နာမည်ကျော်လင်းကျန်ရန်၏ အရံအသင်း
Vol. 77 Ch. 1152
မီးတောင်ထွတ်ကို ချဥ်းကပ်လာသောအခိုက်တွင် ၀မ်လင်းသည် အဓိကတောင်ထိပ်၏ အထက်တွင် ပြသထားသည့်ကြီးမားသော နံပါတ်တစ်ခုကို တွေ့လိုက်ရသည်။
[ကျန်ရှိသောအသက်ရှင်သူများ = ၇၅၉ ယောက်]
၎င်းသည် လက်ရှိအသက်ရှင်ကျန်ရစ်သူ၏ အရေအတွက် ဖြစ်သည်။
၄ နာရီအတွင်း လူ ၄၀နီးပါးသည် ဖယ်ရှားခံလိုက်ရပြီ ဖြစ်၏။
၀မ်လင်းသည် ဤပြိုင်ပွဲတွင် အစုလိုက်အပြုံလိုက် ဖယ်ရှားမှု နှစ်ကြိမ် ဖြစ်လိမ့်မည်ဟု မှန်းဆခဲ့သည်။
ပထမအကြိမ်မှာ အဖွဲ့တိုင်းသည် ပထမနှစ်ရက်အတွင်း ကိုယ်စီ နယ်မြေကို သိမ်းပိုက်နေချိန် ဖြစ်၏။
ရက်အနည်းငယ်ကြာပြီးနောက် အခြေအနေ တည်ငြိမ်သွားသောအခါတွင် အဖွဲ့အများစုသည် ခုခံရေးဗျူဟာကို ကျင့်သုံးကြလိမ့်မည် ဖြစ်သည်။
ဒုတိယအကြိမ် အစုလိုက်အပြုံလိုက် ဖယ်ရှားမှုသည် ပြိုင်ပွဲ၏ ၇ရက်မြောက်နေ့နှင့် ၈ရက်မြောက်နေ့တွင် ဖြစ်ပွားပေလိမ့်မည်။
အနိုင်ရရန် လူတိုင်းသည် မလွဲမသွေ အနီးကပ် တိုက်ပွဲဆင်နွှဲရမည် ဖြစ်ပြီး ထိုအချိန်သို့ ရောက်လာသောအခါတွင် ပြိုင်ပွဲကျင်းပရေး ကော်မတီမှ လူများသည် ပြိုင်ပွဲကို ၀င်ရောက် စွက်ဖက်ပေလိမ့်မည်။
ဥပမာအားဖြင့် ၎င်းတို့သည် လူအရေအတွက်ကို လျှော့ချရန်အတွက် အားကောင်းသော စိတ်၀ိညာဥ် သားရဲများကို စခန်းချထားသည့်နေရာများသို့ ရည်ရွယ်ချက်ရှိရှိ စေလွှတ်ခြင်းမျိုးပင်။
သို့သော်လည်း ကျောင်းသားများဘေးကင်းမှုကို သေချာစေရန်အတွက် လုံခြုံရေးတာ၀န်ရှိ ဆရာများသည် ၎င်းတို့ ဟန့်ထားနိုင်လောက်သည့် စိတ်၀ိညာဥ်သားရဲများကိုသာ အသုံးပြုမည် ဖြစ်သည်။
ယင်းမှာ ကျောင်း ၆ ကျောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွင်း အဆိပ်စက်၀ိုင်းများ ကျုံ့သွားခြင်းနှင့် မတူပေ။
ခရီးစဥ် တစ်လျောက်လုံးတွင် ၀မ်လင်းသည် သူ့ထံမှ သဘာ၀အတိုင်း ထွက်ပေါ်နေသော အရှိန်အ၀ါများကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။
အနီးအနားရှိ တောထဲမှ စိတ်၀ိညာဥ်သားရဲများသည် သူတို့အနားသို့ လုံး၀ မချဥ်းကပ်ခဲ့ကြပေ။
စိတ်၀ိညာဥ်သားရဲများသာမက သူ၏ အရှိန်အ၀ါကို ခံစားမိသော မြွေများ၊ကြွက်များနှင့် ပုရွတ်ဆိတ်များပင် အလျင်အမြန် ထွက်ပြေးသွားခဲ့ကြ၏။
