သိုင်းဧကရာဇ်၏ တံဆိပ်ပြား
Vol. 138 Ch. 2056
“ထျန်ဟွမ်ကုန်းမြေတိုက်က သိုင်းတာအိုကျင့်ကြံသူတွေ အားလုံးပဲ နားထောင်ကြ”
ထိုစဉ်မှာပင် ထျန်ဟွမ်ကုန်းမြေတိုက်စစ်တပ်၏ နောက်ဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာ၏။
အဝါဖျော့ဖျော့ဝတ်ရုံကို ဝတ်ဆင်ထားသည့် ခံ့ညားထည်ဝါသော အမျိုးသမီးတစ်ဦးက လေဟာနယ်ကနေတစ်ဆင့် ဖြတ်လျှောက်လာပြီး သူမ၏ လက်ထဲမှာ အစိမ်းရောင် တံဆိပ်ပြားတစ်ခုကို ကိုင်ဆွဲထား၏။ သူမက ပြတ်သားသော အကြည့်တစ်ခုနှင့်အတူ လျှောက်လှမ်းလာခဲ့လေသည်။
အမျိုးသမီး၏ ဝတ်ရုံက အနည်းငယ် အိုဟောင်းနေပြီး ၎င်း၏ အရောင်အဝါကပင်လျှင် အနည်းငယ် ဖျော့တော့နေပြီဖြစ်၏။ သို့သော်လည်း အဲဒါက သူမ၏ မြင့်မြတ်သော အော်ရာကို ဖုံးကွယ်ပေးမထားနိုင်ပေ။
“မဟာကျိုးဧကရီလား”
“အစ်မယောင်ရွှယ်”
ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းသည် အမျိုးသမီးကို ချက်ချင်းပင် မှတ်မိသိရှိသွားကြ၏။
မဟာကျိုးဧကရီ ကျိယောင်ရွှယ်..
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ကျိယောင်ရွှယ်၏ ကျင့်ကြံမှုအဆင့်က များစွာ တိုးမြင့်လာခြင်း မရှိဘဲ သူမက မူလနတ္ထိအဆင့်မှာသာ ရှိနေ၏။ သို့သော်လည်း သူမသည် ဧကရာဇ်များနှင့် မျိုးနွယ်စုခေါင်းဆောင်များ၏ အလယ်မှာ မည်သည့် ကြောက်ရွံ့မှုကိုမှ မပြသပေ။
“အစ်မ ယောင်ရွှယ်.. ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ”
ဖက်တီးလေးက လေးနက်သော အသံဖြင့် အလောတကြီး ပြောလိုက်၏။
“ဒီနေရာမှာ ကြီးမားတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားလာတော့မှာ.. ဒီနေရာက အရမ်းကို အန္တရာယ်များလွန်းတယ်”
လူတိုင်းသည် ကျိယောင်ရွှယ်နှင့် နက်ရှိုင်းသော ပတ်သက်ဆက်နွယ်မှုတစ်ခု မရှိကြပေ။
သို့သော်လည်း ကျိယောင်ရွှယ်သည် အတိတ်ကာလတုန်းက ဆူဇီမိုနှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခု ရှိခဲ့သည်ကို ဖက်တီးလေးက သိရှိထားပြီး ဤကိစ္စမှာ သူမကို ပါဝင်ပတ်သက်စေလိုခြင်း မရှိပေ။
“ငါက ဒီတံဆိပ်ပြားကို ပို့ဖို့အတွက် ဒီကို ရောက်လာတာပဲ”
ကျိယောင်ရွှယ်က သူမ၏ လက်ထဲမှာ အစိမ်းရောင် တံဆိပ်ပြားတစ်ခုကို ကိုင်ဆွဲပြီး အဲဒါကို သူမ၏ ဦးခေါင်းထက် ကိုင်မြှောက်ကာ အော်ပြောလိုက်၏။
