← Chapters

ဖီဆန်ခြင်းမျက်လုံး

Vol. 77 Ch. 1147

ဖီဆန်ခြင်းမျက်လုံး

Vol. 77 Ch. 1147

ဒုတိယအဆင့် ဖယ်ရှားခြင်းအစီအစဥ်သည် တကယ်တမ်းတွင် မရှိခဲ့ပေ။

ဤသည်က အိပ်မက်ဆိုးကို ဖမ်းဆီးရန်အတွက် အကွက် ချထားသည့် ထောင်ချောက်တစ်ခုသာ ဖြစ်သည်။

သို့သော်လည်း ဤအဆင့်တွင် ကွပ်ကဲရေးစင်တာရှိကျောင်းအုပ်ကြီးများထဲမှ အများစုသည် လူတစ်ယောက်ကို အာရုံစိုက်မိခဲ့ကြသည်။

ထိုလူမှာ ကူရွှင်းကျစ် ဖြစ်၏။

သူက အမှတ် ၆၀ အထက်တန်းကျောင်းကို နှစ်၀က်မှသာ ပြောင်းရွှေ့လာသည့် ကျောင်းသားသစ်ဖြစ်သည်။

သူ၏ထူးချွန်သည့် စွမ်းဆောင်ရည်ကြောင့် ပြိုင်ပွဲ၀င်တစ်ယောက်အဖြစ် တိုက်ရိုက်ရွေးချယ်ခံရပြီး ကျောင်းကိုယ်စားပြု အဖွဲ့၀င်တစ်ယောက် ဖြစ်လာခဲ့သည်။

ဒုတိယအဆင့်ဖယ်ရှားခြင်းအစီအစဥ် တစ်လျောက်လုံးတွင် ကူရွှင်းကျစ်၏ စွမ်းဆောင်ရည်သည် မည်သည့်ရှုထောင့်ကနေ ကြည့်ပါစေ သိသာထင်ရှားနေခဲ့သည်။

သူက စိတ်မလှုပ်ရှားဘဲ အေးဆေးတည်ငြိမ်သော ဆုံးဖြတ်ချက်များ၊ ယုတ္တိဗေဒကျကျ ဆင်ခြင်တွေးတောနိုင်စွမ်းနှင့် မှော်အတတ်အမျိုးအစား များစွာကို နားလည်သဘောပေါက်နိုင်စွမ်းတို့အား ပြသခဲ့သည်။

အားလုံးကိုခြုံကြည့်လိုက်လျှင် အမှတ် ၆၀ အထက်တန်း ကျောင်းသည် ဤနှစ်တွင် အနည်းငယ် အံ့အားသင့်စရာ ဖြစ်နေခဲ့သည်။

ဤသည်မှာ ကျောင်းအုပ်ကြီး အများစုသည် အမှတ်၆၀ အထက်တန်းကျောင်းကို အဓိကပြိုင်ဘက်အဖြစ် အစကတည်းက မမြင်ကြခဲ့၍လည်း ဖြစ်၏။

ကျောင်းအုပ်ကြီးချန်းနှင့် သမိုင်းကြောင်းအနည်းငယ် ရှိခဲ့သည့် လီချင်းရှီကဲ့သို့ ကျောင်းအုပ်ကြီးများကသာ အနည်းငယ်ပိုသတိထားခဲ့ကြသည်။

သို့သော်လည်း ၉၅ ရာခိုင်နှုန်းသော ကျောင်းများသည် သူတို့၏ နည်းဗျူဟာ စီမံကိန်းများထဲတွင် အမှတ် ၆၀ အထက်တန်းကျောင်းကို ထည့်သွင်းမစဥ်းစားခဲ့ကြပေ။

ယခုဆိုလျှင် ကျောင်းသား ၈၀၀သည် နောက်တစ်ဆင့်ကို ကျော်ဖြတ်သွားပြီဖြစ်သည့် အတွက် သူတို့အနေဖြင့် နည်း ဗျူဟာများကိုဆွေးနွေးရန် အချိန်လွန်သွားပြီဟု ဆိုရပေမည်။