ထို့အပြင် ၀မ်ကျန်း၊ လျူချင်းရီ၊ ကူရွှင်းကျစ်၊ ကျန်းရွမ်နှင့် ဖန့်ရှင်းတို့ ငါးဦးလည်း ရှိနေပါသေးသည်။
၀မ်လင်း အပါအ၀င် ဤ ၆ယောက်အဖွဲ့သည် ပိုးမွှားများနှင့် ရက်စက်ကြမ်းကြုတ်သော သားရဲများကို ကြောက်လန့်စေသည့် လမ်းလျှောက်နေသော နတ်ဆိုးနှင်ဆေးနှင့်ပင် တူနေသည်။
အစပိုင်းတွင် စွန်းရုံသည် အသံကျယ်ကျယ် လှုပ်ရှားမှုများကြောင့် အနီးနားရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများအား လှုံ့ဆော်သလို ဖြစ်သွားမည်ကို ကြောက်ရွံ့၍ အလွန် သတိထားကာ လှုပ်ရှားနေခဲ့သည်။
လမ်းခရီးတွင် အခြားသော ပြိုင်ဘက်များနှင့် မတွေ့ဆုံခဲ့ခြင်းကလည်း သူတို့အဖွဲ့ကို သက်သောင့်သက်သာရှိသော ခရီးစဥ်တစ်ခု ဖြစ်စေခဲ့သည်။
ထို့ကြောင့် သူတို့က အတုအယောင် ရှင်သန်ရေး ဂိမ်းတစ်ခုတွင် ပါ၀င်ခဲ့ခြင်းလားဟုပင် အံ့အားသင့်နေခဲ့သည်။
"ဒီနေ့တော့ ငါတို့ ငတ်ပြီထင်တယ်.. ဒီလောက် လမ်းလျှောက်လာပြီးတာတောင် မျောက်တစ်ကောင်ကို မတွေ့ရသေးဘူး"
ကော်ဟောက်က သူ၏စိတ်၀ိညာဥ်ဓားကို အသုံးပြု၍ သူ့ရှေ့မှ ခြုံနွယ်များကို ဖယ်ရှားလိုက်သည်။
သူက အစပိုင်းတွင် အလွန်သတိထားကာ လှုပ်ရှားခဲ့သော်လည်း ယခုအခါတွင်မူ လွတ်လွတ်လပ်လပ်ပင် လှုပ်ရှားနေခဲ့သည်။
"မျောက်မပြောနဲ့ ငှက်တစ်ကောင်တောင် ရှိမနေဘူး"
လီယိုယွဲ့ကလည်း တအံ့တသြ ရေရွတ်လိုက်သည်။
ယုတ္တိဗေဒအရ မီးတောင်ထွတ်၏ အနီးတ၀ိုက်တွင်အရင်းအမြစ်များ ပေါများသောကြောင့် စိတ်၀ိညာဥ်သားရဲတစ်ကောင်တစ်လေမှ မတွေ့ရခြင်းသည် အလွန်ပင် အံ့သြစရာကောင်းနေသည်။
သူမက တောထဲတွင် ထူးချွန်သော သူမ၏ အချက်အပြုတ်စွမ်းရည်ကို ပြသရန် စီစဥ်ထားခဲ့သော်လည်း အခွင့်အရေး ရရှိတော့မည့်ပုံ မရပေ။
သူတို့၏ စကားများသည် ၀မ်လင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
ခရီးစဥ်တစ်လျောက်လုံး စိတ်၀ိညာဥ်သားရဲများ၏ အနှောင့်အယှက် လုံး၀မရှိခြင်းသည် အမှန်ပင် အနည်းငယ် ထူးဆန်းနေခဲ့သည်။
ထို့ကြောင့် ၀မ်လင်းက ကွပ်ကဲရေးစင်တာတွင် ရှိသော ကျိူးရီထံသို့ သတင်းအချက်အလက် အချို့ ချက်ချင်းဆိုသလို ပေးပို့လိုက်သည်။
"မကောင်းတော့ဘူး ဆရာဒုက္ခရောက်နေပြီ'
