← Chapters

လီမိုဒီ၏ မိုင်းနည်းစနစ်

Vol. 77 Ch. 1145

လီမိုဒီ၏ မိုင်းနည်းစနစ်

Vol. 77 Ch. 1145

မိစ္ဆာအင်ပါယာ အပြစ်တွေ အများအပြား ကျူးလွန်ခဲ့သည်မှာ သူ၏ဇနီးမိုင်ယာကို ရှာဖွေချင်၍ ဖြစ်သည်။

ထာ၀ရခွဲခွာသွားခဲ့သည့် ကိစ္စကို ပြန်ပြောခိုင်းခြင်းသည် ဒဏ်ရာကို ဆားဖြင့်ပက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်ပိုင်၏ စိတ်ထဲတွင် ခံစားချက်တစ်ခု ခပ်ရေးရေး ရှိနေခဲ့သည်။

ယင်းမှာ ကွာဖီနှင့် မိုင်ယာတို့၏ ကိစ္စသည် ကျိုးမန်ရိုခူရိုနှင့် တစ်နည်းတစ်ဖုံ စပ်ဆက်နေသည်ဟု ခံစားမိနေခြင်းပင်။

"ငါ့ဇနီးမိုင်ယာနဲ့ ငါက ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာခဲ့ကြတယ်.. သူမက ငြိမ်းချမ်းရေးတပ်ဖွဲ့၀င် တစ်ယောက်ပဲ"

ကွာဖီက ပြောလိုက်သည်။

"မိုင်ယာက ငြိမ်းချမ်းရေးတပ်ဖွဲ့၀င်လား"

ကွာဖီ၏ဇနီးတွင် ထိုကဲ့သို့ အထောက်အထားမျိုး ရှိနေလိမ့်မည်ဟု ဗိုလ်ချုပ်ပိုင် မထင်ထားခဲ့ပေ။

ငြိမ်းချမ်းရေးတပ်ဖွဲ့၀င်များတွင် အမျိုးသမီး အရေအတွက်သည် အလွန်ရှားပါးသည်။

ပြည်ပရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်သည် အနည်းငယ်ပို၍ ရှုပ်ထွေးပြီး အန္တရာယ်များ၏။

ငြိမ်းချမ်းရေးတပ်ဖွဲ့၀င်များတွင် အမျိုးသမီးများ ရှိသော်လည်း ကျား/မ အချိုးအစားကမူ အကန့်အသတ်ရှိ၍ အမျိုးသမီးအများစုသည် ဆေး၀ါး ကူညီထောက်ပံ့ရေး လုပ်ငန်းစဥ်များတွင်သာ လုပ်ကိုင်ခဲ့ကြသည်။

ဤသည်က ခွဲခြားဆက်ဆံခြင်း လုံး၀မဟုတ်ဘဲ အလုပ်တာဝန် ကွဲပြားခြင်းသာ ဖြစ်သည်။

အဓိကအချက်မှာ အဖွဲ့အစည်းများအနေဖြင့် အမျိုးသမီးများကို အကာအကွယ်ပေးနေဆဲပင်။

စင်စစ် ငြိမ်းချမ်းရေးလုပ်ငန်းသည် အလွန်အန္တရာယ်များသော အလုပ်ဖြစ်သည်။

ကြံ့ခိုင်သော စိတ်ဓာတ်မရှိလျှင် အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် ရွေးချယ်ခြင်းခံရမည် မဟုတ်ပေ။

ကွာဖီက သူ့ဇနီးမိုင်ယာနှင့် ပတ်သက်၍ ယခင်က ပြောဆိုဖူးသည်ကို ဗိုလ်ချုပ်ပိုင် မကြားဖူးခဲ့ပေ။

ယခုလို ငြိမ်းချမ်းရေးတပ်ဖွဲ့၀င် အဖြစ် မိုင်ယာ၏ အထောက်အထားကို ကြားလိုက်ရလျှင် အနည်းငယ်

အံ့အားသင့်သွားခဲ့သည်။

သို့ရာတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့၀င် အများအပြား ရှိသောကြောင့် ဗိုလ်ချုပ်ပိုင်သည် ၄င်းတို့အားလုံးကို မမှတ်မိနိုင်ခဲ့ပေ။

