ညအတွင်း ရုတ်ရုတ်သဲသဲဖြစ်ခြင်း
Vol. 77 Ch. 1155
နဂါးကိုးကောင်တောင်၌ အပူအချိန်က ညဘက်တွင် တအား ကျဆင်းသွားခဲ့သည်။
၀မ်လင်းက မီးတောင်ထိပ်ကနေ အဝေးကို လှမ်းကြည်လိုက်ရာ နေရာတော်တော်များများတွင် ရေခဲများဖုံးလွှမ်းနေပြီး နှင်းများ ကျနေသည်ကိုပါ တွေ့လိုက်ရသည်။
ယင်းက မီးတောင်ထွတ်နှင့် လုံး၀ကွဲပြားခြားနားသည့် ကမ္ဘာတစ်ခုလိုပင်။
မီးတောင်ထွတ်သည် အပူပိုင်းဒေသ၏ ရာသီဥတုမျိုး ဖြစ်ပြီး နေ့ဘက်တွင် အရမ်းပူသော်လည်း ညဘက်တွင် သင့်တင့်သည့် အပူအချိန်သို့ ပြန်ရောက်သွားခဲ့သည်။
သီအိုရီအရ မီးတောင်ထွတ်သည် စခန်းချရန် အလွန်ပင်သင့်တော်သော နေရာတစ်ခုဖြစ်၏။
သို့သော်လည်း အမှတ် ၆၀ အထက်တန်းကျောင်း ဤနေရာတွင် စခန်းချပြီးကတည်းကပင် မည်သူမှ ဤနယ်မြေအတွက် လာရောက် မတိုက်ခိုက်သေးပေ။
အဝေးမှ အေးစက်သည့်လေထုသည် ဤနေရာရှိ နွေးထွေးသောလေထုနှင့် ပေါင်းစပ်သွားပြီး မြူခိုးများကို ဖြစ်ပေါ်စေခဲ့သည်။
ယင်းက(Game Of Thrones) ဇာတ်ကားထဲမှ အခန်းများနှင့် အလွန်ကို ဆင်တူနေသည်။
ညဘက်တွင် လှုပ်ရှားသည်က နေ့ဘက်ထက် ပိုမိုအန္တရာယ်များသော်လည်း တစ်စုံတစ်ယောက်သည် မြူခိုးကို အကာအကွယ်အဖြစ် ကောင်းစွာ အသုံးပြုခဲ့မည်ဆိုလျှင် တိတ်တဆိတ် ၀င်တိုက်ရန် အခွင့်အလမ်းက သိသိသာသာ တိုးမြှင့်လာမည် ဖြစ်သည်။
ထို့ကြောင့် ၀မ်လင်းသည် ဤအခွင့်အရေးကို အသုံးချပြီး သူတို့ကို ညဘက်တွင် ၀င်တိုက်မည့်သူ ရှိလာမလားဟု တွေးနေမိသည်။
သို့သော်လည်း ညဘက်တွင် ၀င်တိုက်မှု ရှိရှိမရှိရှိ ၀မ်လင်းသည် ဂရုစိုက်နေမည်တော့ မဟုတ်ပေ။
သူ့အတွက် ဤပြိုင်ပွဲသည် အချိန်ဖြုန်းရန် ကစားပွဲတစ်ခုထက် ဘာမှမပိုပေ။
သူက အလေးအနက် မထားခဲ့သလို သူ၏ ၀ိညာဥ်အသိအာရုံကိုလည်း ရန်သူကို ထောက်လှမ်းရန်အတွက် အသုံးမပြုခဲ့ပေ။
ဤကိစ္စများကို မီးစင်ကြည့်၍ ကသည်သာ ပို၍ကောင်းသည် မဟုတ်လော။
ထိုအချိန်တွင် ၀မ်လင်းသည် သူ၏ ခေါင်းအနောက်ကို တစ်စုံတစ်ရာက ပြင်းထန်စွာ ရိုက်ခတ်သွားမှန်း ခံစားလိုက်ရသည်။
ယင်းမှာ တစ်စုံတစ်ယောက်သည် သူ့ကို တိတ်တဆိတ် ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းပင်။
သို့သော်လည်း ၀မ်လင်းသည် ထိုလူ၏ လှုပ်ရှားမှုကို အစကတည်းကပင် သိနှင့်နေခဲ့သည်။