နဂါးကိုးကောင်တောင်၏ ရှင်သန်ရေးတိုက်ပွဲ တတိယအဆင့် တရား၀င်စတင်ခြင်း မပြုခင် ဗုံးပစ်စီနီယာအင်မော်တယ်သည် အခန်းထဲမှာ ရှိနေသည့် ကျောင်းသားများကို ၎င်းတို့အိပ်ယာအောက်တွင် ၀ှက်ထားသည့် ပိတ်ချောအိတ်ကလေးများအား ဖွင့်ကြည့်ရန် ညွှန်ကြားခဲ့သည်။

ထိုအိတ်ကလေးထဲတွင် ရွှေရောင်စာရွက်တစ်ရွက် ပါရှိပြီး ကျောင်းသားတစ်ယောက်ချင်းစီအနေဖြင့် တတိယအဆင့်၏ သင်္ကေတအဖြစ် ညာဘက်လက်မောင်းတွင် စည်းနှောင်ထားရန် စေခိုင်းခဲ့သည်။

ဤရွှေရောင်စာရွက်လေးသည် သေရေးရှင်ရေးအချိန်တွင် ၎င်းတို့၏အသက်ကို အလွန်ထိရောက်စွာ ကယ်တင်နိုင်မည့် အဆောင်လက်ဖွဲ့ ဖြစ်သည်။

အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့လာသောအခိုက်တွင် ၎င်းသည်အလိုအလျောက် ရွှေရောင် အကာအရံတစ်ခု ဖြစ်လာပြီး သေစေလောက်သည့် တိုက်ခိုက်မှုမျိုးကိုပင် ကာကွယ်ပေးနိုင်သည်။

တစ်ချိန်တည်းမှာပင် ၎င်းသည် ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ကာ အနီးအနားရှိ လုံခြုံရေးနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များကို အလျင်အမြန် လာရောက်ဖို့လည်း အသိပေးနိုင်၏။

ဆိုရလျှင် ဤရွှေရောင်စာရွက်လေးသည် နဂါးကိုးကောင်တောင်တန်း၏ လုံခြုံရေးအဖွဲ့၀င်များအနေဖြင့် ကျောင်းသားများကို စောင့်ကြည့်နိုင်ရန်နှင့် မတော်တဆမှုများ မဖြစ်စေရန် အတွက် ကျောင်းသားတစ်ယောက်ချင်းစီ၏ တည်နေရာကိုအတိအကျ သိရှိနိုင်ဖို့ အရေးကြီးသော ပစ္စည်းတစ်ခုလည်း ဖြစ်သည်။

"ငါအပြင်ခဏထွက်ဦးမယ်"

ရှားမင်က ရွှေရောင်စာရွက်ကို လက်မောင်းတွင် စည်းနှောင်ပြီးနောက်တွင် အခန်းဖော် ထန်ကျင်းဇီအား ပြောလိုက်သည်။

ရှားမင်၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းနေသည်ဟု ထန်ကျင်းဇီ ထင်မိသော်လည်း ဘာကြောင့်လဲ ဆိုသည်ကိုတော့ မပြောတတ်ပေ။

သို့သော်လည်း အိပ်မက်ဆိုးလက်ချက်ဖြင့် လူတိုင်းက အိပ်မက်ဆိုးများ မက်ခဲ့ရသည်ကို သတိရမိလျှင် ရှားမင်သည် ကြောက်စိတ်များ၏ ဖမ်းစားမှုကို ခံနေရဆဲဟု ထင်မြင်မိပြီး ရှားမင်ကို သွားခွင့်ပြုလိုက်သည်။

လူတိုင်းတွင် စိတ်ဖိစီးမှုများကို ဖြေလျော့နည်းများ မတူညီကြပေ။

ထို့အပြင် သူနှင့်ရှားမင်က အလွန်ရင်းနှီးကြသူများလည်းမဟုတ်၍ မိဘတစ်ယောက်လို စောင့်ရှောက်နေစရာလည်း မလိုအပ်ချေ။

ရှားမင်က အခန်းထဲကနေ ထွက်လာပြီးနောက်တွင် သက်သောင့်သက်သာ ဖြစ်သွားခဲ့ပြီး အမှန်တကယ်ပင် စိတ်လှုပ်ရှားနေမိ၏။

ဥက္ကဌချီက အိပ်မက်ဆိုးကို ဖမ်းဆီးခဲ့သော်လည်း အိပ်မက်ဆိုး၏ စကားများသည် ရှားမင်၏ နားထဲတွင် ရှင်းရှင်းလင်းလင်း ပဲ့တင်ထပ်နေဆဲပင်။

