← Chapters

ဒါက ခက်ခဲလွန်းတယ်

Vol. 77 Ch. 1143

ဒါက ခက်ခဲလွန်းတယ်

Vol. 77 Ch. 1143

အမှောင်ထဲတွင် အော်ဟစ်သံများ ဆူညံ ပွက်လောရိုက်ကုန်သည်။

ကျောင်းသား အများစုသည် သူတို့ရှေ့တွင် ထိတ်လန့်စရာ အိပ်မက်ဆိုး အမျိုးမျိုး ပေါ်လာသည်ကို မြင်လိုက်ရ၏။

ဤအိပ်မက်ဆိုးများသည် ယခင်က သူတို့ကို အိပ်မောကျနေရာကနေ လန့်နိုးစေခဲ့သည့် အိပ်မက်ဆိုးများ ဖြစ်သည်။

ယခုအခါ ထိုအိပ်မက်ဆိုးများသည် သူတို့၏ စိတ်ထဲတွင် ရုပ်ရှင်ပြနေသကဲ့သို့ ထပ်ခါထပ်ခါ ပြန်ပေါ်နေခဲ့၏။

မကြာခင်မှာပင် လူအတော်များများသည် အသက်ရှုရကြပ်လာကြပြီး မျက်နှာများ ဖြူဖျော့လာကြသည်။

ချန်းချောင်၊ကော်ဟောက်၊စွန်းရံ အစရှိသည့် အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများသည် တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

သူတို့ပတ်၀န်းကျင်ရှိ လေထုဖိအားက အလွန်များပြားနေသောကြောင့် မကြာခင်မှာပင် သူတို့သည် အသက်ရှုရကြပ်သလို ခံစားလာရပြီး တစ်ကိုယ်လုံး တုန်ယင်ကာ အသက်မရှုနိုင်တော့ပေ။

"ပြီးသွားပြီ"

အမှောင်ထဲတွင် သွေးသံရဲရဲမျက်လုံးတစ်စုံသည်အေးစက်စက် အလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။

ဤသည်မှာ ရုပ်ခန္ဓာမရှိသည့် နတ်ဆိုး၏မျက်လုံး ဖြစ်ပြီး နတ်ဆိုး၏အသံသည် လူတိုင်း၏ စိတ်ထဲတွင် အိပ်မက်ဆိုးတစ်ခုလို ပဲ့တင်ထပ်နေခဲ့သည်။

"အန္တိမလူသတ်ဘုရင် မတိုင်ခင်က အမှောင်နက်ဝေါ့ခ်ရဲ့ နံပါတ်တစ်ဖြစ်တဲ့ အိပ်မက်ဆိုး.. ငါထင်ထားတဲ့အတိုင်း မင်းအသက်ရှင်နေသေးတာပဲကိုး"

ထိုအချိန်တွင် ဥက္ကဌချီ၏အသံသည် စင်္ကြန်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဥက္ကဌချီက အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး မြေပြင်ပေါ်တွင် လဲကျနေသည့် ကလေးများကို ငေးကြည့်ကာ သက်ပြင်းကို ညင်သာစွာ ချလိုက်သည်။

"မင်းကို ဖမ်းချင်ခဲ့တာမှန်ပေမဲ့ မင်းရဲ့ရက်စက်မှုကို လျှော့တွက်မိခဲ့တယ်.. မင်းက ကလေးတွေကိုတောင်အလွတ်မပေးခဲ့ဘူးပဲ"

"ဟက်.. ငါတို့ရဲ့အဓိက အစီအစဥ်ကို အနှောင့်အယှက် ဖြစ်မှာဆိုးလို့ အခုထိ မလှုပ်ရှားရသေးတာပဲ.. မင်းအပြစ်တင်ချင်တယ်ဆိုရင် အရမ်းတော်တတ်နေတဲ့ ကျောင်းသားတွေကိုပဲ အပြစ်တင်လိုက်.. သူတို့က ငါ့ကိုတောင် ထွင်းဖောက်မြင်နိုင်ခဲ့တယ်"

အိပ်မက်ဆိုး၏ အသံလုံးကြီးသော သြရှရှအသံက ပြန်လည်ထွက်ပေါ်လာခဲ့သည်။

ထိုအသံက ကြားရရုံဖြင့်ပင် စိတ်မသက်မသာ ဖြစ်စေလောက်၏။

"ဘာလို့ ကျူးဟန်ယွင်ကို တိုက်ခိုက်ရတာလဲ"