ကျိုးရီက ၀မ်လင်းထံမှ သတင်းကို ရရှိပြီးနောက်တွင် ၀မ်လင်း၏ အခက်အခဲကို နားလည်ခဲ့သည်။
သို့သော်လည်း ဤကိစ္စတွင် သူ့အနေဖြင့် တိုက်ရိုက် ၀င်ရောက်စွက်ဖက်၍မရပေ။
ဟွမ်ဖုန်း၊ ဥက္ကဌချီ နှင့်အနီးအနားရှိ ကျောင်းအုပ်များစွာတို့သည် သူနှင့်အတူ ရှိနေ၍ တိုက်ရိုက် အရေးယူ ဆောင်ရွက်ပါက အလွန်ပင် သိသာနေပေလိမ့်မည်။
သို့သော်လည်း ကံကောင်းစွာဖြင့် ကျိုးရီသည် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့သည်။
သူက ဖုန်းကို ထုတ်ယူကာ "နာမည်ကျော် လင်းကျန်းရမ်၏ အရံအသင်းအဖွဲ့"ဟု နာမည်ပေးထားသော ဂရုချက်အသစ်သို့ စာပို့လိုက်သည်။
ထိုဂရုချက်၏ မန်ဘာများမှာ ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့ ဖြစ်သည်။
"ဆရာလေးလင်း ဘာပြဿနာဖြစ်နေလို့လဲ"
"ဆရာ့ရဲ့ အရှိန်အ၀ါက အရမ်းအားကောင်းလို့ တောထဲမှာရှိတဲ့ အနီးအနားက စိတ်၀ိညာဥ်သားရဲတွေကို ကြောက်လန့်သွားစေခဲ့တယ် ခရီးတစ်လျောက်လုံး သားရဲတိရစ္ဆာန်တွေကို လုံး၀ မတွေ့ရတာက တခြားသူတွေ သံသယ၀င်လာစေနိုင်တယ်.. ဒါကြောင့် ငါတို့တွေ ဒီကိစ္စကို ဖြေရှင်းရမယ်"
ထွင်ထျန်းဟာ "ငါနားလည်ပြီ ရှိုးပြဖို့ အတွက် သားရဲအုပ်စု တစ်စုကို ရှာဖွေရမယ်လို့ ဆိုလိုချင်တာ မဟုတ်လား"
ငွေရောင်လေး"ဒီကိစ္စ ငါ့ကိုပဲ လွှဲထားလိုက်ပါ"
ကျိုးရီက ခေါင်းညိမ့်လိုက်ပြီး သတိပေးချက်တစ်ခု ပေးပို့လိုက်သည်။
"မင်းတို့နှစ်ယောက် ဆောင်ရွက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်ကြပါ.. မင်းတို့နှစ်ယောက်ကို လုံခြုံရေးအဖွဲ့ထဲ ၀င်ခွင့်ရအောင် စီစဥ်ပေးရတာ ငါ့အတွက်မလွယ်ဘူး.. ဒီကိစ္စကို အထက်လူကြီးတွေ သိသွားရင် ငါဒုက္ခရောက်လိမ့်မယ်"
"နားလည်ပါပြီ"
ငွေရောင်လေးနှင့် ထွင်ထျန်းဟာက ခေါင်းညိမ့်လိုက်သည်။
ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့သည် ဗုံးပစ်စီနီယာအင်မော်တယ်နှင့်အတူ နဂါးကိုးကောင် တောင်ထွတ်သို့ သွားခဲ့ကြသည်။
ဤအကြောင်းကို ၀မ်လင်းပင် သိမထားခဲ့ပေ။
ကျိုးရီက မမျှော်လင့်ထားသော အရာများ ဖြစ်ပေါ်လာနိုင်သည်ဟု ကြာမြင့်စွာကတည်းကပင် မှန်းဆမိသောကြောင့် ငွေရောင်လေးနဲ့ ထွင်ထျန်းဟာတို့ကို လုံခြုံရေးအဖွဲ့တွင် ကြိုတင်၍ အထောက်အထားများ စီစဥ်ပေးထားခဲ့သည်။