"သူမရဲ့ ကုဒ်အမည်က မိုင်ယာလား"

ဗိုလ်ချုပ်ပိုင်က မေးခွန်းထုတ်လိုက်သည်။

"မဟုတ်ပါဘူး မိုင်ယာရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့၀င် ကုဒ်အမည်က လစန္ဒာပါ"

ကွာဖီက ပြောလိုက်သည်။

"သူမက လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကျော်တုန်းက နာမည်​ကျော်ကြားတဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့၀င် တစ်ယောက် ဖြစ်ပြီး စစ်ဆင်ရေးတစ်ခု အတွင်းမှာ အဆက်အသွယ်ပြတ်တောက်ပြီးကတည်းက ပျောက်ဆုံးသွားခဲ့တယ်.. လွန်ခဲ့တဲ့ အနှစ် ၅၀၀ကမှ ဟွာရှို့မဟာမိတ်အဖွဲ့အစည်းက သူမရဲ့သေဆုံးမှုကို တရား၀င် အတည်ပြုနိုင်ခဲ့တယ်"

"အကြောင်းရင်းကတော့ နိုင်ငံရပ်ခြားက ငြိမ်းချမ်းရေးတပ်ဖွဲ့တစ်ဖွဲ့က မိုင်ယာရဲ့ အရိုးလို့ယူဆရတဲ့ လက်ချောင်း အရိုးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့လို့ပဲ DNA စစ်ဆေးမှုအရ မိုင်ယာရဲ့အရိုးဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့တယ်.. ဒါပေမဲ့ တွေ့ရှိခဲ့တဲ့နေရာကတော့ အရမ်းထူးဆန်းတယ်.. ဘာလို့လဲဆိုတော့ စွန့်ပစ်တာအိုဘုရားကျောင်းတစ်ခုမှာ တွေ့ရှိခဲ့လို့ပဲ.. အချိန်အတော်ကြာသွားပြီဖြစ်လို့ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ဘယ်သူမှ မသိဘူး"

"လူတိုင်းသိတဲ့အချက်တစ်ခုကတော့ အဲဒီစွန့်ပစ်ဘုရားကျောင်းထဲမှာ ရွှံ့ပေနေတဲ့ခြေရာငါးခုကို တွေ့ရှိခဲ့တာပဲ.. ကြည့်ရတာ မိုင်ယာက သေလုမျောပါးဖြစ်နေတဲ့အချိန်မှာ တစ်စုံတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပုံရတယ်.. ဒါက ကျွမ်းကျင်သူတွေအနေနဲ့ အခင်းဖြစ်ပွားရာနေရာကို စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ ရရှိခဲ့တဲ့ရလဒ်ပဲ"

"အတိုချုပ်ပြောရရင် အဲဒီအမှုက အဲဒီအချိန်တုန်းကအတော်လေး ဂယက်ရိုက်သွားခဲ့သေးတယ်.. ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အခင်းဖြစ်ပွားရာနေရာက သဲလွန်စတွေ အားလုံးနီးပါး ပျောက်ကွယ်သွားခဲ့တယ်.. တကယ်တော့ ဒီအမှုရဲ့ အကြီးမားဆုံးလျှို့၀ှက်ဆန်းကြယ်မှုက မိုင်ယာရဲ့ ကျန်အရိုးတွေ ဘယ်မှာရှိနေလဲဆိုတာပဲ"

"ဘာလို့လဲဆိုတော့ စွန့်ပစ်တာအိုဘုရားကျောင်းမှာ လက်ချောင်းအရိုးတစ်ခုကိုသာ ရှာဖွေတွေ့ရှိခဲ့လို့ပဲ.. ဒီကိစ္စက ငြိမ်းချမ်းရေးတပ်ဖွဲ့ရဲ့ မဖြေရှင်းနိုင်သေးတဲ့ အမှုတစ်ခုအဖြစ် ကျန်ရှိနေခဲ့တယ်.. ကံဆိုးစွာနဲ့ပဲအချိန်အတော်ကြာသွားပြီဖြစ်လို့ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ဘယ်သူမှ အတိအကျမသိခဲ့ဘူး"

