← Chapters

လူသားမိစ္ဆာ

Vol. 77 Ch. 1148

လူသားမိစ္ဆာ

Vol. 77 Ch. 1148

၀မ်လင်းက ရှားမင်ထံ၌ တစ်စုံတစ်ရာ မူမမှန်သည်ကို ခံစားမိခဲ့သည်။

ထိုကြောင့် သူ၏ဘုရင်မျက်လုံးဖြင့် ရှားမင်ကို စစ်ဆေးလိုက်သောအခါ ရှားမင်ကို မကောင်းဆိုး၀ါးအရိပ်တစ်ခုက ဖုံးလွှမ်းနေသည်အား ချက်ချင်း သတိပြုမိလိုက်သည်။

ထို့အပြင် ထိုအရိပ်ကို ၀မ်လင်းသာ မြင်နိုင်ခဲ့၏။

ထိုအရာက ကျိန်စာတစ်ခု ဖြစ်သည်ကို ၀မ်လမ်း ကောင်းစွာ သိရှိထားခဲ့သည်။

ထိုကျိန်စာကို ဖြေဖျောက်ရန်မှာ သူ့အတွက် မဖြစ်နိုင်စရာ အကြောင်း မရှိသော်လည်း လက်ရှိတွင် လူတိုင်းသည် လုံ ခြုံရေးစစ်ဆေးမှုကို ခံယူနေရသည်။

ပတ်၀န်းကျင်တွင် လူအများအပြား ရှိနေသောကြောင့် ၀မ်လင်းအနေဖြင့် လုပ်ဆောင်ရန် မလွယ်ကူပေ။

ထို့ကြောင့် အခြား အခွင့်အရေး တစ်ခုကို စောင့်ဆိုင်းရတော့မည် ဖြစ်၏။

ရှားမင်သည် ယခင်က ၀မ်လင်းကို ကြမ်းတမ်းစွာပြုမူခဲ့သော်လည်း ၀မ်လင်းကမူ ရှားမင်နှင့် ပတ်သက်၍ မကောင်းသော အပြုအမူများပြုလုပ်ရန် ဘယ်သောအခါမှ မရည်ရွယ်ခဲ့ပေ။

အဆုံးသတ်တွင် သူတို့နှစ်ဦးစလုံးသည် တစ်ကျောင်းထဲမှ ဖြစ်ကြပြီး ကျောင်းကိုယ်စားပြုအဖြစ် ပြိုင်ပွဲတွင် ယှဥ်ပြိုင်ရန် ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။

လောကကြီးတွင် ဖြေရှင်း၍မရနိုင်သော ပဋိပက္ခများ မရှိပေ။

စင်စစ် ကျိန်စာကို ဖြေဖျောက်ရန်မှာ ၀မ်လင်းအတွက် အလွန်ပင် လွယ်ကူသောအလုပ်တစ်ခုသာ ဖြစ်သည်။

အကြောင်းပြချက်တစ်ခု ပေးရမည်ဆိုလျှင် ရှားမင် အပေါ်ရှိကျိန်စာသည် အလွန်ဆိုးရွားသည်ဟု ၀မ်လင်းခံစားမိခဲ့သည်။

ထိုကျိန်စာသည် ကျိန်စာခံရသူနှင့် ဆက်နွယ်နေသောသူများကိုပါ ထိခိုက်စေမည် ဖြစ်၏။

ရှားမင်က ကျိန်စာစာချုပ်ကို ချိုးဖောက်လိုက်သည်နှင့် တစ်ပြိုင်နက် ကျိန်စာသည် ချက်ခြင်းပင် စတင် အကျိုးသက်ရောက်ပေလိမ့်မည်။

ယေဘုယျအားဖြင့် စာချုပ်ကို သဘောတူသူအပြင် ထိုသူ၏ သွေးသားတော်စပ်သူများကိုပါ ထိခိုက်စေနိုင်သည်။

ထို့ကြောင့် ၀မ်လင်းသည် ရှားမင်က ခြိမ်းခြောက်ခံရသဖြင့် ထိုသို့ လုပ်ဆောင်ခဲ့ရခြင်း ဖြစ်နိုင်သည်ဟု ယူဆရသည်။

ထို့နောက်တွင် ပြဿနာက ပေါ်လာခဲ့သည်။

မည်သူက ရှားမင်နှင့် ထိုကဲ့သို့သော ဆိုးရွားသည့် ကျိန်စာပါသော စာချုပ်ကို ချုပ်ဆိုခဲ့ပါသနည်း။

ဤသည်မှာ နောက်ထပ် စဥ်းစားစရာ မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။

