← Chapters

အချိန်အခါပြောင်းလဲသွားပြီ

Vol. 77 Ch. 1150

အချိန်အခါပြောင်းလဲသွားပြီ

Vol. 77 Ch. 1150

အမှတ် ၆၀ အထက်တန်းကျောင်းသားများ တောနက်ထဲသို့ ချဥ်းကပ်လာသည် နှင့်အမျှ ၎င်းတို့၏ ရှေ့မှ ဆူညံသံသည် ပို၍ပင် ကျယ်လောင်လာခဲ့သည်။

ကူရွှင်းကျစ် မှန်းဆထားသည့် အတိုင်းပင် ကျောင်းအဖွဲ့နှစ်ဖွဲ့သည် အချင်းချင်း တိုက်ခိုက်နေကြ၏။

ထိုကျောင်းအဖွဲ့နှစ်ဖွဲ့က ထိပ်တိုက် တွေ့ဆုံနေကြသော်လည်း အပြင်းအထန် မတိုက်ခိုက်ကြပေ။

သူတို့က နောက်ဆက်တွဲရလဒ်ကို ထည့်သွင်း စဥ်းစားနေကြပြီး သူတို့၏အင်အားကို ထိန်းသိမ်းထားချင်ကြသည်။

ဤတိုက်ခိုက်မှုသည် ကျောင်းအချင်းချင်း အကဲစမ်းရုံမျှသာ ဖြစ်၏။

ယင်းမှာ အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားများအကြား တိုက်ပွဲဖြစ်၍ ၀မ်လင်းအတွက် ကြည့်ရှုရန်ပင် မထိုက်တန်ပေ။

၎င်းတို့၏ ကိုယ်ခံပညာ ကျွမ်းကျင်မှုမှာ အလွန်ပင် အားနည်းလွန်းသဖြင့် အိုင်ပီမန်း ရုပ်ရှင်ကို နှစ်ဆ အမြန်နှုန်းဖြင့် ကြည့်ရှုခြင်းနှင့်ပင် တူညီနေ၏။

"တစ်ဖွဲ့က ပန်းရောင်ကျောင်း၀တ်စုံကို ၀တ်ဆင်ထားကြတယ်.. နောက်တစ်ဖွဲ့က ခရမ်းရောင် ကျောင်း၀တ်စုံကို ၀တ်ဆင်ထားတယ်.. ဒါဘယ်ကျောင်းကများလဲ"

ချန်းချောင်က ခြုံပုတ်ထဲတွင် ပုန်းအောင်းနေရင်း တိုက်ပွဲကိုကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"ငါလည်း သေချာမသိဘူး"

ကော်ဟောက်က ခေါင်းခါယမ်းလိုက်သည်။

ဤတစ်ကြိမ် အမျိုးသားအဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲ၀င် ကျောင်းပေါင်း အလွန်များပြားပြီး အများစုမှာ အခြားမြို့များမှ ဖြစ်ကြသည်။

သတင်းပေါင်းစုံ ဟင်းလေးအိုးကြီး ဖြစ်သည့် ကော်ဟောက် ပင် ထိုကျောင်းအားလုံးကို မှတ်မိရန် ခက်ခဲနေခဲ့သည်။

သူတို့နှစ်ယောက် တိတ်တဆိတ် စကားပြောနေစဥ်အတွင်း အဖွဲ့နှစ်ဖွဲ့၏ အဓိကခေါင်းဆောင်များသည် တိုက်ပွဲကို ခဏရပ်တန့်ရန် ဆုံးဖြတ်လိုက်ကြ၍ ဆူညံနေသော တောအုပ်သည် တစ်ခဏအတွင်း ငြိမ်သက်သွားခဲ့သည်။

ပန်းရောင်ကျောင်း၀တ်စုံကို ၀တ်ဆင်ထားသည့် အဖွဲ့မှ ယောကျာ်းလေး တစ်ယောက်သည် ရှေ့သို့ ထွက်လာခဲ့သည်။

