ဂီတသေတ္တာ (၁)
Vol. 2 Ch. 80
ဖြေဆေးရပြီးတဲ့နောက်တော့ နက်ဆန်က ယောက်ျားလေး ပြန်ဖြစ်သွားပြီ။ မိန်းကလေးပုံစံနဲ့သူ့ကို ရင်းနှီးနေတာ ကြာပြီဆိုတော့ ရုတ်တရက်ပုံမှန်ပြန်ဖြစ်သွားတဲ့အချိန်မှာ လွမ်းမိသလို ရှိသားရယ်။
အွန်လိုင်းကနေ ပေါက်ကရဝတ္ထုတွေကို ဖတ်တတ်နေပြီ ဖြစ်တဲ့ အိုလီရာနာကတော့ စိတ်ပျက်လက်ပျက်နဲ့ အခုလို ပြောရှာပါတယ်။
“အွန်လိုင်းပေါ်မှာ အခုတလောခေတ်စားနေတဲ့ ငါက သူရဲကောင်းဖြစ်ချင်ရုံပါ ဝတ္ထုထဲကလိုမျိုး တို့သခင်လေး တစ်သက်လုံး မိန်းမဖြစ်သွားရင် ဘယ်လောက်များ ကောင်းလိုက်မလဲ။”
ကျွန်မလည်း မနေနိုင်ဘဲ အိုလီရာနာကို ခေါင်းခေါက်ပြီး ဆူမိတော့တာပဲ။ “အိုလီရာနာ၊ နင့်သခင်က ယောက်ျားလေး အဖြစ်နဲ့ပဲ နေချင်တာ အသိသာကြီးလေ။ သူ့ကို ဖိအားပေးဖို့ မကြိုးစားစမ်းပါနဲ့။”
ကျွန်မတို့တွေ အထုပ်အပိုးတွေကိုယူပြီးတော့ ဟိုတယ် စင်္ကြံလမ်းပေါ်ထွက်တော့ နက်ဆန်လည်း သွားဖို့အသင့် ဖြစ်နေပါပြီ။ သူက လက်ကိုပိုက်ထားပြီး ပြတင်းပေါက်ကနေ တစ်ဆင့် တစ်ဖက်လမ်းက တိုက်ခန်းတစ်ခန်းကို စိုက်ကြည့်လို့။
“ဘာဖြစ်လို့လဲ။” ကျွန်မမေးတော့ သူ့နှုတ်ခမ်းက နည်းနည်း ကွေးညွှတ်သွားပြီး
“သူထွက်သွားပြီ။” နက်ဆန်က ဘယ်သူ့ကိုရည်ညွန်းတာလဲ ကျွန်မ မသိပေမဲ့ ပျော်စရာကိစ္စတစ်ခုတော့ ဖြစ်ပုံပါပဲ။ ကျွန်မက နာရီကိုငုံကြည့်လိုက်ပြီး...
“ဟောတော့၊ နောက်တောင်ကျတော့မယ်။ သွားရအောင်။”
ကျွန်မတို့တွေ ဒီလိုနဲ့ဟိုတယ်အောက်ကိုဆင်းလိုက်တော့ ဟိုတယ်အပြင်မှာ ချက်ပလက်နက်ပြာရောင် ကားတစ်စီးက အပေါက်ဝမှာ အသင့်စောင့်နေတာ တွေ့လိုက်တယ်။
“နက်ဆန်၊ ရှင်ကားငှားထားတာလား။” ကျွန်မမေးတော့ သူက ခေါင်းခါပြပါတယ်။ ဒါပေမဲ့ ဒရိုက်ဘာကားမှန်က အောက်ကိုနိမ့်လာပြီး ကားမောင်းနေတဲ့သူကို မြင်ရတော့ ဘယ်သူ့လက်ချက်လဲဆိုတာ နားလည်သွားတော့တာပဲ။
“နာတာရှာပါလား၊ ဒါကြောင့် မနက်က ပျောက်နေတာကိုး။”
“နင်တို့ကို ရထားဘူတာအထိ လိုက်ပို့ပေးမယ်လေ။”
နာတာရှာရဲ့ကမ်းလှမ်းမှုက မဆိုးတဲ့အတွက်ကြောင့် ကျွန်မတို့တွေ သူ့ချက်ပလက်ကားပေါ်ကို အထုတ်အပိုးတွေ တင်လိုက်တယ်။ လူကိုယ်တိုင် ကားပေါ်တက်ထိုင်လိုက်တဲ့ အချိန်မှာတော့ ကားထဲက လာဗင်ဒါရေမွှေးနံကြောင့် စိတ်ထဲ လန်းဆန်းသွားသလို ခံစားရတယ်။
“ဒါနဲ့ရှင်က ကျွန်မတို့နဲ့ ဆက်မလိုက်တော့ဘူးလား။” ကျွန်မ နာတာရှာကို မေးလိုက်တော့...