အိပ်မက်ဆိုးက ဖမ်းဆီးခံခဲ့ရသော်လည်း ရှားမင်သည် စိတ်ထဲအသည်းထဲကနေ ကြောက်စိတ်ကို ခံစားနေရဆဲ ဖြစ်၏။

သူက အပြင်သို့ထွက်လာပြီး လေကောင်းလေသန့်ကို ရှုရှိုက်ရန်ပြင်လိုက်သည်။

သို့သော်လည်း သူ့အခန်းကနေ ထွက်ထွက်ချင်းမှာပင် သူ့ရှေ့မှမြင်ကွင်းသည် ရုတ်တရက် မှောင်မည်းသွားခဲ့သည်။

ယင်းမှာ အိပ်မက်ဆိုး ပေါ်လာစဥ်ကကဲ့သို့ပင်။

ဤတစ်ခေါက်ဖိအားသည် အိပ်မက်ဆိုး ပေါ်လာစဥ်ကထက် ပိုမိုကြီးမားသည်ဟု ရှားမင် ခံစားခဲ့ရသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးက အေးစက်နေပြီး သူရှုထုတ်လိုက်သည့် လေများသည် ဖြူစင်သော မြူငွေ့များ ဖြစ်နေခဲ့သည်။

ရုတ်တရက် သူ့ရှေ့တွင် အဖြူရောင်ဆံပင်နှင့် လူငယ်လေးတစ်ယောက် ပေါ်လာခဲ့သည်။

ထိုလူငယ်၏မျက်နှာက ခပ်ရေးရေးဖြစ်နေ၍ မည်သူမှန်း မမှန်းဆနိုင်ခဲ့ပေ။

"၀မ်လင်းလား"

ရှားမင်၏ မျက်ဆံများက ချက်ခြင်းပင် ကျုံ့၀င်သွားခဲ့သည်။

လူငယ်လေး၏မျက်နှာကို သူ မမှန်းဆနိုင်သော်လည်း ပုံပန်းသဏ္ဍာန်ကမူ ၀မ်လင်းနှင့် အရမ်းပင် ဆင်တူ၏။

ဆိုရလျှင် ပုံစံခွက်တစ်ခုတည်းက ထွက်လာသကဲ့သို့ပင်။

ရှားမင်က တခဏမျှ စိတ်ရှုပ်သွားခဲ့သည်။

"အိပ်မက်ဆိုးကို ဖမ်းမိသွားခဲ့ပြီ.. ဒါပေမဲ့ မင်းကိုပေးထားတဲ့ တာ၀န်ကို ဆက်လုပ်ရမယ်"

အဖြူရောင်ဆံပင်နှင့် လူငယ်လေးက ရှားမင်ကို အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

ထိုလူငယ်၏လေသံက ငရဲတမာန်တော်၏ လေသံမျိုး ဖြစ်နေ၍ ရှားမင်ကို တုန်လှုပ်စေခဲ့သည်။

သူ့ရှေ့ရှိ လူငယ်က ၀မ်လင်းနှင့် အလွန်ဆင်တူသော်လည်း ရှားမင်သည် ထိုလူငယ်က ၀မ်လင်းမဟုတ်သည်ကို ရှင်း ရှင်းလင်းလင်း သိနေခဲ့၏။

"ဒီလူက ဘယ်သူလဲ.. ဒီနေရာထိတောင် ဘယ်သူမှမသိဘဲ စိမ့်၀င်လာနိုင်တယ်.. ဒီလူက ဖြစ်ရပ်တွေအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူများလား"

"မင်းက ရှေးခေတ်နတ်မျိုးနွယ်စုရဲ့ တာ၀န်ကို ထမ်းဆောင်ရမဲ့သူဖြစ်တဲ့အပြင် ကမ္ဘာကြီးကို ပြောင်းလဲပစ်မဲ့ အဓိကလူတစ်ယောက်ပဲ.. ငါပြောတဲ့အတိုင်း လုပ်ဆောင်မယ်ဆိုရင် မင်းကကမ္ဘာကြီးကို အပြောင်းအလဲ လုပ်ပစ်နိုင်ခဲ့တဲ့ သမိုင်း၀င်ပုဂ္ဂိုလ်တစ်ဦးအဖြစ် သမိုင်းမှာ ကျန်ရစ်ခဲ့လိမ့်မယ်"