"ညီအစ်ကို ငါတို့နှစ်ဖွဲ့လုံး ဒီမှာအပြင်းအထန် တိုက်ခိုက်နေတာက အင်အားကို ဖြုန်းတီးရာရောက်ပြီး ဘာမှအဓိပ္ပါယ်မရှိဘူး.. ခွေးနှစ်ကောင်က အရိုးတစ်ခုကို လုယက်နေမယ်ဆိုရင် တတိယတစ်ကောင်က အရိုးကို ယူပြေးသွားနိုင်တယ်.. အကယ်၍ အခြားတစ်ဖွဲ့ဖွဲ့သာ ငါတို့ မောပန်းနေတဲ့အချိန် အခွင့်ကောင်း ယူခဲ့မယ်ဆိုရင် ကျွန်တော်တို့ နှစ်ဖွဲ့စလုံး ရှုံးနိမ့်သွားလိမ့်မယ်.. ငါတို့နှစ်ဖက်လုံး တိုက်ပွဲကို ရပ်လိုက်ကြရင် ဘယ်လိုလဲ"

ဤအကြံပြုချက်ကို ကြားသောအခါတွင် ခရမ်းရောင်အဖွဲ့၏ ခေါင်းဆောင်ကလည်း ရှေ့တက်ကာ ပြောလိုက်သည်။

"မင်းပြောတာမှန်တယ်.. ငါတို့နှစ်ယောက်စလုံး တိုက်ပွဲကို ရပ်တန့်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုတော့ မဟာမိတ်ဖွဲ့လိုက်ကြရင် မကောင်းဘူးလား. ငါတို့တွေ မဟာမိတ်သုံးရက်ဖွဲ့ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကူအညီ အပြန်အလှန်ပေးကြမယ်.. အဲဒီနောက်ပိုင်းမှသာ ကိုယ့်အဖွဲ့အတွက် ကိုယ်စီတိုက်ပွဲ ၀င်ကြတာပေါ့"

"ညီအစ်ကိုပြောတာက ကောင်းမွန်တဲ့ အကြံပြုချက်ပါပဲ"

"ဒါဆိုရင် ငါတို့တွေ မဟာမိတ်ဖွဲ့ကြမလား"

"ကောင်းပြီ"

"ဒါနဲ့ တစ်ခုလောက်မေးပါရစေ ညီအစ်ကိုက ပန်းရောင်ကျောင်း၀တ်စုံကို ၀တ်ဆင်ထားတယ် ဆိုတော့ ဘယ်ကျောင်းကလဲ"

"ငါတို့က ကွမ်းရှီမြို့ အမှတ် ၈ အနောက်မြို့တော် အထက်တန်းကျောင်းကပါ"

"မင်းတို့လည်း ကွမ်းရှီမြို့ကပဲလား"

"ဟုတ်တယ် ငါတို့လည်း ကွမ်းရှီမြို့ကပဲ.. ငါတို့က ခရမ်းရောင်ဥယျာဥ် အထက်တန်းကျောင်းကပါ"

"ဒါဆို မင်းတို့က ခရမ်းရောင်ဥယျာဥ် အထက်တန်းကျောင်းက ဘော်ဒါတွေပေါ့.. မင်းတို့ရဲ့ ကျောင်းအုပ်ဆရာမကြီး ကျိယန်က ကျောင်းအုပ်ကြီး အသိုင်းအ၀ိုင်း ထဲမှာတော့ နာမည်ကျော်ကြားတဲ့ နတ်ဘုရားမတစ်ပါးပဲ"

အစောပိုင်းတွင် ပြင်းထန်စွာ တိုက်ခိုက်နေသော ကျောင်းနှစ်ကျောင်းက မဟာမိတ်ဖွဲ့ရန် ဆွေးနွေးနေကြသည်ကို ကြည့်ရင်း ချန်းချောင်သည် မှင်တက်နေခဲ့သည်။

သူတို့က အခြေအနေကို အခွင့်ကောင်းယူရန် ခြုံပုတ်ထဲတွင် ပုန်းအောင်း၍ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း အဆုံးသတ်တွင် ထိုကျောင်းနှစ်ကျောင်းသည် မဟာမိတ်ဖွဲ့ရန် ကြိုးပမ်းနေခဲ့ကြသည်။

