← Chapters

ခတ်ဆေး (၅)

Vol. 2 Ch. 79

ခတ်ဆေး (၅)

Vol. 2 Ch. 79

မိုနီကာက သူ့ကိုယ်သူမှန်ထဲမှာ ကြည့်လိုက်တယ်။ ဒီနေ့ သူဝတ်ထားတဲ့ ဂါဝန်က ဂေါ့သစ်ဆန်ဆန်အနက်ရောင်ပဲ ဆိုပေမဲ့ အပွင့်ကတော့ အဆန်းလေး။ လိုက်ဖက်ညီမှု ရှိမရှိကို သေချာဂရုတစိုက်ကြည့်ပြီးနောက်မှာတော့ မိုနီကာက အဲဒီဂါဝန်ကို ပြန်ချွတ်လိုက်တယ်။

“ဒီလောက်လေးနဲ့တော့ ဒါလင်က ငါ့ကို ကြည့်မယ်မထင်ဘူး။”

မိုနီကာက ဂါဝန်ကို ဗီရိုထဲပြန်ထည့်ထားလိုက်ပြီးတော့ တခြားအဝတ်အစားတွေကို ကြည့်လိုက်တယ်။ ဂေါသစ် ဂါဝန်ချည်းပဲ သူ့မှာအခုနှစ်ဆယ်လောက်ရှိတယ်။ သူ့ရဲ့ မျက်လုံးတွေက ဗီရိုရဲ့နောက်ဆုံးမှာ တခြားအဝတ်တွေနဲ့ သီးခြားခွဲချိတ်ထားတဲ့ ဂါဝန်တစ်ခုဆီ ရောက်သွားတယ်။

“ဒါလင်က ငါ့ကိုထိကိုင်ခဲ့တုန်းက ဝတ်ခဲ့တဲ့ ဝတ်စုံလေး။” မိုနီကာက အဲဒီဝတ်စုံကို တယုတယနဲ့ထိကိုင်ကြည့်တယ်။ ဂါဝန်က အနက်ရောင်မင်္ဂလာဆောင်ဝတ်စုံနဲ့ ဆင်တူပြီး ဘယ်ဘက်ရင်ဘတ်နေရာမှာ အပေါက်ကြီးတစ်ပေါက် ရှိနေပါတယ်။

ဆယ်ဗီကိုပြန်ပေးဆွဲပြီး သတ်ဖြတ်ဖို့ကြိုးစားတုန်းက သူဝတ်ဆင်ခဲ့တဲ့ အဝတ်ပါ။ မိုနီကာက ဒီဝတ်စုံကို အမှတ်တရ သိမ်းထားခဲ့တယ်။

“မနေ့က တကယ်ပျော်ခဲ့ရတာပဲ။ ဒါလင်က ငါ့ကို နှင်မထုတ်ခဲ့လို့ ဝမ်းသာမိတယ်။”

မိုနီကာက သူသဘောကျတဲ့ နောက်ထပ်ဂါဝန်တစ်ထည်ကို ဆွဲယူလိုက်ပြီး စနစ်တကျဝတ်လိုက်တယ်။ သူနဲ့လိုက်ဖက် တယ်လို့ခံစားရပြီးတဲ့နောက် ခေါင်းညိတ်လိုက်လေရဲ့။

အဲဒီနောက်တော့ ဆေးကြိုအိုးတင်ထားတဲ့ စားပွဲဆီကို သွားပြီးတော့ လူသားရေမှော်စာအုပ်ကို ဖွင့်ဖတ်တယ်။ မနေ့က ဖြစ်ခဲ့တဲ့အကြောင်းတွေကို တစိမ့်စိမ့်တွေးရင်းနဲ့ သူအလိုလိုနေရင်း ပြုံးနေမိပါတယ်။

“ဆေးက အလုပ်မဖြစ်ခဲ့ပေမဲ့ ဒါလင့်အနားမှာ အကြာကြီး နေခွင့်ရခဲ့တာ အဆိုးထဲက အကောင်းလို့ပြောရမှာပဲ။”

နက်ဆန်က မိုနီကာကို သဘောမကျပါဘူး။ နောက်ယောင်ခံ လိုက်နေမှန်းသိပေမဲ့ မောင်းမထုတ်ခဲ့တာကလည်း အကြောင်းရှိလို့ပါ။ မိုနီကာလိုလူတစ်ယောက်က မြင်ကွင်းအောက်မှာ ရှိနေတဲ့အချိန်မှာ သိပ်အန္တရာယ် မများပေမဲ့ ခြေရာခံလို့မရတော့ဘူးဟေ့ဆိုရင်တော့ ပြဿနာပေးနိုင်တဲ့အဆင့်က သိပ်ကိုထိုးတက်သွားမှာ။

