အဆင့်မြင့်အလိုအလျောက် ဆေးလုံးထုတ်စက်
Vol. 77 Ch. 1154
လူသားမိစ္ဆာရှားလီရှင်းသည် သူ၏နာမည်နှင့်အညီ အမှန်တကယ် နေထိုင်ခဲ့သည်။
သူကျင့်ထားသော ကျင့်စဥ်၏ အမြင့်ဆုံးအဆင့်မှာ သက်ရှိအားလုံးကို ၀ါးမျိုပစ်ရန်မဟုတ်ဘဲ တသားတည်းဖြစ်အောင် ပေါင်းစပ်ဖို့ ဖြစ်၏။
သူတော်စင်မိစ္ဆာ အကျဥ်းချနည်းစနစ်ကို အပြည့်အ၀ လေ့ကျင့်ပြီးနောက်တွင် ရှားလီရှင်းသည် သူ့ကိုယ်သူ အရိပ်တစ်ခုအဖြစ် အသွင်ပြောင်းပြီး သက်ရှိများ၏ အရိပ်ထဲတွင် ပုန်းခိုနိုင်ခဲ့သည်။
ဤကဲ့သို့ လျှို့၀ှက်လုပ်ဆောင်မှုမျိုးသည် သိရှိရန် အလွန်ခက်ခဲ၏။
မှန်ပါသည်၊ယင်းမှာ ထူးခြားသောကိစ္စ တစ်ခုမဟုတ်ပေ။
တကယ်တမ်းတွင် ရှားလီရှင်းသည် အမှတ် ၆၀ အထက်တန်းကျောင်းကို စတင်ပစ်မှတ်ထားစဥ် ကတည်းပင် ၀မ်လင်းသည် ရှားလီရှင်း၏ တည်ရှိနေမှုကို သိနှင့်နေပြီးသားဖြစ်၏။
သို့သော်လည်း ၀မ်လင်းသည် သူ၏နောက်သို့ လိုက်လာနေသည့်သူက ဒဏ္ဍာရီလာ လူသားမိစ္ဆာ ရှားလီရှင်း ဖြစ်မှန်း မသိခဲ့ပေ။
အဆုံးသတ်တွင် ရှားလီရှင်းသည် ၀မ်လင်း မမွေးဖွားခင်ကတည်းကပင် ကမ္ဘာကြီးကို ဖျက်ဆီးနေခဲ့သူ ဖြစ်သည်။
သို့သော်လည်း အချိန်တွေ ပြောင်းလဲလာပြီးနောက် အရာအားလုံးသည် ယခုအခါတွင် ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်၏။
ရှားလီရှင်း သေဆုံးပြီးနောက်တွင် အံ့ဖွယ်ကလေးငယ် တစ်ယောက် မွေးဖွားလာလိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားမည်မဟုတ်ပေ။
သို့သော်လည်း ထိုအံ့ဖွယ်ကလေး၏ မိဘများသည် နောက်ထပ် ကလေးတစ်ယောက်ကို ထပ်မံ မွေးဖွားရန် စီစဥ်နေသည် အထိ မကြောက်မရွံ့ လုပ်ဆောင်နေခဲ့ကြသည်။
အမှန်တကယ်တွင် ရှားလီရှင်းကို ၀မ်လင်း တစ်ယောက်တည်း သတိထားမိခြင်း မဟုတ်ပေ။
ဖန့်ရှင်း၊ ၀မ်ကျန်း၊ လျူချင်းရီ၊ ကူရွှင်းကျစ်နှင့် ကျန်းရွမ်တို့ကလည်း သတိထားမိခဲ့သည်။
သို့သော်လည်း ၀မ်လင်းက ဘာမှမလုပ်သေးသည်ကို မြင်လျှင် သူတို့ကလည်း အလျင်စလို မလုပ်ဆောင်ခဲ့ကြပေ။