"စိတ်မပူနဲ့ သူတို့ မဟာမိတ်ဖွဲ့တာကို ငါဖျက်ဆီးပစ်မယ်"

ထိုအချိန်တွင် ရှားမင်သည် ကောက်ကျစ်စွာ ရယ်မော၍ ပြောလိုက်သည်။

၀မ်လင်းသည် ရှားမင်၏ လက်ချောင်းထိပ်တွင် စုဝေးနေသော မိစ္ဆာ၀ိညာဥ်ချီကို ခံစားမိခဲ့သည်။

အခြားသူများ၏ အမြင်တွင် ဤ၀ိညာဥ်စွမ်းအင်သည် အလွန်သန့်ရှင်းပုံ ရသော်လည်း ၀မ်လင်း၏အမြင်တွင်မူ အလွန်ပင် ဆိုးရွားလွန်းနေ၏။

၀မ်လင်းသည် ရှားမင်၏ကျိန်စာကို ဖယ်ရှားဖို့ကူညီရန် အမြဲတစေ စဥ်းစားနေခဲ့သည်။

သို့သော်လည်း ရှားမင်၏ ခန္ဓာကိုယ်ပေါ်တွင် အမြစ်တွယ်နေသော မိစ္ဆာ၀ိညာဥ်ချီသည် ၀မ်လင်း ထင်ထားသည်ထက်ပင် ပိုမို၍ အားကောင်းပုံရ၏။

၎င်းသည် ယခင်က အပေါ်ယံတွင်သာ ရှိခဲ့သော်လည်း ယခုအခါတွင် အတွင်းပိုင်းကိုပါ စားသောက်နေပြီ ဖြစ်ရာ ရှားမင်၏ အတွင်းပိုင်းသည် ပုပ်သိုးနေသော သီးနှံကဲ့သို့ ဖြစ်နေခဲ့သည်။

အကယ်၍သာ ရှားမင်၏ အတွင်းအူတိုင်(၀ါ)အမြူတေသာ ပုပ်သွားခဲ့လျှင် အခြေအနေများသည် အမှန်တကယ် ရှုပ်ထွေးသွားပေလိမ့်မည်။

ရှားမင်က သူ့ကိုယ်ပိုင် မဟုတ်သော မိစ္ဆာ၀ိညာဥ်ချီကိုကျင်လည်စွာ အသုံးပြုကာ ခရမ်းရောင်ဥယျာဥ်အထက်တန်း ကျောင်းသားတစ်ဦး၏ ခြေကျင်း၀တ်ကို အလွယ်တကူ ထိန်းချုပ်လိုက်သည်။

ထို့နောက်တွင် ထိန်းချုပ်ခံထားရသော ကျောင်းသားသည် အမှတ် ၈ အနောက်မြို့တော် အထက်တန်းကျောင်းမှ ကျောင်းသူလေးကို ကန်ကျောက်လိုက်၏။

"၀ုန်းး"

ကျောင်းသူလေးက ကန်ကျောက်ခံရပြီး လေထဲသို့ လွင့်ပြန်ကာ သစ်ပင်များစွာကို ၀င်ဆောင့်မိခဲ့သည်။

ထိုအခိုက်အတန့်တွင် ကျောင်းသူလေး၏ လက်မောင်းတွင် ပတ်ထားသည့် ရွှေရောင်အဆောင်လက်ဖွဲ့က အန္တရာယ်ကိုခံစားမိပြီး အသက်၀င်လာခဲ့ကာ ကျောင်းသူလေးကို ပြိုင်ပွဲမှ ထုတ်ပယ်လိုက်တော့သည်။

ရှားမင်၏ ထိန်းချုပ်မှုကို ခံခဲ့ရသော ယောကျ်ားလေးသည် အလွန်ပင် အံ့အားသင့်နေခဲ့သည်။

သူ၏ကန်ချက်က သူကိုယ်တိုင် မထင်မှတ်ထားလောက်အောင်ပင် အင်အားကြီးမားလွန်းနေခဲ့၏။

ပုံမှန်အားဖြင့် သူမည်မျှပင် အားထည့်၍ ကန်ပါစေ၊ ထိုကဲ့သို့ ပေါက်ကွဲအားမျိုးရှိမည် မဟုတ်ပေ။