ဒါကိုပဲ မိုနီကာက ဆုလာဘ်တစ်ခုလိုမျိုး ယူဆထားခဲ့တယ်။

“ဒီတော့ ဒီတစ်ခါရော ဘာဆေးဖော်ရင်ကောင်းမလဲ။ ပီယဆေးက ကျရှုံးသွားပြီဆိုတော့ နောက်ထပ် ဆေးတစ်မျိုးကို ဒါလင့်အလစ်တိုက်ဖို့ ခတ်သွားပြီ။ ကိုယ်တိုင်စန်းပွင့်စေတဲ့ မှော်ဆေးရည်မျိုးသုံးရမလား။ စိတ်အနှောင့်အယှက်ဖြစ်စရာ ယင်ကောင်တချို့ ငါ့ကို လာနှောင့်ယှက်နိုင်ပေမဲ့ ဒါလင့်ဆီက အာရုံစိုက်မှုလည်း ရရင်ရမှာ။”

စန်းပွင့်ဆေးအများစုက နှစ်ဖက်သွားဓားလိုပါပဲ။ ဒါကြောင့် အမျိုးသမီးတော်တော်များများက သူတို့အပေါ်သူတို့ မသုံးတတ်ကြဘူး။ အပျိုကြီးဖြစ်နေပြီး အိမ်ထောင်မြန်မြန် ကျချင်တဲ့သူတွေက လွဲလို့ပေါ့။

ဘုန်း...

ရုတ်တရက် မိုနီကာရဲ့တိုက်ခန်းတံခါးက အပြင်ကနေပြီး ရိုက်ဖွင့်တာ ခံလိုက်ရတယ်။ တစ်ပြိုင်နက်တည်းဆိုသလိုပဲ အနောက်တိုင်းဝတ်စုံဝတ်ထားပြီး မှော်နှင်တံကိုင်ထားတဲ့ အေးဂျင့်လိုလို ဘာလိုလိုလူတွေက အခန်းထဲကို ဝင်ရောက် နေရာယူလိုက်ကြတယ်။

“EUOC... လက်မြှောက်ထားလိုက်။” အေးဂျင့်တွေက မိုနီကာကို မှော်နှင်တံတွေနဲ့ဝိုင်းချိန်တယ်။ မိုနီကာရဲ့ လူသားပုံစံကလည်း ချက်ချင်းပျောက်ကွယ်သွားပြီး သိုးချိုနဲ့ မိစ္ဆာအမြီးက ချက်ချင်းထွက်ပေါ်လာတယ်။ လင်းနို့ တောင်ပံတွေလည်း ထွက်ပေါ်လာပြီး ဝင်လာတဲ့လူတွေကို ဆွဲဖြဲဖို့အတွက် လက်သည်းရှည်တွေလည်း အသင့်ဖြစ်နေပြီ။

“စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်။ ငါတို့က လူပိုများတယ်။”

အမျိုးသမီးတစ်ယောက်ရဲ့တည်ငြိမ်တဲ့ စကားသံနဲ့အတူ စည်းချက်ညီညီ ဒေါက်ဖိနပ်သံကို မိုနီကာ ကြားလိုက်ရတယ်။ အဝင်ဝကို ကြည့်လိုက်တော့ အပြာနုရောင်စစ်အရာရှိဂျာကင် ဝတ်ထားတဲ့ မိန်းမလှတစ်ယောက်ကို မြင်လိုက်ရပြီ။

“နာတာရှာ... နင့်ရဲ့တပ်စုလေးက ငါ့ကိုတော်ဝင်မင်းသမီး တစ်ယောက်ကို ကိုင်တွယ်နိုင်မယ်ထင်နေတာလား။”

မိုနီကာက နာတာရှာကို မကြောက်ပါဘူး။ အဆုံးသတ်မှာ နာတာရှာက အဆင့်မြင့်မှော်ဆရာဖြစ်တယ်ဆိုတာပဲရှိတာ။ မှော်ကျောင်းတွေက မာစတာတွေကို ယှဥ်တိုက်နိုင်တဲ့ မိုနီကာအဖို့ အပျော့ပဲရှိတယ်။