နောက်ထပ် တစ်ခဏတွင် သူတို့၏အတွေးများနှင့် တည် ဆောက်ထားသည့် စိတ်ပိုင်းဆိုင်ရာ နေရာလွတ်၌ တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ် ပြောဆိုခဲ့ကြသည်။
"ငါတို့နောက်ကို လိုက်နေတဲ့ မိစ္ဆာတစ်ကောင်ကို အာရုံ ခံစားမိတယ်.. အဲဒီမိစ္ဆာကို ဖယ်ရှားဖို့ တစ်ခုခု လုပ်လိုက်သင့်လား"
၀မ်ကျန်းက မေးလိုက်သည်။
၀မ်ကျန်းသည် ငယ်စဥ်ကတည်းကပင် မိဘများ၏ ရိုက်နှက် လေ့ကျင့်ပေးမှုကို ခံယူထားသဖြင့် အာရုံခံစားမှုတွင် အထူးကောင်းမွန်သည်။
ရှားလီရှင်း သူတို့နောက်သို့ လိုက်နေသည်ကို သိလျှင် ၀မ်ကျန်းသည် ချက်ခြင်းပင် တန်ပြန်အရေးယူရန် စဥ်းစားမိလိုက်သည်။
ရှားလီရှင်းသည် ပိုမိုအားကောင်းလာရန် အတွက် ၀ါးမျိုခြင်းမှော်စွမ်းရည်ကို အားကိုသူဖြစ်၍ သာမန် တိုက်ခိုက်မှုများသည် အကျိုးမရှိသည်မှာ သေချာသည်။
၎င်း၏ ၀ိညာဥ်ကို ပြင်းထန်စွာ ထိခိုက်စေမည့် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးကသာ အလုပ်ဖြစ်ပေလိမ့်မည်။
"ဒါပေမဲ့ လင်းကျန်းရန်က အခုထိ ဘာမှမလုပ်သေးဘူး.. ငါတို့လည်း လင်းကျန်းရန်လိုပဲ လွှတ်ထားပေးသင့်တယ်လို့ ထင်တယ်.. ဘာပဲဖြစ်ဖြစ် ဒီမိစ္ဆာကောင်က ငါတို့အတွက် ခြိမ်းခြောက်မှု ကြီးကြီးမားမားလည်း မဟုတ်ပါဘူး.. သူက စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ခြင်တစ်ကောင်လောက် ပါပဲ"
လျူချင်းရီက ခေါင်းကို အနည်းငယ်ခါရမ်း၍ ပြောလိုက်သည်။
၀ါးမျိုခြင်း မှော်စွမ်းရည်များသည် အောက်ကမ္ဘာတွင် အသုံးကျသော်လည်း အထက်ဘုံတွင်မူ ကလေးကစားစရာ စွမ်းရည်တစ်ခုသာ ဖြစ်သည်။
ယနေ့ခေတ်တွင် ၀ါးမျိုခြင်းမှော်စွမ်းရည်ကို အသုံးပြုပြီး ပိုမိုအားကောင်းလာရန် ကြိုးစားနေသည့် ကျင့်ကြံသူအများစုသည် တည်ငြိမ်မှုမရှိသည့် အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားကြသည်။
၎င်းတို့က အားကောင်းပုံရသော်လည်း တစ်ချက်ထဲနှင့် အချိန်မရွေး ပြိုလဲသွားနိုင်ပေသည်။
"လင်းကျန်းယွမ် အရေးမယူသေးပုံထောက်ရင် နက်နဲတဲ့အဓိပ္ပါယ် တစ်ခုခု ရှိနေနိုင်တယ်လို့ ငါထင်တယ်.. အခုလောလောဆယ်တော့ လွှတ်ထားလိုက်ပြီး အခြေအနေကို စောင့်ကြည့်ကြတာပေါ့"
