သိုင်းဧကရာဇ် ပြန်လည်ရောက်ရှိလာခြင်း
Vol. 138 Ch. 2059
ဒီအသံက…
ကျိယောင်ရွှယ်သည် ဆတ်ခနဲ တုန်ယင်သွားပြီး သူမ၏ နှလုံးခုန်သံက ရပ်တန့်သွားသည်ဟု ထင်ရ၏။
အဲဒါက သူလား…
အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ…
ကျိယောင်ရွှယ်သည် ထိုစကားလုံးများက လွဲပြီး တခြား မည်သည့်အရာကိုမှ ဆက်လက်၍ မကြားနိုင်တော့ပေ။
မင်းက ငါ့ကို တွေ့ချင်လို့လား…
ထိုအသံက အစစ်အမှန်ဆန်လွန်းပြီး သူမ၏ နားအနားမှာ ကပ်ပြောလိုက်သည်ဟု ထင်ရ၏။
သို့သော်လည်း ထိုသို့ဆိုလေ ကျိယောင်ရွှယ်က အဲဒါကို မယုံကြည်နိုင်လေ ဖြစ်နေ၏။
တကယ်တော့ သူမသည် နောက်သို့ လှည့်ကြည့်ရဲခြင်းပင် မရှိချေ။
သို့သော်လည်း သူမ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေပြီး သူမ၏ မျက်လုံးများက တဖြည်းဖြည်း စိုစွတ်လာခဲ့၏။
တိမ်စိုင်နဂါးဧကရာဇ်နှင့် ဖက်တီးလေးကဲ့သို့ ထျန်ဟွမ်ကုန်းမြေတိုက်မှ အကြီးအကဲအချို့သည်လည်း အနည်းငယ် မှင်တက်သွားကြ၏။
နှစ်နှစ်ထောင်ကျော် ကြာသွားခဲ့ပြီဖြစ်သော်လည်း ထိုအသံက သူတို့နှင့် ရင်းနှီးနေလေသည်။
လောအောင်က ထိုအသံကို ကြားသောအခါ သူက အိုးတိုးအမ်းတမ်း အမူအရာတစ်ခုနှင့်အတူ မျက်မှောင်ကြုတ်လိုက်၏။
သူသည် ထိုအသံကို အရင်က တစ်ခါမှ မကြားဖူးခဲ့ပေ။
သို့သော်လည်း ထိုစကားလုံးများက အနည်းငယ် ထူးဆန်းနေ၏။
မင်းက ငါ့ကို တွေ့ချင်လို့လား…
လောအောင်သည် စောစောကတင် သူပြောခဲ့သည့် စကားကို အလိုလိုပြန်လည်အမှတ်ရသွား၏။
သူ၏ နောက်ဆုံးစကားက အထီးကျန်သိုင်းသခင် ဘယ်မှာလဲဟု မေးလိုက်ပုံရလေသည်။
ဖြစ်နိုင်တာက…
အတွေးတစ်ခုက လောအောင်၏ စိတ်ထဲသို့ ဖျတ်ခနဲ ဝင်ရောက်လာ၏။
သို့သော်လည်း သူက ထိုအတွေးကို ချက်ချင်းပင် ပယ်ချလိုက်၏။
မဖြစ်နိုင်ပေ။
အထီးကျန်သိုင်းသခင်သည် လွန်ခဲ့သည့် နှစ်နှစ်ထောင်ကျော်က မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ အားလုံး၏ စောင့်ကြည့်မှုအောက်ကနေ အထက်ဘုံသို့ တက်လှမ်းသွားခဲ့၏။ သူက ဤနေရာမှာ ဘယ်လိုလုပ် ပေါ်လာနိုင်ပါ့မလဲ။
အောက်ဘုံနှင့် အထက်ဘုံကြားမှာ အလွန်တရာ ကြမ်းကြုတ်ခက်ထန်သော ကောင်းကင်နှင့်မြေကြီး နိယာမများ ရှိနေ၏။
အထက်ဘုံမှ မည်သူမဆို အောက်ဘုံလောကများသို့ အလွယ်တကူ ဝင်ရောက်မလာနိုင်ပေ။
ထိုအသံက အထီးကျန်သိုင်းသခင်၏ အသံ မဟုတ်နိုင်ပေ။
ထိုအတွေးများက သူ၏ စိတ်ထဲသို့ တစ်ခဏချင်းမှာပင် ဝင်ရောက်လာ၏။
ထိုစဉ်မှာပင် ကျိယောင်ရွှယ်၏ နောက်ဘက် လေဟာနယ်ထဲမှာ နက်မှောင်နေသော တွင်းပေါက်တစ်ခု ပေါ်ထွက်လာ၏။ အဲဒါက တဖြည်းဖြည်း ပြန့်ကားသွားပြီး ပုံရိပ်တစ်ခုက လျှောက်လှမ်းထွက်လာခဲ့၏။
