မင်းကငါ့ကိုတွေ့ချင်လို့လား
Vol. 138 Ch. 2058
နတ်ဘုရားဧကရာဇ်နှင့် ရင်ဆိုင်ရချိန်မှာ ကျိယောင်ရွှယ်၏ မျက်လုံးထဲတွင် မည်သည့်ထိတ်လန့်ကြောက်ရွံ့မှုမှ ရှိမလာခဲ့ပေ။ သူမက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အရင်တုန်းက နတ်ဘုရားမျိုးနွယ်ရဲ့ နတ်ဘုရားဧကရီနန်းကြည်က သူမကိုယ်တိုင်နဲ့ နတ်ဘုရားမျိုးနွယ်အတွက် အပြစ်တွေကို ပြေရာပြေကြောင်းရှိစေဖို့အတွက် နတ်ဘုရားသတ်ဖြတ်ခြင်းတောင်ကြားမှာ ဒူးထောက်ပြီး သူမရဲ့ဘဝတစ်သက်မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကိုဘယ်တော့မှ ခြေမချတော့ဘူးလို့ သစ္စာကျိန်ဆိုခဲ့တယ်”
“ရှင်က... နတ်ဘုရားဧကရာဇ်အသစ်ဆိုမှတော့... နတ်ဘုရားဧကရီနန်းကြည်ကျိန်ဆိုခဲ့တဲ့သစ္စာကို ဘာ့ကြောင့် လျစ်လျူရှုပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကို တစ်ဖန်ကျူးကျော်လာရတာလဲ”
ထိုနေရာအရောက်တွင် ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းသည် ကျိယောင်ရွှယ်အတွက် ချွေးပြန်လာကြ၏။
ထိုအခိုက်အတန့်မှာ လူတိုင်းသည် နတ်ဘုရားဧကရာဇ်၏ စွမ်းအားမှာ တုန်လှုပ်နေကြ၏။
သာမန်ကျင့်ကြံသူများကိုမပြောနှင့် ထျန်ဟွမ်ကုန်းမြေတိုက်မှ ဧကရာဇ်များပင်လျှင် သူ့ကိုကျယ်လောင်စွာမေးခွန်းထုတ်ဖို့နေနေသာ နတ်ဘုရားဧကရာဇ်၏ အကြည့်နှင့် ဆုံရဲခြင်းပင်မရှိပေ။
အဲ့ဒါသည် သူတို့၏ ဝိညာဥ်များနှင့် မျိုးဆက်သွေးများ၏ အနက်ပိုင်းထဲမှလာသော ရိုကျိုးခယမှုဖြစ်၏။
မည်သူကမှ အဲ့ဒါကို မထိန်းချုပ်နိုင်ပေ။
ကျိယောင်ရွှယ်ကဲ့သို့ မူလနတ္ထိတစ်ယောက်မှာ ဤကဲ့သို့သောသတ္တိ ဘယ်လိုလုပ်ပြီးရှိလာသလဲ မည်သူကမှ မသိကြပေ။
အဲ့ဒါသည် လောအောင်ထက် အဆများစွာပိုမိုကြောက်စရာကောင်းသောတည်ရှိမှုတစ်ခုဖြစ်၏။
နတ်ဘုရားဧကရာဇ်က တိုက်ခိုက်လာမည်ဆိုလျှင် မည်သူကမှ သူ့ကိုခုခံနိုင်မည် မဟုတ်ပေ။
သူသည် မူလနတ္ထိတာအိုသက်ရှိတစ်ယောက်ကို တိုက်ခိုက်ဖို့ အရေးမလုပ်ချင်သောကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
နတ်ဘုရားဧကရာဇ်က ဂရုမစိုက်သည့်ဟန်ဖြင့် ပြုံးရုံသာပြုံးလိုက်၏။