"ငါတို့ စီစဥ်ထားတဲ့အတိုင်းဆိုရင် တိုင်တန် အတန်းကျောင်းက ငါအရင်ဆုံးဖြိုချရမဲ့ကျောင်းပဲ.. ကျူးဟန်ယွင်က တိုင်တန်အထက်တန်းကျောင်းရဲ့ အဖွဲ့ခေါင်းဆောင် ဆိုမှတော့ အခွင့်အရေးရတဲ့အချိန်မှာ သူ့ကို ရှင်းပစ်လိုက်တာ အကောင်းဆုံးပဲ မဟုတ်လား.. ငါက လှေကားထစ်ကနေ တက်နေတဲ့ ကျောင်းသားတွေနဲ့ ရောပြီး လိုက်ပါသွားခဲ့တယ်.. ဒါကြောင့်မင်းတို့တွေ ငါ့ကိုမသိနိုင်ခဲ့တာပဲ"

အိပ်မက်ဆိုးက ပြောလိုက်သည်။

"တိုင်တန်အထက်တန်းကျောင်းကို အရင်ဆုံးဖြိုချမယ်ဟုတ်လား"

ဥက္ကချီက အိပ်မက်ဆိုး၏စကားထဲကနေ အချက်အလက် တစ်ခုကို ရလိုက်သည်။

ယုတ္တိဗေဒအရ တိုင်တန်အထက်တန်းကျောင်းသည် အိပ်မက်ဆိုးလို အမှောင်နက်ဝေါ့ခ်မှ ထိပ်တန်းကျင့်ကြံသူများအတွက် ဘာမှအရေးမပါပေ။

သို့သော်လည်း အိပ်မက်ဆိုးက တိုင်တန်အထက်တန်းကျောင်းမှ ကျောင်းသားများကို အရင်ဆုံး ပစ်မှတ်ထားနေသည်ဟု ပြောဆိုလေရာ ဥက္ကဌချီ စဥ်းစားနိုင်သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ အိပ်မက်ဆိုးနှင့် သူ၏နောက်ကွယ်မှ သခင်သည် တိုင်တန်အထက်တန်းကျောင်း၏ အသားလုံးတင့်ကားနည်းစနစ်က နဂါးကိုးကောင်တောင် ပတ်၀န်းကျင်ကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်ပြီး သူတို့အဓိက ပစ်မှတ်ထားသည့် ပင်မ သွေးပြန်ကြောကို တစ်နည်းတဖုံ သက်ရောက်မှု ရှိမည်ကို စိုးရိမ်နေ​ခြင်းကြောင့် ဖြစ်နိုင်သည်။

ထို့ကြောင့် ဤအုပ်စုသည် ပင်မသွေးပြန်ကြောကို လိုချင်နေသည်မှာ သေချာသလောက် ဖြစ်၏။

"အမှောင်ဘိုးဘေး ရှဲ့စန်းရှောင်.. အခုဘယ်ရောက်နေလဲ"

ဥက္ကဌချီက အိပ်မက်ဆိုးကို စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။

ထိုစကားကိုကြားလျှင် အိပ်မက်ဆိုးက အံ့သြသွားသော်လည်း ချက်ခြင်းပင် ရယ်မောကာ ပြန်ဖြေလိုက်၏။

"မျှော်လင့်ထားတဲ့အတိုင်းပဲ.. နိုင်ငံတည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦးထဲက ဥာဏ်ပညာသူတော်စင် ဗိုလ်ချုပ်ချီ.. မင်းက မင်းရဲ့ထူးခြားတဲ့နာမည်နဲ့ ထိုက်တန်ပါပေတယ်.. ဒါပေမဲ့ မင်းအနေနဲ့ အမှောင်ဘိုးဘေးအကြောင်းကို စိတ်၀င်စားမဲ့အစား ဒီမှာလဲကျနေတဲ့ မင်းရဲ့ ကျောင်းသားတွေကို ဘယ်လိုကယ်တင်ရမလဲ ဆိုတာကို ပိုပြီးစဥ်းစားသင့်တယ်"