“စိတ်မပူပါနဲ့၊ ဒီနေ့တော့ ငါ့ကိုကူညီမယ့် လူပါလာတာ မလို့လေ။” နာတာရှာက ပြောလိုက်တယ်။ သူ့နောက်မှာ အနက်ရောင်ဂျာကင်နဲ့ ဘောင်းဘီတိုဝတ်ထားတဲ့ နောက်ထပ် ကြွေရုပ်လေးလို မိန်းမလှလေးတစ်ယောက် ပါလာတယ်။

ခါးအထိရောက်တဲ့ အနက်ရောင်ဆံပင်ရှည်တွေနဲ့ အပြာရောင် မျက်လုံးတွေ ရှိတဲ့လူပေါ့။ မိုနီကာက အဲဒီလူကို မြင်တာနဲ့ မျက်နှာက ဝမ်းပသွားတယ်။

“ဒါလင်... ရှင်က ကျွန်မဆီကို အလည်လာတာလား။” မိုနီကာက ချက်ချင်းချစ်စရာကောင်းတဲ့ပုံစံဖြစ်အောင် ဟန်ဆောင်လိုက်တယ်။

နက်ဆန်က အခန်းထဲကို ဝေ့ဝိုက်ကြည့်လိုက်တယ်။ ဒါပေမဲ့ ဘာမှမပြောဘူး။ မျက်နှာပျက်သွားတာမျိုးလည်းမရှိဘူး။ ချစ်ခြင်းမုန်းခြင်း၊ ရွံရှာခြင်း၊ နှစ်သက်ခြင်း စတာတွေနဲ့ ကင်းလွတ်တဲ့ တည်ငြိမ်ပြီး ခန့်မှန်းရခက်တဲ့ ပုံစံမျိုးနဲ့သာ ရှိနေပါတယ်။

ဒါကြောင့် မိုနီကာရဲ့နှလုံးသားက ရေအေးအေးနဲ့ လောင်းချခံလိုက်ရသလို ခံစားလိုက်ရတယ်။ ‘ဒါလင်က ငါ့ကို လုံးဝဂရုမစိုက်ဘူးပဲ။ ငါက သူ့အတွက် မုန်းဖို့တောင် မထိုက်တန်ဘူးဆိုတဲ့ သဘောလား။'

သိမ်ငယ်စိတ်က သူ့ရင်ဘတ်ထဲမှာ နေရာယူလာတယ်။ သူ့ဘေးနားမှာရှိတဲ့ လောကကြီးတစ်ခုလုံးက သူ့နဲ့ မသက်ဆိုင်တော့သလိုမျိုး၊ လောကကြီးက သူ့အတွက် နေရာမရှိသလိုမျိုး ခံစားလာရပြီး အသက်ရှုရ ကျပ်လာတယ်။

“ငါ့ကို မင်းရဲ့သွေးပေးလိုက်။” နက်ဆန်က သူ့လက်ကို ဖြန့်ပြလိုက်တယ်။ လက်ထဲမှာ ဖန်ကျည်တောက်တစ်ခု ရှိနေတယ်။ နက်ဆန်က ဘာအတွက် သူ့ဆီကိုလာတာလဲ မိုနီကာ သိလိုက်ရပြီ။ ဖြေဆေးအတွက် လာခဲ့ရုံသက်သက်ပဲ။ သူ့အတွက် မဟုတ်ခဲ့ဘူး။

သူ့ရဲ့ဝမ်းဗိုက်ထဲမှာ အကောင်တစ်ကောင်ရှိနေပြီး အဲဒီ သတ္တဝါကောင်က သူ့ကိုတစ်ကမ္ဘာလုံးကို ပျက်ဆီးပစ်ဖို့ တိုက်တွန်းနေသလိုပဲ။ မိုနီကာရဲ့ပတ်ဝန်းကျင်အပေါ် အမြင်က ပိုပိုပြီးမိုက်မှောင်လာတယ်။ လူသားတွေကို မြင်တဲ့အခါ ဆွဲဖြဲပစ်ချင်စိတ်က ကြီးစိုးလာတယ်။ ဒါပေမဲ့ သူမလုပ်ပစ်ခဲ့ပါဘူး။