အမှတ် ၆၀ အထက်တန်းကျောင်းမှ ​ကျောင်းသားများ လုံခြုံရေးစစ်ဆေးမှုကို ကျော်ဖြတ်ပြီးနောက်တွင် မျှခြေမီးလျှံအလယ်တန်းကျောင်းမှ ကျောင်းသားများ အားလုံးသည် လုံခြုံရေးဂိတ် အမှတ် ၂တွင် အစစ်ဆေးခံရန် အတွက် မတ်တပ်ရပ်နေခဲ့သည်။

ထိုခဏတွင် အထူးတပ်ဖွဲ့မှ အနီရောင်၀တ်စုံ၀တ် လူတစ်ဦးသည် ရှေ့သို့ထွက်လာခဲ့ပြီး လက်ဖြင့် အစစ်ဆေးခံရန်​ ပြောလိုက်သည်။

ထိုစကားကို ကြားလျှင် မျှခြေမီးလျှံ အလယ်တန်းကျောင်း မှ ကျောင်းသားများသည် အံ့အားသင့်သွားကြသည်။

"ဘာကြောင့် စက်နဲ့မဟုတ်ပဲ လက်နဲ့ အစစ်ဆေးခံရမှာလဲ"

"မင်းတို့ကို တိုင်ကြားထားတဲ့သူရှိတယ်.. ဒါကြောင့် ငါပြောတဲ့အတိုင်း အစစ်ဆေးခံပါ"

အနီရောင်၀တ်စုံ၀တ်လူက အခိုင်အမာ ပြောဆိုပြီးနောက်တွင် ၎င်းတို့၏ ခန္ဓာကိုယ်များကို ဂရုတစိုက် စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

အဆုံးသတ်တွင်မူ အမှန်တကယ်ပင် ပြဿနာတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

မျှခြေမီးလျှံ အလယ်တန်းကျောင်းမှ ကျောင်းသားတစ်ဦး၏ ကျောင်း၀တ်စုံအိတ်ကပ်အတွင်းရှိ အလွှာများကြားတွင် သေ​သေသပ်သပ် ၀ှက်ထားသော နေရာလွတ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

ထို့အပြင် ကိရိယာများဖြင့် စစ်ဆေးပြီးနောက် ထိုနေရာလွတ်ကို ဖွင့်ကြည့်လိုက်သောအခါ ပြိုင်ပွဲတွင် တားမြစ်ထားသော ပစ္စည်းအားလုံးကို တွေ့ရှိလိုက်ရ၏။

"ကျောင်းသားလေး.. မင်းအနေနဲ့ လက်ရှိအချိန်မှာ ဘာမှဆင်ခြေတက်ခွင့် မရှိဘူး.. မင်းသိသည်ဖြစ်စေ မသိသည်ဖြစ်စေ စည်းမျဥ်းကစည်းမျဥ်းပဲ...မင်းက အခုချိန်ကစပြီး ပြိုင်ပွဲမှာ ပါ၀င်ခွင့်မရှိတော့ဘူး"

အနီရောင်၀တ်လူက ထိုစကားကို ပြောဆိုပြီးနောက်တွင် မျှခြေမီးလျှံအလယ်တန်းကျောင်းမှ ထိုကျောင်းသားကို ချက်ခြင်းပင် ခေါ်ဆောင်သွားခဲ့၏။

ထိုကျောင်းသားက ဘာတွေဖြစ်နေမှန်းမသိဘဲ ငေးငိုင်နေခဲ့သည်။

အရာအားလုံးသည် ကျောင်းအုပ်ကြီးချန်း မှန်းဆထားသည့်အတိုင်းပင် ဖြစ်ပျက်ခဲ့သည်။

ပုံမှန်အားဖြင့် မျှခြေမီးလျှံအလယ်တန်းကျောင်းသားများသည် ကိစ္စများကို လျှို့လျှို့၀ှက်၀ှက် လုပ်လေ့မရှိသည့် စာကြိုးစားသူများ ဖြစ်ကြသည်။

သို့ရာတွင် ကျောင်းအုပ်ကြီး ကျိုးချင်ချိုးသည် ကျောင်းသားများကို ပစ္စည်းများ ယူဆောင်သွားစေရန် ကြိုးစားခဲ့ပြီး ထိုအရာသည် ယခုအခါတွင် ဖော်ထုတ်ခံလိုက်ရသည်။

"ဒါက ငါတို့ကျောင်းအုပ်ကြီး လုပ်ခဲ့တာ မဟုတ်လား"

အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများက တိတ်တဆိတ် ပြောဆိုခဲ့ကြသည်။

ကျောင်းအုပ်ကြီးချန်း၏ မူလအစီအစဥ်မှာ စစ်ဆေးရေးဂိတ်တွင် မျှခြေမီးလျှံအလယ်တန်းကျောင်းကို လူသိရှင်ကြား တိုင်ကြားရန် ဖြစ်ပြီး အဖွဲ့၀င်များ ဆုံးရှုံးသွားသည့် ပထမဆုံးအဖွဲ့ ဖြစ်လာစေရန် ဖြစ်သည်။

သို့သော်လည်း လူသိရှင်ကြား တိုင်ကြားခြင်းသည် အခြားကျောင်းများ၏ ဒေါသကို လွယ်ကူစွာ ဖြစ်စေနိုင်သည်ဟု ထင်မြင်ခဲ့သောကြောင့် အစီအစဥ်ကို ပြောင်းလဲခဲ့ပြီး ကျောင်းအုပ်ကြီးချန်း ကိုယ်တိုင်ပင် ဥက္ကဌချီထံ လျှို့၀ှက်တိုင်ကြားခဲ့၏။

ထို့ကြောင့် မျှခြေမီးလျှံ အလယ်တန်းကျောင်းသည် ပြိုင်ပွဲ၏ အစပိုင်းမှာပင် တိုင်ကြားခံလိုက်ရသည်။

ကွပ်ကဲရေးဌာနတွင် မျှခြေမီးလျှံအလယ်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ကျိူးချင်ချိုးသည် အခြားကျောင်းမှ ကျောင်းအုပ်များကို ကြည့်ရှုနေခဲ့သော်လည်း မည်သူက တိုင်ကြားစာ ရေးသားပေးပို့ခဲ့သည်ကို မသိရှိခဲ့ပေ။

"မင်းတို့တွေထဲမှာ ဘယ်သူက တိုင်ကြားစာ ပေးပို့ခဲ့လဲဆိုတာ ငါသေချာပေါက် ရှာဖွေမယ်"

သူ၏အစီအစဥ်များက ပြည့်စုံသည်ဟု သူယုံကြည်သောကြောင့် တစ်စုံတစ်ဦးက တိုင်ကြားခဲ့ခြင်း ဖြစ်ရပေမည်။

အခြားတစ်ဖက်မှ ကြည့်လျှင် သူ၏ကျောင်းသားသည် စစ်ဆေးရေးဂိတ်မှာပင် ဖမ်းမိသွားသဖြင့် သူ့အတွက် အလွန်ပင် ရှက်စရာကောင်းနေခဲ့၏။

"ကျောင်းအုပ်ကျိုး.. မင်းရဲ့ နာမည်ပြောင်ကို သွေဖယ်သူလို့ ခေါ်ကြတယ် ဒီလောက်နှစ်တွေ ကြာပြီးနောက်မှာတောင် မင်းက ဒီအားနည်းချက်ကို မပြင်နိုင်သေးဘူးလား.. ဒီတစ်ခါတော့ မင်းက မင်းရဲ့နာခံတတ်တဲ့ ကျောင်းသားတွေကို ချောက်ထဲကိုယ်တိုင် တွန်းပို့မိလိုက်ပြီ"

အမှတ် ၁ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး လီချင်းရှီက နံဘေးကနေ ၀မ်းသာအားရသောလေသံဖြင့် ပြောဆိုလိုက်သည်။

သူ၏ဖြတ်ထိုးဥာဏ်အရ မည်သူက တိုင်ကြားစာရေးသားခဲ့သလဲဆိုသည်ကို အကြမ်းဖျင်းခန့်မှန်း၍ ရနေခဲ့ပြီ ဖြစ်၏။

သူက နံဘေးရှိကျောင်းအုပ်ကြီးချန်းကို စောင်းငဲ့၍ ကြည့်လိုက်သည်။

သို့သော်လည်း ကျောင်းအုပ်ကြီးချန်း၏ မျက်နှာသည် ပုံမှန်အခြေအနေကဲ့သို့ပင် အေးဆေးတည်ငြိမ်နေခဲ့သည်။

သူက အနည်းငယ် သက်ပြင်းချကာ ပြောလိုက်သည်။

"အခုက 9102 ခုနစ်တောင် ရောက်နေပြီ.. ဒါတောင် တိုင်ကြားစာလို မသမာတဲ့ လှည့်ကွက်ကို အသုံးပြုတဲ့သူတွေ ရှိနေသေးတယ်.. ဒါကရှက်စရာလုပ်ရပ်ပဲ.. ကျောင်းအုပ်ကျိုး ကိုယ်စား ဒီကိစ္စကို ပြင်းပြင်းထန်ထန် ငါကန့်ကွက်တယ်"

ကျောင်းအုပ်ကြီးချန်း၏ စကားကြောင့် ကျောင်းအုပ်ကြီးလီချင်းရှီသည် မှင်တက်သွားခဲ့သည်။

"........"