ကွာဖီ၏စကားကို နားထောင်ပြီးနောက်တွင် ဗိုလ်ချုပ်ပိုင်က သက်ပြင်းချ၍ ပြောလိုက်သည်။

"လစန္ဒာ အိုးးး မှားလို့ မစ္စမိုင်ယာကို ငါမှတ်မိတယ်သူမက ငြိမ်းချမ်းရေးတပ်ဖွဲ့ ၆ ရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ သူမက စွမ်းဆောင်ရည်ထူးချွန်ပြီးတိုက်ပွဲ အများအပြားကို အနိုင်ရရှိခဲ့ဖူးတယ် ဒါကြောင့် အဲဒီအချိန်ကာလက ဒီအမှုက အတော်လေးဂယက်ရိုက်သွားခဲ့တယ် ငါကိုယ်တိုင် အဖွဲ့သုံးဖွဲ့နဲ့လူတစ်ရာထက်မနည်း စုံစမ်းစစ်ဆေးဖို့အတွက် စေလွှတ်ခဲ့ဖူးတယ် ဒါပေမဲ့ ဘာမှ ရှာဖွေမတွေ့ရှိခဲ့ဘူး"

"ဒီကိစ္စက တကယ်ပဲ ထူးဆန်းပါတယ်.. ဗိုလ်ချုပ်ကို ငါအပြစ်မတင်ပါဘူး"

မိစ္ဆာအင်ပါယာကွာဖီက သက်ပြင်းချ၍ ပြောလိုက်သည်။

"ဒီအချိန်ထိ ငါ့ဇနီးဘယ်နေရာမှာ ရှိနေလဲဆိုတာကို ရှာဖွေနေဆဲပါပဲ.. အခုထိတော့ ဘာမှရှာမတွေ့ခဲ့ဘူး.. တစ်နေ့နေ့မှာ တိုးတက်မှုတစ်ခုခု ရနိုင်လိမ့်မယ်လို့ ငါထင်တယ်"

ထိုခဏတွင် အတွေးပေါင်း မြောက်များစွာသည် ဗိုလ်ချုပ်ပိုင်၏ စိတ်ထဲ၌ ဖြတ်သန်းသွားခဲ့သည်။

တပ်ဖွဲ့ ၆၏ ခေါင်းဆောင်ဖြစ်သည့် လစန္ဒာက မိစ္ဆာအင်ပါယာကွာဖီ၏ ချစ်သူ ဖြစ်နေလိမ့်မည်ဟု သူလုံး၀မထင်ခဲ့ပေ။

ဤသည်ကိုကြည့်လျှင် ကွာဖီ၏ဇနီးအပေါ် ချစ်မြတ်နိုးမှုသည် တကယ်ကို နက်ရှိုင်းသည်ဟု ဆိုရမည်။

သို့သော်လည်း ရာဇ၀တ်မှုက ရာဇ၀တ်မှုပင်။

မိစ္ဆာအင်ပါယာအနေဖြင့် လွတ်မြောက်ခြင်းလမ်းကို ဆက်လက် လျှောက်လမ်းရပါလိမ့်မည်။

သနားစာနာမှုက သူ၏ပြစ်ဒဏ်ကို လျော့ပေးနိုင်မည် မဟုတ်ပေ။

အကြောင်းရင်းမှာ ကွာဖီ၏လုပ်ရပ်သည် ကျင့်ကြံခြင်းကမ္ဘာ၏ ဥပဒေများကို မထီမဲ့မြင် ပြုခဲ့သောကြောင့်ပင်။

ထိုအချိန်က ဖြစ်ရပ်သည် ဗိုလ်ချုပ်ပိုင်၏ စိတ်ထဲတွင် အသားထဲ၌ စူး၀င်နေသော ဆူးတစ်ချောင်းလို ဖြစ်နေခဲ့သည်။

သူကိုယ်တိုင်သည်လည်း ထိုဆူးကို ဖယ်ရှားနိုင်မည့်နည်းကို မျှော်လင့်နေခဲ့သည်။

ဗိုလ်ချုပ်ပိုင်က သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်လိုက်ပြီး အစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့သည်။