“သိုင်းဧကရာဇ် တံဆိပ်ပြားက ဒီမှာ ရှိတယ်.. လောကမှာ ရှိတဲ့ သိုင်းတာအိုကျင့်ကြံသူတွေ အားလုံးပဲ ငါ့အမိန့်ကို နာခံကြ”
အစိမ်းရောင် တံဆိပ်ပြားပေါ်မှာ အထီးကျန်သိုင်းသခင်ဟူသော စာလုံးကို ရေးထိုးထားကြောင်း လူတိုင်းက ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။
သိုင်းဧကရာဇ်၏ တံဆိပ်ပြား…
သိုင်းဧကရာဇ်သည် မတက်လှမ်းခင် သူ၏ အကြီးဆုံးတပည့် ပေမင်ရွှယ်အတွက် တံဆိပ်ပြားတစ်ခု ချန်ထားရစ်ခဲ့သည်ဟူသော ကောလာဟလတစ်ခုက ကျင့်ကြံရေးလောကမှာ အမြဲတမ်း ရှိနေခဲ့၏။
ထိုတံဆိပ်ပြားကို နောက်ပိုင်းမျိုးဆက်များက သိုင်းဧကရာဇ် တံဆိပ်ပြားဟု သိရှိခဲ့ကြ၏။
ပေမင်ရွှယ် တက်လှမ်းသွားပြီးနောက် ထိုတံဆိပ်ပြားက ပျောက်ကွယ်သွားပြီဟု ကျင့်ကြံရေးလောကက ဆိုခဲ့ကြလေသည်။
ဤကဲ့သို့ အရေးပါသော တံဆိပ်ပြားက မဟာကျိုးဧကရီ၏ လက်ထဲမှာ ရောက်ရှိနေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။
သိုင်းဧကရာဇ် တံဆိပ်ပြားကို ဘာအတွက် သုံးရသလဲ မည်သူကမှ မသိရှိကြပေ။
သို့သော်လည်း ထိုတံဆိပ်ပြားသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ သိုင်းတာအိုကျင့်ကြံသူများအတွက် အလွန်တရာ အရေးပါသော အမှတ်သင်္ကေတတစ်ခု ဖြစ်လေသည်။
ထိုတံဆိပ်ပြားကို တွေ့မြင်ရခြင်းက သိုင်းဧကရာဇ်ကိုယ်တိုင် ရောက်ရှိလာခြင်းနှင့် တူညီလေသည်။
လူသားဧကရာဇ်၏ နန်းတော်က လူသားဧကရာဇ်နှင့် ဆက်စပ်နေသလို သိုင်းဧကရာဇ် တံဆိပ်ပြားကလည်း သိုင်းဧကရာဇ်နှင့် ဆက်စပ်နေလေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှ သိုင်းတာအိုကျင့်ကြံသူများစွာက ထိုတံဆိပ်ပြားကို တွေ့မြင်သောအခါ စိတ်အားမာန် တက်ကြွလာ၏။
အစိမ်းရောင် တံဆိပ်ပြားကနေ သိုင်းတာအိုကျင့်ကြံသူများစွာကို အကြောက်အလန့်ကင်းမဲ့စေပြီး ရှေ့သို့သာ တက်လှမ်းစေမည့် ထူးဆန်းသော မှော်စွမ်းအားတစ်ခု ဖြာထွက်နေပုံရလေသည်။
“ဘာလို့ သိုင်းတာအိုလို့ ခေါ်တာလဲ”
ကျိယောင်ရွှယ်က ထျန်ဟွမ်ကုန်းမြေတိုက်မှ သိုင်းတာအိုကျင့်ကြံသူများစွာနှင့် အင်မော်တယ်သိုင်းဂိုဏ်းကို ကြည့်ကာ ညင်သာစွာ မေးလိုက်၏။
လူတိုင်းက ပြန်မဖြေခင်မှာပင် ကျိယောင်ရွှယ်က ဆက်ပြောလိုက်၏။
“ငါက သိုင်းတာအိုကို တစ်ခါမှ မကျင့်ကြံခဲ့ဖူးဘူး.. ဒါပေမဲ့ သိုင်းတာအိုမှာ အရေးကြီးဆုံးအရာက ဓမ္မအစီအရင်တွေ မဟုတ်ဘဲ သိုင်းတာအိုရဲ့ စိတ်ဆန္ဒနဲ့ စိတ်စွမ်းအားဖြစ်တယ်လို့ သိုင်းဧကရာဇ်ထံကနေ ငါကြားဖူးတယ်”