ဤရိုက်ချက်က ရွှေရောင်အဆောင်လက်ဖွဲ့ကို လှုံ့ဆော်ပြီး ပြိုင်ပွဲကနေ အမြန်ဆုံး သူ့ကို ထုတ်ပယ်ခဲ့လျှင် ကောင်းမည်ဟုတွေးနေမိသည်။
ကံဆိုးစွာဖြင့် ထိုညံ့ဖျင်းသည့် ရိုက်ချက်သည် ၀မ်လင်းအတွက် သေစေလောက်သည်အထိ မပြင်းထန်သောကြောင့် ရွှေရောင်အဆောင်လက်ဖွဲ့၏ အသက်ကယ်တင်ရေး အကျိုးသက်ရောက်မှုသည် မဖြစ်ပေါ်လာခဲ့ပေ။
၀မ်လင်းကို အလစ်တိုက်ခိုက်ခဲ့သူမှာ တိုင်တန်အထက်တန်းကျောင်း၏ အဖွဲ့ခေါင်းဆောင် ဖြစ်သည့် ကျူးဟန်ယွင် ဖြစ်သည်။
သူက ၀မ်လင်း၏ ခေါင်းအနောက်ကို တိကျစွာ လက်၀ါးဖြင့် ရိုက်ချခဲ့သည်။
သူ၏ ခွန်အားသည် ရွှေရောင် အဆောင်လက်ဖွဲ့၏ ကာကွယ်ရေးယန္တရားကို အသက်၀င်ရန် လုံလောက်၏။
သို့သော်လည်း ၀မ်လင်းက ဘာမှမဖြစ်ခဲ့သလို ခေါင်းကိုသာ ကုတ်နေသောကြောင့် ကျူးဟန်ယွင်က အံ့သြသွားခဲ့ပြီး ချက်ခြင်းပင် သတိ၀င်လာခဲ့သည်။
"တစ်စုံတစ်ခုတော့ မှားနေပြီ ဒီလူကတစ်ခုခုပဲ"
ဤသည်မှာ ကျူးဟန်ယွင်၏ စိတ်ထဲတွင် ချက်ခြင်းဆိုသလို ဖြစ်ပေါ်လာသောအတွေး ဖြစ်သည်။
သူ၏ရိုက်ချက်က ၀မ်လင်းကို မထိခိုက်စေရုံသာမက သူ၏ လက်ဖ၀ါးကိုပင် ထုံကျင်သွားစေခဲ့သည်။
"ပြန်ဆုတ်မယ်"
ကျူးဟန်ယွင်က စိတ်ချင်းဆက်သွယ်၍ အမိန့်ပေးလိုက်ရာ အမှတ် ၆၀ အထက်တန်းကျောင်းကို ၀န်းရံတိုက်ခိုက်ဖို့ ပြင်ဆင်နေသည့် တိုင်တန် အထက်တန်းကျောင်းသည် ချက်ခြင်းပင် ရှေ့တန်းကနေ ဆုတ်ခွာသွားခဲ့သည်။
အမှန်တကယ်တွင် မီးတောင်ခြေ၌ တိုင်တန်အထက်တန်း ကျောင်း၊ တောင်ပယ်လယ်ကောင်းကင် အထက်တန်း ကျောင်း၊ မြောက်ပိုင်းလက်သီး အထက်တန်းကျောင်း၊ အနောက်ပိုင်းအာဏာရှင် ခြေထောက် အထက်တန်းကျောင်းတို့သည် ပူးပေါင်းမဟာမိတ်ဖွဲ့ခဲ့ကြပြီး အမှတ် ၆၀ အထက်တန်းကျောင်းကို ၀န်းရံတိုက်ခိုက်ရန် အစီအစဥ်တစ်ခုကို ရေးဆွဲခဲ့ကြသည်။
တိုင်တန်အထက်တန်းကျောင်းကို ရှေ့တန်းအဖြစ် စေ လွှတ်လိုက်သော်လည်း တက်သွားပြီး သိပ်မကြာခင်မှာပင် အားလုံးသည် ကျူးဟန်ယွင်ထံမှ ဆုတ်ခွာမိန့်ကို မမျှော်လင့်ဘဲ ရရှိခဲ့ကြသည်။
ထို့ကြောင့် တိုင်တန် အထက်တန်းကျောင်း၊ တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်း၊ မြောက်ပိုင်းလက်သီး အထက်တန်းကျောင်းနှင့် အနောက်ပိုင်း အာဏာရှင် အထက်တန်းကျောင်းတို့မှ ကျောင်းသားများသည် အခြေအနေကို စုံစမ်းမေးမြန်းရန်အတွက် စုဝေးခဲ့ကြသည်။