သူက အတွေးထဲတွင် နစ်မျောနေသော မိစ္ဆာဓားနတ်ဘုရားနှင့် အင်မော်တယ်စံအိမ်သခင် ဘက်သို့ ကြည့်လိုက်သည်။

"ဒီထဲမှာ ရင်းနှီးတယ်လို့ ခံစားရတဲ့သူရှိလား"

"ဒီတစ်ယောက်"

အင်မော်တယ်စံအိမ်သခင် ချန်ယွီက ထူးခြားသောဆံပင်ပုံစံ ရှိသည့် အသားခပ်မည်းမည်း လူငယ်တစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။

ထိုလူ၏ဆံပင်ပုံစံသည် အာဖရိကဆံပင်ပုံစံမျိုး ဖြစ်သည်။

"လီမိုဒီ"

ဗိုလ်ချုပ်ပိုင်က ထိုလူ၏ ပရိုဖိုင်ကို တို့ထိလိုက်ပြီး နောက်ခံအကြောင်းကို ဖတ်ကြည့်လိုက်သည်။

ဤလူသည် လွန်ခဲ့သောနှစ်ပေါင်း ၃၀၀ခန့်က သေဆုံးသွားခဲ့သော အမှောင်နက်ဝေါ့ခ်၏ ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ထိုအချိန်က သူ့ကို ဖောက်ကွဲရေးနတ်ဆိုးလီမိိုဒီ ဟူသော နာမည်ပြောင်ဖြင့် လူသိများခဲ့သည်။

သူ၏မိုင်းနည်းစနစ်သည် အလွန်ပင် ဒုက္ခပေးနိုင်လောက်သော နည်းစနစ်တစ်ခုဖြစ်ပြီး အံ့သြစရာကောင်းလှ၏။

သူထိတွေ့မိသမျှ အရာတိုင်းသည် မိုင်းကဲ့သို့ဖြစ်သွားပြီး အနည်းငယ်မျှ ထိမိလျှင်ပင် ပေါက်ကွဲသွားနိုင်သည်။

လီမိုဒီကို ထိုခေတ်ကာလက ရှုံးနိမ့်ဖို့မဖြစ်နိုင်သောသူဟု ဆိုကြသည်။

အဘယ်ကြောင့်ဆိုသော် လီမိုဒီက အရာ၀တ္ထုတစ်ခုကို ထိမိထားသလား ဆိုသည်ကို မည်သူမှ မသိနိုင်သောကြောင့်ပင်။

သူ၏သေဆုံးမှုကမူ လုံး၀ မျှော်လင့်မထားသော အဖြစ် အပျက်တစ်ခုကြောင့် ဖြစ်သည်။

"လီမိုဒီက သေသွားခဲ့ပြီလား"

ကွာဖီက မေးခွန်းထုတ်လိုက်သည်။

"ဟုတ်တယ်.. သူသေဆုံးခဲ့ရတဲ့ အကြောင်းရင်းကို ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ"

ဗိုလ်ချုပ်ပိုင်က ဖိုင်ကို ဖွင့်ပြလိုက်သည်။

လီမိုဒီ သေဆုံးရသည့်အကြောင်းအရင်း- နောက်ပိုင်းနှစ်များတွင် လီမိုဒီသည် စိတ်ချို့ယွင်းမှုများ ဖြစ်ပေါ်လာပြီး သူထိမိသောအရာများက မိုင်းများ ဖြစ်သွားသည်ကို မေ့လျော့သွားခဲ့သည်။

ဤသို့ဖြင့် သူချထားခဲ့သော မိုင်းများကို မတော်တဆပေါက်ကွဲစေမိကာ သေဆုံးသွားခဲ့သည်။

"သူတကယ်ပဲ စိတ်ချို့ယွင်းပြီး မေ့သွားတာလား"

မိစ္ဆာအင်ပါယာကွာဖီ၊အင်မော်တယ်စံအိမ်သခင်ချန်ယွီနှင့် မိစ္ဆာဓားနတ်ဘုရားတို့သည် လီမိုဒီ သေဆုံးရသည့် အကြောင်းရင်းကို သိရှိပြီးနောက်တွင် စကားမပြောနိုင်အောင် မှင်တက်သွားခဲ့သည်။