ကျိယောင်ရွှယ်သည် မူလနတ္ထိအဆင့်မှာသာ ရှိသော်လည်း သူမသည် သိုင်းဧကရာဇ် တံဆိပ်ပြားကို ကိုင်စွဲထားပြီး လောကမှာ ရှိသော သိုင်းတာအိုကျင့်ကြံသူများ အားလုံးက တိတ်တဆိတ် နားစွင့်နေကြ၏။
သိုင်းတာအိုကျင့်ကြံသူများစွာသည် သူတို့ ကျင့်ကြံရေးလောကသို့ ဝင်ရောက်ပြီး သိုင်းတာအိုကို ကျင့်ကြံခဲ့သည့် အချိန်ကာလများသို့ ပြန်လည်ရောက်ရှိသွားသည့်အလား တောက်လောင်ပြင်းပြသော အကြည့်တစ်ခုနှင့်အတူ သိုင်းဧကရာဇ် တံဆိပ်ပြားကို ငေးကြည့်နေကြ၏။
ရုတ်တရက် အခြေအနေက ပြောင်းလဲလာခဲ့၏။
ဘာကြောင့်ရယ်မသိ.. လောအောင်သည် အလွန်တရာ မသက်မသာ ခံစားလာရ၏။
သူသည် သိုင်းဧကရာဇ် တံဆိပ်ပြားကို လုယူပြီး ကျိယောင်ရွှယ်ကို စကားဆက်ပြောခွင့် မပေးသင့်တော့ကြောင်း နားလည်သဘောပေါက်လာခဲ့၏။
“သေစမ်း”
ဖျတ်ခနဲဆို လောအောင်က ကျိယောင်ရွှယ်၏ ဘေးသို့ ရောက်ရှိလာပြီး သူ၏ ခန္ဓာကိုယ်ကနေ ရွှေရောင်သွေးချီတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ တကယ်ဆို သူသည် သူ၏ နတ်ဘုရားမျိုးဆက်သွေးကိုပင် ဖုံးကွယ်မထားတော့ဘဲ ထိုထိုးချက်ဖြင့် သူက ကျိယောင်ရွှယ်ကို နေရာမှာပင် သတ်ဖြတ်ချင်၏။
လောအောင်က ထိုထိုးချက်မှာ လုံးဝ ထိန်ချန်ထားခြင်း မရှိပေ။
ကျိယောင်ရွှယ်သည် မူလနတ္ထိတာအိုသက်ရှိတစ်ယောက်သာဖြစ်ပြီး ဧကရာဇ်တစ်ပါး၏ တိုက်ခိုက်မှုကို လုံးဝ မခုခံနိုင်ပေ။
လောအောင်၏ ထိုးချက်ကနေ ထွက်ပေါ်လာသော လေအဟုန်ကပင်လျှင် သူမကို သတ်ဖြတ်နိုင်ဖို့ လုံလောက်လေသည်။
ရွှစ်..
ရုတ်တရက် ကျိယောင်ရွှယ်၏ ရှေ့မှာ ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။
ဤတစ်ခေါက်မှာတော့ တိမ်စိုင်နဂါးဧကရာဇ်က ကြိုတင်ပြင်ဆင်ထားလေသည်။
လောအောင်က လှုပ်ရှားလိုက်သည့်အချိန်မှာပင် သူက ကျိယောင်ရွှယ်၏ ရှေ့ကနေ ပိတ်ဆို့တားဆီးလိုက်ပြီး သူ၏ သွေးချီကို တစ်ချိန်တည်းမှာ ထုတ်ဖော်ကာ သူ၏ အစစ်အမှန်နဂါးခန္ဓာသို့ အသွင်ပြောင်းလဲလိုက်၏။
သူ၏ ကြီးမားသော နဂါးခန္ဓာက ကျိယောင်ရွှယ်ကို တင်းကျပ်စွာ ကာကွယ်ပေးထားလေသည်။ တစ်ချိန်တည်းမှာပင် တိမ်စိုင်နဂါးဧကရာဇ်သည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ကာ သူ၏ ထက်ရှသော နဂါးလက်သည်းများကို ဆန့်ထုတ်လိုက်၏။
ဘန်း..