သူ့ရှေ့က ဒါလင်က သိပ်ကိုကြောက်စရာကောင်းတယ်။ ဒီလိုမလိမ္မာတဲ့အရာမျိုး သူလုပ်မိရင် ဒါလင်က သူ့ကို သတ်လိမ့်မယ်။ လုံးဝကို သွေးအေးအေးနဲ့ ချစ်ခြင်း မုန်းခြင်းခံစားချက်တွေမပါတဲ့ ရှင်သန်ဖို့မထိုက်တန်ဘူး ဆိုတဲ့ စက်ရုပ်ဆန်ဆန်ဆုံးဖြတ်ချက်တစ်ခုနဲ့ သူ့ကို သတ်ပစ်မှာ။ ဒီလိုအဖြစ်မျိုးကို မိုနီကာမကြုံခင်ဘူး။ ဒါလင်က သူ့ကိုသတ်မယ်ဆိုရင်တောင် မုန်းတီးလို့ သတ်တာပဲ ဖြစ်စေချင်တာ။

“ဟုတ်...” ဒါကြောင့် လိမ္မာတဲ့ မိန်းကလေးတစ်ယောက်လို ဟန်ဆောင်ရင်းနဲ့ သူ့လက်ထိပ်ကို သူကိုယ်တိုင် ကိုက်ဖောက် ခဲ့ပါတယ်။

ပေါက်... ပေါက်...

သွေးစက်တွေက ဖန်ကျည်တောက်ထဲ စီးဝင်တယ်။ ဖန်ကျည်တောက် ပြည့်သွားတဲ့အချိန်မှာတော့ နက်ဆန်က ပုလင်းဖုံးကို ပိတ်လိုက်ပြီး သူ့ကိုကျောခိုင်းလိုက်တယ်။ မိုနီကာက တစ်ခုခုပြောချင်လို့ ပါးစပ်ဟလိုက်ပေမဲ့ ဘာမှ ပြောမထွက်ခဲ့ဘူး။

“သွားကြမယ်...” အတက်အကျမရှိတဲ့ နက်ဆန့်စကားသံကို သူထပ်ကြားလိုက်ရတယ်။ သူထွက်သွားပြီ။ ဒါလင်က သူ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူး။ ရက်စက်တယ်။ တအားကို ရက်စက်တယ်။ သူ့အသည်းနှလုံးတစ်ခုလုံး ပြုတ်ထွက်သွားသလို ခံစားရပြီး ဆောင့်ကြောင့်ထိုင်ချ မိလိုက်တယ်။

လက်နှစ်ဖက်က သူ့ရဲ့ခရမ်းရောင်ဆံပင်တွေကို ထိုးဖွ နေမိပြီး မျက်မှောင်ကြုတ်ထားမိတယ်။ သူ့အသိစိတ်က များစွာသော အဆိုးမြင်အတွေးတွေထဲ နစ်မြုပ်သွားခဲ့တယ်။ နောက်ဆုံးကျန်ရှိတဲ့ မျှော်လင့်ချက်အမျှင်တန်းလေးက အဝေးကို ထွက်ခွာသွားသလိုမျိုးပဲ။

“ဘာလို့... ငါသူ့ကို ချစ်တယ်လို့တောင် ပြောမထွက်ခဲ့တာလဲ။” သူ့မျက်လုံးထဲကနေ မျက်ရည်ပူတွေ စီးကျလာတယ်။ ထူးဆန်းစွာနဲ့ မျက်ရည်ရဲ့အရောင်က သွေးရဲ့အရောင်အတိုင်းပဲ ဖြစ်နေတယ်။ ပတ္တမြားလိုမျိုး နီရဲလို့။ သူ့လက်ကိုတော့ နှလုံးသားရှိရာညာဘက်ကို တင်ထားမိတယ်။ သူ့တစ်ကိုယ်လုံး ကြေမွပျက်စီးတော့မလို ခံစားနေရတယ်။