“မနေ့က ငါ့ယောက်ျားဆီကနေ သားလေး နေမကောင်းဘူးလို့ စာရထားတယ်။ အဲဒါကြောင့် ပြင်သစ်ကို ခဏပြန်လိုက်ဦးမယ်။ ငါတို့တွေ ဒီလောကကြီးထဲမှာ ရှိနေသမျှတော့ ထပ်တွေ့နေရဦးမှာမလို့ နှုတ်ဆက်စရာတော့ မလိုပါဘူး။”
နာတာရှာက ကျွန်မကို လက်ကမ်းပေးလိုက်တာကြောင့် သူ့ကို လက်ဆွဲနှုတ်ဆက်လိုက်မိတယ်။ နက်ဆန်က သူ့ကို မယုံရဘူးလို့ ဘယ်လိုပဲပြောပြော နာတာရှာကိုယ်တိုင်က နက်ဆန်ကို မိတ်ဆွေကောင်းတစ်ယောက်လို့ ယူဆထားပုံပဲ။ ဒါကြောင့် ကျွန်မလည်း သူ့ကို မိတ်ဆွေတစ်ယောက်လိုပဲ သဘောထားလိုက်တော့တယ်။
ရထားဘူတာကို ရောက်တဲ့နောက်တော့ သူက ကျွန်မတို့ကို လက်ပြပြီးတော့ ကားမောင်းထွက်သွားတယ်။ ကျွန်မတို့က စီးမယ့်ရထားဆီကို အမီပြေးရတော့တာပေါ့။
ရထားပေါ်ရောက်ပြီး သိပ်မကြာခင်မှာပဲ ရင်းနှီးနေပြီဖြစ်တဲ့ အေသင်မြို့ရဲ့ရှုခင်းတွေကို နှုတ်ဆက်ခဲ့ရတယ်။ ရထားက တူရကီနိုင်ငံကို ဦးတည်ပြီးသွားနေတာ ဖြစ်တဲ့အတွက် ဂရိရဲ့ဖွံဖြိုးတိုးတက်ပြီးမြို့ပြတွေဟာ မကြာခင်မှာပဲ နောက်မှာကျန်ရစ်ခဲ့ပြီး ဂရိကျေးလက်ဒေသမြင်ကွင်း တွေက အစားထိုးဝင်ရောက်လာတယ်။
မြေဝါဝါနဲ့သစ်ပင်တွေ ဟိုတစ်စုဒီတစ်စုရှိတဲ့ တောင်ကုန်း တောင်တန်းတွေရယ်။ လုံးချင်းနဲ့သွပ်မိုးတိုက်အိမ်လေးတွ ကြီးစိုးထားတဲ့ အိမ်တန်းစုလေးတွေရယ်။ မျက်စိတစ်ဆုံး မြင်နေရတဲ့ သံလွင်ပင်စိုက်ခင်းတွေရယ်ပေါ့။
“ကျွန်မလေ၊ ရှင့်အလုပ်ခေါ်စာကို လျှောက်ခဲ့မိတာ သိပ်ဝမ်းသာတာပဲ။”
ကျွန်မ မထင်မှတ်ဘဲ ဒီစကားကို ပြောလိုက်မိပါတယ်။ အိပ်ငိုက်နေတဲ့ နက်ဆန်က မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်ပေမဲ့ ဘာမှမပြောပါဘူး။
“ဒီခရီးစဥ်တစ်ခုလုံးက ပျားရည်ဆမ်းခရီးလိုပဲ။” ကျွန်မက နောက်လိုက်ပေမဲ့ နက်ဆန်က ပြန်အိပ်နေပြီဖြစ်ပြီးတော့ ခေါင်းတောင် ဟိုဖက်စောင်းကျသွားပြီ။ ဒါကြောင့် ကျွန်မ သက်ပြင်းချလိုက်မိပါတယ်။ အိုလီရာနာကို ကြည့်တော့ အိုလီရာနာက ကျွန်မဖုန်းကိုကိုင်ပြီး တိတ်တိတ်လေး စာဖတ်လိုက်၊ ဗီဒီိယိုကြည့်လိုက် လုပ်နေပါတယ်။