လက်သီးနှင့် လက်သည်းက ထိတွေ့ရိုက်ခတ်သွား၏။
တိမ်စိုင်နဂါးဧကရာဇ်၏ မျက်နှာက ဖြူဖျော့သွားလေသည်။ သူက နောက်သို့ ခြေလှမ်းဝက် မဆုတ်နိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်ကနေ အရိုးများ ကျိုးသံ တဖျောက်ဖျောက် ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံများကလည်း အဆက်မပြတ် ကွာကျလာခဲ့လေသည်။
သူ၏ နဂါးခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး သွေးများက ပန်းထွက်လာ၏။
ဖောက်…
တိမ်စိုင်နဂါးဧကရာဇ်၏ အမူအရာက ညိုမည်းသွားပြီး သွေးများစွာကို အန်ထုတ်လိုက်ရ၏။
သူ၏ အသက်ဓာတ်အားက လောအောင်၏ ထိုးချက်ဖြင့် ပျက်ပြယ်လုနီးပါး ဖြစ်သွားရ၏။
သူတို့နှစ်ယောက်ကြား ခွန်အား ကွာဟချက်က အရမ်းကို ကြီးမားနေလေသည်။
တိမ်စိုင်နဂါးဧကရာဇ်သည် နောက်သို့ ဆုတ်ခွာပြီး လောအောင်၏ ထိုးချက်ကို ချေဖျက်နိုင်မည့် နည်းလမ်းတစ်ခုကို ကြံဆမည်ဆိုလျှင် သူက ဤကဲ့သို့သော ဒဏ်ရာအပြင်းအထန် ရရှိချင်မှ ရရှိပေလိမ့်မည်။
သို့သော်လည်း ကျိယောင်ရွှယ်က သူ၏ နောက်ဘက်မှာ ရှိနေ၏။
သူက နောက်ဆုတ်လို့ မရပေ။
လောအောင်က ဒေါသချောင်းချောင်းထွက်သွားပြီး ထပ်မံတိုက်ခိုက်မည်ပြင်စဉ်မှာပင် ဖက်တီးလေး၊ ပုံပြောသူနှင့် ထျန်ဟွမ်ကုန်းမြေတိုက်မှ အခြားသော ဧကရာဇ်များက တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာပြီး အန္တိမ နတ်ဘုရားစွမ်းအားများစွာက စီးပိုးခြယ်လှယ်စွာဖြင့် ဆက်တိုက်ဆင်းသက်လာခဲ့၏။
လောအောင်က အန္တိမ နတ်ဘုရားစွမ်းအား ခြောက်ခုကို နားလည်ဆင်ခြင်ထားသော်လည်း သူသည် ဤမျှများပြားသော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထိပ်တိုက်ရင်မဆိုင်ဝံ့ပေ။
သူသည် နောက်သို့ ဆုတ်ခွာပြီး ထိုတိုက်ခိုက်မှုကို ယာယီအားဖြင့် ရှောင်လွှဲရလေသည်။
သူ့ကို ကူညီမည်ဟု ယူဆထားသော အင်မော်တယ်သိုင်းဂိုဏ်းမှ ဧကရာဇ် ခြောက်ပါးကလည်း လုံးဝ လှုပ်ရှားမလာခဲ့ပေ။
သူတို့သာလျှင် မဟုတ်ဘဲ ထျန်ဟွမ်ကုန်းမြေတိုက်မှ သိုင်းတာအိုကျင့်ကြံသူများဖြစ်စေ.. အင်မော်တယ်သိုင်းဂိုဏ်းဖြစ်စေ.. လူတိုင်းက သူတို့ကိုယ်သူတို့ စိတ်ထဲကနေ မေးခွန်းပြန်ထုတ်နေကြ၏။
ဘာလို့ သိုင်းတာအိုလို့ ခေါ်တာလဲ။
သိုင်းတာအိုက ဘာလဲ။
ဒဏ်ရာအပြင်းအထန် ရရှိသွားသော တိမ်စိုင်နဂါးဧကရာဇ်ကို ကြည့်ပြီး ကျိယောင်ရွှယ်က မျက်ရည်များ စီးကျလာကာ အော်ပြောလိုက်၏။
“သိုင်းတာအိုက ရဲစွမ်းသတ္တိရှိပြီးတော့ အကြောက်အလန့်ကင်းမဲ့တယ်”