"ဘာကိစ္စဖြစ်ခဲ့လို့လဲ"
"စီနီယာအစ်ကို ဒဏ်ရာရသွားပြီ"
တိုင်တန်အထက်တန်းကျောင်းမှ ဂျူနီယာညီမလေး ယန်ရှောင်ချွန်းသည် ကျူးဟန်ယွင်ကို တွဲ၍ နဂါးကိုးကောင်တောင်ကနေ ဆုတ်ခွာလာရင်း ပြန်ဖြေလိုက်သည်။
"ဘယ်လိုထိခိုက်သွားတာလဲ"
တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းက ကုသရေးအတွက် ကျောင်းသားတစ်ယောက်ကို ချက်ခြင်းစေလွှတ်ကာ ကျူးဟန်ယွင်၏ ဒဏ်ရာကို စစ်ဆေးခိုင်းလိုက်သည်။
"စီနီယာကျိုးရဲ့ ညာဘက်လက်မောင်းက ကျိုးသွားခဲ့ပြီ.. ဆေးပတ်တီးစည်းမှပဲ ဖြစ်တော့မယ်.. မဟုတ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာနိုင်တယ်"
"လက်ကျိုးသွားတယ်လား.."
တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်း၏ အဖွဲ့ခေါင်းဆောင် ဖြစ်သည့် နန်ယန်ရှို့က မျက်မှောင်ကြုတ်လိုက်သည်။
ကျူးဟန်ယွင်၏ ခန္ဓာကိုယ်က အလွန်ပင် မာကျော၏။
ဤကဲ့သို့သော ခန္ဓာကိုယ်ဖြင့်ပင် အရိုးများကျိုးသွားသည် ဆိုလျှင် ပြင်းထန်သည့် တိုက်ခိုက်မှုကို ခံခဲ့ရတာ ဖြစ်နိုင်သည်။
သို့သော်လည်း တောင်ခြေကနေ တောင်ထိပ်ကို စောင့်ကြည့်နေခဲ့ကြသည့် သူတို့သည် ဘာလှုပ်ရှားမှုကိုမှ မတွေ့ရှိခဲ့ရပေ။
သို့ဆိုလျှင် ကျူးဟန်ယွင်၏ လက်မောင်းသည် မည်သို့ ထိခိုက်သွားပါသနည်း။
ထိုအချိန်တွင် ကျူးဟန်ယွင်၏ မျက်နှာတစ်ခုလုံးသည် နီရဲနေခဲ့သည်။
သူက မည်သည့်အရာများ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို တစ်ခွန်းမှ ပြန်မပြောချင်လောက်အောင်ပင် ရှက်ရွံ့နေခဲ့၏။
သူအမှန်အတိုင်း ပြောခဲ့လျှင်လည်း မည်သူမှယုံမည် မဟုတ်ပေ။
သူက လူတစ်ယောက်၏ သေစေလောက်သည့် အားနည်းချက်ဖြစ်သည့် ခေါင်းအနောက်ကို ရိုက်နှက်ခဲ့သည်။
အဆုံးသတ်တွင် တစ်ဖက်လူက မထိခိုက်သည့်အပြင် သူကိုယ်တိုင်ပင် အရိုးကျိုးသွားခဲ့သည်။
မည်မျှပင် ရှက်စရာကောင်းလိုက်ပါသနည်း။
"တစ်ဖက်လူက အရမ်းကို အန္တရာယ်များလွန်းတယ်"
ကျူးဟန်ယွင်သည် မတတ်နိုင်သည့်အဆုံး အမှတ်၆၀ အထက်တန်းကျောင်း၏ အင်အားကို ချဲ့ကား ပြောဆိုခဲ့တော့သည်။
"ငါက သူတို့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြံရွယ်ထားပေမဲ့ သူတို့က အစောပိုင်းကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ငါ့ရဲ့စွမ်းအားကို တန်ပြန်သက်ရောက်စေတဲ့ ထူးဆန်းတဲ့အကာအကွယ် အစီအရင်တစ်ခုကို အသုံးပြုခဲ့တယ်.. အဲဒါကြောင့် ငါဒီလိုမျိုး ခံစားလိုက်ရတာပဲ"