အစပိုင်းတော့ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ပြီး ရှုခင်းတွေကို ခံစားကြည့်နေခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ အိပ်ပျက်ခဲ့တဲ့ညတွေက များလှပြီဖြစ်တာကြောင့် ငိုက်မျဥ်းလာပြီး အိပ်မက်ကမ္ဘာထဲကို ဝင်ရောက်သွားခဲ့ ပါတော့တယ်။
မှတ်မှတ်ရရ အိပ်မက်ထဲမှာ ကျွန်မက ဘုရင်မဖြစ်နေပြီး ကျောက်ပလ္လင်ထက်မှာထိုင်နေတယ်။ ခြေတော်ရင်းမှာ ခြင်္သေ့ကြီးတစ်ကောင်က လိမ္မာစွာအိပ်စက်နေပြီးတော့ ကျွန်မလက်ထဲမှာ ကျာပွတ်ကိုင်လို့။ အထောင်ထောင် အသောင်းသောင်းသော လူသားတွေက ကျွန်မကို ကြောက်ရွံစွာနဲ့ ခစားလျက်ပေါ့။
ဘယ်လိုအိပ်မက်မျိုးပါလိမ့်၊ အဓိပ္ပါယ်မရှိလိုက်တာ။ ကျွန်မ တွေးလိုက်မိတယ်။
ဝုန်း...
အသံကျယ်ကြီးတစ်ချက်နဲ့အတူ ကျွန်မခန္ဓာကိုယ်က ရှေ့ကို ပြုတ်ကျသွားတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က ကျွန်မကို လှမ်းထိန်းထားလိုက်တာကြောင့် ကြမ်းပြင်ပေါ်ကိုတော့ ကျမသွားပါဘူး။ မျက်ဖုံးဖွင့်ကြည့်လိုက်တော့ ကျွန်မနဲ့ မျက်နှာချင်းဆိုင်ထိုင်ခုံက နက်ဆန်က ကျွန်မကို လှမ်းပြီး ထိန်းပေးထားတာ ဖြစ်နေမှန်း သတိထားမိလိုက်ပါတယ်။
“ဘာဖြစ်တာလဲ။”
“ငါလည်းမသိဘူး။” သူက သူလည်းမသိတဲ့အကြောင်း ကျွန်မကို အသိပေးပါတယ်။ အိုလီရာနာ အဆင်ပြေလား မပြေလားလိုက်ရှာတော့ ကလေးမက ကြောက်လွန်းလို့ ထိုင်ခုံကို ခြေလက်လေးဖက်လုံးနဲ့ တွယ်ကပ်ထားတာ တွေ့လိုက်ရတယ်။
[ခရီးသည်များခင်ဗျား၊ အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်။ ကျွနုပ်တို့၏အေသင်၊ အစ္စတန်ဘူလ် အမြန်ရထားမှာ ရထားလမ်းဘီးချော်သွားပါသဖြင့် ဆက်လက်၍ ခရီးထွက်နိုင်ခြင်းမရှိပါ။ ခရီးသည်များ အနေနဖြင့် လုံခြုံရေးအတွက် ရထားထွက်ပေါက်များမှ စနစ်တကျတန်းစီပြီး ထွက်ပေးကြပါရန်။]
ဒီတော့ ကြုံတောင့်ကြုံခဲဖြစ်စဥ်ဖြစ်တဲ့ ရထားလမ်း ဘီးချော်တာနဲ့ ကြုံရတယ်ပေါ့။ ခရီးသည်တွေထဲက တချို့က အင်တာကွန်းကပြောတာကို နားထောင်ရင်း ဒေါသတကြီး ကျိန်ဆဲနေကြလေရဲ့။ ရထားလမ်းဘီးချော်သွားတဲ့ ကျွန်မတို့ရထားက ကြီးကြီးမားမားတစ်ခုခု ဖြစ်ခဲ့တာမျိုး မရှိပေမဲ့ အဆိုးဆုံးအနေနဲ့ ရထားတုံးလုံးလဲသွားနိုင်တဲ့ ကိစ္စမျိုးနဲ့ ကြုံခဲ့တာလေ။
