မိစ္ဆာဓားနတ်ဘုရား၏ မူရင်းခန္ဓာကိုယ်
Vol. 77 Ch. 1146
မိစ္ဆာဓားနတ်ဘုရား၏ မူရင်းခန္ဓာကိုယ်သည် အိုင်းလိုင်နာဆွဲထားသော မိစ္ဆာဓါးနတ်ဘုရားဖြစ်သည်ကို လူတိုင်းသိထားကြသည်။
၄င်းက အိုင်းလိုင်နာမပါလျှင် သိမ်မွေ့သည့် ကြောင်တစ်ကောင်လိုဖြစ်ပြီး အိုင်းလိုင်နာဆွဲထားလျှင်မူ ပြသနာရှာတတ်သူတစ်ယောက် အဖြစ် ပြောင်းလဲသွား၏။
အိုင်းလိုင်နာဆွဲခြင်းဖြင့် မိစ္ဆာဓားနတ်ဘုရား၏ စရိုက်ပြောင်းလဲသွားသည်ကို ဗိုလ်ချုပ်ပိုင်သည် ကိုယ်တိုင် မျက်၀ါးထင်ထင် မြင်ဖူးခဲ့သည်။
မိစ္ဆာဓါးနတ်ဘုရားက အိုင်းလိုင်နာ ဆွဲထားသောအခါတွင် မည်မျှစွမ်းအားကြီးသည်ကို ပြောနေစရာပင်မလိုပေ။
ထို့အပြင် ဗိုလ်ချုပ်ပိုင် သုံးသပ်ရသလောက် မိစ္ဆာဓားနတ်ဘုရား၏ ဓားသိုင်းကျွမ်းကျင်မှုသည် ဗိုလ်ချုပ်ရီနှင့် တန်းတူနီးပါးရှိ၏။
ထိုဆရာတူ ညီအစ်ကိုနှစ်ယောက်သည် ဓါးသိုင်းတွင် အလွန်ပင် ကျွမ်းကျင်သောကြောင့် သူတို့၏ဆရာဖြစ်သည့် ဓားအင်မော်တယ်ဖန်လွေ အနေဖြင့် ဘာမှနောင်တရနေစရာ မလိုပေ။
တစ်ခုတည်းသော နောင်တမှာ မိစ္ဆာဓါးနတ်ဘုရားက ကျင့်ကြံရာတွင် လမ်းမှားသို့ မတော်တဆ ၀င်ရောက်သွားပြီး စိတ်များရှုပ်ထွေးကာ ဆရာအပေါ် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းပင်။
ထိုအတွေးကို တွေးမိပြီးနောက်တွင် ဗိုလ်ချုပ်ပိုင်သည် စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး မိစ္ဆာဓားနတ်ဘုရား၏ မျက်လုံးများပေါ်တွင် အေးစိမ့်မီးလျှံကို အသုံးပြု၍ အိုင်းရှဲဒိုး ဆွဲပေးလိုက်သည်။
သိပ်မကြာခင်မှာပင် မိစ္ဆာဓါးနတ်ဘုရား၏ အကြည့်များသည် စူးရှထက်မြက်လာခဲ့၏။
လူတိုင်းသိထားကြသည့် ရန်လိုသော မိစ္ဆာဓါးနတ်ဘုရားသည် တဖန် ပြန်ရောက်လာချေပြီ။
သဘာ၀အတိုင်းပင် မတူညီသော စရိုက်လက္ခဏာများတွင် မတူညီသော မှတ်ဥာဏ်များ ရှိကြသည်။
မိစ္ဆာဓားနတ်ဘုရားက လေထဲမှာပြသထားသည့် ရင်းနှီးနေသော ပရိုဖိုင်ပုံများကိုကြည့်ပြီး အတိတ်က ဖြစ်ရပ်များကို ပြန်ပြောင်းသတိရကာ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"အမှန်အတိုင်းပြောရရင် ဒီမှာရှိတဲ့သူတွေထဲက တစ်ယောက်မှ ငါ့အတွက် ပြဿနာဖြစ်စေနိုင်မယ်လို့ ငါမယုံဘူး"
သူက လက်များကို ပိုက်ထားပြီး ယုံကြည်မှုအပြည့်ရှိသောအမူအရာဖြင့် ပရိုင်ဖိုင်များကိုကြည့်ကာ ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။