လူတိုင်း၏ နှလုံးက တဒိတ်ဒိတ်ခုန်လာခဲ့၏။
ကျိယောင်ရွှယ်က သိုင်းဧကရာဇ် တံဆိပ်ပြားကို ကိုင်စွဲထားပြီး ဆက်ပြောလိုက်၏။
“သိုင်းတာအိုက ရဲဝံ့စွာနဲ့ ရှေ့ကိုပဲ တက်လှမ်းစေတယ်.. အဲဒါက လူတစ်ယောက်ရဲ့ နှလုံးသားအပေါ် စစ်မှန်မှုပဲ”
“သိုင်းတာအိုက မာန်မာနနဲ့ ပြည့်နှက်နေတယ်.. သိုင်းတာအိုက လူတစ်ယောက်ကို သူ့စိတ်ထဲမှာ ရှိတဲ့အတိုင်း အတိအကျ လက်စားချေခွင့်ပေးတယ်.. ကျေးဇူးတရားကို ပြန်ဆပ်ခွင့်ပေးတယ်”
“သိုင်းတာအိုမှာ ယိမ်းယိုင်မှု မရှိဘူး.. အလျှော့မပေးဘူး.. သိုင်းတာအိုက လူသန်းပေါင်းများစွာကို ဆန့်ကျင်နိုင်တဲ့ ရဲစွမ်းသတ္တိကို ပိုင်ဆိုင်ထားတယ်”
ကျိယောင်ရွှယ် စကားတစ်ခွန်းပြောလိုက်တိုင်း လက်ရှိ သိုင်းတာအိုကျင့်ကြံသူများ၏ သွေးများက လှုပ်ခတ်လာခဲ့၏။
နောက်ဆုံးစကားကို သူမ ပြောလိုက်သောအခါ သိုင်းတာအိုကျင့်ကြံသူများစွာသည် အစတုန်းက သူတို့၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်ကို ပြန်လည်ရရှိလာပြီး သူတို့၏ သွေးများက ဆူပွက်လာကာ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ကြ၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ ကုဋေနှင့်ချီသော သိုင်းတာအိုကျင့်ကြံသူများသည် ကိုင်လှုပ်၍ မရနိုင်သော စိတ်စွမ်းအားများကို ထုတ်ဖော်လိုက်ကြပြီး နောက်ဆုံးမှာ သူတို့က အလင်းလုံးတစ်လုံးအဖြစ် စုစည်းကာ ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကဲ့သို့ အဘက်ဘက်သို့ ဖြန့်ကြက်သွား၏။
ထိုသည်ကို တွေ့မြင်သောအခါ ကျိယောင်ရွှယ်က သိုင်းဧကရာဇ် တံဆိပ်ပြားကို ကိုင်စွဲပြီး အော်ပြောလိုက်၏။
“လောအောင်က ထျန်ဟွမ်ကုန်းမြေတိုက်ကို သစ္စာဖောက်ပြီး သူ့ရဲ့ အရင်းအမြစ်ကို မေ့လျော့သွားခဲ့ပြီ.. ဒီနေ့ ငါက ဒီတံဆိပ်ပြားကို ကိုင်စွဲပြီး သူ့ကို ငါတို့ရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ဖို့ လောကမှာ ရှိတဲ့ သိုင်းတာအို ကျင့်ကြံသူတွေ အားလုံးကို ဖိတ်ခေါ်တယ်”
သူ့ကို ငါတို့ရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ဖို့ လောကမှာ ရှိတဲ့ သိုင်းတာအို ကျင့်ကြံသူတွေ အားလုံးကို ဖိတ်ခေါ်တယ်…။
ထိုစကားလုံးများက အလွန်တရာ ကျယ်လောင်စွာဖြင့် လောကတစ်ခွင် ပဲ့တင်ထပ်သွား၏။
ထိုအခိုက်အတန့်မှာ လောအောင်သည် မကြုံစဖူး ဖိအားတစ်ရပ်ကို ခံစားလာရ၏။
တစ်ချိန်တည်းမှာပင် အဆုံးမဲ့ အမုန်းတရားများနှင့် မကျေမချမ်းမှုများက သူ၏ ရင်ထဲမှာ လှိုက်တက်လာခဲ့၏။