အဖြူရောင်ဆံပင်နှင့် လူငယ်လေးက စကားပြောပြီးသည်နှင့် ပါးစပ်ကနေ လေကို မှုတ်ထုတ်လိုက်ရာ ထူထဲသည့် မြူများသည် ချက်ခြင်းပင် နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

တခဏအတွင်းမှာပင် ရှားမင်သည် လှပပြီး ဖွံဖြိုးတိုးတက်သော လွတ်လပ်သည့် အနာဂတ်စိတ်ကူးယဥ် ကမ္ဘာတစ်ခုကို မြင်တွေ့လိုက်ရ၏။

"မင်းမြင်လား.. ဒါက အနာဂတ်ကမ္ဘာကြီးပဲ"

အဖြူရောင်ဆံပင်နှင့် လူငယ်၏ အသံက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

"မင်းမှာချို့တဲ့နေတဲ့ အင်အားကို ငါငှားရမ်းပေးမယ်"

"အရှင် ကျွန်တော့်ကို အင်အားငှားရမ်းပေးပါ"

ရှားမင်က လက်နှစ်ဖက်ကို ဆန့်ထုတ်၍ တောင်းဆိုလိုက်သည်။

သူ့ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ရီနေပြီး တစ်စုံတစ်ခု၏ ဖိအားအောက်တွင် လုပ်ဆောင်နေရသလို ခံစားလိုက်ရသည်။

သူ၏ခြေလှမ်းတိုင်းက ကမ္ဘာကြီးကို ထာ၀ရပျက်စီးမှုဆီ တွန်းပို့သလို ဖြစ်သွားမည်ဆိုသည်ကို သူကောင်းစွာ သိသည်။

သို့သော်လည်း သူ၏စိတ်နှင့် ၀ိညာဥ်သည် တစ်စုံတစ် ယောက်၏ လက်အောက်ခံ ဖြစ်နေသလို ခံစားခဲ့ရသည်။

အဖြူရောင်ဆံပင်နှင့် လူငယ်လေး၏ အသံထဲတွင် ညှို့ငင်နိုင်သည့် မှော်အတတ်တစ်ခုခု ရှိနေသလိုပင်။

ထိုအသံက လူတစ်ယောက်၏ စိတ်ထဲတွင် နဂိုတည်းက ရှိနေခဲ့သည့် အတွင်းနတ်ဆိုးကို ထုတ်ယူနိုင်သကဲ့သို့ သူခံစားခဲ့ရသည်။

ထို့နောက်တွင် ရှားမင်သည် သူ၏ အရိပ်က ကျုံ့၀င်သွားပြီး သူ၏ခန္ဓာကိုယ်ကို မြဲမြံစွာ ရစ်ပတ်ထားသလို ခံစားခဲ့ရ၏။

သူ၏၀မ်းဗိုက်တွင် စူးရှသော နာကြင်မှုတစ်ခုက ဖြစ်ပေါ်လာခဲ့သည်။

ထိုနာကျင်မှုကြောင့် ရှားမင်က ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေခဲ့ရသည်။

နာကျင်မှုက တဒင်္ဂသာ ကြာမြင့်သော်လည်း ရှားမင် သတိပြန်၀င်လာသောအခါတွင် သူ၏အရိပ်သည် သူ၏၀မ်းဗိုက်ထဲ၌ မိစ္ဆာမျက်လုံး ဖြစ်သွားသည်ကို တွေ့လိုက်ရ၏။

"ဒါက .."

ရှားမင်က သူ့ခန္ဓာကိုယ်ထဲတွင် အင်အားများ ပေါ်ထွက်လာသည်ကို သတိပြုမိလိုက်သည်။

ဤကြီးမားလှသောအင်အားသည် ရှားမင် စိတ်ကူးထဲက အင်အားနှင့် လုံး၀မတူပေ။

ထို့ပြင် သူသည် ဤအင်အားကို အပြည့်အ၀ ထိန်းချုပ်နိုင်သည်။

ယင်းက အခြေခံတည်ထောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းရည်ထက် များစွာ သာလွန်သည်။