အိပ်မက်ဆိုးက ဆက်ပြောလိုက်သည်။

"မင်းက တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတွေကို ဂရုတစိုက်ရွေးချယ်ပြီး ခန္ဓာကိုယ်နည်းစနစ် နှီးနှော ဖလှယ်ပြိုင်ပွဲမှာ ပါ၀င်ခိုင်းခဲ့တယ်.. သူတို့တွေက ကျင့်ကြံခြင်းကမ္ဘာရဲ့ လူငယ်မျိုးဆက်တွေထဲမှာ အထူးချွန်ဆုံးသူတွေပဲ.. မင်းရဲ့ပေါ့လျော့မှုကြောင့် သူတို့အားလုံးကို သတ်ပစ်လိုက်ရတာ အရမ်းနှမြောစရာကောင်းတယ်.. ဒီပြိုင်ပွဲရဲ့ ကျင်းပသူအနေနဲ့ ဒီအပြစ်ကို မင်းဘယ်လိုမှ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး.. မင်းတို့ရဲ့ ဟွာရှို့မဟာမိတ် အဖွဲ့အစည်းကိုလည်း ဘယ်သူမှယုံကြည်ကြတော့မှာ မဟုတ်ဘူး"

"ဟားဟား...သေသွားတာကြာပြီလို့ ငါထင်ခဲ့တဲ့.. မစ္စတာအိပ်မက်ဆိုးက ငါထင်ထားတာထက်ပိုပြီး စကားပြောကောင်းလာတာကိုး"

ဥက္ကချီကလည်း ရယ်မော၍ ပြောလိုက်သည်။

"ငါ့ဆရာနဲ့ ငါက မင်းရဲ့အစီအစဥ်ကို အစောကြီးကတည်းက ခန့်မှန်းခဲ့ပြီးသားပါ.. မင်းက နဂါးကိုးကောင်တောင်မှာ ကျင်းပတဲ့ အမျိုးသားအဆင့် ခန္ဓာကိုယ်နှီးနှောဖလှယ်ပြိုင်ပွဲမှာ တစ်ခုခုလုပ်ဖို့ ကြိုးစားလိမ့်မယ်ဆိုတာ ငါတို့တွေ သိထားပြီးသားပဲ.. ဒါပေမဲ့လည်း ပြိုင်ပွဲကို စီစဥ်ထားတဲ့အတိုင်းပဲဆက်လက်ကျင်းပခဲ့တယ်.. မင်းက အရမ်းကို ထက်မြက်တယ် မဟုတ်လား မစ္စတာအိပ်မက်ဆိုး.. အဲဒီအတွက် အကြောင်းအရင်းကို ခန့်မှန်းနိုင်လိမ့်မယ်လို့ ငါထင်တယ်"

"ဒါက ထောင်ချောက်တစ်ခုလို့ မင်းပြောချင်တာလား"

အိပ်မက်ဆိုးက မျက်လုံးများ မည်းမှောင်သွားပြီး မယုံကြည်စွာဖြင့် အော်ဟစ်လိုက်သည်။

"မဖြစ်နိုင်ဘူး.. ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် မြေပြင်ပေါ်လဲကျသွားတာ ထင်ရှားနေတာပဲ.. သူတို့တွေအားလုံး ငါ့ရဲ့သံသရာ အိပ်မက်ဆိုးမှော်စွမ်းရည်ထဲကို ကျရောက်သွားပြီးနောက်မှာ အသက်ရှူကျပ်ပြီး ကုန်းပတ်ပေါ်ရောက်နေတဲ့ ငါးလိုမျိုး လူးလွန့်နေကြတယ်.. သူတို့အတွက် ရှင်သန်ဖို့ အခွင့်အရေး လုံး၀ မရှိနိုင်ဘူး"

"သံသရာအိပ်မက်ဆိုး မှော်အတတ်က မစ္စတာအိပ်မက်ဆိုးရဲ့ နာမည်ကျော် နည်းစနစ်တွေထဲက တစ်ခုဆိုတာ ကြားဖူးတယ် မစ္စတာအိပ်မက်ဆိုးက ဒီလောက်နာမည်ကျော်ကြားတာ ငါ့အနေနဲ့ ဒီနည်းစနစ်ကို ဘယ်လိုလုပ်ပြီး မသိဘဲနေနိုင်မှာလဲ.. ငါက ဒီနည်းစနစ် အကြောင်းကို သိထားတယ် ဆိုမှတော့ ကာကွယ်မှုတွေကို သေချာပေါက် ပြုလုပ်ထားခဲ့တာပေါ့.. ငါဘာလို့ ခရုပတ် လှေကားခုနစ်သိန်းကို ပြင်ဆင်ခဲ့တာလဲ ဆိုတာ မင်းသိလား"