နှလုံးသားထဲက နာကျင်မှုတွေ သက်သာရာရလို့ရငြား အိပ်ရာရှိရာကို လျှောက်သွားပြီး လှဲနေမိပေမဲ့ စိတ်ထဲမှာ ငိုချင်တာ တစ်ခုပဲသိတော့တယ်။ သူ့စိတ်ထဲ မနေနိုင် မနိုင်ထိုင် ဖြစ်နေတဲ့အတွက် အိပ်ရာထဲကနေထွက်ပြီး ဝရန်တာအပြင်ဘက်ကို လှမ်းကဲကြည့်မိတယ်။ တစ်ဖက်မှာ ခပ်ညံ့ညံ့ ဟိုတယ်တစ်လုံးရှိနေပြီး ဟိုတယ်ခန်းလေး တစ်ခန်းမှာတော့ အညိုရောင်ဆံပင်ရှည်တွေရှိတဲ့ ကလေးမလေးတစ်ယောက်နဲ့ အဖြူရောင်သူနာပြု ဝတ်စုံကို ဝတ်ထားတဲ့ မိန်းကလေးတို့ အတူရှိနေပြီး အထုပ်အပိုးတွေ ပြင်ဆင်နေကြတယ်။

မကြာခင်မှာပဲ တံခါးပွင့်လာပြီး နက်ဆန်နဲ့နာတာရှာ ဝင်လာတာ သူမြင်ရပါတယ်။ နက်ဆန်ရဲ့အေးစက်စက်ပုံစံက သူနာပြုဆရာမလေးကိုမြင်တာနဲ့ အများကြီး ပျော့ပြောင်းသွားပြီး ပြုံးယောင်သန်းလာတယ်။

ခရက်...

ပြတင်းပေါက်မှန်ပေါ်တင်ထားမိတဲ့ သူ့လက်ဝါးမှာ အား ပိုစိုက်မိတဲ့အတွက် မှန်က အက်ကွဲသွားတယ်။ အသက်ရှု မမှန်ဖြစ်လာပြီး နှလုံးသားထဲက နာကျင်မှုက ပိုပြီးတော့ ဆိုးဝါးလာတယ်။

‘ငါ့ရှေ့မှာ ရေခဲတုံးတစ်တုံးလို ပြုမူနေတဲ့ မင်းသားလေးက အဲဒီကောင်မအတွက် ပြုံးပြပေးနေတာလား။' မနာလိုမှုက သူ့နှလုံးသား သုံးပုံတစ်ပုံကို နေရာယူထားတယ်။ သိမ်ငယ်စိတ်က အခြားသုံးပုံတစ်ပုံကို နေရာယူတယ်ဆိုရင် နောက်ဆုံးကျန်တဲ့တစ်စိတ်တစ်ပိုင်းက ဝမ်းနည်းမှု ဖြစ်လေမလား။

“တိုက်ပွဲမစခင်ကတည်းက ရှုံးနိမ့်နေခဲ့ပြီမှန်း ငါသိပြီးသား။” နက်ဆန်က သူ့ကိုဘယ်တော့မှ ပြန်ချစ်လာမှာ မဟုတ်မှန်း သူသိတယ်။ ဒါပေမဲ့ ဖြစ်နိုင်သလောက် သူ့နောက်ကို တကောက်ကောက်လိုက်ပြီး သူ့ကိုကြည့်ချင်မိတာ မိုနီကာရဲ့ဆန္ဒပါ။ အစွဲအလမ်း ကြီးတယ်ပဲပြောပြော၊ ရွံရှာစရာကောင်းပြီး ရူးသွပ်တဲ့ အပြုအမူဖြစ်နေတယ်ပဲပြောပြော ဒီလိုမှမလုပ်ရရင် မနေနိုင်တော့တဲ့ သူ့ခံစားချက်တွေအတွက်ပါ။

နောက်ယောင်ခံလိုက်သူတစ်ယောက်ဖြစ်ရတာ မကောင်းတဲ့ ကိစ္စမှန်း မိုနီကာသိပါရဲ့။ တခြားသူတွေကို နာကျင်စေသလို သူ့ကိုယ်သူလည်း နာကျင်စေတယ်လေ။ ဒါပေမဲ့... ဒါပေမဲ့ ဒီလိုလုပ်ရုံကလွဲပြီး သူ့မှာဘာတတ်နိုင်သေးလို့လဲ။ ဒီအမျိုးသားကိုမှ သူမေ့ပျောက်လို့ မရနိုင်တော့တာ။ သေတဲ့အထိ ဆက်ချစ်မိသွားတော့မှာ မလို့ပါ။

“မိုနီကာ...” တိုက်ခန်းထဲမှာရှိနေတဲ့ မီးလင်းဖိုကနေ ရုတ်တရက်မီးထတောက်လာတယ်။ မိုနီကာ လှည့်ကြည့်တဲ့ အခါမှာတော့ ခရမ်းရောင်မီးတောက်တွေ မီးလင်းဖိုထဲမှာ တောက်လောင်နေတာ တွေ့လိုက်ရတယ်။

