးဟန်ယွင်က ကြမ်းပြင်မှာ လဲနေတာ တွေ့လိုက်ရတယ်"

"မင်းအခန်းထဲကနေ ထွက်လာတာနဲ့ ကျူးဟန်ယွင် ကြမ်းပြင်ပေါ်မှာ လဲနေတာကို တွေ့လိုက်တာလား"

"ဟုတ်တယ်.. အဝေးကနေ တံခါးတစ်ချပ်ရှေ့မှာ လူတစ်ယောက် လဲနေတာကို တွေ့လိုက်ရတယ်.. ငါအနီးကပ်ကြည့်လိုက်တဲ့အခါ ကျူးဟန်ယွင်ဖြစ်နေတာကို သိလိုက်တယ်.. အဲဒီအချိန်တုန်းက ကျူးဟန်ယွင်နဲ့ သူ့အခန်းဖော်က စကားများပြီး ကျူးဟန်ယွင်က အပြင်မှာ အိပ်ဖို့ဆုံးဖြတ်တယ်လို့ ငါထင်နေခဲ့တယ်"

"အဲဒီအချိန်တုန်းက ကျူးဟန်ယွင်မှာ သွေးတွေ ထွက်မနေဘူးလား"

ကူရွှင်းကျစ်က အသေးစိတ်မေးမြန်းလိုက်သည်။

"သွေးထွက်တာတော့ မတွေ့ခဲ့ဘူး"

နန်ယန်ရှို့က ခေါင်းညိမ့်၍ ပြန်ပြောလိုက်သည်။

လူငယ်၏စကားကို ကြားပြီးနောက်တွင် ကူရွှင်းကျစ်သည် တစ်စုံတစ်ရာကို စဥ်းစားမိခဲ့သည်။

အကယ်၍ ထိုအချိန်က သွေးမထွက်ခဲ့ဘူးဆိုလျှင် ရှင်းလင်းချက်သည် တစ်ခုတည်းသာ ရှိသည်။

တည်ဆောက်ခြင်းမှော်အတတ်သည် ကျူးဟန်ယွင် သတိလစ်သွားသည့်အချိန်တွင် အသုံးပြုခဲ့ခြင်း ဖြစ်နိုင်၏။

ဆိုလိုသည်မှာ ကြမ်းပြင်ပေါ် လဲကျနေသည့် ကျူးဟန်ယွင်ကို ဖန်တီးလိုက်သည့်အချိန်တွင် ကျူးဟန်ယွင်သည် သတိလစ်နေသည့် အခြေအနေတွင် ဖြစ်၏။

ယခုသွေးစီးနေသည့် အနေအထားတွင် ရှိနေသောကြောင့် တစ်စုံတစ်ယောက်သည် နောက်ပိုင်းတွင် တည်ဆောက်ခြင်း မှော်အတတ်ဖြင့် ဖန်တီးထားသည့် ကျူးဟန်ယွင်ကို တိုက်ခိုက်ခဲ့သည်မှာ သေချာသည်။

နန်ယန်ရှို့က ဆက်လက်ရှင်းပြခဲ့သည်။

"အဲဒီတုန်းက ငါအရမ်းကြောက်မိသွားတယ်.. ပထမတော့ တစ်ယောက်ယောက်ကို ရှာဖွေဖို့ စဥ်းစားခဲ့တယ်.. ဒါပေမဲ့လည်းငါက ကျူးဟန်ယွင် ကြမ်းပြင်ပေါ်မှာ လဲကျနေတာကို ပထမဆုံးတွေ့ခဲ့တဲ့သူ ဆိုတာ စဥ်းစားမိခဲ့တယ်.. အကယ်၍ လူသတ်သမားအဖြစ် သံသယ၀င်ခံရရင် ရှင်းပြဖို့ ခက်ခဲသွားမှာဖြစ်ပြီး ပြိုင်ပွဲကနေ ထုတ်ပယ်ခံရနိုင်ချေ အရမ်းများတယ်"

ကူရွှင်းကျစ်က မျက်ခုံးပင့်လိုက်သည်။

"ဒါဆို မင်းဘာတွေဆက်လုပ်ခဲ့လဲ"

"ငါက သစ်သားပြောင်းလဲခြင်း မှော်အတတ်ကို အသုံးပြုပြီး ငါ့ ညာဘက်လက်မောင်းကို သစ်သားအဖြစ် ပြောင်းလဲလိုက်တယ်.. ပြီးတော့ ကျူးဟန်ယွင်ရဲ့လည်ပင်းကို ဆုပ်ကိုင်ပြီး သစ်သား သဲလွန်စအချို့ကို ချန်ထားရစ်ခဲ့တယ်.. အဓိကက အမှတ် ၁ မိစ္ဆာနှိမ်နင်းရေးအထက်တန်းကျောင်းကို အပြစ်ပုံချဖို့ပဲ.. သူတို့ကျောင်းက ရုပ်သေးရုပ်တွေ အသုံးပြုတာကိုကျွမ်းကျင်တယ်လေ.. ဒါကြောင့် သစ်သား သဲလွန်စကို ချန်ထားရစ်ခဲ့တာပဲ"