ထွင်ထျန်းဟာက ယခုအခါတွင် လူသားအသွင်ကို ဆောင်နိုင်နေပြီ ဖြစ်၍ ကျိုးရီအနေဖြင့် လုံခြုံရေးအဖွဲ့ထဲသို့ ထည့်သွင်းရန်မှာ ဘာမှမခက်ခဲပေ။
ကျိုးရီထံမှ သတင်းစကားကို လက်ခံရရှိပြီးနောက်တွင် ငွေရောင်လေးနှင့် တွင်ထျန်းဟာတို့သည် ချက်ချင်းပင် ပြင်ဆင်မှုများကို စတင်ပြုလုပ်ခဲ့သည်။
"ဆရာက လက်ရှိမှာ မီးတောင်ထွတ် အနီးနားမှာ ရှိနေတယ်"
ငွေရောင်လေးက သူ၏ စိတ်၀ိညာဥ်အာရုံများကို အသုံးပြု၍ မီးတောင်ထွတ် ပတ်၀န်းကျင်ရှိ သတ္တ၀ါများကို အာရုံခံလိုက်သည်။
သူခန့်မှန်းထားသလိုပင် သားရဲတိရစ္ဆာန် အားလုံးနီးပါးသည် အရပ်မျက်နှာအနှံ့သို့ ရူးသွပ်စွာ ပြေးလွှားနေခဲ့ကြသည်။
"ဆရာ့ရဲ့ အရှိန်အ၀ါကို သားရဲတွေက အတော်လေး ကြောက်လန့်နေကြတယ်"
ထွင်ထျန်းဟာက ခေါင်းညိမ့်လိုက်ပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
စိတ်၀ိညာဥ်သားရဲများတွင် အန္တရာယ်ကိုခံစားနိုင်သည့် မွေးရာပါ စွမ်းရည်တစ်ခုရှိသည်။
၎င်းသည် လူသားများ၏ ဆဋ္ဌမအာရုံနှင့် အနည်းငယ် ဆင်တူသော်လည်း တစ်ခါတရံ ပို၍ပင် တိကျ၏။
၀မ်လင်းက သူ၏ အရှိန်အ၀ါကို တမင်တကာ ထုတ်လွှတ်ခြင်း မပြုသော်လည်း တောထဲတွင် လမ်းလျှောက်နေစဥ် သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အ၀ါသည် ကမ္ဘာဦးသားရဲ တစ်ကောင်၏ အရှိန်အ၀ါနှင့် တူညီမှု ရှိနေသည်။
သို့သော်လည်း ဤကိစ္စကို ဖြေရှင်းခြင်းသည် ငွေရောင်လေးအတွက် အရမ်းကြီးမခက်ခဲပေ။
ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့က လှိုဏ်ဂူတစ်ခု၏ အ ပေါက်၀နားတွင် ပေါ်လာခဲ့သည်။
ထို့နောက် ငွေရောင်လေးသည် သူ့လက်ချောင်းကို ပါးစပ်ဖြင့်ကိုက်ကာ သူ၏ သူတောင်စင်သားရဲ သွေးတစ်စက်ကို မြေပြင်ပေါ်သို့ ချလိုက်သည်။
"ဒါက အသုံး၀င်ပါ့မလား"
ထွင်ထျန်းဟာက သံသယစိတ်ဖြင့် မေးလိုက်သည်။
"ငါ့ရဲ့သူတောင်စင်သားရဲသွေးက အခြားသော စိတ်၀ိညာဥ်သားရဲ အားလုံးနီးပါးကို ဆွဲဆောင်နိုင်စွမ်းရှိတယ်.. မင်းကိုယ်တိုင် မျိုဆို့ထားတယ်လေ မေ့နေပြီလား"
ငွေရောင်လေး မျက်ခုံးပင့်၍ ပြောလိုက်သည်။
"........"