“နန်းကြည်ကျိန်ဆိုခဲ့တဲ့သစ္စာက ငါနဲ့ဘာမှမဆိုင်ဘူး အလောင်းနှစ်လောင်းကိုမပြောနဲ့ ဘယ်သက်ရှိ ဘယ်မျိုးနွယ်ကမှ နတ်ဘုရားမျိုးနွယ်ကို ဒူးထောက်အောင်လုပ်ဖို့မထိုက်တန်ဘူး”
“နတ်ဘုရားကုန်းမြေတိုက်က ထျန်ဟွမ်ကုန်းမြေတိုက်ကို နှစ်ကြိမ်တိုက်ခိုက်ပြီးမအောင်မြင်ခဲ့ဘူးဆိုတာ အဲ့ဒါက နတ်ဘုရားမျိုးနွယ်အတွက် အမြဲတမ်း နောင်တရစရာပဲ... ဒီနေ့ ငါဒီကိုရောက်လာတာက အဲ့ဒီနောင်တကို ပယ်ဖျက်ဖို့အတွက်ပဲ”
နတ်ဘုရားဧကရာဇ်က သူ၏ အပြာရင့်ရင့်မျက်လုံးများဖြင့် ကျိယောင်ရွှယ်ကိုကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“နန်းကြည်က လူပျော့ပဲ... အားနဲတဲ့လူတွေကပဲ နောက်ကိုဆုတ်လိမ့်မယ်... ငါကတော့ ငါ့ရဲ့လမ်းတစ်လျှောက် နင်းချေဖျက်ဆီးပြီး ငါ့ကိုခုခံငြင်းဆန်တဲ့ဘယ်သူ့ကိုမဆို သနားညှာတာမှုမရှိ သတ်ဖြတ်ပစ်မယ်”
နတ်ဘုရားဧကရာဇ်က စကားပြောရင်း ပြုံးနေသော်လည်း သူ့အပြုံး၏ နောက်ကွယ်မှာ ချောက်ချားစရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို လူတိုင်းက ခံစားမိနေ၏။
တိုက်ပွဲနယ်မြေက အသံတိတ်နေ၏။
မည်သူကမှ မဆင်မခြင်ပြုမူရဲခြင်း သို့မဟုတ် ပြောဆိုရဲခြင်းမရှိပေ။
လောအောင်က ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းကို သရော်တော်တော်အမူအရာတစ်ခုနှင့်ကြည့်ပြီး သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
“မင်းတို့တွေက... ခုခံနေစရာမလိုတော့ဘူးလို့ ငါပြောခဲ့ပြီးပြီပဲ”
“အခုချိန်မှာ ဘယ်သက်ရှိ ဘယ်ကမ္ဘာကမှ နတ်ဘုရားဧကရာဇ်ထိန်းချုပ်ထားတဲ့စွမ်းအားကို မခုခံနိုင်ဘူး”
“သိုင်းဧကရာဇ်ခေတ်က ကိုယ်တော်တာမင်း.... သွေးမိစ္ဆာနဲ့ သိုင်းဧကရာဇ်တို့သုံးယောက် ပေါင်းရင်တောင်မှ နတ်ဘုရားဧကရာဇ်ကို ယှဥ်နိုင်မှာမဟုတ်ဘူး”
ထိုစကားကိုကြားသောအခါ ဖက်တီးလေးက ရုတ်တရက်ရယ်မောလိုက်၏။
“ဒါဆို... မင်းက နတ်ဘုရားကုန်းမြေတိုက်မှာ အညံ့ခံဖို့ရွေးချယ်ခဲ့တယ်ဆိုတာ သိုင်းဧကရာဘွဲ့ကြောင့်မဟုတ်ဘူးပဲ... ဘာလို့လည်းဆိုတော့... မင်းက နတ်ဘုရားဧကရာဇ်ကို မယှဥ်နိုင်ဘူးဆိုတာ သိနေလို့ပဲ”
ဖက်တီးလေးက သရော်တော်တော်အမူအရာဖြင့် လှောင်ရယ်လိုက်၏။