"မင်းဘာလုပ်လိုက်တာလဲ ငါတို့တွေ မဟာမိတ်ဖွဲ့မယ်လို့ မပြောခဲ့ဘူးလား"

အမှတ် ၈ အနောက်မြို့တော် အထက်တန်းကျောင်း၏ အဖွဲ့ခေါင်းဆောင်သည် ဒေါသထွက်နေခဲ့သည်။

ခရမ်းရောင်ဥယျာဥ် အထက်တန်းကျောင်းက ၎င်းတို့ ပေးထားသည့်ကတိကို ဖျက်လိမ့်မည်ဟု သူလုံး၀မထင်ခဲ့ပေ။

"ငါလုပ်တာ မဟုတ်ဘူး.. ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်လို့မရခဲ့ဘူး တစ်ခုခုတော့ မှားနေပြီ"

ကျောင်းသူလေးကို ကန်ကျောက်ခဲ့သော ကျောင်းသားက ကူကယ်ရာမဲ့သော အမူအရာဖြင့် ရှင်းပြလိုက်သည်။

ထို့နောက်တွင်မူ ရှားမင်၏ ရန်တိုက်မှုကြောင့် မူလက မဟာမိတ်ဖွဲ့ရန် ဆုံးဖြတ်ခဲ့သော ကျောင်းနှစ်ကျောင်းသည် တဖန် ပြန်လည်၍ တိုက်ခိုက်ခဲ့ကြသည်။

တရားခံဖြစ်သည့် ရှားမင်သည် သူ၏လုပ်ရပ်ကို အလွန်ပင် ကျေနပ်နေသည့်အလား ကောက်ကျစ်စွာ ပြုံးလိုက်၏။

ချန်းချောင်နှင့် ကော်ဟောက်တို့သည် ရှားမင်၏ လုပ်ဆောင်မှုကြောင့် အလွန်ပင် အံ့သြနေခဲ့ကြသည်။

ရှားမင်က ဤမည်မျှအထိ အင်အားကောင်းလိမ့်မည်ဟု သူတို့ တစ်ခါမျှ မထင်မြင်ခဲ့ကြပေ။

ယနေ့တွင် အပမှီနေသကဲ့သို့ အင်အားကောင်းနေရခြင်းမှာ အဘယ်ကြောင့်နည်း။

"ရှားမင် မင်းအရမ်းအားကောင်းတာပဲ"

ချန်းချောင်က မနေနိုင်ဘဲ ပြောလိုက်သည်။

"သိပ်ဟုတ်တာပေါ့"

ရှားမင်က အလွန်ကျေနပ်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။

သန်မာသောအင်အားကို ပိုင်ဆိုင်ရရှိခြင်း၏ ခံစားချက်သည် အလွန်ပင် ကောင်းမွန်ပြီး စွန်းရုံ၏ ရှေ့တွင် ယခုကဲ့သို့ ဟန်ရေးပြနိုင်ခဲ့သည့် အတွက် သူ့ကိုယ်သူ အထူးပင် ကျေနပ်နေမိသည်။

မှန်၏။ သူ့တွင် ဤကဲ့သို့ အင်အားရှိနေသ၍ သူသည် အမှတ် ၆၀ အထက်တန်းကျောင်းကို ပထမဆုရအောင်ပင် ကူညီပေးနိုင်သည်။

ဤခွန်အားကို ကောင်းစွာ အသုံးပြုပြီး အတန်းဖော် စွန်းရုံရှေ့တွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်သ၍ ၀မ်လင်းသည် ဘာမှမဟုတ်တော့ပေ။