ငွေရောင်လေးက ထိုသို့ပြောလိုက်သောအခါ ထွင်ထျန်းဟာသည် အနည်းငယ် မအီမသာ ခံစားခဲ့ရသည်။
သူ၏ နတ်ဆိုးခန္ဓာကိုယ်ကို အမြန်ဆုံးပြန်လည် ပုံသွင်းနိုင်ရန် အတွက် ဆရာလေးလင်းသည် သူတော်စင်သားရဲသွေးကို တိုက်ကျွေးခဲ့သည့် အပြင် သားရဲသွေးများကိုပါ ဇလားထဲသို့ ထည့်၍ စိမ်စေခဲ့သည်။
အရသာရှိသော အစားအစာများသည် မည်မျှပင်အရသာ ရှိစေကာမူ အလွန်အကျွံ စားသုံးမိလျှင် မအီမသာ ဖြစ်စေလိမ့်မည်။
သူတော်စင်သားရဲသွေးသည်လည်း ထိုနည်း၎င်းပင်။
ယခင်က မသောက်ဖူးသော စိတ်၀ိညာဥ်သားရဲများ အတွက် ငွေရောင်လေး၏ သူတော်စင်သားရဲသွေးသည် သဘာ၀ကျစွာ ဆွဲဆောင်မှု ရှိနေပေလိမ့်မည်။
ခဏအကြာတွင် ငွေရောင်လေးသည် စိတ်၀ိညာဥ်သားရဲများ၏ မငြိမ်မသက်လှုပ်ရှားနေသည့် အသံများကို ကြားလိုက်ရပြီး တခဏအတွင်း တစ်တောလုံးသည် ပြန်လည်နိုးထလာသကဲ့သို့ ဖြစ်သွားခဲ့သည်။
အံ့အားသင့်လောက်အောင်ပင် ငှက်များသည် ကောင်းကင်ပေါ်သို့ စက်၀ိုင်းပုံစံ ပျံသန်းနေကြကာ ငှက်လှိုင်းဖြစ်ရပ် တစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့သည်။
သူတော်စင်သားရဲ သွေးတစ်စက်သည် ဤမျှ ဆူညံမှုကို ဖန်တီးနိုင်သည်မှာ အံ့သြစရာပင်။
ထိုကဲ့သို့ မြင်ကွင်းကို ကြိုတင်၍ မျှော်လင့်ထားသော်လည်း ငွေရောင်လေးသည် တုန်လှုပ်နေဆဲ ဖြစ်၏။
"မင်းအာရုံခံနိုင်တယ် မဟုတ်လား သူတို့တွေအားလုံးလာနေကြပြီ.. နောက်လိုက်တွေကို ဖမ်းဆီးချင်ရင် ဘုရင်ကို အရင်ဆုံးဖမ်းဆီးရမယ် ဆိုတဲ့စကားရှိတယ်.. စိတ်၀ိညာဥ်သားရဲဘုရင်တွေကို အရင်ဆုံးဖမ်းဆီးပါ.. ဒါပေမဲ့ သူတို့ကို မသတ်မိအောင် အထူးဂရုစိုက်ပေးပါ.. ငါတို့တွေ သူတို့ကို နည်းနည်းပါးပါး ခြောက်လှန့်ဖို့ပဲ လိုအပ်တာ မဟုတ်လား"
"ဟုတ်တယ်.. ငါတို့တွေ သူတို့ကို အရှင်ဖမ်းရမယ် မင်းဆိုလိုချင်တာကို ငါနားလည်ပြီ.. သူတို့က ဆရာ့ကို အကူအညီပေးကြမှာမို့ ငါ သူတို့ကို ထိခိုက်အောင် မလုပ်ပါဘူး.. ဒီလိုလုပ်ပေးတဲ့အတွက် ဆုလာဘ်လေး နည်းနည်းပါးပါးလောက် ရရင်ကောင်းမှာပဲ"
'သားရဲဘုရင်တစ်ကောင်ကို ဖမ်းမိရင် သူတော်စင်သားရဲ သွေးတစ်စက်ရဲ့ တစ်ဝက်ပေးမယ်"
"ဒါက ကောင်းမွန်တဲ့ သဘောတူညီချက်ပဲ"
"........"
အပိုင်း(၁၁၅၂) ပြီး၏။