“မင်းက နတ်ဘုရားမျိုးနွယ်ထံမှာအညံ့ခံဖို့ ရွေးချယ်ခဲ့တယ်ဆိုတာ မင်းကကြောက်နေလို့ပဲ”
“အဲ့ဒါက ဘာမှမဖြစ်ဘူး”
နတ်ဘုရားဧကရာဇ်က ညင်သာစွာပြုံး၍ လောအောင်၏ ပခုံးကိုပုတ်လိုက်၏။
“ပညာရှင်တစ်ဦးထံမှာ အညံ့ခံဖို့ရွေးချယ်တယ်ဆိုတာ ဉာဏ်ရှိရာကျတဲ့အပြုအမူပဲ... မင်းက ခေါင်းမာစွာနဲ့ ငြင်းဆန်နေမယ်ဆိုရင် မင်းက ငါ့ခြေဖဝါးအောက်က အလောင်းတစ်လောင်းပဲ ဖြစ်လာလိမ့်မယ်”
လောအောင်က သူ၏ ခေါင်းကို အနည်းငယ်ငုံ့ထားပြီး သူ၏ နာခံမှုကိုပြသနေ၏။
“နင်က သိုင်းဧကရာဇ်ဘွဲ့နဲ့ ဘယ်တော့မှထိုက်တန်မှာမဟုတ်ဘူးလို့ ငါပြောခဲ့တာ အဲ့ဒါကြောင့်ပဲ”
ကျိယောင်ရွှယ်က လောအောင်ကိုအေးစက်စွာကြည့်ပြီး ရုတ်တရက်ပြောလိုက်၏။
“နင်ဘာကိုလာပြောနေတာလဲ”
လောအောင်၏ အမူအရာက ညိုမည်းသွား၏။
ကျိယောင်ရွှယ်က လှောင်ရယ်လိုက်လေသည်။
“သူ့ရဲ့ပြိုင်ဘက်က ဘယ်လောက်ပဲသန်မာသန်မာ သိုင်းဧကရာဇ်က အမြဲတမ်းရှေ့ကိုထွက်ရပ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကို ကာကွယ်ပေးလိမ့်မယ်... ဒါပေမဲ့ နင်ကတော့ အညံ့ခံပြီး အပယ်ခံဘဝနဲ့ ရှင်သန်ဖို့ ရွေးချယ်ခဲ့တယ်”
“နင်က... သိုင်းဧကရာ်ဘွဲ့နဲ့မထိုက်တန်ရုံတင်မကဘူး... နင်က သိုင်းတာအိုကို ကျင့်ကြံဖို့တောင် အဆင့်မမီဘူး”
လောအောင်၏ အမူအရာက အလွန်တရာပျက်ယွင်းလာခဲ့၏။
ကျိယောင်ရွှယ်၏ စကားလုံးများက သူ၏ အရှိုက်ကိုထိလာခဲ့၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူ၏အကြီးမားဆုံးပန်းတိုင်က သိုင်းဧကရာဇ်ကိုကျော်တက်ဖို့ဖြစ်၏။ သို့သော်လည်း သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ ဧကရာဇ်များ၏ အသိအမှတ်ပြုမှုကိုဘယ်တုန်းကမှမရရှိခဲ့ပေ။
“သိုင်းဧကရာဇ််လား”
လောအောင်က သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး အံကိုကြိတ်လိုက်၏။
“အတိတ်ကာလက သိုင်းဧကရာဇ်က တက်လှမ်းသွားတာကြာခဲ့ပြီ... ဒီဘက်မျိုးဆက်မှာ ငါက သိုင်းဧကရာဇ်ပဲ... အနာဂတ်မှာ ငါက ထာဝရ ဆိုတဲ့ဘွဲ့ကို ရလာလိမ့်မယ်”
“အဲ့ဒါကိုဘယ်သူကလက်ခံမှာလဲ”
ကျိယောင်ရွှယ်က လှောင်ပြောင်သရော်လိုသောအမူအရာဖြင့် မေးလိုက်၏။