“ဒီဂရိတွေကတော့....” ကျွန်မလည်း သက်ပြင်းချမိတယ်။ ဂရိနိုင်ငံက ဥရောပသမဂ္ဂထဲပါပေမဲ့ ဖွံဖြိုးမှုအနည်းငယ် နောက်ကျတဲ့အထဲမှာပါတယ်။ စီးပွားရေးအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုပဲ အားထားနေရပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍပိုင်းမှာ တခြားအဖွဲ့ဝင်တွေနဲ့ ယှဥ်မယ်ဆိုရင် အနည်းငယ်အဆင့်နိမ့်နေပါတယ်။
နောက်ဆယ့်ငါးမိနစ်လောက်ကြာတော့ ကျွန်မတို့သုံးယောက် ရထားလမ်းဘေးက မြေကြီးပေါ်မှာ ဆောင့်ကြောင့်လေး ထိုင်ပြီးတော့ ရထားကြီးကိုလမ်းပေါ်ကနေဖယ်ပေးမယ့် တွဲဆွဲကရိန်းကို ထိုင်စောင့်နေရပြီ။
ကံမကောင်းချင်တော့ ကျွန်မတို့တွေက ဂရိရဲ့အတော် တောကျတဲ့ဘက်ခြမ်းကို ရောက်နေတာတဲ့။ တွဲဆွဲကရိန်းက နောက်ရက်လောက်မှ ရောက်လာမှာဆိုလား။ ရောက်ပြီးရင် တောင်မှ ဒီရထားကိုဆွဲယူဖို့က အချိန်အတော်ကြာဦးမယ်တဲ့။ စိတ်မရှည်တဲ့ ခရီးသည်တချို့ကတော့ တည်းစရာနေရာ ရှာဖို့ ကြိုးစားနေကြပေမဲ့ အနီးဆုံးမြို့က မိုင်ငါးဆယ်လောက် ဝေးနေတယ်။
“ကြည့်ရတာ ငါ့ကျိန်စာကြောင့်များလား...” နက်ဆန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
နက်ဆန်က လောလောဆယ် ကျွန်မမိခဲ့တဲ့ ဒူလာဟမ် ကျိန်စာကို သယ်ဆောင်ထားတဲ့သူပါ။ တူရကီကိုသွားတာလဲ အဲဒီကျိန်စာကို ဖြေဖို့အတွက်ပါ။
“အဲဒီလို ဖြစ်ချင်မှဖြစ်မှာပါ။ တိုက်ဆိုင်တာလည်း ဖြစ်နိုင်တာပဲ။” ကျွန်မက ပေါ့ပေါ့တွေးပေမဲ့ နက်ဆန်က အဲဒီလိုမြင်ပုံ မရပါဘူး။ သူက ထိုင်နေရာကနေ ထလိုက်ပြီး
“ဆယ်ဗီ၊ ဒီအနီးအနားမှာ ရွာတစ်ရွာရှိလောက်တယ်။ အဲဒီမှာပဲ တည်းဖို့အိမ်ရှိမရှိ သွားရှာကြတာပေါ့။ ဒီရထားနဲ့ ခရီးဆက်သွားမယ်ဆိုရင် တခြားသူတွေကို ဒုက္ခပေးသလို ဖြစ်နေလိမ့်မယ်လို့ ငါခံစားရတယ်။”
နက်ဆန်က ခြေဦးတည့်ရာ စလျှောက်တယ်။ ကျွန်မလည်း သူ့နောက်က လိုက်ရင်းနဲ့ သူ့ကိုစိုးရိမ်လာတယ်။
“ဒါက တကယ်ကြီးကျိန်စာကြောင့်လို့ သူထင်နေတာ မဟုတ်ပါဘူးနော်။” ကျွန်မ ရေရွတ်လိုက်တော့ ဘေးကနေ ကပ်ပါလာတဲ့ အိုလီရာနာက...