"တစ်ဖက်အဖွဲ့က အစောကြီးကတည်းက ပြင်ဆင်ထားခဲ့တာလား"
နန်ယန်ရှို့က မျက်မှောင်ကြုတ်လိုက်သည်။
ဤအတိုင်းဆိုလျှင် အမှတ် ၆၀ အထက်တန်းကျောင်း အဖွဲ့၌ အာရုံခံမှော်စွမ်းရည်ကို အထူးပြုသည့် အဖွဲ့၀င်တစ်ယောက် ရှိပုံရသည်။
၎င်းတို့က သူတို့ညဘက် တိုက်ခိုက်မည်ကို ကြိုတင်သိနေခဲ့ကြ၍ ကာကွယ်မှုများကိုပင် ပြုလုပ်ထားခဲ့သည်။
တကယ်ပဲ ကျူးဟန်ယွင် ပြောသည့်အတိုင်း တစ်ဖက်လူက တန်ပြန်ကာကွယ်ရေး အစီအရင်ကို အသုံးပြုခဲ့သည်ဆိုလျှင် ကျူးဟန်ယွင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ တန်ပြန် အကာအကွယ် အစီအရင်နှင့် ထိခိုက်မိလျှင်ပင် လက်မောင်းကျိုးသွားသည်အထိ မဖြစ်သင့်ပေ။
ထို့ကြောင့် တစ်ဖက်လူသည် တန်ပြန်ကာကွယ်ရေး အစီအရင်ကို အလွန်မြင့်မားသည့် အဆင့်အထိ ကျင့်ကြံထားတာမျိုး ဖြစ်ရပေမည်။
အနည်းဆုံးတော့ အဆင့် ၇ သို့မဟုတ် အဆင့် ၈လောက်အထိ ဖြစ်နိုင်၏။
အဆုံးသတ်တွင် သူတို့အားလုံးသည် အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားများသာ ဖြစ်သည်။
တစ်စုံတစ်ယောက်သည် သူတို့၏ အဓိကသင်ရိုး ညွှန်းတမ်းတွင် မပါ၀င်သည့် တန်ပြန်ကာကွယ်ရေး မှော်အစီအရင်ကို ဤမျှအဆင့်အထိ ကျင့်ကြံနိုင်ခဲ့၍ နန်ယန်ရှို့သည် လုံး၀ မယုံကြည်နိုင်စရာ ကောင်းသည်ဟု ထင်မြင်ခဲ့သည်။
အမှတ် ၆၀ အထက်တန်းကျောင်းကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်ရန် စီစဥ်ထားသည့် သူတို့၏ အစီအစဥ်သည် အစကတည်းကပင် ပျက်စီးသွားလိမ့်မည်ဟု လုံး၀ မထင်ထားခဲ့ပေ။
သို့သော်လည်း မီးတောင်ထိပ်သည် အလွန်အရေးကြီးသည့် ခံတပ်စခန်းတစ်ခု ဖြစ်သောကြောင့် အဓိကအထက်တန်းကျောင်း လေးကျောင်း ပူးပေါင်းထားသည့် သူတို့အနေဖြင့် ထိုခံတပ်ကို မရမက လုယူရပေမည်။
"လောလောဆယ်တော့ ဘယ်သူ့ကိုမှ မလွှတ်နဲ့ဦး.. သူတို့ကို တနည်းနည်းနဲ့ တောင်အောက်ဆင်းလာအောင် တွန်းအားပေးတာက အကောင်းဆုံးပဲ"
"မီးရှို့လိုက်ရင် ကောင်းမလား"
တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်။