“အဲ့ဒါကိုလက်ခံဖို့လား”
လောအောင်က ဟားတိုက်ရယ်မောလိုက်၏။
“ဒီနေ့ကစပြီး ငါက မျိုးနွယ်စုတစ်သောင်းကိုအုပ်စိုးပြီး ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ တစ်ဦးတည်းသောအရှင်သခင်ဖြစ်လာမယ်... အထီးကျန်သိုင်းသခင်ပါဝင်ပတ်သက်တဲ့ ရှေးဟောင်းကျမ်းစာအုပ်တွေအားလုံးကို ငါဖျက်ဆီးပစ်မယ်... အထီးကျန်သိုင်းသခင်ဆိုတဲ့နာမည်က ထျန်ဟွမ်ကုန်းမြေတိုက်မှာ တဗူးတစ်ခုဖြစ်လာလိမ့်မယ်... အဲ့ဒါကို ထုတ်ဖော်ပြောဆိုရဲတဲ့ဘယ်သူ့ကိုမဆို ငါသတ်မယ်”
အထီးကျန်သိုင်းသခင်က တက်လှမ်းသွားတာကြာခဲ့ပြီ... အချိန်ကြာလာတာနဲ့အမျှ သူ့အကြောင်းကိုသိတဲ့သူက မရှိသလောက်ဖြစ်သွားလိမ့်မယ်”
“အဲ့ဒါက နှစ်တစ်သောင်းနဲ့ မလုံလောက်ဘူးဆိုရင် ငါကနှစ်နှစ်သောင်း... ဒါမှမဟုတ် နှစ်ငါးသောင်းကြိုးစားမယ်... ငါ့မှာလုံလောက်တဲ့ စိတ်ရှည်နိုင်မှုရှိတယ်... တစ်နေ့မှာ ထျန်ဟွမ်ကုန်းမြေတိုက်မှာရှိတဲ့သက်ရှိတိုင်းက သိုင်းတာအိုကိုတည်ထောင်ခဲ့တဲ့သူက ငါဖြစ်တယ်လို့ နောက်ပြီး ထာဝရသိုင်းဧကရာဇ်က ငါဖြစ်တယ်လို့ သိလာကြလိမ့်မယ်”
လောအောင်၏ အမူအရာက စိတ်ဖောက်ပြန်သွားသည့်ပုံရှိပြီး သူ၏ စကားလုံးများက မကောင်းဆိုးဝါးဆန်လာခဲ့၏။
“စိတ်ကူးသာယဥ်နေလိုက်တော့”
ကျိယောင်ရွှယ်က အေးစက်စွာပြောလိုက်၏။
လောအောင်က ကျိယောင်ရွှယ်၏ လက်ထဲရှိ သိုင်းဧကရာဇ်တံဆိပ်ပြားကိုကြည့်ပြီး အေးစက်စွာပြောလိုက်၏။
“အဲ့ဒီဂျေးတက်နေတဲ့တံဆိပ်ပြားတစ်ခုက အထီးကျန်သိုင်းသခင်ကို အစားထိုးနိုင်လိမ့်မယ်လို့ နင်ထင်လို့လား”
“အဲ့ဒီတံဆိပ်ပြားကို ငါအခုပဲ ဖျက်ဆီးပစ်မယ်”
သူပြောလိုက်သည့်ခဏမှာပင် လောအောင်က လေဟာနယ်ကနေတစ်ဆင့် သိုင်းဧကရာဇ်တံဆိပ်ပြားကို လှမ်းဆွဲလိုက်၏။
အငိုက်မိသွားပြီး ကျိယောင်ရွှယ်၏ လက်ဖဝါးက သိုင်းဧကရာဇ်တံဆိပ်ပြားဖြင့် ထိုးခွဲခံရကာ သွေးများကစီးကျလာ၏။
လောအောင်က သိုင်းဧကရာဇ်တံဆိပ်ပြားကို ဆုပ်ကိုင်ပြီး အထီးကျန်သိုင်းသခင် ဟူသောစာလုံးကို စိုက်ကြည့်နေ၏။ သူကပို၍ ဒေါသချောင်းချောင်းထွက်လာပြီး သူ၏ လက်ဖဝါးဆီသို့ ခွန်အားကိုပို့လွှတ်ကာ အဲ့ဒါကို တင်းကျပ်စွာဖျစ်ညှစ်လိုက်၏။
“ဟမ်...”