“အမေ...” သူ့နှုတ်ခမ်းကနေ စကားတစ်ခွန်း ထွက်သွားတယ်။

မီးတောက်တွေက အမျိုးသမီးတစ်ယောက်ရဲ့မျက်နှာ အဖြစ်ကို ဖွဲ့စည်းသွားတယ်။ မိုနီကာလိုပဲ သိုးချိုတွေ ရှိနေပြီး မီးတောက်တွေနဲ့ဖွဲ့စည်းထားတဲ့မျက်နှာက သိပ်ကိုလှပ နေပါတယ်။

“လင်ဘိုကို ပြန်လာခဲ့တော့။ ညည်းဘာဖြစ်နေလဲ ငါသိပြီးပြီ။”

မိုနီကာရဲ့မျက်နှာက သွေးမရှိတော့သလိုမျိုး ဖြူဖျော့ သွားတယ်။ နောက်တော့ သူက အလန့်တကြားနဲ့ ငြင်းတယ်။

“အမေ၊ သမီးမှာ လုပ်ရမယ့်အလုပ်တွေ ရှိသေးတယ်လေ။”

“ညည်း လူ့ပြည်မှာ ဘာအလုပ်လုပ်လို့လဲဟဲ့။ အဲဒီကောင်ကြောင့် ပူးတွဲပဒေသရာဇ်နှစ်ပါးရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ နင်က သွားရှုပ်တယ်။ ငါတို့မျိုးနွယ်တွေ စစ်ဖြစ်လုနီးနီးပဲ။ အခုလည်း နင် အဲဒီကောင်နောက်ကို တစ်ကောက်ကောက် လျှောက်လိုက် နေပြန်ပြီမဟုတ်လား။ ဟိုက နင့်ကို ပြန်မချစ်ဘူးဆိုလဲ လက်လျှော့ပြီး ပြန်လာလိုက်တော့ အချိန်ဖြုန်းမနေနဲ့။”

မိုနီကာကတော့ ခေါင်းကိုခါယမ်းရင်း အမေဖြစ်သူကို ငြင်းဆန်နေဆဲပဲ။ “အမေ၊ သူက သမီးချစ်မိသွားတဲ့သူလေ။ စကူးဘတ်တွေအတွက် ဘယ်လိုအဓိပ္ပါယ်မျိုးလဲဆိုတာ အမေသိမှာပါ။” စကူးဘတ်တွေက တခြားသူတွေကို အလှအပနဲ့ ဆွဲဆောင်ပြီး ချစ်မိသွားအောင် ပြုစားကြတဲ့ မိစ္ဆာတွေပါ။ အဲဒီနောက်တော့ သူတို့သားကောင်တွေရဲ့ အသက်ဓာတ်ကို စုပ်ယူကြတယ်။ ဒီအပြုအမူက ရက်စက် လွန်းတဲ့အတွက်ကြောင့် ချစ်ခြင်းဆိုတာကို သူတို့တွေ နားမလည်ကြသလိုပါပဲ။

ဒါပေမဲ့ သူတို့တွေဟာလည်း တခြားမျိုးနွယ်တွေနည်းတူ အချစ်ဆိုတာကို နားလည်ခံစားနိုင်တဲ့ အခွင့်အရေးရှိနေပြီး သာမန်ထက် ခက်ခဲနေရုံပါပဲ။ ဒဏ္ဍာရီအရ စကူးဘတ်တွေ ချစ်မိတဲ့အခါ ဘယ်နည်းနဲ့မှ သူတို့ချစ်ရတဲ့သူကို မေ့လို့ မရတော့ဘူး။

“ငါ လီလစ်လဲ ချစ်ခဲ့ဖူးတယ်ဟဲ့။” ခရမ်းရောင်မီးတောက်က ပိုပြီးပြင်းထန်လာတယ်။ အခန်းတစ်ခုလုံး လင်းထိန်သွားပြီး နောက်မှာပြန်ငြိမ်ကျသွားပေမဲ့ မိုနီကာက ကြောက်လွန်းလို့ တဆတ်ဆတ်တုန်နေပါပြီ။ ဒါပေမဲ့ လီလစ်ဆိုတဲ့ မိုနီကာရဲ့ အမေက သက်ပြင်းချလိုက်ပြီး...