ကျန်းရွမ်ကလည်း ခေါင်းညိမ့်လိုက်ပြီး သူ၏ ထင်မြင်ချက်ကို ဖော်ပြလိုက်သည်။
"ငါ့မှာရှိတဲ့ ကျောက်စိမ်းဧကရာဇ်ရဲ့ ကြက်သွေးရောင်မီးလျှံ ကြေးမုံက ဒီလိုမျိုး မိစ္ဆာမှော်စွမ်းရည်တွေကို တန်ပြန် သက်ရောက်အောင် ပြုလုပ်နိုင်တယ်.. လိုအပ်ရင် ဒီမိစ္ဆာကောင်ကို ဘာမှမကျန်တဲ့အထိ အချိန်မရွေး တိုက်ရိုက်ဖျက်ဆီးနိုင်တယ်"
"အခွံမာသီးကို ခွဲဖို့အတွက်နဲ့ ပုဆိန်သုံးဖို့ မလိုအပ်ပါဘူး.. အင်မော်တယ်ကျန်းရွမ် စိတ်လျှော့ပါ.. ငါအခုပဲ ကောင်းကင်တာအိုရဲ့စာရင်းကို စစ်ဆေးခဲ့ပြီးပြီ.. ဒီရှားလီရှင်းက ကောင်းကင်တာအိုရဲ့ အလိုရှိစာရင်းထဲမှာ ရှိနေတာကို တွေ့ရှိခဲ့တယ်.. သူ့ရဲ့ရက်စက်မှုတွေ အတွက် ကောင်းကင်တာအိုရဲ့ အပြစ်ပေးခံရမှာဖြစ်လို့ သူ့ကိုလောလောဆယ် လွှတ်ထားလို့ ဘာမှကိစ္စမရှိဘူး.. သူက မကြာခင်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်"
ကူရွှင်းကျစ်က ပြောလိုက်သည်။
သူက စကြာ၀ဠာ၏ အုပ်ထိန်းသူဖြစ်၍ ဆိုးယုတ်သော လူတိုင်း၏ နာမည်များကို သိသည်။
ရှားလီရှင်းသည် ဤကမ္ဘာတွင် ရာဇ၀တ်မှုအညွှန်းကိန်း တန်ဖိုးအလွန်မြင့်မားသော်လည်း ကောင်းကင်တာအို အလိုရှိစာရင်း၏ စာရင်းတွင်မူ ထိပ်ဆုံးနေရာမှာပင် မပါ၀င်ခဲ့ပေ။
ထို့ကြောင့် ကူရွှင်းကျစ်က ဤလူသားမိစ္ဆာ ရှားလီရှင်း၏ ရာဇ၀တ်မှုဆိုင်ရာ အညွှန်းကိန်းတန်ဖိုးကို စစ်ဆေးပြီးနောက်တွင် ရှားလီရှင်းကို ချက်ခြင်းဆိုသလို စိတ်၀င်စားမှုမရှိတော့ပေ။
၎င်းက အချိန်မရွေး သတ်ပစ်နိုင်သည့် ပုရွတ်ဆိတ်တစ်ကောက်ထက် ဘာမှမပိုချေ။
ပြိုင်ပွဲထက် ရှားလီရှင်းက ဘယ်လိုလုပ်ပြီး ပိုအရေးကြီးနိုင်ပါမည်နည်း။
အခြားတစ်ဖက်တွင်လည်း ရှားလီရှင်းသည် အနည်းငယ် သံသယဖြစ်နေခဲ့သည်။
အကြောင်းတစ်ခုခုကြောင့် သူ့ကို ရှာဖွေတွေ့ရှိသွားပြီဟု ခံစားနေခဲ့ရသည်။
သို့သော်လည်း သူ့ရှေ့မှ လူများသည် ကျင့်ကြံခြင်းအထက်တန်းကျောင်းမှ ကျောင်းသားများထက် ဘာမှမပိုပေ။
တကယ်လည်း ရှားလီရှင်းသည် သူ့ကို ရှာဖွေတွေ့ရှိသွားပြီဟု မယုံကြည်ခဲ့ပေ။