သို့သော် မိစ္ဆာဓါးနတ်ဘုရား အာရုံစိုက်မိသည့် အချက်မှာ ပို၍ပင် ထူးဆန်းနေသည်။

"ကျင့်ကြံသူတွေမှာလည်း စိတ်ချို့ယွင်းမှု ဖြစ်နိုင်လား"

"ဒီဘက်ခေတ်မှာ စိတ်ချို့ယွင်းမှုကို ကုသနိုင်တဲ့ဆေး၀ါးတွေရှိနေပါပြီ.. ဒါပေမဲ့ လီမိုဒီက ကမ္ဘာတစ်၀န်းလုံးရဲ့ လိုက် လံဖမ်းဆီးခံနေရပြီး အမြဲတမ်းထွက်ပြေးနေရတဲ့သူ ဖြစ်တာကြောင့် ကုသဖို့အတွက် အကောင်းဆုံးအချိန်ကို လက်လွှတ်သွားခဲ့ရတယ်.. ဒါ့အပြင် သူက တစ်ကိုယ်တည်း နေတတ်တဲ့သူဖြစ်တဲ့ အတွက်ကြောင့် သူ့အနားမှာလည်း ဘယ်သူမှ မရှိခဲ့ဘူး.. ရောဂါပြင်းထန်လာတဲ့အချိန်မှာ သူချထားခဲ့တဲ့ မိုင်းတွေကို မေ့သွားရုံသာမက ဆေးသောက်ဖို့ကိုပါ မေ့သွားခဲ့တယ်"

အင်မော်တယ်စံအိမ်သခင်ချန်ယွီ"ငါက သူ့ကို ငါ့ရဲ့ မူလစိတ်ဝိညာဥ်နယ်ပယ်ထဲမှာ တိုက်ခိုက်ခဲ့ဖူးတယ်.. သူက ငါ့ရဲ့ဓါးတွေကို မိုင်းတွေအဖြစ် ပြောင်းလဲလိုက်ပြီး ငါ့ရဲ့အချစ်တော်စိတ်၀ိညာဥ်ဓားတွေကိုတောင် ပေါက်ကွဲသွားစေခဲ့တယ်"

ဗိုလ်ချုပ်ပိုင်က ဤအချက်များကို မှတ်သားထားလိုက်သည်။

"သူသာ ပြန်လည်ရှင်သန်ထမြောက်လာခဲ့ရင် ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲမှာအမှန်ပဲ"

ဗိုလ်ချုပ်ပိုင်ထက် ပို၍ ဖောက်ခွဲမှုအကြောင်းကို နားလည်သူမရှိပေ။

အဘယ့်ကြောင့်ဆိုသော် ဗိုလ်ချုပ်ပိုင်သည် ပေါက်ကွဲခြင်းသူတော်စင် ဖြစ်သောကြောင့်ပင်။

ဗိုလ်ချုပ်ပိုင်က သူ၏ ပေါက်ကွဲခြင်းနှင့် ပတ်သက်၍

ကမ္ဘာကျော်ခဲ့သူ ဖြစ်သည်။

တကယ်တမ်းတွင် ဤမိုင်းနည်းစနစ်သည် ဗိုလ်ချုပ်ပိုင်ကိုယ်တိုင် တစ်ချိန်က တီထွင်ခဲ့သော နည်းစနစ်တစ်ခုဖြစ်သည်။

သို့သော်လည်း အလွန်ပင် သေစေနိုင်သော နည်းစနစ်တစ်ခုဖြစ်၍ အန္တရာယ်များသောကြောင့် ဗိုလ်ချုပ်ပိုင်သည် သူ၏ နည်းစနစ်ကို ဖျက်ဆီးပစ်ခဲ့သည်။

သို့သော် ဗိုလ်ချုပ်ပိုင် ကိုယ်တိုင်ပင် လီမိုဒီက သူတီထွင်ထားခဲ့သောနည်းစနစ်ကို အသုံးပြုလိုက်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သို့သော်လည်း ဗိုလ်ချုပ်ပိုင်သည် လီမိုဒီ ကိုယ်တိုင်က မိုင်းနည်းစနစ်ကို တီထွင်နိုင်သည် ဟူသော အချက်ကိုလည်း ဖယ်ထုတ်မထားခဲ့ချေ။