“ဆယ်ဗီ၊ သခင်က ထင်ကြေးနဲ့လျှောက်ပြောနေတာ မဟုတ်လောက်ဘူး။ လောလောဆယ် သူ့စိတ်အခြေအနေ မကောင်းဘူး။ ဒူလာဟမ်ကျိန်စာက သခင့်လို နတ်တစ်ပိုင်း တစ်ယောက်ကို အသေမသတ်နိုင်ပေမဲ့ အနားမှာရှိနေတဲ့ သူတွေကို ခိုက်စေနိုင်လောက်တယ်။”
“ဒါပေမဲ့ ငါတို့တွေ ဘာမှမှမဖြစ်တာ။” ကျွန်မက ငြင်းဖို့ ကြိုးစားတော့ အိုလီရာနာက ကျွန်မဗိုက်ကို လက်ညိုးနဲ့ ထောက်လိုက်တယ်။
“နင်ကလည်း နတ်တစ်ပိုင်းဖြစ်နေပြီး နင့်ရဲ့စွမ်းအားတချို့ နိုးထလာတာ နင်မေ့နေပြီလား။”
ဒီတော့မှ ကျွန်မသတိထားမိသွားတယ်။ ဘယ်လိုသုံးရမလဲ နားမလည်သေးပေမဲ့ ကျွန်မမှာ စွမ်းအားတချို့ရှိနေပြီ။ ဒါကြောင့်မလို့ နက်ဆန်ရဲ့ကျိန်စာက ကျွန်မအတွက် တအားကြီး မထိခိုက်စေတာများဖြစ်နေမလား။ ကျွန်မတို့ သုံးယောက်လုံးက စွမ်းအားတချို့ရှိနေလို့ သာမန်လူတွေလို မခံစားရတာမျိုးနေမယ်။
“ဒီတော့... ငါတို့တွေ ဘယ်လိုခရီးဆက်ကြမလဲ။”
“သခင်က ဖြစ်နိုင်ရင် ကုန်းကြောင်းခရီးသွားမယ့်ပုံပဲ။”
ကျွန်မ အိုလီရာနာရဲ့စကားကိုလည်းကြားရော ချွေးသီး ချွေးပေါက်တွေကျလာတယ်။ အခုကျွန်မတို့က ဂရိနဲ့တူရကီ နယ်စပ်နားကိုရောက်နေပြီဆိုပေမဲ့ ကွန်စတန်တီနိုဘယ်ကို ရောက်ဖို့က အဝေးကြီးကျန်သေးတယ်။ လမ်းလျှောက်ပြီး သွားရမယ်ဆိုရင် အသက်ပါထွက်သွားလိမ့်မယ်။
နာရီဝက်လောက် နက်ဆန်နောက်ကနေ လိုက်လာပြီးတဲ့ အချိန်မှာတော့ တောင်ခြေရွာလေးတစ်ရွာဆီက ရောက်လာ ခဲ့ကြပါတယ်။ ရွာလေးက ခေါင်လွန်းလို့ အလယ်ခေတ်ကို ပြန်ရောက်သွားသလိုပဲ။
အိုလီရာနာကတော့ လေကိုအားရပါးရရှုရင်း... “ဟား... အခုမှပဲ အိမ်ပြန်ရောက်သလို ခံစားရတော့တယ်။” လို့ဆိုတယ်။
“တောသူမ...” ကျွန်မ မကြားတကြား ကဲ့ရဲ့လိုက်တယ်။ အိုလီရာနာက ကျွန်မကို မျက်စောင်းထိုးကြည့်ပြီးတော့ လက်ညိုးတစ်ချောင်းမြှောက်လိုက်တယ်။ ကျွန်မကိုယ်ထဲက ခွန်အားတွေတစ်စက်မကျန် စုပ်ယူခံလိုက်ရပြီး ဒူးထောက် ကျသွားပြန်ရော။