၎င်းတို့က အခြေခံ တည်ထောင်ခြင်းအဆင့် ကျောင်းသားလေးများသာ ဖြစ်သည်။
သူ့ကို မည်ကဲ့သို့ ရှာဖွေတွေ့ရှိနိုင်ပါအံ့နည်း။
ထို့ကြောင့် သူ၏ခံစားချက် မှားယွင်းသွားတာ ဖြစ်ရပေမည်။
သူက သူ၏သူတော်စင်မိစ္ဆာအကျဥ်းချ နည်းစနစ်ကိုအလွန်ပင် ယုံကြည်ခဲ့သည်။
ယုတ္တိဗေဒအရ သူပုန်းခိုနိုင်ချိန်တွင် မည်သူမှ သူ့ကို ရှာဖွေနိုင်မည် မဟုတ်ချေ။
သို့သော်လည်း ရှားလီရှင်းသည် သူ၏ ပုန်းခိုမှုနှင့် ပတ်သက်၍ အနည်းငယ် သံသယ၀င်လာခဲ့သည်။
ထို့ကြောင့် သူက ချက်ချင်း မလုပ်ဆောင်သေးဘဲ နောက်ထပ် တစ်ခဏမျှ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အမှတ် ၆၀ အထက်တန်းကျောင်းမှ ပြိုင်ပွဲ၀င်ခြောက်ယောက်သည် ရှားလီရှင်း၏ တည်ရှိမှုကို သိရှိနေကြသော်လည်း ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်ခမ်းနားသည်ဟု အထင်ရောက်နေသော လူသားမိစ္ဆာ ရှားလီရှင်းသည် ထိုပြိုင်ပွဲ၀င်ခြောက်ဦး၏ ပစ်မှတ် ဖြစ်သွားသည်ကို မသိခဲ့ပေ။
မွန်းလွဲပိုင်းတွင် အမှတ် ၆၀ အထက်တန်းကျောင်းသည် မီးတောင်ထိပ်၌ အတော်လေးကောင်းသည့် နေရာကို ရယူထားနိုင်ခဲ့သည်။
၀မ်လင်း၊ ကော်ဟောက်၊ ချန်းချောင်၊ ရှားမင်တို့က သစ်ပင်များကိုခုတ်ပြီး ယာယီစခန်းတစ်ခု ဆောက်ရန်အတွက် သစ်သားများ စုဆောင်းရန် တာ၀န်ယူခဲ့ကြသည်။
အမျိုးသမီးနှစ်ယောက် ဖြစ်သည့် လီယိုယွဲ့နှင့် လျူချင်းရီတို့ကမူ ချက်ပြုတ်ရေး အတွက် တာ၀န်ယူခဲ့၏။
၀မ်ကျန်း၊ ကူရွှင်းကျစ်၊ ကျန်းရွမ်နှင့် ဖန့်ရှင်းတို့ကမူ စိတ်၀ိညာဥ်ဆေးပင်များကို စုဆောင်းရန်နှင့် အမဲလိုက်ရန် တာ ၀န်ယူခဲ့သည်။
စင်စစ် အမဲလိုက်ရသည်က သူတို့အတွက် ဘာမှမခက်ခဲခဲ့ပေ။
ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့၏ အစောပိုင်း ဆင့်ခေါ်မှုကြောင့် သွေးခြေသည်းမြွေဘုရင်နှင့် မီးလျှံလက် မောင်းမျောက်ဘုရင်တို့သည် အမှတ်၆၀ အထက်တန်းကျောင်းသားများ ချက်ပြုတ်စားသောက်ရန်အတွက် သားကောင်များကို မတော်တဆ ပုံစံမျိုးနှင့် အမဲလိုက်သည့် လမ်းကြောင်းများတွင် ထားရှိပေးခဲ့သည်။