ဥက္ကဌချီက သူ့စမ်းသပ်မှု၏ အဓိကအချက်ကို ထုတ်ပြောလိုက်သည်။

ခရုပတ် လှေကားထစ်ဟုသည့် စကားလုံးကို ကြားပြီးနောက်တွင် အိပ်မက်ဆိုးသည် ချက်ချင်းပင် သဘော ပေါက်သွားခဲ့သည်။

"ဒါက.."

"ဟုတ်တယ် ဒါက အိပ်မက်ဖန်တီးခြင်း မန္တန်ပဲ.. ဒီမန္တန်ကို ရွတ်ဖတ်နိုင်တဲ့သူ နှစ်ယောက်ပဲရှိတယ်.. တစ်ယောက်ကတော့ ငါ့တပည့်.. နောက်တစ်ယောက်ကတော့ ငါကိုယ်တိုင်ပဲ.. ငါ့တပည့်က ခရီးလွန်နေတာကြောင့် ငါကိုယ်တိုင်ပဲ မန္တန်ကို အသုံးပြုခဲ့တယ်"

ဥက္ကဌချီက အမှန်တရားကို ထုတ်ဖော်လိုက်သည်။

"ဒါကြောင့် မစ္စတာအိပ်မက်ဆိုး.. မင်းကအစကတည်းက ငါဖန်တီးထားတဲ့ အိပ်မက်ထဲကို ကျရောက်သွားခဲ့တာပဲ.. မင်းအခုမြင်နေရတာတွေက ငါ့ရဲ့အိပ်မက်ကမ္ဘာထဲက ထင်ယောင်ထင်မှား ပုံရိပ်တွေထက် ဘာမှမပိုဘူး.. မင်းမြေပြင်ပေါ်မှာ သေနေပြီလို့ ထင်နေတဲ့ ကျောင်းသားတွေက အမှန်တကယ်တော့ သတိပြန်လည်လာကြပြီ.. ဒါ့အပြင် သူတို့တွေရဲ့ ထိတ်လန့်ကြောက်ရွံ့မှုတွေကလည်း အစစ်အမှန် မဟုတ်ဘူး.. ပြောရရင် ဒီကလေးတွေအတွက် အိပ်မက်ဆိုးတစ်ခု မက်ခဲ့ရုံပါပဲ"

"ဒါလုံး၀မဖြစ်နိုင်ဘူး"

အိပ်မက်ဆိုးက အော်ဟစ်လိုက်သည်။

"မဖြစ်နိင်ဘူးဆိုတာ ဘာမှမရှိဘူး မစ္စတာအိပ်မက်ဆိုး.. ဒါကမင်းအတွက် ငါကိုယ်တိုင် ထောင်ထားတဲ့ ထောင်ချောက်တစ်ခုပဲ"

ဥက္ကဌချီက အိပ်မက်ဆိုးကို စိုက်ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။

ထိုအချိန်တွင် အိပ်မက်ဆိုးသည် သူအခြေအနေ မကောင်းမှန်း အဆုံးသတ်၌ သဘောပေါက်သွားခဲ့သည်။

အိပ်မက်ဆိုးက ဒြပ်မဲ့ခန္ဓာကိုယ်ဖြင့် ဘုံကျောင်းထဲကနေ အလျင်အမြန် ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော်လည်း သူလွတ်မြောက်သွားသည်ဟု ထင်လိုက်သည့်အချိန်မှာပင် သူ့မျက်လုံးရှေ့မှ မြင်ကွင်းများသည် ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး စစချင်းနေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ယခင်အတိုင်းပင် ဥက္ကဌချီသည် သူ၏ရှေ့နားတွင် ရပ်နေခဲ့သည်။

"လူတိုင်းက တူညီတဲ့ အိပ်မက်ထဲမှာ ရှိနေကြတယ်.. မင်းလည်းအပါအ၀င်ပဲ မစ္စတာအိပ်မက်ဆိုး.. မင်းဘယ်လိုမှ မလွတ်မြောက်နိုင်တော့ဘူး"