ထိုပုံရိပ်က ထျန်ဟွမ်ကုန်းမြေတိုက်သို့ ခြေချလိုက်သည့် ခဏမှာပင် တိတ်ဆိတ်မှုက ကြီးစိုးသွား၏။
အချိန်ဖြစ်စေ.. လေဟာနယ်ဖြစ်စေ.. လောကမှာ ရှိသော အရာရာတိုင်းက ထိုအခိုက်အတန့်မှာ ရပ်တန့်သွားသည်ဟု ထင်ရ၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းက သူတို့၏ မျက်လုံးများကို ပြူးပြီး နတ်ဘုရားတစ်ပါးကို တွေ့မြင်နေရသည့်အလား မယုံကြည်နိုင်စွာဖြင့် ထိုပုံရိပ်ကို ငေးကြည့်နေကြ၏။
တိမ်စိုင်နဂါးဧကရာဇ်၊ ဖက်တီးလေးနှင့် အခြားသူများသည် တစ်ခုခုကို အော်ပြောချင်နေသည့်အလား သူတို့၏ ပါးစပ်များကို ဖွင့်ဟကာ ပို၍ပင် စိတ်လှုပ်ရှားနေ၏။
သို့သော်လည်း လူတိုင်းသည် စိတ်ခံစားချက် မြင့်မားလွန်းသောကြောင့် အသံတစ်ချက်ပင် မထွက်နိုင်ကြပေ။
လောအောင်က ထိုလူကို တွေ့မြင်သောအခါ သူ၏ မျက်နှာက ဖြူဖျော့သွားပြီး နောက်သို့ ခြေလှမ်းဝက် အလိုလိုဆုတ်လိုက်၏။
မသိလိုက် မသိဘာသာနှင့်ပင်.. သူ၏ နဖူးကနေ ချွေးသီးများက ကျဆင်းလာ၏။
“ဟမ်”
နတ်ဘုရားဧကရာဇ်၏ အပြာရင့်ရောင် မျက်လုံးများက အနည်းငယ် ရွေ့လျားသွားပြီး ထိုပုံရိပ်ကို ကြည့်ကာ သူ၏ အမူအရာက တဖြည်းဖြည်း တည်တံ့လာခဲ့၏။
ထိုပုံရိပ်က ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ အနက်ရောင် ဆံပင်များကို သူ၏ နောက်ကျောမှာ သာမန်ကာလျှံကာ ဖြန့်ချထား၏။ သူ၏ မျက်နှာက ချောမောခံ့ညားပြီး သူ၏ အကြည့်က ကြည်လင်ရှင်းလင်းနေကာ ထူးခြားမှု တစ်စုံတစ်ရာ မရှိသည့်ပုံပင်။
သို့သော်လည်း နတ်ဘုရားဧကရာဇ်သည် ထိုလူ့ထံမှာ မနှိုင်းယှဉ်သာအောင် ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ခံစားမိနေ၏။
ထိုလူ၏ ခန္ဓာကိုယ်ထဲမှာ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်သည့် မီးတောင်တစ်ခု ရှိနေသည့်အလားပင်။
သူသည် ထာဝရသိုင်းဧကရာဇ်ကို အရင်က တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။ သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်း၏ အမူအရာကို ကြည့်ကာ ဝင်ရောက်လာသူ၏ သရုပ်သကန်ကို သူက ဝိုးတဝါး ခန့်မှန်းမိလိုက်၏။
နတ်ဘုရားဧကရာဇ်က ရင်တစ်ချက်ထိတ်သွားပြီးနောက် သူ့ကိုယ်သူ အလျင်အမြန် တည်ငြိမ်စေလိုက်၏။
ကျိယောင်ရွှယ်သည် လူတိုင်း၏ အမူအရာပြောင်းလဲမှုကို သတိထားမိသော်လည်း သူမက လှည့်မကြည့်ရဲပေ။
သူမ တွေ့မြင်ရသော အရာရာတိုင်းက ပုံရိပ်ယောင်တစ်ခု ဖြစ်သွားပြီး ချက်ချင်းပင် ပျက်စီးသွားမည်ကို သူမက စိုးရိမ်နေ၏။
ရုတ်တရက်ဆိုသလို…
ကျိယောင်ရွှယ်၏ ဒဏ်ရာရ၍ အေးစက်နေသော လက်ဖဝါးက အနွေးဓာတ်တစ်ခုကို ခံစားလာရ၏။