ထို့နောက် သူက ပရိုဖိုင်တစ်ခုကို ထောက်ပြလိုက်သည်။
[ပြစ်မှုဆိုင်ရာပရိုင်ဖိုင်]
[အမည်=အမြှောက်ကြိုက်အန်တီဟန်၀ူယဲ့]
[ဖမ်းဆီးရေးအဆင့်=အနီရောင်2Aအဆင့်]
[ကိုယ်ရေးအကျဥ်း= အမှောင်နက်ဝေါ့ခ်မှ ရာဇ၀တ်ကောင်၊ရွှေရောင်ခေါက်ဆွဲခြောက်ဆံပင်နှင့်အမြှောက် ကြိုက်သော အန်တီဟု အမည်ရထားသည်။
အ၀လွန်ပြီးအစားကျူးသူတစ်ယောက်လည်းဖြစ်သည်။
နိုင်ငံပေါင်း ၈၂ နိုင်ငံမှ ဘဏ်များကို လုယက်မှုများပြုလုပ်ခဲ့သည့်အတွက်နိုင်ငံ တကာ၏လိုက်လံဖမ်းဆီးခြင်းကို ခံနေရသူဖြစ်၏။
ကမ္ဘာပေါ်တွင် အရက်စက်ဆုံးလုယက်သူဟု သတ်မှတ်ခံရပြီး သွားလေရာနေရာတိုင်းတွင် တစ်ပြားမှ မကျန်အောင် လုယက်တတ်သည်။
သူ၏ မျက်နှာအစစ် မြင်ဖူးသူတိုင်းကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်တတ်သည်]
[စွမ်းရည်= အင်မော်တယ်၀ါးမျိုခြင်းစွမ်းရည်အဖြစ်ကျော်ကြားသည်။
အမြှောက်ကြိုက်အန်တီသည်သူမ၏ ဗိုက်ကို ကမ္ဘာငယ်လေးတစ်ခုအဖြစ် ပြောင်းလဲနိုင်ပြီး တခဏအတွင်းမှာပင် နံဘေးရှိလူများ သို့မဟုတ် အရာ၀တ္ထုများကို မျိုချရန်အတွက် တွင်းပေါက်ကြီး တစ်ခုအဖြစ် ဖန်တီးနိုင်သည်။
ထိုတွင်းပေါက်ထဲသို့ စုပ်ယူခံရသည့် မည်သည့်သက်ရှိမဆို ချက်ချင်းပင် အပိုင်းပိုင်းဖြစ်သွားမည် ဖြစ်၏။
ထိုနေရာလွတ်မှော်အတတ်သည် အလွန်ပင် ကိုင်တွယ်ဖို့ အရမ်းခက်ခဲသည်]
[သေဆုံးရသည့်အကြောင်းအရင်း = နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့မှ ဓါးသမားတစ်ယောက်၏ လက်ချက်ဖြင့် အပိုင်းပိုင်းဖြစ်ကာ သေဆုံးခဲ့ရသည်]
"ဟန်၀ူယွဲ့က မင်းနဲ့ဘယ်လို ပတ်သက်လို့လဲ"
ဗိုလ်ချုပ်ပိုင်က မေးခွန်းထုတ်လိုက်သည်။
သူက ဟန်၀ူယွဲ့နှင့်ပတ်သက်၍ အနည်းငယ် မှတ်မိနေပါသေးသည်။
ယခင်က ဟန်၀ူယွဲ့သည် ဟွာရှို့နိုင်ငံတွင် ပြစ်မှုအများအပြား ကျူးလွန်ခဲ့ပြီး ပင်လယ်ကနေ လှိုဏ်ခေါင်းဖောက်ကာအိမ်နီးနားချင်း နိုင်ငံတစ်နိုင်ငံသို့ ထွက်ပြေး၍ ကိုယ်ရောင်ဖျောက်သွားခဲ့သည်။
ထို့နောက်ပိုင်းတွင် နှစ်ပေါင်းများစွာ ၀ရမ်းပြေးအဖြစ် ထွက်ပြေးနိုင်ခဲ့ပြီး နိုင်ငံပေါင်းများစွာတွင် လုယက်မှု အများအပြားကို ကျူးလွန်ခဲ့သည်။
ဗိုလ်ချုပ်ပိုင်သည် သူမနှင့် ပတ်သက်သည့် နောက်ဆုံးသတင်းကို ကြားသောအခါတွင် ဟန်၀ူယွဲ့က သေဆုံးနေပြီ ဖြစ်၏။
"တကယ့်အမှန်တရားကတော့ ဟန်၀ူယွဲ့က ငါ့ရဲ့လက်ချက်နဲ့ သေဆုံးခဲ့တာပဲ"
မိစ္ဆာဓားနတ်ဘုရားက အေးစက်စက်ရယ်မောကာ ပြောလိုက်သည်။