ဥက္ကဌချီက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

သူက ဤအိပ်မက်ကမ္ဘာ၏ ဖန်တီးသူဖြစ်သည်။

မည်သူကမှ သူ၏ အိပ်မက်ကမ္ဘာထဲကနေ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ဤသည်က တကယ့်ကမ္ဘာကြီးသာ ဆိုလျှင် အိပ်မက်ဆိုးအတွက် ထွက်ပြေးလွတ်မြောက်ရန် နည်းလမ်းအများအပြား ရှိမည်ဖြစ်သည်။

သို့သော် သူ့အနေဖြင့် အိပ်မက်ထဲတွင်မူ လှောင်အိမ်ထဲတွင် ပိတ်မိနေသည့် သားရဲတိရစ္ဆာန်တစ်ကောင်လို ကံဆိုးသွားခဲ့သည်။

သူ့တွင် ထွက်ပြေးလွတ်မြောက်ရန် နည်းလမ်းမရှိပေ။

အထူးသဖြင့် ဥက္ကဌချီ ကိုယ်တိုင် မန္တန်ကို ရွတ်ဆိုခဲ့လျှင် ဖြစ်သည်။

"ပြီးသွားပြီ"

နောက်ထပ် တခဏမှာပင် ဥက္ကဌချီသည် သူ၏ လက်ချောင်းများကို လှုပ်ရှားလိုက်သည်။

အိပ်မက်ဆိုး၏ ကြောက်မက်ဖွယ် အော်ဟစ်သံနှင့်အတူ ဥက္ကဌချီသည် အိပ်မက်ကမ္ဘာတစ်ခုလုံးကို ချက်ခြင်းပင် အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်ရာ အိပ်မက်ဆိုး၏ ဒြပ်မဲ့နတ်ဆိုးခန္ဓာကိုယ်သည်လည်း တစ်ခါထဲ ပျက်စီးသွားခဲ့သည်။

ဘုံကျောင်းထဲတွင် မီးများက ပြန်လည် လင်းလက်လာခဲ့သည်။

လူတော်တော်များများသည် ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးတစ်ခုကနေ နိုးထလာသလိုခံစားလိုက်ရသော်လည်း သူတို့ကိုယ်သူတို့ စစ်ဆေးကြည့်လိုက်သည့်အခါတွင် ခန္ဓာကိုယ်၌ ဘာအမှားအယွင်းမှ ရှိမနေခဲ့ပေ။

၀မ်လင်းနှင့် အခြားသူများအတွက်မူ အစကတည်းကသတိလစ် မသွားခဲ့၍ အိပ်မက်မမက်ခဲ့ဘဲ ဘာတွေ ဖြစ်ပျက်နေမှန်း အတိအကျ သိနေခဲ့ကြသည်။

ထို့ကြောင့် အိပ်မက်ဆိုးပေါ်လာပြီး လူတိုင်းက မြေပြင်ထက်သို့ လဲကျသွားသောအခါတွင် ၀မ်လင်းတို့ လူစုကလည်း အတူတူပင် လိုက်လံ လုပ်ဆောင်ခဲ့ရသည်။

မြေပြင်ပေါ်တွင် လူးလိမ့်နေရင်း ၀မ်လင်းသည် သူ့ကိုယ်သူ ကုန်းပတ်ပေါ်တွင် ရောက်နေသည့် ငါးခူတစ်ကောင်လို ခံစားခဲ့ရသည်။

အဆိုးဆုံးအချက်က အိပ်မက်ဆိုးသည် ကျောင်းသားများ တဖျပ်ဖျပ် လူးလွန့်နေကြသည်ဟု ပြောဆိုခဲ့ခြင်းပင် ဖြစ်၏။

၀မ်လင်းက ခန္ဓာကိုယ်ကို ဟိုဒီလှိမ့်ကာ လူးလွန့်ပြီးနောက် အင်္ကျီကိုဆွဲတင်၍ ကြည့်လိုက်သောအခါ ၀မ်းဗိုက်ကြွက်သားများက အနည်းငယ် ပို၍ ထင်ရှားလာသည်ကို တွေ့လိုက်ရသည်။

"ဒါက ငါ့အတွက် အရမ်းခက်ခဲလွန်းတာပဲ"

အပိုင်း(၁၁၄၃) ပြီး၏

All Chapters