အမှတ် ၆၀ အထက်တန်းကျောင်းကို အထူးသတိထားပြီး ဆန့်ကျင်တိုက်ခိုက်ရန် နည်းဗျူဟာများ ချမှတ်ဆွေးနွေးခဲ့သည့် သူ၏ ဆုံးဖြတ်ချက်ကို လုံး၀မှန်ကန်သည့် ဆုံးဖြတ်ချက်ဟု ယခုအခါတွင် သူထင်မြင်မိခဲ့သည်။

အမှတ် ၆၀ အထက်တန်းကျောင်း၏ လက်ရှိ ကျောင်းအုပ်ကြီး ချန်းထျန်းရှန်းသည် တကယ်ကို ကိုင်တွယ်ရခက်ခဲသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

၎င်းက ကိုင်တွယ်ဖြေရှင်းရ အရမ်းခက်ခဲရုံသာမက မျက်နှာပြောင်လည်း တိုက်တက်သည်။

အခြားတစ်ဖက်တွင်လည်း ကော်ဟောက်နှင့် တခြားသူများသည် ကျောင်းအုပ်ကြီးချန်း၏ လှည့်ကွက်ကို အံ့အားသင့်နေခဲ့ကြသည်။

"ကျောင်းအုပ်ကြီးချန်းက ဘယ်လိုနည်းဗျူဟာပဲ အသုံးပြုပါစေ.. စစ်ပွဲအတွင်းမှာတော့ ဘာမှမမှားဘူး.. ကျောင်းအုပ်ကြီးချန်း တက္ကသိုလ်မှာတုန်းက အဲဒီကျောင်းအုပ်ကြီးတွေကို အထောက်အပံ့ မှော်စွမ်းရည်နဲ့ အကြိမ်ကြိမ်လှည့်စားခဲ့ဖူးတယ်.. ဒါကြောင့် သူတို့ဘယ်လိုတွေးတောလဲ ဆိုတာကို ကျောင်းအုပ်ကြီးချန်းက အရမ်းနားလည်ခဲ့တယ်"

ချန်းချောင်က သက်ပြင်းချ၍ ပြောလိုက်သည်။

မျှခြေမီးလျှံ အလယ်တန်းကျောင်းမှ ကော်ပီနင်ဂျာများသည် ကျောင်းတိုင်းမှ ဆန့်ကျင်တိုက်ခိုက်ရန် ပြင်ဆင်ထားသည့် ပစ်မှတ်များ ဖြစ်သည်။

ယခုလို အဖွဲ့၀င်တစ်ယောက် ဆုံးရှုံးသွားခြင်းသည် သူတို့အတွက် ကြီးမားသည့် ထိခိုက်မှုတစ်ခုဟု ဆိုရမည်။

လုံခြုံရေးစစ်ဆေးမှုကို ကျော်ဖြတ်ပြီးသည့်နောက်တွင် ရှင်သန်ရပ်တည်ရေး အတွက် ၈ ရက်တာ တိုက်ပွဲသည် တရား၀င် စတင်ခဲ့ပြီ ဖြစ်၏။

၀မ်လင်းက လူတိုင်းနှင့်အတူ အခန်းတစ်ခုထဲကို ၀င်ရောက်သွားခဲ့သည်။

ဤအခန်းသည် ကျောင်းသားများကို နဂါးကိုးကောင်တောင်ပေါ်ရှိ ကျပန်းနေရာများဆီ ကျောင်းများအလိုက် တိုက်ရိုက်ပို့ဆောင်ပေးမည် ဖြစ်၏။

ပြိုင်ပွဲသည် တရား၀င်စတင်လိုက်ပြီ ဖြစ်သည်။

--------------------

ဗိုလ်ချုပ်ပိုင်က တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေခဲ့သည်။

သူ၏အနောက်ဘက်တွင် မာကျောက်တပ်ဖွဲ့မှ သုံးယောက် ရှိနေခဲ့သည်။

သူတို့လေးဦးစလုံးသည် သူတို့၏ အထောက်အထားများကို ဖုံးကွယ်ထားရန်အတွက် အနက်ရောင်၀တ်စုံများကို ၀တ်ဆင်ထားခဲ့ပြီး မျက်နှာပေါ်တွင် မာကျောက်ပေါ်မှ သင်္ကေတများကို ဆေးခြယ်ထားခဲ့သည်။