ထို့ကြောင့် ထိုညတွင် အမှတ် ၆၀ အထက်တန်းကျောင်းသည် စားစရာများ အထူးပေါများခဲ့၏။
၀မ်ကျန်းတို့လူစုက နဂါးကိုးကောင်တောင်တွင် ရှိသည့် စိတ်၀ိညာဥ်သစ်သီးများနှင့် ပဟေဠိများအပြင် စတုတ္ထတန်းစား စိတ်ဝိညာဥ်သားရဲ မီးလျှံနွားကိုပါ ဖမ်းမိခဲ့၏။
ယင်းမှာ သူတို့လူစုအတွက် လုံလောက်သည့် အစားအစာဖြစ်ခဲ့သည်။
"အဆင့် ၄ သားရဲလား ဘယ်လိုဖမ်းမိခဲ့တာလဲ"
လီယိုယွဲ့က မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
သူမက အစပိုင်းတွင် ငှက်အနည်းငယ်လောက် ဖမ်းမိလျှင်ပင် မဆိုးလောက်ဟု ထင်ထားခဲ့သည်။
သို့သော်လည်း သူတို့သည် ဤရှင်သန်ရေးတိုက်ပွဲ၏ ပထမနေ့တွင် စတုတ္ထတန်းစား စိတ်ဝိညာဥ်သားရဲ မီးလျှံနွား၏ အသားကိုပင် စားနိုင်ခဲ့ကြသည်။
"ဒါက ဘာမှမခက်ခဲ့ပါဘူး.. ငါတို့အမဲလိုက်နေရင်း သေအံ့ဆဲဆဲဖြစ်နေတဲ့ ဒီမီးလျှံနွားကို တွေ့လိုက်ရတာပဲ.. ဒါကြောင့် ငါတို့အနေနဲ့ လွယ်လွယ်ကူကူပဲ သူ့ရဲ့ဝေဒနာကို တစ်ချက်တည်းနဲ့ အဆုံးသတ်ပေးလိုက်တယ်"
၀မ်ကျန်းက ပြန်ဖြေလိုက်သည်။
လီယိုယွဲ့ "............"
အခြားတစ်ဖက်တွင်လည်း စခန်း ဆောက်လုပ်ရေးက ပြီးစီးသွားခဲ့သည်။
တကယ်တမ်းတွင် ၀မ်လင်းသည် သိပ်မကူညီခဲ့ရပေ။
အကြောင်းရင်းမှာ ချန်းချောင်နှင့် ကော်ဟောက်တို့က အလွန်ပင် စိတ်အားထက်သန်လွန်း၍ ဖြစ်၏။
၎င်းတို့က သစ်ပင်များကို ခုတ်လှဲပြီးနောက်တွင် စိတ်၀ိညာဥ်ဓားများကို အသုံးပြုကာ သစ်ခေါက်များကို ဂရုတစိုက်ခွာထုတ်လိုက်သည်။
ဤသစ်ခေါက်သည် အလွန် ခြောက်သွေ့နေသောကြောင့် မီးမွှေးရန်အတွက် အသုံးပြုနိုင်၏။
ထို့နောက် သူတို့က ငှက်ပျောရွက် အများအပြားကို စုဆောင်းကာ အမိုးအဖြစ် အသုံးပြုလိုက်သည်။
ဤသို့ဖြင့်ပင် ယာယီအိမ်ငယ်လေး နှစ်လုံးကို တည်ဆောက်ပြီးစီး သွားခဲ့၏။
တစ်လုံးက ယောကျာ်းလေးများအတွက်ဖြစ်ပြီး နောက်တစ်လုံးမှာ မိန်းကလေးများ အတွက် ဖြစ်သည်။
ချန်းချောင်က ချွေးများ ရွှဲနေသော်လည်း သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။
"ဒါက(Minecraft) ဂိမ်းရဲ့ တကယ့် ဗားရှင်းလိုပဲ.. ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲ"