"တောင်ကို မီးရှို့လိုက်ရင် ဥပဒေအရ ထောင်ထဲမှာပဲ တစ် သက်လုံး နေရလိမ့်မယ်.. ဒါကြောင့် ငါတို့က တောင်ကို မီးရှို့လို့မရဘူး.. ဒါ့အပြင် နဂါးကိုးကောင်တောင်ရဲ့ထူး ခြားတဲ့မြေပြင် အနေအထားအရ မနက်ခင်မှာ ဖြစ်ပေါ်တတ်တဲ့ သက်တန့်မြူခိုးက သစ်ပင်တွေကို ပြန်လည်ရှင်သန်စေပြီး မီးကိုလည်း ငြှိမ်းသတ်ပေးနိုင်တယ်.. ငါတို့အနေနဲ့ မီးတောင်ထိပ်ကိုအမှတ် ၆၀အထက်တန်းကျောင်းနဲ့ ယှဥ်လုရတဲ့ အဓိကရည်ရွယ်ချက်က သယံဇာတတွေကိုရယူဖို့ပဲ.. မီးရှို့ပြီး နယ်မြေကို သိမ်းပိုက်တာက စိတ်၀ိညာဥ်အပင်တွေကို မီးလောင်သွားစေမှာမို့ အဓိပ္ပါယ်မရှိဘူး.. သက်တန့်မြူခိုးဖြစ်စဥ်က မီးလောင်သွားတဲ့ စိတ်၀ိညာဥ်အပင်တွေကို ပြန်လည်ရှင်သန်စေနိုင်တယ်ဆိုပေမဲ့ အချိန်အတော်ကြာ စောင့်ဆိုင်းရလိမ့်မယ်.. ဒါကြောင့် ငါတို့တွေ တခြားနည်းလမ်း တစ်ခုကိုပဲ စဥ်းစားရမယ်"
နန်ယန်ရှို့က သုံးသပ်ပြောလိုက်သည်။
တစ်ဖက်တွင်လည်း အမှတ် ၆၀ အထက်တန်းကျောင်း၏ တောင်ထိပ်ရှိ စခန်းတွင် ကူရွှင်းကျစ်သည် တောင်ခြေမှ လှုပ်ရှားမှုများကို အစောကြီးကတည်းကပင် သတိထားမိခဲ့သည်။
တောင်အောက်ခြေတွင် မြူခိုးများ ထူထပ်စွာ ရှိနေသော်လည်း ကူရွှင်းကျစ် အတွက်မူ ဘာမှမဟုတ်ပေ။
"တောင်ခြေမှာ လူ ၄၀ ရှိနေတယ်"
ကူရွှင်းကျစ်က တုတ်တစ်ချောင်းကို အသုံးပြုကာ တောင်ခြေတွင် အင်အားဖြန့်ကျက်ထားသည့် ပုံစံကို မြေပြင်တွင် ရေးဆွဲပြလိုက်သည်။
"ကျောင်း ၄ ကျောင်းက မဟာမိတ်ဖွဲ့ပြီး ငါတို့ရဲ့စခန်းကို ၀င်တိုက်ဖို့ အဆင်သင့်ပြင်နေကြတယ်"
"ငါတို့တွေ ၀ိုင်းရံခံထားရတာလား"
ချန်းချောင်နှင့်ကော်ဟောက် နှစ်ယောက်စလုံးက မျက်မှောင်ကြုတ်သွားကြသည်။
လောလောဆယ်တွင် သူတို့အတွက် လွတ်မြောက်ဖို့ နည်းလမ်းကို မမြင်နိုင်သေးပေ။
မိနစ်အနည်းငယ်အကြာတွင် တောင်ခြေ၌ မရေမတွက်နိုင်သည့် စိတ်၀ိညာဥ်မီးလျှံများ ထွက်ပေါ်လာခဲ့သည်။
"တစ်ဖက်လူက ၀ိညာဥ်ဆင့်ခေါ်မန္တန်ကို အသုံးပြုနေတဲ့ပုံပဲ"
ချန်းချောင်က ထိုမန္တန်ကိုချက်ခြင်းဆိုသလို မှတ်မိလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤမန္တန်သည် ဆရာမဖန်၏ အတန်းချိန်တွင် သူတို့ပထမဆုံး သင်ယူခဲ့သည့် မန္တန် ဖြစ်သောကြောင့်ပင်။
၀မ်လင်းကလည်း ထိုသင်ခန်းစာအချိန်မှာပင် ၀ိညာဥ်ဆင့်ခေါ်မန္တန်ကို အသုံးပြုပြီး ထွင်ထျန်းဟာ၏ ၀ိညာဥ်အကြွင်းအကျန်ကို ခေါ်ယူခဲ့မိသည် မဟုတ်ပါလော။
အပိုင်း(၁၁၅၅) ပြီး၏