ဗိုလ်ချုပ်ပိုင်က စက်ဝိုင်းကိုးခု၊ မိစ္ဆာအင်ပါယာကွာဖီက စက်ဝိုင်းသုံးခု၊ အင်မော်တယ်စံအိမ်သခင်ချန်ယွီက စက်ဝိုင်းနှစ်ခု၊ မိစ္ဆာဓါးနတ်ဘုရားက စက်ဝိုင်းတစ်ခုကို ခြယ်သထားသည်။

နဂါးကိုးကောင်တောင်၏ ပတ်၀န်းကျင်သည် နံနက်အစောပိုင်းတွင် ရောင်စုံမြူငွေ့များဖြင့် လွှမ်းခြုံနေခဲ့သည်။

ယင်းမှာ နဂါးကိုးကောင်တောင်၏ သဘာ၀ လတ်ဆတ်မှုကို ထိန်းသိမ်းပေးသည့် သက်တန့်မြူငွေ့ ဖြစ်သည်။

ထိုမြူငွေ့သည် ပတ်၀န်းကျင်ရှိ တိရစ္ဆာန်များကိုသာမကဘဲ လူသားများကိုပါ တဖြည်းဖြည်း အားယုတ်စေနိုင်သည်။

သို့သော်လည်း စိတ်ဝိညာဥ်အပင်များကိုမူ လန်းဆန်းတက်ကြွအောင် အားဖြည့်ပေးနိုင်၏။

ဤတစ်ကြိမ်တွင် ဗိုလ်ချုပ်ပိုင်နှင့် သူ၏ မာကျောက်တပ်ဖွဲ့သည် ပြန်လည်ထွက်ပေါ်လာမည့် အမှောင်နက်ဝေါ့ခ်မှ အဖွဲ့၀င်များကို အမဲလိုက်သွားမည်ဖြစ်၏။

နောက်ကွယ်မှ ကြိုးကိုင်သူသည် ပြိုင်ပွဲတွင် လှုပ်ရှားလာနိုင်သည်ဟု သူတို့လူစုက ခန့်မှန်းထားခဲ့သည်။

တောင်ထိပ်ပေါ်တွင် ရပ်နေစဥ် ဗိုလ်ချုပ်ပိုင်နှင့် မာကျောက်တပ်ဖွဲ့သည် နဂါးကိုးကောင်တောင်၏ ပတ်၀န်းကျင်ကို အကဲခတ်နေခဲ့ကြသည်။

ထိုအခိုက်မှာပင် မိစ္ဆာအင်ပါယာကွာဖီသည် တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်၏။

"ဟက်.. မိတ်ဆွေဟောင်းတစ်ဦးတော့ ပေါ်လာပြီ"

"မင်းရဲ့ အသိအကျွမ်းဟောင်းလား"

"အရင်က ငါနဲ့တိုက်ခိုက်ခဲ့ဖူးတယ်.. ငါ့လက်ထဲမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ဖူးသူတစ်ယောက်ပဲ"

မိစ္ဆာအင်ပါယာကွာဖီက ပြန်ဖြေလိုက်သည်။

"နောက်ကွယ်မှာကြိုးကိုင်တဲ့သူက လူသားမိစ္ဆာကို ပြန် လည် အသက်သွင်းလိုက်ပြီ"

"လူသားမိစ္ဆာဟုတ်လား..ဟန်နီဘယ်လ်ကို ပြောတာလား"

အင်မော်တယ်စံအိမ်သခင် ချန်ယွီက တအံ့တသြ မေးလိုက်သည်။

"ငါပြောတာက စိတ္တဇလူသတ်သမား ဟန်နီဘယ်လ် မဟုတ်ပါဘူး"

မိစ္ဆာအင်ပါယာကွာဖီက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ဒီလူကလည်း သာမန်လူတော့ မဟုတ်ဘူး.. အရင်တချိန်က ငါ့လက်ထဲမှာ ဒဏ်ရာပြင်းထန်စွာရခဲ့တယ် ဆိုပေမဲ့ အသက်ပြန်ရှင်လာပြီ ဆိုမှတော့ တူညီတဲ့အမှားမျိုး နောက်ထ ပ်လုပ်မယ်လို့ ငါမထင်ဘူး"

အပိုင်း(၁၁၄၈) ပြီး၏

All Chapters