"ဒီအ၀လွန်နေတဲ့ မကောင်းဆိုး၀ါးမကြီးကို ဇာတ်သိမ်းပေးလိုက်ရတာ အရမ်းအရသာ ရှိတာပဲ"
"မင်းလက်ချက်နဲ့ သေဆုံးသွားတာလား"
ဗိုလ်ချုပ်ပိုင်၊ မိစ္ဆာအင်ပါယာကွာဖီ၊ အင်မော်တယ်စံအိမ်သခင်ချန်ယွီတို့ အားလုံးက အံ့အားသင့်သွားကြသည်။
"ငါအဲဒီအချိန်တုန်းက ငြိမ်းချမ်းရေးတပ်ဖွဲ့ထဲကို လျှို့၀ှက်၀င်ရောက်ခဲ့တယ်.. ရည်ရွယ်ချက်ကတော့ အစွမ်းထက်ဆုံး ကျင့်ကြံသူတွေကို ရှာဖွေပြီး ပြိုင်ဆိုင်ဖို့အတွက်ပဲ.. အဆုံးသတ်မှာတော့ ဟန်၀ူယွဲ့နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတယ်"
မိစ္ဆာဓားနတ်ဘုရားက ပြောလိုက်သည်။
"ဟန်၀ူယွဲ့က ငါ့ကိုမြင်ပြီးနောက်မှာ ငါ့ကို မေးခွန်းထုတ်ခဲ့တယ်"
"ဘယ်လိုမေးခွန်းထုတ်လို့လဲ"
"သူမက သူမလှလားဆိုပြီး ငါ့ကိုမေးခဲ့တယ်.. ဒီလောက်၀နေပြီး ၀က်အူချောင်းလိုမျိုး အဆီတွေနဲ့ပြည့်နှက်နေတာ လှစရာတစ်ကွက်မှ မရှိဘူးလို့ ငါက ဖြေလိုက်တယ်.. အဲဒါနဲ့ပဲ သူမက ငါ့ကိုတိုက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်.. တိုက်ခိုက်နေရင်းနဲ့ သူမက ငါ့ကို ဘယ်လိုမှ မနိုင်ဘူးဆိုတာ တဖြည်းဖြည်းထင်ရှားလာတယ်.. ဒါပေမဲ့လည်း သူမက ဆက်လက်တိုက်ခိုက်နေဆဲပဲ.. ငါလည်း စိတ်မရှည်တော့တာနဲ့ သူမရဲ့ လျှာကိုဖြတ်ပြီး ၀ါးမျိုခြင်းမှော်စွမ်းရည်ကို အသုံးမပြုနိုင်အောင် ပြုလုပ်လိုက်တယ်.. နောက်ပြီးတော့ သူမရဲ့ပေါင်ကို ဖြတ်ပစ်လိုက်တယ်.. အဲဒီနောက်မှာ သူမရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို နည်းနည်းချင်းဆီ တတိတိ ဖြတ်တောက်ပစ်လိုက်တယ်"
"မင်းအတော်ရက်စက်ပါလား"
ဗိုလ်ချုပ်ပိုင်က မယုံကြည်နိုင်သော လေသံဖြင့် ရေရွတ်လိုက်သည်။
"ပြောရရင် ဟန်၀ူယွဲ့တစ်ယောက်တည်းတင် မကဘူး.. ဒီပရိုဖိုင်ထဲမှာရှိတဲ့ လူတော်တော်များများက ငါ့ရဲ့ဓားအောက်မှာ သေဆုံးခဲ့တဲ့ သူတွေချည်းပဲ"
မိစ္ဆာဓားနတ်ဘုရားက စကားဆုံးသည်နှင့် ပရိုဖိုင်တချို့ကို ထောက်ပြလိုက်သည်။
[ပြစ်မှုဆိုင်ရာပရိုဖိုင်]
[နာမည် = အက်ဒွက်အော်ရီဂျင်]
[ဖမ်းဆီးရေးအမိန့်အဆင့် = အနီရောင်3A အဆင့်]
[ကိုယ်ရေးအကျဥ်း = အမှောင်နက်ဝေါ့ခ်မှ ရာဇ၀တ်ကောင် တစ်ယောက်ဖြစ်သည်။
ခန္ဓာကိုယ်ကို အရောင်ပါသည့် ဖန်သားအဖြစ်ပြောင်းလဲနိုင်သည့် မွေးရာပါမှော်စွမ်းရည်ကြောင့် ပတ်၀န်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲနိုင်သည်။