“အိုလီရာနာ၊ မကောင်းတဲ့ကောင်မ။ နင်ငါ့ကို ဘယ်တော့မှ ကျိန်စာဖြေပေးမှာလဲ။”
“နင်ငါ့ကိုထပ်ပြီး အနှောင့်အယှက်မပေးနိုင်တော့မယ့် အချိန်ကျမှ...”
ကျွန်မတို့နှစ်ယောက် အချင်းချင်းသတ်နေကြတုန်း နက်ဆန်က နောက်ကိုပြန်လှည့်ကြည့်ပြီး မျက်စောင်း ထိုးလိုက်ပါတယ်။
“ဟေး... မင်းတို့တွေ ငြိမ်ငြိမ်နေကြ။”
အဲဒီနောက်တော့ သူက ရပ်ရွာအုပ်ချုပ်ရေးမှူးရုံးကို ရှာလိုက်ပြီး ရထားဘီးချော်လို့ဒုက္ခရောက်နေတဲ့ကိစ္စနဲ့ ရွာထဲမှာ တစ်ညတာတည်းလိုတဲ့အကြောင်း ပြောပြတယ်။ ယူရိုငွေနည်းနည်းလဲ ရွာလူကြီးလက်ထဲ ထည့်ပေးတာပေါ့။
အဲဒီနောက်တော့ ရွာသူကြီးက ပြုံးပြုံး ပြုံးပြုံးနဲ့ရုံးထဲက လူငယ်တစ်ယောက်ကို သော့တစ်ချောင်းကမ်းပေးပြီး..
“အိုဝင်ရေ၊ လူမနေတော့တဲ့ ငါ့အဖိုးအိမ်ကို သူတို့အတွက် လိုက်ဖွင့်ပေးလိုက်ပါကွာ။”
နောက်တော့ အိုဝင်ဆိုတဲ့ သွားခေါခေါလူငယ်က ကျွန်မတို့ကို ရွာစွန်က အိမ်တစ်လုံးဆီ လိုက်ပို့တော့တာပဲ။ အိမ်ကတော့ သစ်သားအိမ်ပါ။ ဒါပေမဲ့ နှစ်ထပ်ဖြစ်ပြီး ဂရိကျေးလက် စတိုင် သစ်သားပြားတွေကိုတန်းစီထောင်ပြီး ပြုလုပ်ထားတဲ့ အကြမ်းထည်တံခါးတွေရှိတယ်။ အိမ်နဲ့မနီးမဝေးမှာတော့ အဆုံးမရှိဘူးလို့ထင်ရတဲ့ သံလွင်ပင်တွေကို မြင်ရတယ်။
ဒါပေမဲ့ ကျွန်မမျက်လုံးကို အရင်ဆုံးဖမ်းစားသွားတာက ကျွန်မတို့ရောက်လာတဲ့ အိမ်ကြီးမဟုတ်သလို၊ သံလွင်ပင် စိုက်ခင်းကိုလည်း မဟုတ်ပါဘူး။ အဲဒီအစား ကျွန်မတို့ အိမ်နဲ့ဆန့်ကျင်ဘက်မှာရှိနေတဲ့ စံအိမ်ကြီးတစ်လုံးကိုပါ။ စံအိမ်က သုံးထပ်ဖြစ်ပြီး အပေါ်ဆုံးအထပ်ကတော့ ပြိုကျနေပါပြီ။ နံရံတွေမှာ အက်ကြောင်းတွေထင်နေပြီး အချိန်မရွေး ပျက်စီးသွားတော့မလို ထင်ရတယ်။ အုတ်နံရံနဲ့ ခြံဝင်းခတ်ထားပေမဲ့ အဲဒီအုတ်နံရံတွေကလည်း ယိုင်နဲ့နေပြီ။
ခြံထဲက ရေတွင်းပျက်ကြီးနဲ့ ထိန်းသိမ်းမှုမရှိတော့တဲ့ ဥယျာဥ်တစ်လုံးကိုလည်း တွေ့ရတယ်။
“မစ္စတာအိုဝင်၊ အဲဒီအိမ်ကြီးက....”