ရှားမင်သည် သူ့အနာဂတ်နှင့် ပတ်သက်၍ ယခင်က မဖြစ်နိုင်ဟု ထင်ထားသော အတွေးများကို အကောင်အထည် ဖော်လိုနေခဲ့ပြီး သူ၏ယုံကြည်မှုသည်လည်း ယခင်ကထက် ပိုမို၍ ကြီးမားလာခဲ့သည်။

သို့သော်လည်း ထိုအချိန်တွင် ချန်းချောင်သည် ရှားမင်ကို အခိုင်အမာ မေးခွန်းထုတ်လိုက်သည်။

"မင်း တရားမ၀င် ဆေးဝါးတွေများ သုံးစွဲထားသေးလား"

"ငါက ဘာလို့ သုံးရမှာလဲ"

ရှားမင်က အကြောက်အကန် ငြင်းဆိုလိုက်သည်။

"ငါ့ကိုနည်းနည်းလောက် ပိုကောင်းကောင်း မတွေးပေးနိုင်ဘူးလား.. ငါက ငါတို့ကျောင်းအတွက် ဂုဏ်သိက္ခာရအောင် လုပ်နေတာပါ"

"ဟုတ်ပါတယ်.. မင်းကို အကောင်းဘက်ကနေ ပိုပြီး တွေးချင်ပါတယ်.. ဒါပေမဲ့ မင်းက အခုအရမ်းအားကောင်းနေတော့ ငါနားမလည်နိုင်ဘူး ဖြစ်နေတယ်.. ဒါကြောင့် ဖြစ်နိုင်ချေတစ်ခုပဲရှိတယ်လို့ ငါခံစားမိတယ်.. မင်းအနေနဲ့ တစ်ခုခုကို ဖုံးကွယ်ထားတာ ဖြစ်ရင်ဖြစ် ဒါမှမဟုတ်ရင် မင်းကို မိစ္ဆာတစ်ကောင်ကောင်က ပူးကပ်နေတာပဲ ဖြစ်ရမယ်"

ချန်းချောင်၏ စကားကိုကြားလျှင် ရှားမင်သည် ကူကယ်ရာမဲ့စွာဖြင့် နဖူးကနေ ချွေးစေးများ စို့လာခဲ့သည်။

သူက ချန်းချောင်၏ နာမည်ကျော် ဥာဏ်အလင်းပေးသော ပါးစပ် အကြောင်းကို ကြာမြင့်စွာကတည်းက ကြားဖူးခဲ့သည်။

ယခုအခါတွင် အမှန်တရားသည် ချန်းချောင်၏နှုတ်မှ မရည်ရွယ်ဘဲ ထွက်ပေါ်လာသောအခါ ရှားမင်သည် ဆံပင်များ ထောင်ထသွားခဲ့၏။

ရှားမင်သာမက ၀မ်လင်းသည်လည်း ချွေးအနည်းငယ် ထွက်လာသည်။

အထူးသဖြင့် ချန်းချောင်သည် ကျပန်း မှန်းဆသောအချိန်မျိုးတွင် မှန်ကန်လေ့ရှိ၏။

တမင်တကာ ပြောဆိုသောစကား မဟုတ်သ၍ ချန်းချောင် သည် ဖြစ်ရပ်များကို အမှန်အတိုင်း ဒေါက်ကနဲ တိကျစွာ ပြောနိုင်သည်။

နှစ်ဖက်စလုံးမှ ကျောင်းသားများ အပြင်းအထန် တိုက်ခိုက်ပြီးနောက် အင်အားများ ကုန်ခမ်းလာသောအချိန်တွင် စွန်းရုံသည် သူမ၏ ဓား၀ိညာဥ်နေရာလွတ်ကို ချက်ခြင်းဆိုသလို ဖွင့်လှစ်လိုက်ပြီး အတွေးထဲ၌ ၀ှက်ထားသော စိတ်၀ိညာဥ်ဓါးများကို ဝေပေးလိုက်သည်။