“သမီးသူ့ကို မေ့မရနိုင်တော့တာ အမေသိပါတယ်။ ဒါပေမဲ့ အနားမှာနေပြီး ပူဆွေးနေမယ့်အစား အနေဝေးသွားရင် သမီးအတွက်ပိုကောင်းမယ် အမေထင်လို့ပါ။”

“အမေ...” မိုနီကာရဲ့လေသံက တိုးဝင်သွားတယ်။

လီလစ်က ထပ်ပြီးသက်ပြင်းချပြန်တယ်။ “သမီးကို အမေစိတ်ပူတယ်။ ဟိုးရှေးခေတ်အစဥ်အဆက်ကတည်းက နတ်တစ်ပိုင်းသူရဲကောင်းတွေကို ချစ်မိသွားတဲ့ မိစ္ဆာတွေက ဇာတ်သိမ်းမကောင်းခဲ့ဘူးသမီး။ အဆုံးသတ်မှာတော့ အမေတို့က သူတို့တွေလိုချင်တဲ့ မင်းသမီးလေးတွေ မဟုတ်ခဲ့ဘူးလေ။”

မိုနီကာရဲ့လက်ပေါ်ကို သွေးရောင်မျက်ရည်တွေ တပေါက်ပေါက်နဲ့ ကျဆင်းလာတယ်။ “သမီး နားလည်ပါတယ်။ ကျွန်မတို့က မိစ္ဆာတွေလေ။ သူရဲကောင်းနဲ့ မင်းသမီးရဲ့ဇာတ်လမ်းမှာ အဖျက်အမှောင့်အဖြစ် ဝင်ပါရမယ့် ဗီလိန်ဇာတ်ကောင်ထက် မပိုကြပါဘူး။”

နှစ်ယောက်လုံး ငြိမ်သက်သွားတယ်။ တိုက်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားတာမှ အပ်ကျသံတောင် ကြားနိုင်တဲ့ အထိပါပဲ။ အတန်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးခါမှ လီလစ်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။

“လင်ဘိုကို ပြန်လာခဲ့ပါတော့ သမီး။”

...

[Author Note: စကူးဘတ်မျိုးနွယ်အကြောင်း ဒဏ္ဍာရီကို လေ့လာရင်းနဲ့ စိတ်ဝင်စားစရာပုံပြင်တွေကို ကျွန်တော် လေ့လာခဲ့မိပါတယ်။ စကူးဘတ်တွေအကြောင်းကို ပထမဆုံး စတင်ဖော်ပြခဲ့တဲ့သူတွေက မက်ဆိုပိုတေးမီးယား ဒေသက ရှေးဟောင်းလူ့အဖွဲ့အစည်းတွေဖြစ်ပြီးတော့ အီဂျစ်မှာလည်း သူတို့ပုံပြင် တော်တော်များများကို ရှာတွေ့ပါတယ်။

ဂျူးလူမျိုးတွေရဲ့ဖန်ဆင်းခြင်းပုံပြင်မှာ ကမ္ဘာ့ပထမဆုံးမိစ္ဆာဟာ လီလစ်ဖြစ်ပါသတဲ့။ အာဒံက အဖော်တစ်ယောက်ကို တောင်းတတဲ့အခါမှာ ဘုရားသခင်က ဧဝကို အရင်ဆုံးဖန်ဆင်းပေးခဲ့တာမဟုတ်ဘဲ လီလစ်ဆိုတဲ့ အမျိုးသမီးကို ပထမဆုံးဖန်ဆင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လီလစ်က အာဒံကို ချစ်မိသွားရမယ့်အစား အာ့ခ်အိန်ဂျယ် ဆယ်မိုင်ရယ်ကို ချစ်မိသွားတဲ့အတွက် သုခဥယျာဥ်ထဲကနေ ငြင်းပယ်ခံရပြီး ပထမဆုံးမိစ္ဆာမ ဖြစ်လာခဲ့တယ်။ ဂျူးတွေရဲ့ပုံပြင်တွေမှာ လီလစ်ကို စကူးဘတ်လို့မဖော်ပြပေမဲ့ မက်ဆိုပိုတေးမီးယားက ဆူမေးရီးယန်းတွေကတော့ လီလစ်ကို စကူးဘတ်လို့ အခိုင်အမာဆိုကြပါတယ်။ ခရစ်ယာန်သမ္မာကျမ်းမှာတော့ လီလစ်အကြောင်းမပါပါ။]

All Chapters