လူသားပုတ်သင်ညိုဟု အမည်ပြောင်ရထားပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နိုင်သည့် ကြီးမားသောစွမ်းရည်ရှိသည်။
လုပ်ကြံသတ်ဖြတ်မှု အများအပြားကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တဲ့အတွက် နိုင်ငံတကာ လုပ်ကြံသတ်ဖြတ်သူအသိုင်းအ၀ိုင်းမှာ အသိမှတ်ပြုခြင်းကို ခံခဲ့ရသည်]
[စွမ်းရည်များ= အရောင်ပါသည့် ဖန်ခန္ဓာကိုယ်၊ ထူးချွန်သည့် လုပ်ကြံသတ်ဖြတ်ခြင်းစကေးလ်များ]
[သေဆုံးရသည့်အကြောင်းရင်း = လုပ်ကြံသတ်ဖြတ်သည့်မစ်ရှင်တစ်ခုအတွင်း ကျဆုံးခဲ့သည်။
သူ၏ပစ်မှတ်က သူ့ကို ပြန်သတ်လိုက်ခြင်းဖြစ်နိုင်၏။
ပစ်မှတ်က တစ်ကွက်တည်းဖြင့် အဆုံးသတ်လိုက်ပုံရသည်]
"ဒီလူက လုပ်ကြံသတ်ဖြတ်မှု အသိုင်းအ၀ိုင်းမှာ ကျော်ကြားတဲ့သူပဲ.. အဲဒီအချိန်က ငါသူ့ကို စိတ်၀င်စားခဲ့တယ်.. ဒါကြောင့် သူ့ကို ငှားရမ်းပြီး ငါ့ကိုသတ်ဖို့အတွက် စေခိုင်းလိုက်တယ်.. အဆုံးသတ်မှာတော့ ငါအရမ်းစိတ်ပျက်မိခဲ့တယ်.. ဒီလူက ဒီလောက်အထိ အားနည်းမယ်လို့ ငါတကယ်မထင်ခဲ့မိဘူး"
မိစ္ဆာဓါးနတ်ဘုရားက သက်ပြင်းချ၍ ပြောလိုက်သည်။
ဗိုလ်ချုပ်ပိုင်၊ကွာဖီနှင့်ချန်ယွီ "......."
[အမည် = သံမဏိတောင်ပံဘုရင် စုန့်ရှီဟဲ]
[ဖမ်းဆီးရေးအမိန့်အဆင့် = အနီရောင် 4Aအဆင့်]
[ကိုယ်ရေးအကျဥ်း = အမှောင်နက်ဝေါ့ခ်မှ အဖွဲ့၀င်တစ်ဦး၊အန္တိမလူသတ်ဘုရင်၏ အမှောင်နက်ဝေါ့ခ်၏ နံပါတ်တစ်ကျင့်ကြံသူဖြစ်သည့် နေရာကို အကြီးမားဆုံး ခြိမ်းခြောက်နိုင်သူ ဖြစ်သည်။
ငယ်စဥ်ကတည်းကပင် နံရိုးများကို ဖယ်ရှားပြီး နောက်ကျောတွင် သံမဏိတောင်ပံများကို တပ်ဆင်ခဲ့သည်။
ခုခံကာကွယ်ရေး နှင့် တိုက်ခိုက်ရေးစွမ်းရည်များတွင်ထက်မြက်သည်။
သံမဏိတောင်ပံဘုရင်အဖြစ် လူသိများ၏]
[စွမ်းရည်များ = သံမဏိတောင်ပံ တိုက်ခိုက်မှု နည်းစနစ်၊သံမဏိတောင်ပံ လှည့်စားမှုနည်းစနစ်၊သံမဏိတောင်ပံလှံ.. စသည်]
[သေဆုံးရသည့် အကြောင်းရင်း = တိုက်ပွဲတစ်ခုတွင် ခြေဖ၀ါးကို ဓားဖြင့် ထိုးဖောက်ခံရပြီးနောက် သေဆုံးသွားခဲ့သည်]
မိစ္ဆာဓားနတ်ဘုရား"ဒီလူဆီမှာ သိသာထင်ရှားတဲ့ အားနည်းချက်တစ်ခု ရှိတယ်.. တစ်ကိုယ်လုံးကို သံမဏိနဲ့ ကာကွယ်ထားတော့ရော ဘာဖြစ်လဲ.. ငါ့ဓါးနဲ့ ထိုးဖောက်လိုက်တော့ သေသွားရတာပဲ မဟုတ်လား.. အန္တိမလူသတ်ဘုရင်က သူ့ကို ပြိုင်ဘက်အဖြစ် အသေအလဲ ယှဥ်ပြိုင်နေရတာ ရယ်စရာပဲ"
ဗိုလ်ချုပ်ပိုင်၊ကွာဖီနှင့်ချန်ယွီ "........"