လောအောင်၏ လက်ဖဝါးက နာကျင်သွားသော်လည်း မည်သည့်အရာမှဖြစ်ပျက်မလာပေ။
ထို့နောက် အပြောင်းအလဲတစ်ရပ်က ပေါ်ထွက်လာ၏။
ရုတ်တရက်.. သိုင်းဧကရာဇ်တံဆိပ်ပြားကနေ ကြောက်စရာကောင်းသောအော်ရာတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး လေထဲမှာ ပုံရိပ်တစ်ခုစုဖွဲ့လာခဲ့၏။ သူ့မှာ အနက်ရောင်ဆံပင်၊ အစိမ်းရောင်ဝတ်ရုံနှင့် ကြော့ရှင်းသောသွင်ပြင်များရှိလေသည်။ သူက အထီးကျန်သိုင်းသခင်နှင့် အတိအကျတူညီနေ၏။
ထာဝရသိုင်းဧကရာဇ်...။
လူတိုင်းက မြင့်မားသောစိတ်ဝိညာဥ်များဖြင့် အံ့အားတသင့်အော်ခေါ်လိုက်ကြ၏။
အထီးကျန်သိုင်းသခင်၏ အကြည့်ကအေးစက်နေပြီး လောအောင်ကို ပစ်ထိုးလိုက်လေသည်။
ထိုထိုးချက်က သေခြင်းအော်ရာဖြင့် ပြည့်နှက်နေပြီး သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ခုက ဆင်းသက်လာခဲ့၏။ လောအောင်သည် အန္တိမနတ်ဘုရားစွမ်းအား ၆ ခုကို နားလည်ဆင်ခြင်ထားသော်လည်း ထိုအခိုက်အတန့်မှာ သူကလုံးဝမလှုပ်ရှားနိုင်တော့ပေ။
ရွှစ်...
ရုတ်တရက်ဆိုသလို... ။
ဘေးကနေ ရွှေရောင်အလင်းတစ်ခုက ဖျတ်ခနဲလက်သွား၏။
နတ်ဘုရားဧကရာဇ်သည် လောအောင်၏ ရှေ့မှာ ရုတ်တရက်ပေါ်ထွက်လာခဲ့လေသည်။ သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး လေထဲမှာရှိသော သိုင်းဧကရာဇ်ကို ပစ်ထိုးလိုက်၏။
ဘုန်း...
လက်သီးနှစ်လုံးက ကျယ်လောင်သောမြည်သံဖြင့် ထိတွေ့ရိုက်ခတ်သွား၏။
ကောင်းကင်နှင့်မြေကြီးက တရုန်းရုန်းထကြွသွားလေသည်။
လေထဲမှာရှိသော သိုင်းဧကရာဇ်၏ ပုံရိပ်က တဖြည်းဖြည်းပျက်ပြယ်သွားခဲ့၏။
နတ်ဘုရားဧကရာဇ်ကတော့ သူ၏ မျက်နှာပေါ်မှာ သွေးစီးကြောင်းများ ပေါ်ထွက်လာခဲ့၏။
သူ၏ အရေပြားက ပေါက်ကွဲထွက်သွားပြီး သူက ထိုးချက်တစ်ချက်တည်းဖြင့် စုတ်ပြဲလုနီးပါး ဖြစ်သွား၏။
သူ၏ ဦးခေါင်းထက်မှ သရဖူက နို့နှစ်ဖြူရောင် အရောင်အဝါတစ်ခုဖြင့် တောက်ပလာခဲ့လေသည်။
နတ်ဘုရားဧကရာဇ်ပေါ်ရှိဒဏ်ရာများက တစ်ခဏချင်းမှာပင် သက်သာပျောက်ကင်းသွား၏။
“အဲ့ဒါက... စိတ်စွမ်းအားတစ်ခုကနေ စုဖွဲ့ထားတဲ့ ပုံရိပ်ယောင်တစ်ခုပဲ”
နတ်ဘုရားဧကရာဇ်က မှင်သေသေဖြင့် ပြောဆိုပြီး သိုင်းဧကရာဇ်တံဆိပ်ပြားကို မြေပြင်ပေါ်သို့ သာမန်ကာလျှံကာ ပစ်ထုတ်လိုက်၏။
လောအောင်က ရင်တလှပ်လှပ်ခံစားနေရ၏။