အခြေခံကိုနားလည်လျှင် ကမ္ဘာပေါ်ရှိ မည်သည့်မှော်အတတ်နှင့်နည်းစနစ်မဆို တူညီမှုရှိနိုင်ပေသည်။

လီမိုဒီ ကိုယ်တိုင်က ပေါက်ကွဲခြင်းတွင် ကျွမ်းကျင်သူ တစ်ဦးဖြစ်သောကြောင့် မိုင်းနည်းစနစ်၏ သဘောတရားကို နားလည်ပြီး ကိုယ်တိုင် တီထွင်နိုင်ခဲ့လျှင်ပင် အံ့သြစရာတော့ မရှိပေ။

"မင်းအလှည့်ပဲ"

ဗိုလ်ချုပ်ပိုင်က လီမိုဒီ၏ အမည်ကို ရေးမှတ်ပြီးနောက်တွင် မိစ္ဆာဓားနေရာဘက်သို့ မျက်နှာမူလိုက်သည်။

မိစ္ဆာဓားနတ်ဘုရားက လမ်းသရဲဆံပင်ပုံစံရှိသည့် လူငယ်တစ်ဦးကို ညွှန်ပြလိုက်၏။

"ဒီလူကို ငါရင်းနှီးနေသလိုပဲ.. ငါသူ့ကို တိုက်ခိုက်ခဲ့ဖူးတယ်ထင်တယ်.. သူလည်း ငါ့လို မျက်လုံးမှာ အိုင်းရှဲဒိုးကို ဆိုးထားတယ်"

မိစ္ဆာဓားးနတ်ဘုရား၏ စကားကိုကြားလျှင် ဗိုလ်ချုပ်ပိုင်သည် အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်လိုက်သည်။

"မင်းနဲ့ရင်းနှီးနေတာ ဘာမှမဆန်းပါဘူး.. ဘာဖြစ်လို့လည်းဆိုတော့ သူက မင်းကို အတုခိုးထားတဲ့သူမို့လို့ပဲ"

မိစ္ဆာဓားနတ်ဘုရားအတုသည် အမှောင်နက်ဝေါ့ခ်၏ အနီရောင် 3S အဆင့် အလိုရှိရာဇ၀တ်ကောင်တစ်ဦးဖြစ်သည်။

နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့သည် မစ်ရှင်တစ်ခုအတွင်း အိုင်းရှဲဒိုးခြယ်သထားသော ဓားသမားတစ်ဦးကို ဖမ်းဆီးမိသောအခါတွင် မိစ္ဆာဓားနတ်ဘုရားအဖြစ် မှားယွင်းစွာ ယူဆမိခဲ့ကြသည်။

တကယ်တမ်းတွင် ထိုလူမှာ မိစ္ဆာဓားနတ်ဘုရားကို အတုခိုးထားသော ရာဇ၀တ်သားတစ်ဦးသာ ဖြစ်ပြီး မိစ္ဆာဓားနတ်ဘုရား၏ ပရိသတ်တစ်ဦးဖြစ်သည်ဟု သိရသည်။

ကံဆိုးစွာဖြင့် အိုင်ဒေါလ်နှင့် လက်တွေ့ဘ၀က ပရိသတ်တစ်ဦးအကြား၏ ကွာဟချက်သည် အလွန်ပင် ကြီးမားနေခဲ့သည်။

ထိုအချိန်က မိစ္ဆာဓားနတ်ဘုရားကို အတုခိုးခဲ့သော ပရိသတ်သည် ယခုအခါတွင် အိုင်းရှဲဒိုးမခြယ်သဘဲ ရိုးရှင်းသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသော မိစ္ဆာဓားနတ်ဘုရားကိုသာ မြင်ရလျှင် မည်ကဲ့သို့ ခံစားရနိုင်ပါသနည်း။

အပိုင်း(၁၁၄၅) ပြီး၏

All Chapters