အိမ်ငယ်နှစ်လုံးကို တည်ဆောက်ပြီးသည်နှင့် လူတိုင်းသည် အဓိကတောင်ထွပ်၏ အထက်တွင် ဖော်ပြထားသည့် နံပါတ်ကို ထပ်မံ ကြည့်ရှုလိုက်ကြသည်။
[ကျန်ရှိသည့်အသက်ရှင်သူများ = ၆၇၈ ]
"ဒီညအတွက် နှစ်ယောက်တစ်ဖွဲ့ဖွဲ့ပြီး တစ်နာရီခြားတစ်ခါ လှည့်ကင်းစောင့်ရမယ်"
စွန်းရုံက ညွှန်ကြားချက်ပေးပြီးနောက်တွင် ၀မ်ကျန်းနှင့် အခြားသူများ စုဆောင်းလာခဲ့သည် စိတ်၀ိညာဥ်ဆေးပင်အချို့ကို အသုံးပြုကာ ဆေး၀ါးပြုလုပ်ရန် ပြင်ဆင်လိုက်သည်။
"ပစ္စည်းကိရိယာတွေ မလိုအပ်ဘူးလား"
၀မ်ကျန်းက မေးခွန်းထုတ်လိုက်၏။
"လိုအပ်တာပေါ့"
ထိုစကားကို ပြောပြီးနောက်တွင် စွန်းရံသည် ဆန်းကြယ်ပင်လယ်၏ ဓား၀ိညာဥ်နေရာလွတ်ကို နောက်တစ်ကြိမ် ဖွင့်လှစ်လိုက်ပြီး ဘက်စုံသုံး အဆင့်မြှင့် အလိုအလျောက် ဆေးလုံးထုတ်စက်ကို ထုတ်ယူလိုက်သည်။
"ဒါက အလိုအလျောက် ဆေးလုံးထုတ်စက်ပဲ.. စိတ်၀ိညာဥ်အပင်နှင့် ဆေးဖက်၀င်အပင်တွေကို စက်ထဲ ထည့်လိုက်ရုံနဲ့ လိုအပ်တဲ့ အချက်အလက်ပေါ် မူတည်ပြီး ဆေး၀ါးကို အမြန်ပြုလုပ်ပေးနိုင်တယ်.. ဒီစက်က ဆေးမီးဖိုထက် အများကြီးပိုအဆင်ပြေတယ်.. ဒါ့အပြင် ဒီအလိုအလျောက် ဆေးလုံးထုတ်စက်က ဟွာကော ရေတံခွန်လုပ်ငန်းစု အတွက် သီးသန့်ထုတ်လုပ်ထားတာပဲ"
လူတိုင်းက အံ့အားသင့်သွားခဲ့ကြသည်။
"ဆေးလုံးထုတ်စက်ပါ ယူသွင်းလာတာလား"
ကွပ်ကဲရေးဌာနတွင် ရှိနေသည့် ကျောင်းအုပ်အားလုံးကလည်း အံ့အားသင့်သွားကြသည်။
တကယ်တမ်းတွင် စွန်းရုံ၏စိတ်၀ိညာဥ်ဓားနေရာလွတ်၌ ဖိသိပ်ထားသည့် အဆင့်မြှင့် ဇိမ်ခံအိမ် ဆေးတောင့်တစ်ခုလည်း ရှိပါသေးသည်။
ထိိုဆေးတောင့်ကို မြေပြင်ပေါ် ပစ်ချလိုက်ရုံဖြင့် ဇိမ်ခံအိမ်တစ်လုံးက ချက်ခြင်းပေါ်ထွက်လာမည် ဖြစ်၏။
သို့သော်လည်း အသေအချာ စဥ်းစားကြည့်လျှင် ဤသည်က ဂိမ်း၏ မျှခြေကို ဖျက်ဆီးနိုင်သည်ဟု ခံစားမိသောကြောင့် စွန်းရုံက မထုတ်ယူခဲ့ပေ။
သို့သော်လည်း အဆုံးသတ်တွင် အမှတ် ၆၀ အထက်တန်းကျောင်းသည် ၀မ်လင်းရှိနေသ၍ မျှခြေက အမြဲ
တမ်း ပျက်စီးနေမည်သာ ဖြစ်သည်။
အပိုင်း(၁၁၅၄) ပြီး၏