စောစောကထိုးချက်သည် နတ်ဘုရားဧကရာဇ်၏ ခန္ဓာကိုယ်ကိုပင် ကြေမွလုနီးပါးဖြစ်စေခဲ့၏။
ထိုထိုးချက်က သူ့ပေါ်သို့ ဆင်းသက်လာမည်ဆိုလျှင် သူကသေချာပေါက် သေရပေလိမ့်မည်။
“ခွေးမ... နင်ငါ့ကိုသတ်ဖို့ ဘယ်လိုတောင်ကြိုးစားရဲတာလဲ”
လောအောင်က ငေးငိုင်နေရာကနေ နိုးထလာပြီး ဒေါသချောင်းချောင်း ထွက်နေ၏။ သူက ကျိယောင်ရွှယ်ကို ကြောက်မက်ဖွယ်ရာစိုက်ကြည့်ပြီး ရန်လိုခက်ထန်သော အော်ရာတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာ၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းက တုန်လှုပ်သွားကြ၏။
လောအောင်က သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်ကို လူတိုင်းက ပြောနိုင်ကြလေသည်။
ထိုအခိုက်အတန့်မှာ ထျန်ဟွမ်ကုန်းမြေတိုက်မှ ဧကရာဇ်များသည် နတ်ဘုရားဧကရာဇ်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားကြပြီး မည်သူကမှ လောအောင်၏ တိုက်ခိုက်မှုကို မခုခံပေးနိုင်တော့ပေ။
ကျိယောင်ရွှယ်က အကြောက်အလန့်ကင်းမဲ့စွာဖြင့် လှောင်ရယ်လိုက်၏။
လောအောင်သည် သိုင်းဧကရာဇ်၏ စိတ်စွမ်းအားပုံရိပ်ယောင်တစ်ခုဖြင့် သတ်ဖြတ်ခံရလုနီးပါးဖြစ်သွားခဲ့သည်ကို သူမက လှောင်ပြောင်သရော်လိုခြင်းဖြစ်ပုံရလေသည်။
လောအောင်က ကျိယောင်ရွှယ်၏ အပြုံးကို တွေ့မြင်သောအခါ ပို၍ပင်ဒေါသထွက်လာခဲ့၏။
“နင်ဘာကိုလာရယ်နေတာလဲ”
လောအောင်၏ အမူအရာကအေးစက်နေပြီး ရုတ်တရက်ကျယ်လောင်စွာရယ်မောလိုက်၏။
“ဟီးဟီးဟီးဟီး... နင်ဘယ်သူလဲဆိုတာ ငါသိပါတယ်... နင်က တစ်ခါတုန်းက အထီးကျန်သိုင်းသခင်ရဲ့ အတွင်းလူရုံဖြစ်ခဲ့တာပဲ”
“နင်က သနားစရာကောင်းတဲ့လူပဲ... နင်က သူ့ကိုမမေ့ဖျောက်နိုင်ဘူးဆိုတော့ရော ဘာဖြစ်လဲ... အဲ့ဒါက နင့်ရဲ့တစ်ဖက်သတ်အတွေးတွေပဲ”
“သိုင်းဧကရာဇ်က တက်လှမ်းသွားပြီး နင့်ကိုလုံးဝမေ့ဖျောက်သွားတာကြာခဲ့ပြီ... ဒီနေ့ နင်သေရမယ့်နေ့ပဲ... နင့်ကိုဘယ်သူက ကယ်တင်ပေးနိုင်မလဲ... အထီးကျန်သိုင်းသခင်က ဘယ်မှာလဲ”
ထိုသို့သူပြောလိုက်စဥ် လောအောင်က ကျိယောင်ရွှယ်၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး တိုက်ခိုက်ဖို့ပြင်ဆင်လိုက်၏။
“မင်းက ငါ့ကိုတွေ့ချင်လို့လား”
ထိုစဥ်မှာပင် ကျိယောင်ရွှယ်၏ နောက်ဘက်ကနေ အသံတစ်သံထွက်ပေါ်လာ၏။ ထိုအသံက မတိုးလွန်းမကျယ်လွန်းဘဲ တည်ငြိမ်၍ ဂရုမစိုက်သည့်ဟန်ရှိလေသည်။