ကျွန်မစပ်စုကြည့်လိုက်တော့ အိုဝင်က အဲဒီအိမ်ကြီးကို ကြည့်ပြီးတော့ မျက်နှာဖြူဖျော့သွားတယ်။ သူက ကျွန်မကို ကြောက်လန့်နေတဲ့ မျက်နှာနဲ့ ပြန်ပြောပြပါတယ်။
“အဲဒါက ကျွန်တော်တို့ရွာမှာ သရဲခြောက်တယ်ဆိုပြီး လူပြောများတဲ့စံအိမ်ကြီးဗျ။ ဟိုးတုန်းက ဂျူးသူဌေးကြီး တစ်ယောက်ပိုင်တာတဲ့။ ကျုပ်တို့အဘိုးအဘေးတွေ လက်ထက် စစ်ဖြစ်တော့ တစ်မိသားစုလုံးသေကုန်ပြီး သရဲတွေဖြစ်ကုန်တော့တာတဲ့။ ကျုပ်တို့ရွာကလူတွေ ဘယ်သူမှ အဲဒီအိမ်ကြီးနား ဖြတ်မလျှောက်ရဲဘူးဗျ။ သူကြီးတောင် အဲဒါကြီးနဲ့နီးတဲ့ သူ့အဖိုးအိမ်မှာမနေရဲလို့ အိမ်အသစ်ဆောက်နေတာ။”
အိုလီရာနာကတော့ အဲဒီအိမ်ကို မျက်မှောင်ကြီးကြုတ်ပြီး ကြည့်ရင်းနဲ့ ခေါင်းခါပြတယ်။ “ပေါက်ကရတွေ ပြောနေတာပဲ ဖြစ်မှာပါ။ ကျွန်မတော့ ဘယ်ဝိညာဥ်ကိုမှ အာရုံမခံမိဘူး။ အနည်းဆုံးတော့ လှုပ်ရှားသွားလာနေတဲ့ မကျွတ်မလွတ် ဝိညာဥ်မျိုးမဟုတ်ဘူးနဲ့တူပါရဲ့။ သူ့ဘာသာ ထားလိုက်ရင် ဘယ်သူ့အတွက်မှ အန္တရာယ်မရှိပါဘူး။”
“ဟမ်...” အိုဝင်က နားမလည်သလိုလို အံ့အားသင့်သလိုလို မျက်နှာနဲ့ အိုလီရာနာကို ကြည့်လိုက်တယ်။ နက်ဆန်က အဲဒီလူငယ်ကို ပိုက်ဆံတစ်လိပ်ပစ်ပေးလိုက်ပြီး သွားဖို့ အချက်ပြလိုက်တယ်။ လူငယ်ကလည်း သရဲခြောက်တဲ့ အိမ်ကြီးနားမှာ မနေရဲတဲ့အလား ထွက်ပြေးသွားလေရဲ့။