ထို့နောက်တွင်မူ အမှတ် ၆၀ အထက်တန်းကျောင်းမှ

ကျောင်းသားများ အားလုံးသည် စိတ်၀ိညာဥ်ဓားများကို ကိုင်ဆောင်၍ ခြုံပုတ်ထဲမှ ပြေးထွက်ကာ အမှတ်၈ အနောက်မြို့တော် အထက်တန်းကျောင်းနှင့် ခရမ်းရောင်ဥယျာဥ်အထက်တန်းကျောင်းမှ ကျောင်းသားများကို ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့၏။

"လခွမ်း.. ဒါက ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်ပြိုင်ပွဲလေ.. မင်းတို့က စိတ်၀ိညာဥ်ဓားတွေကို ဘယ်လိုလုပ်ပြီး ယူလာခဲ့တာလဲ"

ကျောင်းနှစ်ကျောင်းမှ ခေါင်းဆောင်များသည် အံ့အားသင့်နေကြသည်။

သူ၏ စိတ်၀ိညာဥ်ဓါးဖြစ်သည့် တစ္ဆေသွားဓားကို ကိုင်ဆောင်ထားသော ကော်ဟောက်သည် လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

"ငါတို့က ဒီစိတ်၀ိညာဥ်ဓါးတွေကို အခုလေးတင်ပဲ ထုတ်ယူခဲ့တာလို့ ပြောရင် မင်းတို့ ယုံကြည်မှာလား"

"လုံး၀မယုံကြည်ဘူး"

ခေါင်းဆောင်နှစ်ယောက်က တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။

"ဒါဆိုလည်း မတတ်နိုင်တော့ဘူးပေါ့"

ကော်ဟောက်က သက်ပြင်းချလိုက်၏။

"ငါတို့က မင်းတို့ထက် ပိုပြီးကျွမ်းကျင်လို့ စိတ်၀ိညာဥ်ဓားတွေကို အထဲကို ခိုးသွင်းနိုင်ခဲ့တာပဲ.. ဒါကို လှည့်ဖြားတယ်လို့ ​သတ်မှတ်လို့မရဘူး.. နောက်ပြီး မင်းတို့နှစ်ယောက်ကို သတိပေးချင်တာ ရှိသေးတယ်.. အခြေအနေတွေက ပြောင်းလဲသွားပြီ ငါ့ကောင်တို့"

ထိုစကားကို ပြောပြီးနောက်တွင် ကော်ဟောက်သည် သူ၏ တစ္ဆေသွားဓားကို ဓားပျံကဲ့သို့ ပစ်လွှတ်လိုက်သည်။

တစ္ဆေသွားဓားက ခေါင်းဆောင်နှစ်ယောက်၏ ဦးခေါင်းကနေ ဖြတ်ကျော်သွားပြီး သစ်ပင်ကြီးတစ်ပင်ကို ဖြတ်တောက်သွားခဲ့သည်။

ကော်ဟောက်၏ စိတ်၀ိညာဥ်ဓားက သူတို့ကို မထိမှန်ခဲ့၍ ခေါင်းဆောင်နှစ်ဦးသည် ကော်ဟောက်ကို လှောင်ရယ်လိုက်ကြသည်။

"ညီအစ်ကို မင်းပစ်မှတ်ကို လွဲသွားခဲ့ပြီ"

ထိုအခိုက်တွင် ကော်ဟောက်သည် ခေါင်းဆောင်နှစ်ဦးကို အပေါ်သို့ လက်ညှိုး ညွှန်ပြလိုက်သည်။

လူငါးယောက်ခြောက်ယောက် လက်ချင်းချိတ်၍ ရသည်အထိ ထူထဲသော ပင်စည်ရှိသည့် သစ်ပင်သည် ခေါင်းဆောင်နှစ်ဦး၏ ခေါင်းပေါ်သို့ ပြုတ်ကျလာခဲ့သည်။

ထို့နောက် တစ်ချိန်တည်းမှာပင် ခေါင်းဆောင်နှစ်ဦးစလုံး၏ အကာအကွယ် ရွှေရောင်အဆောင်လက်ဖွဲ့က အသက်၀င်လာပြီး ခေါင်းဆောင်နှစ်ဦးသည် ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရသည်။

အပိုင်း(၁၁၅၀) ပြီး၏

All Chapters