အဖြူရောင်ဆံပင်နှင့် လူငယ်၏အသံက လေထုထဲတွင် ပျံ့နှံ့သွားခဲ့သည်။

"မင်းခံစားမိလား ဒါက အင်အားကြီးမားတဲ့ အရသာပဲ.. ငါပြောတဲ့အတိုင်းသာ လုပ်ဆောင်မယ်တိုရင် မင်းဒီထက်ပိုပြီး အင်အားကြီးမားနိုင်သေးတယ်.. အခုလက်ရှိအင်အားက ရေခဲတောင်ထွပ်ရဲ့ ထိပ်ဖျားလောက်ပဲ ရှိပါသေးတယ်.. ဒါပေမဲ့လည်း ဒီအင်အားက မင်းကို နဂါးကိုးကောင်တောင်ရဲ့ ထိပ်ဆုံးကို အောင်မြင်စွာ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်"

အဖြူရောင်ဆံပင်နှင့် လူငယ်၏ စကားကြောင့် ရှားမင်က စိတ်လှုပ်ရှားနေခဲ့သည်။

သူက ရုတ်တရက် ကံ​ကောင်းထောက်မစွာဖြင့် ကျင့်ကြံခြင်းအဆင့် မြင့်တက်လာခဲ့သည့် ၀တ္ထုထဲမှ ဇာတ်လိုက်တစ်ယောက်လို သူ့ကိုယ်သူ ခံစားခဲ့ရသည်။

"မင်း ဒီအင်အားကို လျှို့၀ှက်ထားရမယ်"

အဖြူရောင်ဆံပင်နှင့် လူငယ်က သတိပေးလိုက်သည်။

"မင်း၀မ်းဗိုက်ထဲက မျက်လုံးကို ဖီဆန်ခြင်းမျက်လုံးလို့ ခေါ်တယ်.. ဒါက မင်းရဲ့အသွေးအသားတွေနဲ့ ဆက်စပ်နေတယ်.. မင်းက ငါ့ကို သစ္စာဖောက်ခဲ့မယ်ဆိုရင် မင်းရဲ့ ဆွေမျိုးတွေအားလုံး မင်းကြောင့် သေကြရလိမ့်မယ်.. ငါ့ဘ၀မှာ အမုန်းဆုံးက သစ္စာဖောက်ခြင်းပဲ"

နို၀င်ဘာလ ၁၅ရက်၊ စနေနေ့ နံနက် ၆ နာရီ၊

အိပ်မက်ဆိုးကို ဖမ်းဆီးပြီး လေးနာရီအကြာတွင် နံနက်ခင်း၏ ပထမဆုံး အလင်းရောင်နှင့်အတူ မြေပြင်သည် တောက်ပလင်းလက်နေခဲ့သည်။

နဂါးကိုးကောင်တောင်ပေါ်တွင် ပြုလုပ်မည့် ၈ရက်ကြာ ရှင်သန်ရေးတိုက်ပွဲက တရား၀င်စတင်ခဲ့ပြီ ဖြစ်၏။

လူတိုင်းသည် ၎င်းတို့၏ ကျောင်းများအလိုက် စီတန်းနေခဲ့ကြသည်။

သူတို့က ၀င်ပေါက်မှာရှိသည့် စကင်န်စက်ကို စနစ်တကျ ဖြတ်သန်းခဲ့ရပြီး လက်မောင်းတွင် ပတ်ထားသည့် ရွှေရောင်အဆောင်လက်ဖွဲ့မှ လွဲ၍ အခြားမှော်ပစ္စည်းများ သယ်ဆောင်မသွားရန် စစ်ဆေးမှုကို ခံယူခဲ့ကြရသည်။

၀မ်လင်းတို့ လူစုကလည်း စီတန်းနေကြပြီး လုံခြုံရေးစစ်ဆေးမှုကို ဖြတ်သန်းနေကြရသည်။

တန်းစီနေရင်း ၀မ်လင်းသည် ရှားမင်၏ မျက်နှာ အမူအရာတွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိပြုမိခဲ့သည်။

ရှားမင်က သူ့ကိုယ်သူ အတော်လေးယုံကြည်မှု ရှိနေပုံရပြီး အထူးသဖြင့် ယင်းမှာ ပုံမှန်မဟုတ်ပေ။

အပိုင်း(၁၁၄၇) ပြီး၏

All Chapters