သူမ၏ နောက်မှာ ရှိသော ထိုလူက သူမ၏ ဘေးသို့ ရောက်ရှိလာပြီး သူမ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။
“မင်း ဒဏ်ရာရထားတာပဲ”
ထိုလူက ညင်သာစွာ ပြောလိုက်၏။
ကျိယောင်ရွှယ်သည် သူမ၏ လက်ဖဝါးမှ အနွေးဓာတ်တစ်ခုကို ခံစားလာရ၏။ သူမက ခေါင်းကို ငုံ့လိုက်ပြီး သူမ၏ လက်ဖဝါးပေါ်ရှိ ဒဏ်ရာက တစ်ခဏချင်းမှာပင် မည်သည့် အမာရွတ်မှ မကျန်အောင် ပျောက်ကင်းသွားသည်ကို တွေ့ရှိလိုက်ရ၏။
ကျိယောင်ရွှယ်က သူမ၏ ခေါင်းကို မော့လိုက်ပြီး နောက်ဆုံးမှာတော့ ရင်းနှီးနေကျ ထိုမျက်နှာနှင့် ကြည်လင်ရှင်းလင်းသော မျက်လုံးများကို တွေ့မြင်လိုက်ရ၏။ အဲဒါက သူမ၏ အိပ်မက်ထဲမှာ အကြိမ်ပေါင်းများစွာ ပေါ်လာခဲ့ဖူးသောလူဖြစ်လေသည်။
“ဇီမို..”
ကျိယောင်ရွှယ်က ညင်သာစွာ ခေါ်လိုက်ပြီး သူမ၏ မျက်နှာပေါ် မျက်ရည်များက ချက်ချင်းပင် စီးကျလာ၏။
တကယ်တော့ စောစောက လောအောင် ပြောခဲ့သည့်စကားသည် ကျိယောင်ရွှယ်၏ နှလုံးသားကို အမှန်တကယ်ပင် ထိုးစိုက်သွားခဲ့၏။
ထိုအခိုက်အတန့်မှာ သူမသည် အမှန်တကယ်ပင် စိတ်ပျက်အားငယ်နေခဲ့၏။
လောအောင်ပြောသည်က မှန်သည်ဟု သူမကလည်း တွေးမိနေ၏။ သူမက သနားစရာကောင်းသော လူတစ်ယောက်ဖြစ်ပြီး သူမ သေသွားမည်ဆိုလျှင်တောင် မည်သူကမှ သူမကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။
ကျိယောင်ရွှယ်၏ စိတ်ကို ဖတ်မိသည့်အလား ဆူဇီမိုက ညင်သာစွာ ပြောလိုက်၏။
“ငါ ဘယ်တုန်းကမှ ထွက်မသွားခဲ့ဘူး”
ကျိယောင်ရွှယ်က ရင်တစ်ချက်ထိတ်သွားပြီး သူမ၏ စိတ်ထဲသို့ ပုံရိပ်များစွာက တဖျပ်ဖျပ် ဝင်ရောက်လာ၏။
ဤနှစ်များ အားလုံးမှာ ထောင်ယောင်သည် သူမထံသို့ အလည်လာသည့်အချိန်တိုင်း လျှို့ဝှက်ဆန်းကြယ်သော ရတနာများစွာကို ယူဆောင်လာတတ်လေသည်။
တကယ်ဆို ထိုရတနာများစွာသည် ဤလောကမှာ မရှိသော၊ တစ်ခါမှပင် မကြားဖူးသော ပစ္စည်းများ ဖြစ်နေ၏။ ထောင်ယောင်သည် ထိုအရာများကို ရှာဖွေပြီး သူမကို လာရောက်ပေးတတ်လေသည်။ သူမ၏ ဘဝသက်တမ်းက တိုးလာပြီး သူမ၏ ကျင့်ကြံမှုက တက်လှမ်းလာဖို့ သူက မျှော်လင့်နေခဲ့၏။
ရုတ်တရက် ထိုရတနာများကို ရှာဖွေခဲ့သည့်သူက ဆူဇီမိုဖြစ်သည်ကို သူမက နားလည်သဘောပေါက်သွား၏။
ဤလောကမှာ သူမကို ဂရုစိုက်ပေးနေသည့် တစ်စုံတစ်ယောက် ရှိနေသည်ကိုလည်း သူမက နားလည်သဘောပေါက်သွားခဲ့၏။
သူမအတွက်နှင့် ထိုလူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ နှစ်နှစ်ထောင်ကျော်ကြာအောင်ပင် နေထိုင်ခဲ့ပြီး သူမ၏ ဘဝသက်တမ်းကို ဆွဲဆန့်ဖို့ လက်လျှော့ခြင်း မရှိဘဲ သူမကို တိတ်တဆိတ် ကာကွယ်ပေးနေခဲ့၏။
ကျိယောင်ရွှယ်၏ မျက်လုံးများက နောက်တစ်ဖန် ဝင်းလက်သွားပြီး သူမက ပိုမိုတောက်ပလာပုံရလေသည်။
“သိုင်းဧကရာဇ်..”