သူသည် နှစ်ပေါင်းများစွာကြာအောင် အင်မော်တယ်သိုင်းဂိုဏ်းကို ဒုက္ခ သုခခံ၍ တည်ထောင်ခဲ့ရ၏။ သို့သော်လည်း သူသည် လွန်ခဲ့သည့် နှစ်နှစ်ထောင်ကျော်က တက်လှမ်းသွားသော လူတစ်ယောက်၏ တံဆိပ်ပြားတစ်ခုကိုပင် မယှဉ်နိုင်သေးပေ။
လောအောင်က ဒေါသချောင်းချောင်းထွက်လာပြီး ထက်ရှသော အော်ရာတစ်ခုကို ထုတ်ဖော်လိုက်၏။
သူ၏ စွမ်းပကားက နေရာဒေသရှစ်ခုကို လွှမ်းခြုံသွားပြီး သူက အေးစက်စွာ မေးလိုက်၏။
“ဘယ်သူ ငါ့ကို တိုက်ခိုက်ရဲလဲ”
“သတ်”
သူ့စကား မဆုံးသေးခင်မှာပင် လောအောင်၏ နောက်ဘက်မှ အော်ငေါက်သံတစ်သံက ထွက်ပေါ်လာ၏။
အစက သူ့ထံမှာ အညံ့ခံထားသော အင်မော်တယ်သိုင်းဂိုဏ်းမှ ဧကရာဇ်တစ်ပါးက အရင်စတင်၍ တိုက်ခိုက်လာခဲ့၏။
လောအောင်က ထိတ်လန့်သွားပြီး ရုတ်တရက် တစ်ဖက်သို့လှည့်ကာ ဝင်ရောက်လာသူကို ထိုးချက်တစ်ချက်ဖြင့် တွန်းလှန်ထုတ်လိုက်၏။
သူ၏ အကြည့်က ထက်ရှနေပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ကြက်သွေးရောင်ဧကရာဇ်.. မင်း ငါ့ကို တိုက်ခိုက်သတ်ဖြတ်ဖို့ ဘယ်လိုတောင် ကြိုးစားရဲတာလဲ”
“လောအောင်.. မင်း ငါ့အသက်ကို ကယ်ခဲ့တယ်ဆိုတာ အမှန်ပဲ”
ကြက်သွေးရောင်ဧကရာဇ်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဒါပေမဲ့ မင်းက ကျူးကျော်မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကို သစ္စာမဖောက်ခဲ့သင့်ဘူး.. ဒီနေ့ကိစ္စပြီးရင် ရလဒ်က ဘယ်လိုပဲ ထွက်လာ ထွက်လာ.. ငါက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး မင်းကယ်ခဲ့တဲ့ ငါ့အသက်ကို ပြန်ပေးမယ်”
ကြက်သွေးရောင်ဧကရာဇ်၏ စကားလုံးများက အနိုင်မခံ အရှုံးမပေးလိုသော ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် ပြည့်နှက်နေ၏။
အထွတ်အထိပ်ဧကရာဇ်ကလည်း ရှေ့သို့ တက်လာပြီး တိမ်စိုင်နဂါးဧကရာဇ်၊ ပုံပြောသူနှင့် အခြားသော ဧကရာဇ်များကို ကြည့်ကာ ပြောလိုက်လေသည်။
“ကျုပ်တို့ ခြောက်ယောက်က လောအောင်ကို အတတ်နိုင်ဆုံး တားဆီးပေးထားမယ်.. နတ်ဘုရားမျိုးနွယ်ကို ကိုင်တွယ်ဖို့တော့ ခင်ဗျားတို့ကိုပဲ အားကိုးရတော့မှာပဲ”
“ကောင်းပြီလေ”
ထျန်ဟွမ်ကုန်းမြေတိုက်မှ ဧကရာဇ်များက စိတ်အားမာန် တက်ကြွလာ၏။
ကျိယောင်ရွှယ်သည် သိုင်းဧကရာဇ် တံဆိပ်ပြားနှင့်အတူ တိုက်ပွဲနယ်မြေမှာ ပေါ်ထွက်လာပြီး အင်မော်တယ်သိုင်းဂိုဏ်းမှ သိုင်းတာအိုကျင့်ကြံသူများ အားလုံးကို ထျန်ဟွမ်ကုန်းမြေတိုက်ဘက်သို့ ပြန်လည်ရောက်ရှိလာစေခဲ့၏။