နန်ယန်ရှို့၏စကားကို ကြားလျှင် အမှတ် ၁ မိစ္ဆာနှိမ်နင်းရေးအထက်တန်းကျောင်းမှ ကျောင်းသားများသည် ချက်ခြင်းပင် ဒေါသထွက်သွားကြသည်။

"တော်တော် ယုတ်မာတဲ့ကောင်ပဲ"

အမှတ် ၁ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းမှ ကျောင်းသားတစ်ယောက်က ရှေ့ထွက်၍ ပြောလိုက်သည်။

"သူများအကြောင်းပဲ ပြောမနေနဲ့.. မင်းလည်း အခုအချိန်မှာ သံသယရှိသူပဲ"

ကူရွှင်းကျစ်က ထိုလူငယ်ကို စူးစိုက်ကြည့်ကာပြောလိုက်သည်။

"နန်ယန်ရှို့ကတော့ သူ့ရဲ့အခြေအနေတွေကို ရှင်းပြပြီးသွားပြီ ကဲ.. မင်းဘာလုပ်ခဲ့တာလဲ ဆိုတာ ပြောစမ်းပါဦး"

လူငယ်က နှုတ်ခမ်းကိုရွဲ့၍ မဲ့ပြုံးပြုံးလိုက်သည်။

သို့သော်လည်း ကောင်းထျန်းမင်က သူ့ကို အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သောအခါတွင် အမှန်တရားကို ပြောဆိုရန် ဆုံးဖြတ်လိုက်၏။

"ငါအဲဒီကို ရောက်တဲ့အချိန်မှာ ကျူးဟန်ယွင်ဘေးမှာ ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး.. သူက သွေးလည်းထွက်မနေဘူး ဒါပေမဲ့ သူ့လည်ပင်းမှာ သစ်သားသဲလွန်စအချို့ကိုတော့ တွေ့လိုက်ရတယ်.. ဒါကြောင့် ငါတို့အဖွဲ့ထဲက တစ်ယောက်ယောက်က သူနဲ့စကားများပြီး သူသတိလစ်အောင် လုပ်မိခဲ့တယ်လို့ ငါတွေးမိခဲ့တယ် ဒါကြောင့် ငါက.."

"မင်းဘာလုပ်ခဲ့တာလဲ"

လူတိုင်းက စိတ်၀င်စားလာကြသည်။

"ငါကကြယ်မီးလျှံ မှော်အတတ်ကိုသုံးပြီး သစ်သားသဲလွန်စတွေကို မီးရှို့ပစ်လိုက်တယ်.. ငါက ဒီကိစ္စကို မျှခြေမီးလျှံ အလယ်တန်းကျောင်းကို အပြစ်ပုံချဖို့ ကြိုးစားခဲ့တာပဲ.. သူတို့က မီးလျှံမှော်အတတ်တွေမှာ ကျွမ်းကျင်ကြတယ်လေ.. အခင်းဖြစ်တဲ့နေရာမှာ မီးရှို့ထားတဲ့ သဲလွန်စကို တွေ့ရင် ပထမဆုံးသံသယ ဖြစ်ခံရမှာက သူတို့ပဲ.. ဒီလိုလုပ်ဆောင်လိုက်ခြင်းက သစ်သားသဲလွန်စတွေကိုလည်း လုံး၀ ပျောက်ကွယ်သွားစေမှာ ဖြစ်တယ်"

လူတိုင်း"........"

ကူရွှင်းကျစ်"........"

၀မ်လင်း"........"

ထိုစကားကို ကြားလိုက်သောအခါတွင် လူတိုင်းသည် အံ့အားသင့်သွားကြသည်။

တစ်နည်းအားဖြင့် တည်ဆောက်ခြင်း မှော်အတတ်ဖြင့် ဖန်တီးထားသည့် ကျူးဟန်ယွင်၏ ခန္ဓာကိုယ်သည် လည်ပင်းကို ဆုပ်ကိုင်ခံခဲ့ရပြီး သစ်သားသဲလွန်စများ မီးရှို့ခံခဲ့ရသော်လည်း ဤဖြစ်ရပ်နှစ်ခုလုံးသည် သွေးဘယ်က ထွက်လာသလဲ ဆိုသည်ကို ရှင်းပြနိုင်ခြင်း မရှိခဲ့ပေ။

ကျူးဟန်ယွင်အနေဖြင့် ဤသို့သောအနေအထားဖြင့် သွေးအိုင်ထဲတွင် လဲနေရန် မည်သို့သော ကိစ္စများ ကြုံတွေ့ခဲ့ရမှန်း မည်သူမှ မသိခဲ့ချေ။

အပိုင်း(၁၁၄၁) ပြီး၏

All Chapters