“သိုင်းဧကရာဇ် ပြန်လာပြီ”
“နှုတ်ဆက်ပါတယ် သိုင်းဧကရာဇ်”
ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းသည် တိတ်ဆိတ်မှုကို နောက်ဆုံးမှာ ဖြိုခွင်းပြီး အော်ဟစ်နှုတ်ဆက်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် စိတ်လှုပ်ရှားတက်ကြွလာပြီး လောကမှာ ရှိသော သိုင်းတာအိုကျင့်ကြံသူများ၏ သွေးများက ဆူပွက်လာခဲ့၏။ သူတို့၏ မျက်လုံးများက နီရဲလာခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ချကာ သိုင်းတာအိုပင်မခန္ဓာကို ဦးညွှတ်လိုက်ကြ၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ သက်ရှိများ အားလုံးသည် နတ်ဘုရားဧကရာဇ်၏ ကြမ်းကြုတ်ခက်ထန်သော နည်းလမ်းများနှင့် ကြောက်စရာကောင်းသော စွမ်းအားများမှာ မွန်းကျပ်နေခဲ့ကြပြီး သူတို့မှာ စိတ်ပျက်အားငယ်မှုသာ ကျန်ရှိတော့သည့်အချိန်မှာ ထာဝရသိုင်းဧကရာဇ်က ပြန်လည်ရောက်ရှိလာခဲ့၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်း၏ နှလုံးသားထဲရှိ အကြောက်တရားက ထိုပုဂ္ဂိုလ်ကို တွေ့မြင်လိုက်သည့် အချိန်မှာပင် ချက်ချင်းပျောက်ကွယ်သွား၏။
သိုင်းဧကရာဇ် ရောက်ရှိလာခြင်းနှင့်အတူ ထျန်ဟွမ်ကုန်းမြေတိုက်က ဖျက်ဆီးခံရတော့မည် မဟုတ်ကြောင်း လူတိုင်းက သိရှိလိုက်ကြ၏။
“သိုင်းဧကရာဇ်”
နတ်ဘုရားဧကရာဇ်က တီးတိုးရေရွတ်ပြီး ဆူဇီမိုကို မမှိတ်မသုန် စိုက်ကြည့်နေ၏။ သူ၏ မျက်လုံးထဲမှာ မည်သည့် ကြောက်ရွံ့မှုမှ မရှိဘဲ တိုက်ခိုက်လိုသော စိတ်ဝိညာဉ်တစ်ခုပင် ရှိနေ၏။
သူသည် သိုင်းဧကရာဇ် ပြန်လည်ရောက်ရှိလာသည်ဆိုလျှင်တောင် ထိုသူကို သတ်ဖြတ်နိုင်သည်ဟု ယုံကြည်မှု ရှိနေ၏။
ကမ္ဘာငယ်ပေါင်း တစ်ဘီလီယံကို ကာကွယ်ဖို့အတွက် အောက်ဘုံလောကများမှာ တစ်မူထူးခြားသော ကောင်းကင်နှင့်မြေကြီးနိယာမများ ရှိနေသည်။
သိုင်းဧကရာဇ်၏ ကျင့်ကြံမှုနယ်ပယ်က ဘယ်လောက်ပင် မြင့်မားသည်ဖြစ်စေ.. ဤအောက်ဘုံလောကမှာ သူထုတ်ဖော်နိုင်သည့် တိုက်ခိုက်ရည်ခွန်အားက အကန့်အသတ်တစ်ခုထက် ကျော်လွန်လို့ မရပေ။