ဗိုလ်ချုပ်ပိုင်က အသက်ကို ခပ်၀၀ရှုလိုက်ပြီး သူ့ကိုယ်သူ အေးဆေး တည်ငြိမ်အောင် ကြိုးစားခဲ့သည်။
"ဒီပရိုဖိုင်တွေကိုကြည့်ပြီး မင်းဘယ်နှစ်ယောက်သတ်ခဲ့လဲဆိုတာကို ပြောပြနိုင်မလား"
"ကောင်းပြီလေ"
မိစ္ဆာဓားနတ်ဘုရားက စာမျက်နှာကို ကြည့်ရှုလိုက်ပြီး အမှောင်နက်ဝေါ့ခ်အဖွဲ့၀င်များထဲမှ သူသတ်ခဲ့သည့် အရေအတွက်ကို ရေတွက်ခဲ့သည်။
သူသတ်ခဲ့စဥ်က ၎င်းတို့၏မျက်နှာပေါ်မှ ထိတ်လန့်သောအမူအရာများကို စဥ်းစားမိသည့်အခါတွင် မိစ္ဆာဓားနတ်ဘုရားသည် စိတ်လှုပ်ရှားသောပုံစံဖြင့် ရေရွတ်လိုက်သည်။
"ဒီလူတွေအားလုံးက သူတို့ကိုယ်သူတို့ ဘယ်လောက်ထိကြီးကျယ်လဲဆိုတာ ကြွား၀ါခဲ့ကြတယ်.. ဒါပေမဲ့ အချိန်တန်တော့ ငါ့ဓါးအောက်မှာ သေသွားကြတာပါပဲ"
သူက မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ရေတွက်
ပြီးစီးခဲ့သည်။
ဆိုရလျှင် ဗိုလ်ချုပ်ပိုင် ပြသထားသည့် ဒေတာဘေ့စ်တွင် အမှောင်နက်ဝေါ့ခ် အဖွဲ့၀င် ရာဇ၀တ်သားပေါင်း ၁၀၀ ကျော်ရှိသည်။
ထိုကျင့်ကြံသူများထဲမှ သုံးပုံတစ်ပုံဖြစ်သည့် ၃၄ယောက်သည် မိစ္ဆာဓါးနတ်ဘုရား၏ လက်အောက်တွင် သေဆုံးသွားခဲ့ကြခြင်း ဖြစ်၏။
ဤနှစ်များတစ်လျောက်တွင် မိစ္ဆာဓားနတ်ဘုရားသည် ပြိုင်ဘက်များကို ရှာဖွေကာ လူသတ်မှုများ ကျူးလွန်ခဲ့သည်။
မိစ္ဆာဓားနတ်ဘုရားသည် အဓိပ္ပာယ်မဲ့သော လူသတ်မှုများစွာကို ကျူးလွန်ခဲ့၏။
သို့သော်လည်း သူ၏လုပ်ရပ်သည် အလိုရှိရာဇ၀တ်ကောင်များကို သွယ်၀ိုက်၍ အပြစ်ပေးသလို ဖြစ်နေခဲ့သည်။
ယခုအခါတွင် မိစ္ဆာဓားနတ်ဘုရား၏ မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေခဲ့သည်။
"သူတို့တွေ အားလုံးက ပမွှားလေးတွေပါ.. သူတို့ အသက်ပြန်ရှင်လာရင်တောင် ငါအနေနဲ့ တစ်ခါမဟုတ်ဘူး.. နှစ်ခါပြန်တောင် သတ်နိုင်သေးတယ်"
ဗိုလ်ချုပ်ပိုင်က သူ့လက်ထဲရှိ စာရင်းကို ကြည့်ရှုရင်း
အလွန်ရှုပ်ထွေးသော ခံစားချက်များကို ခံစားခဲ့ရသည်။
အပိုင်း(၁၁၄၆) ပြီး၏