မဟုတ်ပါက သူသည် ကောင်းကင်နှင့်မြေကြီးနိယာမများ၏ တန်ပြန်ရိုက်ခတ်ခြင်းဖြင့် သေချာပေါက် သတ်ဖြတ်ခံရပေလိမ့်မည်။
အရင်တုန်းက ထာဝရလူသားဧကရာဇ်၏ ကျင့်ကြံမှုက ထူးခြား အံ့မခန်းဖြစ်ခဲ့၏။ သူက အထက်ဘုံသို့ တက်လှမ်းသွားသည်မှာ နှစ်ပေါင်းသိန်းချီကြာခဲ့ပြီး အောက်ဘုံလောကသို့ ပြန်လည်ရောက်ရှိလာသောအခါ သူ၏ ကျင့်ကြံမှုအဆင့်က ဆက်တိုက်ကျဆင်းသွားခဲ့၏။
သူ၏ တိုက်ခိုက်ရည်ခွန်အားသည် အောက်ဘုံလောကများမှာ အထွတ်အထိပ်ကို ရောက်ရှိနေသည်ဟု နတ်ဘုရားဧကရာဇ်က ယုံကြည်လေသည်။
အောက်ဘုံလောကများမှာ မည်သူကမှ သူ့ကို အနိုင်မရနိုင်ပေ။
နတ်ဘုရားဧကရာဇ်၏ မျက်လုံးများက တိုက်ခိုက်လိုသော စိတ်ဝိညာဉ်နှင့် ရန်စလိုမှုဖြင့် ပြည့်နှက်လာခဲ့၏။
သို့သော်လည်း အစကနေ ယခုအချိန်ထိ ဆူဇီမိုက သူ့ကို တစ်ချက်ပင် လှည့်မကြည့်ချေ။
ဆူဇီမို၏ မျက်လုံးထဲမှာ သူသည် အရေးမပါ အရာမရောက်ဘဲ လျစ်လျူရှုခံရနိုင်သည့် တစ်စုံတစ်ယောက်ဖြစ်နေသည့်အလားပင်။
နတ်ဘုရားဧကရာဇ်၏ အမူအရာက အလွန်တရာ မခံမရပ်နိုင်ဖြစ်လာခဲ့၏။
အဲဒါက သူ့ကို ကြီးမားစွာ အရှက်ခွဲလိုက်ခြင်း ဖြစ်လေသည်။
ဆူဇီမိုက မလှမ်းမကမ်းမှာ ရှိသော လောအောင်ကို လှည့်ကြည့်လိုက်၏။
ထိုအကြည့်အောက်မှာ လောအောင်သည် သူ့ခန္ဓာကိုယ်ထဲရှိ လျှို့ဝှက်ချက်များ အားလုံး ဖော်ထုတ်ခံနေရသည်ဟု ခံစားလာရ၏။
သူသည် သိုင်းဧကရာဇ်အပေါ် သူ၏ အကြောက်တရားကနေ ရုန်းထွက်ချင်၏။
သူသည် အန္တိမ နတ်ဘုရားစွမ်းအား ခြောက်ခုကို နားလည်ဆင်ခြင်ထားပြီး အင်မော်တယ်နှင့် သိုင်းတာအို နှစ်မျိုးစလုံးကို ကျင့်ကြံထားခဲ့၏။
သူ၏ တိုက်ခိုက်ရည်ခွန်အားက လူသားဧကရာဇ်နှင့် ယှဉ်နိုင်ပြီး သူက ဤမျှအထိ သေချာပေါက် အားမနည်းပေ။
သို့သော်လည်း ဆူဇီမို ပြန်လည်ရောက်ရှိလာပြီးနောက် သူသည် အသံတစ်ချက်ပင် မထွက်နိုင်ဖြစ်နေ၏။
မမြင်နိုင်သော အော်ရာတစ်ခုက သူ၏ ရင်ဘတ်ကို ဖိချထားပြီး သူ့အနေဖြင့် အသက်ရှူဖို့ပင် အင်မတန် ခက်ခဲလာသည်ဟု ထင်ရ၏။
သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုက လောအောင်၏ နားလည်နိုင်စွမ်းထက် များစွာကျော်လွန်နေလေသည်။